အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) - ဝိညာဉ်ဖျက်သံမဏိ
လင်းဖန်သည် ထန်ယွမ်၏ ဓားကောက်ကို ကိုင်ဆောင်ထားရင်း ကြိုတင်ပြင်ဆင်ထားလိုက်လေ၏။
ဝှစ်…
သတ္တဝါအချို့က သူ့အပေါ်သို့ ရုတ်တရက် ခုန်အုပ်လာကြသည်။
သူက မြန်ဆန်လှသော လှုပ်ရှားမှုဖြင့် ထိုအကောင်များကို ထက်ပိုင်းခုတ်ပိုင်းချလိုက်လေသည်။
ဖြန်း…
သတ္တဝါများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် ၎င်းတို့မှာ မည်သည့်သတ္တဝါများဖြစ်ကြောင်း ခွဲခြားသိမြင်သွားတော့သည်။
ထိုအရာများမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပုပ်ပွဆွေးမြည့်နေပြီး အရေပြားအောက်ရှိ အရာများပေါ်လွင်နေသော ခွေးများဖြစ်နေပေသည်။
စနစ်က သူ့အား မည်သည့်သတိပေးချက်မျှ မပေးခဲ့သည်ကို လင်းဖန် သတိပြုမိလိုက်သည်။ ထို့ကြောင့် ဤသတ္တဝါများမှာ လျှို့ဝှက်နယ်မြေမှ စမ်းသပ်မှုတစ်ခုအနေဖြင့် ဖန်တီးထားခြင်းသာ ဖြစ်ရပေမည်။
ဆိုလိုသည်မှာ လင်းဖန်အနေဖြင့် သတိထားရမည်ဖြစ်ပြီး အန္တရာယ်အတွက် စနစ်၏ သတိပေးချက်ကို အားကိုးနေ၍မရကြောင်းပင်။
“ငါတို့ အိမ်တော်ကြီးထဲ ဝင်ကြမလား”
စီမာလျန်က တံတွေးတစ်ချက်မျိုချရင်း မေးလိုက်သည်။
သူ့အတွက် ဤမျှထူးဆန်းသော အရာမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
မှော်လက်နက်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏တာဝန်မှာ မှော်လက်နက်များ သွန်းလုပ်ရန် သို့မဟုတ် ကုန်ကြမ်းပစ္စည်းများအတွက် နယ်မြေသစ်များကို စူးစမ်းရှာဖွေရန်သာ ဖြစ်သည်။
သူ ယခုမျက်မြင်တွေ့ရှိခဲ့ရသည့်အရာလောက် မည်သည့်အရာကမှ အန္တရာယ်မများခဲ့ပေ။
“သွားကြတာပေါ့။ ဒါပေမဲ့ အရှေ့တံခါးကနေတော့ မဝင်ဘူး”
လင်းဖန်က ပြန်ဖြေလိုက်ပြီးနောက် သူတို့နှစ်ယောက် အရှေ့တံခါးနှင့် ဝေးရာသို့ လျှောက်သွားလိုက်ကြသည်။
လုံလုံလောက်လောက် ဝေးကွာသွားပြီဟု ခံစားမိသောအခါ လင်းဖန်သည် စီမာလျန်အား ဆွဲကိုင်လိုက်ပြီး အံ့ဖွယ်ခုန်ပျံခြင်းကို အသုံးပြုကာ အရှေ့တံခါးနှင့် ဝေးကွာသောနေရာမှတစ်ဆင့် အိမ်တော်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဘုန်း…
သူတို့သည် ဥယျာဉ်တစ်ခုအတွင်းသို့ ဆင်းသက်မိကြပြီး မဏ္ဍပ်တစ်ခုထဲတွင် စစ်တုရင်ကစားနေသည့် လူနှစ်ယောက် သို့မဟုတ် လူ့ခန္ဓာကိုယ် အကြွင်းအကျန်နှစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုလူများ၏ အသားအရေမှာ သွေးဆုတ်ဖြူရော်နေကာ မည်သည့်အသက်ရှူသံမျှမရှိဘဲ ခွေးများကဲ့သို့ပင် အရေပြားများ ပုပ်ပွဆွေးမြည့်နေချေသည်။
လင်းဖန်နှင့် စီမာလျန်တို့၏ အသံကို ကြားသောအခါ ထိုလူနှစ်ယောက်က လှည့်လာပြီး သူတို့အား ကြည့်လာကြသည်။
“ဂါး...”
