← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) - ခံနိုင်ရည် စမ်းသပ်ချက်

အင်းကွက်၏ အလယ်ဗဟိုတွင် နက်မှောင်သော စက်လုံးတစ်လုံး ပေါ်ထွက်လာလေသည်။

၎င်းသည် တဖြည်းဖြည်း ကြီးမားလာပြီး အင်းကွက်အတွင်းရှိ ပါဝင်သူအားလုံးကို ဝါးမြိုသွားတော့သည်။

လင်းဖန်မှာမူ သူ၏ အာရုံခံစားမှုများ ခဏတာ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အမှောင်ထုမှတစ်ပါး မည်သည့်အရာကိုမျှ မမြင်ရတော့ချေ။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းတန်းတစ်ခုဖြာကျလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ လင်းထိန်သော နေ့အလင်းရောင်အဖြစ် ပြန်လည်ပြောင်းလဲသွားလေသည်။

ရုတ်တရက် ပေါ်ထွက်လာသော စူးရှသည့်အလင်းရောင်ကြောင့် လင်းဖန်သည် မျက်စိကို အကြိမ်ကြိမ်ပုတ်ခတ်ကာ အလင်းနှင့် အသားကျအောင် ကြိုးစားလိုက်ရသည်။

အရာအားလုံး ငြိမ်သက်သွားချိန်တွင် လင်းဖန်သည် သူတို့ ရောက်ရှိနေသည့် နေရာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူ ရပ်နေသည့် နေရာမှကြည့်လျှင် အဆုံးမရှိ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးကိုသာ မြင်တွေ့ရသည်။

သူ၏ ဘေးတွင်မူ အိတ်တစ်အိတ်ကိုလွယ်ကာ ဓားတစ်စင်းကို ကိုင်ဆောင်ထားသော စီမာလျန် ရှိနေသည်။

အခြား ပါဝင်ယှဉ်ပြိုင်သူများကိုမူ အရိပ်အယောင်ပင် မမြင်ရချေ။

သူတို့အားလုံးသည် လျှို့ဝှက်နယ်မြေအတွင်းရှိ မတူညီသောနေရာများသို့ ကျပန်း ရောက်ရှိသွားကြခြင်း ဖြစ်ပေလိမ့်မည်။

“မင်းရဲ့ ကျောက်စိမ်းပြားကို သေချာ သိမ်းထားဦး”

လင်းဖန်က စီမာလျန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

လင်းဖန်မှာမူ သူ၏ ကျောက်စိမ်းပြားကို ဖားပြုတ်ရုပ်တုငယ်ထဲသို့ ထည့်သွင်း သိမ်းဆည်းထားပြီး ဖြစ်သည်။

ဤတိုက်ပွဲများကို မည်သို့ အလျင်အမြန် အဆုံးသတ်ရမည်ကို စဉ်းစားမိထားပြီးဖြစ်ရာ အခြားသူများလည်း ဤကဲ့သို့ပင် တွေးတောထားကြမည်မှာ အသေအချာပင်။

ကျောက်စိမ်းပြားသည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် လျှို့ဝှက်နယ်မြေမှ ထွက်ခွာရန် အသုံးပြုနိုင်သော်လည်း ၎င်းသည် နှစ်ဖက်သွားဓားလည်း ဖြစ်ပေသည်။

“ဒီကျယ်ပြောလှတဲ့ မြက်ခင်းပြင်ကြီးက ဘာလဲဟ”

လင်းဖန်က ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မှန်သမျှကို သတိထားရင်း ရေရွတ်လိုက်သည်။

စီမာလျန်က ပြန်ဖြေလိုက်သည်။

“ငါ့အထင်တော့ ငါတို့က သရဖူရတနာ ဝှက်ထားတဲ့နေရာကို ရှာရမှာ ထင်တယ်။ ဒါပေမဲ့ ဘယ်နေရာမှာလဲ”

သို့သော်ငြား စီမာလျန်မှာ မည်သည့်နေရာမှ စတင်ရှာဖွေရမည်ကို မသိရှိချေ။

မြက်ခင်းပြင်ကြီးမှာ မျက်စိတစ်ဆုံးအထိ ကျယ်ပြောနေပုံရလေသည်။

လင်းဖန်သည် ‘တောယုန်၏ အကြားအာရုံ’ စွမ်းရည်ကို အသက်သွင်းကာ အသုံးဝင်မည့် အသံတစ်ခုခုကိုကြားနိုင်ရန် နားစွင့်လိုက်သည်။

မည်သည့်အသံမျှ မကြားရချေ။

တိတ်ဆိတ်ခြောက်ကပ်မှုကသာ စိုးမိုးထားလေသည်။

“ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး စူးစမ်းကြည့်ရအောင်”

လင်းဖန်က အကြံပြုလိုက်ရာ သူတို့လည်း စတင်လှုပ်ရှားလိုက်ကြတော့သည်။

သို့သော်လည်း ထူးခြားသည့် အရာတစ်ခုမျှ ရှာမတွေ့ခဲ့ကြချေ။

နာရီအနည်းငယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး စီမာလျန်၏ ဗိုက်က ဆာလောင်စွာ မြည်ဟိန်းလာတော့သည်။

“ရော့… ဒါတွေစားလိုက်”

လင်းဖန်သည် သူ၏ ဖားပြုတ်ရုပ်တုငယ်ထဲမှ ရိက္ခာခြောက်အချို့ကို ထုတ်ယူကာ စီမာလျန်ထံသို့ ကမ်းပေးလိုက်သည်။

သူသည် ယခင်က ဖားပြုတ်ရုပ်တုငယ်ထဲတွင် ရိက္ခာများကို အပြည့်ဖြည့်တင်းထားခဲ့ရာ ယခုအခါတွင်မူ အလွန်ပင် အသုံးတည့်လှပေသည်။

အခြေအနေများမှာ ဤအတိုင်း ဆက်သွားနေပါက သရဖူရတနာကိုရရှိရန် မည်မျှအထိ အချိန်ယူရမည်ကို လင်းဖန်လည်း မခန့်မှန်းနိုင်တော့ချေ။

…

လျှို့ဝှက်နယ်မြေအတွင်းရှိ အခြားသော ယှဉ်ပြိုင်သူများလည်း ဤကဲ့သို့ပင် ကြုံတွေ့နေရသည်။

အချို့မှာ တောင်တန်းများကြားသို့ ရောက်ရှိသွားကြပြီး အချို့မှာမူ သဲကန္တာရထဲသို့ ရောက်ရှိသွားကြသည်။

သူတို့ထဲမှ အများစုမှာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရိက္ခာလည်း ပါမလာကြချေ။

“သောက်ကျိုးနည်း။ အခုတော့ အငတ်ခံနေရပြီ။ ဒီလိုပုံစံနဲ့ သရဖူရတနာကို ဘယ်လိုလုပ် ရနိုင်တော့မှာလဲ”

ကျန်ရှိသည့် ပြိုင်ဘက်များကလည်း ဤကဲ့သို့ပင် မကျေမနပ် ညည်းညူနေကြသည်။

သူတို့၏ ညည်းညူသံများမှာ ထပ်တူပင်ဖြစ်သည်။ အကြောင်းမူကား သူတို့သည် မွေးဖွားသည့်အချိန်မှစ၍ စီမာမိသားစု၏ အရိပ်အောက်တွင် သက်တောင့်သက်သာ နေထိုင်လာခဲ့ကြခြင်းကြောင့် ဖြစ်ပေသည်။

အချို့မှာ ကျောက်စိမ်းပြားကို သုံး၍ အပြင်သို့ထွက်ရန် စိတ်ကူးမိသော်လည်း ထိုအတွေးကို ချက်ချင်းပင် ဖျက်လိုက်ကြသည်။

ဤကဲ့သို့ စောစောစီးစီးဖြင့် နောက်ဆုတ်သွားခြင်းမှာ အရှက်ရစရာ ကိစ္စတစ်ခုပင်။

‘တစ်နာရီလောက်ဆို ပြီးသွားမှာပဲ’

သူတို့အားလုံး ထိုသို့သာ တွေးထင်ထားခဲ့ကြသည်။

စီမာယွင်မှတစ်ပါး အားလုံးက ထိုသို့ တွေးထင်ခဲ့ကြခြင်း ဖြစ်သည်။

သူသည် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို အတိအကျ သိရှိထားပြီး အမှတ်အသားသားရဲ ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

…

လင်းဖန်နှင့် စီမာလျန်တို့သည်လည်း အားအင်များ ပြန်လည်ဖြည့်တင်းပြီးနောက် ဆက်လက် ခရီးနှင်ခဲ့ကြသည်။

နေရောင်ခြည်မှာ သူတို့အပေါ်သို့ ပူပြင်းစွာကျရောက်နေပြီး တကယ့် ခံနိုင်ရည် စမ်းသပ်ချက်တစ်ခုပင် ဖြစ်ချေသည်။

စီမာလျန်သည် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း သက်ပြင်းချလိုက်သည်။

သို့သော်လည်း လင်းဖန်၏ ကျောပြင်ကိုကြည့်ရင်း အားတင်းကာ ရှေ့သို့ ဆက်လျှောက်နေခဲ့သည်။

လင်းဖန်ပင် လန်းဆန်းတက်ကြွစွာ သွားနိုင်သေးလျှင် သူက မည်သို့ နောက်ဆုတ်နိုင်ပါမည်နည်း။

“ရပ်လိုက်ဦး”

ရုတ်တရက် လင်းဖန်က လက်မြှောက်ပြကာ စီမာလျန်ကို ရပ်ရန် အချက်ပြလိုက်သည်။

ကောင်းကင်ယံတွင် သိန်းငှက်တစ်ကောင် ပျံသန်းနေလေသည်။

‘ဒီကောင်က တစ်ခုခုတော့ ထူးခြားနေတာ သေချာတယ်’

လင်းဖန် စိတ်ထဲမှ တွေးတောလိုက်သည်။

သူတို့သည် လျှို့ဝှက်နယ်မြေထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီဖြစ်ပြီး ၎င်းတို့မှလွဲ၍ အခြားသက်ရှိများ လှုပ်ရှားနေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။

လင်းဖန်သည် သိမ်းငှက်ကို မော့ကြည့်လိုက်ပြီး အဝေးကြည့်ခြေရာခံစွမ်းရည်ကို အသုံးပြုလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏အာရုံများက သိမ်းငှက်၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

မြေပြင်ပေါ်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး ထိုနေရာတွင် ရပ်နေသော သူတို့နှစ်ဦးကိုပင် တွေ့မြင်နေရသည်။

အခြားရှုထောင့်တစ်ခုမှနေ၍ မိမိကိုယ်ကို ပြန်လည်မြင်တွေ့ရခြင်းက လင်းဖန်အတွက် အလွန်ထူးဆန်းသော ခံစားချက်ဖြစ်နေချေသည်။

မကြာမီမှာပင် သိမ်းငှက်သည် သူတို့အနီးမှ ထွက်ခွာသွားကာ နေမင်းရှိရာ အရပ်ဆီသို့ ပျံသန်းသွားလေတော့သည်။

မိနစ်အနည်းငယ်ခန့် ပျံသန်းပြီးနောက် မြေပြင်ပေါ်တွင် ထူးဆန်းသောအရာတစ်ခုကို တွေ့လိုက်ရသည်။

၎င်းမှာ မြေပြင်ပေါ်ရှိ တောင်ကုန်းငယ်တစ်ခုဖြစ်ပြီး ပတ်ပတ်လည်ရှိ မြက်ခင်းပြင်နှင့် လုံးဝ လိုက်ဖက်မှုမရှိဘဲ ကွဲထွက်နေလေသည်။

‘ဒါပဲ ဖြစ်ရမယ်’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

ဤသိမ်းငှက်သည် ပါဝင်ယှဉ်ပြိုင်သူများအား ရတနာများရှိရာသို့ လမ်းညွှန်ခေါ်ဆောင်သွားရန် တမင်သက်သက် စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။

သူသည် အဝေးကြည့်ခြေရာခံစွမ်းရည်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စီမာလျန်ဘက်သို့ လှည့်လိုက်သည်။

“သွားကြစို့။ နေရှိတဲ့ဘက်မှာ တောင်ကုန်းတစ်ခု ရှိတယ်။ နေမဝင်ခင် ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်”

လင်းဖန်၏စကားကို ကြားသောအခါ စီမာလျန်၏ မျက်နှာမှာ ဝင်းလက်သွားလေသည်။

သူသည် ခြေလှမ်းများကို အမြန်သွက်လိုက်ကာ လင်းဖန်၏နောက်သို့ လိုက်ပါသွားတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် သူတို့နှစ်ဦးသည် တောင်ကုန်းဆီသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြသည်။

ထိုနေရာတွင် ဝင်ပေါက်တစ်ခုရှိပြီး ရှေ့ဘက်၌ ခြင်္သေ့ကျောက်ရုပ်နှစ်ရုပ်ရှိသော အမှောင်ကျနေသည့် ဂူတစ်ခုဖြစ်ပေသည်။

ဤနေရာသာလျှင် အသေအချာဖြစ်ပေမည်။

လင်းဖန်သည် စီမာလျန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူကလည်း ခေါင်းညိတ်ပြလေသည်။

သူတို့သည် အသင့်ပြင်ဆင်လိုက်ကြပြီး ဂူထဲသို့ ဝင်ရောက်သွားကြတော့သည်။

…

“သောက်ကျိုးနည်း... ဒီဘိုးဘေးတွေက သူတို့ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ လှည့်ကွက်တွေနဲ့ ငါ့အချိန်တွေကို ဖြုန်းတီးပစ်နေကြတယ်”

စီမာယွင်သည် မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ရင်း သူ၏ဓားပေါ်မှ သွေးများကို သုတ်သင်ရှင်းလင်းလိုက်သည်။

သူ၏ရှေ့တွင်မူ ဝင်ပေါက်ဆီသို့ လမ်းညွှန်ပေးပြီးနောက် သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသော သမင်တစ်ကောင် ရှိနေသည်။

သူနှင့် သူ၏အကူဖြစ်သူတို့သည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ဝင်ပေါက်ထဲသို့ လှမ်းဝင်သွားကြလေသည်။

အခြားပါဝင်ယှဉ်ပြိုင်သူ အနည်းငယ်သည်လည်း ဝင်ပေါက်ကို ရှာတွေ့ခဲ့ကြသည်။

သို့သော် အချို့မှာမူ ဆက်လက်၍ ဒဏ်မခံနိုင်တော့ဘဲ ကျောက်စိမ်းဆွဲပြားကို ခွဲချေပစ်လိုက်ကြသည်။

အစိမ်းရောင်အလင်းတန်းတစ်ခုက သူတို့ကို ရစ်ပတ်လွှမ်းခြုံသွားပြီး နောက်တစ်ခဏတွင် သူတို့သည် ဝင်္ကပါအစီအရင်ပြင်ပဆီသို့ ပြန်လည်ရောက်ရှိသွားကြတော့သည်။

“ဟိုမှာကြည့်... တစ်ယောက်ယောက်တော့ အရှုံးပေးလိုက်ပြီ”

စားသောက်ရင်း အရက်သောက်နေကြသော လူအုပ်ကြီးမှာ နောက်ဆုံးတွင် တစ်စုံတစ်ရာလှုပ်ရှားမှုကို မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားကြလေသည်။

“စီမာလျန်နဲ့ သူ့ရဲ့အောက်ခြေသိမ်းတပည့် အကူကောင်လေးလား”

“သေချာပေါက် သူတို့ပဲ ဖြစ်ရမယ်”

“နေပါဦး၊ အဲ့ဒါ...”

ပထမဆုံး အရှုံးပေးလိုက်သူများကို မြင်သောအခါ သူတို့အားလုံး အံ့ဩမှင်တက်သွားကြသည်။

၎င်းတို့မှာ စီမာလျန်နှင့် လင်းဖန်တို့ မဟုတ်ဘဲ အခြားသော သခင်လေးတချို့ ဖြစ်နေချေသည်။

ထိုသခင်လေးများ၏ မိဘများမှာ မိမိတို့သားများ ပထမဆုံး အရှုံးပေးလိုက်သည်ကို မြင်သောအခါ ကျိန်ဆဲလိုက်ကြတော့သည်။

“မင်းတို့က ဒီလောက်လွယ်လွယ်လေး အရှုံးပေးရဲတယ်ပေါ့လေ။ အောက်ခြေသိမ်းတပည့်တစ်ယောက်ထက်တောင် အသုံးမကျပါလား”

သူတို့ သည်းမခံနိုင်ဆုံးအချက်မှာ လင်းဖန်ထက်ပင်စော၍ အရှုံးပေးလိုက်ကြခြင်းကိုပင်။

သူတို့၏ ဂုဏ်သိက္ခာများ ထာဝရ ပျက်စီးသွားရတော့မည်ပင်။

“ဟားဟား... အခြေအနေတွေက ငါတို့ထင်ထားတာထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပြီလို့ ထင်တယ်”

အုပ်ချုပ်ရေးမှူးလုက လင်းဖန်နှင့် စီမာလျန်တို့ အနိုင်ရရှိလာမည့် အလားအလာကိုတွေးကာ စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ပြောလိုက်လေသည်။

၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် အကြီးအကဲများနှင့် စီမာမိသားစုခေါင်းဆောင်မှာမူ သိပ်ပြီး စိတ်လှုပ်ရှားနေပုံမရပေ။

“ဒီအောက်ခြေသိမ်းတပည့် ကံကောင်းသွားတာနေမှာပါ”

စီမာလုံက ပြောလိုက်ရင်း သူ၏လက်ဖက်ရည်ပန်းကန်လုံးထဲမှ လက်ဖက်ရည်ကို ငုံ့သောက်လိုက်သည်။

အုပ်ချုပ်ရေးမှူးလုသည် သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ပြပွဲကို ဆက်လက် ကြည့်ရှုခံစားနေလေသည်။

…

လင်းဖန်နှင့် စီမာလျန်တို့သည် ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားသောအခါ အခြားနေရာတစ်ခုဆီသို့ ကူးပြောင်းရောက်ရှိသွားကြသည်။

ယခုအခါ သူတို့၏ရှေ့တွင် ဧရာမအိမ်တော်ကြီးတစ်ခု ရှိနေလေသည်။

၎င်းမှာ စီမာအိမ်တော်မဟုတ်ဘဲ အဆမတန် ပိုမိုကြီးမားနေကာ အိုဟောင်းယိုယွင်းနေလေသည်။

ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များက နေရာအနှံ့ ဖုံးလွှမ်းနေသည်။

ရှပ်...

သူတို့အနီးရှိ ချုံပုတ်များထဲတွင် တစ်စုံတစ်ခုက လှုပ်ရှားသွားလေသည်။

All Chapters