သူတို့က ကြမ်းတမ်းသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်လေသည်။
အဝါရောင်ဝတ်ရုံနှင့် တစ်ယောက်က စစ်တုရင်ခုံကို တွန်းဖယ်လိုက်ပြီး လင်းဖန်ထံသို့ ခုန်အုပ်လာတော့သည်။
အပြာရောင်ဝတ်ရုံနှင့် အခြားတစ်ယောက်ကမူ စီမာလျန်ထံသို့ ဦးတည်သွားလေသည်။
လင်းဖန်က အဝါရောင်ဝတ်ရုံနှင့်လူ၏ လည်ပင်းကို ကန့်လန့်ဖြတ် ခုတ်ပိုင်းချလိုက်သည်။
အဝါရောင်ဝတ်ရုံနှင့်လူမှာ ရှောင်တိမ်းခြင်းမရှိသဖြင့် ဓားသွားက လည်ပင်းအတွင်းသို့ ဝင်သွားလေသည်။
ဂျွတ်…
လင်းဖန် အံ့သြသွားရသည်မှာ ဓားကောက်သည် အဝါရောင်ဝတ်ရုံနှင့်လူ၏ ကျောရိုးနှင့် ထိမိချိန်တွင် ရပ်တန့်သွားခြင်းပင်။
အဝါရောင်ဝတ်ရုံနှင့်လူက သူ၏လက်ကိုမြှောက်ကာ လင်းဖန်၏ မျက်လုံးများဆီသို့ ထိုးလိုက်သည်။
လင်းဖန်သည် ချက်ချင်းဆိုသလိုပင် အဝါရောင်ဝတ်ရုံနှင့်လူအား ရှေ့သို့ ခြေစုံကန်ချလိုက်သည်။။
ဖုန်း…
ထိုကန်ချက်ကြောင့် အဝါရောင်ဝတ်ရုံနှင့်လူမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
လင်းဖန်က အခွင့်အရေးယူကာ စီမာလျန်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
စီမာလျန်သည် ယခုအခါ ဒိုင်းတစ်ခုကို ကိုင်ဆောင်ထားပြီး အပြာရောင်ဝတ်ရုံနှင့်လူ သူ့ထံ အနီးကပ်မရောက်လာနိုင်စေရန် ကာကွယ်ထားသည်။
ထို့နောက် သူက လက်ထဲရှိဓားကို အသုံးပြု၍ အပြာရောင်ဝတ်ရုံနှင့်လူအား ခုတ်ပိုင်းလိုက်သည်။
လင်းဖန်က ခုန်တက်သွားပြီး အပြာရောင်ဝတ်ရုံနှင့်လူအား နောက်ကျောမှနေ၍ ခုတ်ချလိုက်သည်။
တူညီသော အဖြစ်အပျက်မျိုး ထပ်ဖြစ်လာပြန်သည်။
သူ၏ ဓားကောက်မှာ ကျောရိုးကို ဖောက်ထွင်းမသွားနိုင်ခဲ့ပေ။
ထို့နောက် လင်းဖန်သည် မူလချီလက်သည်းကို အသက်သွင်းလိုက်ရာ လိမ္မော်ရောင်အလင်းတန်းများက လက်သည်းများပမာ လင်းဖန်၏ လက်ချောင်းများကို ရစ်ပတ်ဖုံးလွှမ်းသွားလေသည်။
သူက အပြာရောင်ဝတ်ရုံနှင့်လူ၏ လည်ပင်းအား သူ၏လက်သည်းများဖြင့် လွှဲရိုက်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ဦးခေါင်းကို အားစိုက်စရာမလိုဘဲ အလွယ်တကူ ဖြတ်တောက်သွားနိုင်ချေပြီ။
ထို့နောက် အပြာရောင်ဝတ်ရုံနှင့်လူမှာ မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။
လင်းဖန်သည် ဓားကောက်ကို ပြန်သိမ်းရန် ဆုံးဖြတ်လိုက်ပြီး လက်နှစ်ဖက်လုံးတွင် မူလချီလက်သည်းကို အသုံးပြုလိုက်လေသည်။
သူက မြေပြင်ပေါ်မှ ပြန်ထလာသော အဝါရောင်ဝတ်ရုံနှင့်လူဘက်သို့ လှည့်လိုက်သည်။
လင်းဖန်က သူ့ထံသို့ ခုန်အုပ်သွားပြီးနောက် နူးညံ့လှသော ထောပတ်တုံးတစ်တုံးကို ဓားဖြင့် ထိုးသွင်းလိုက်သည့်အလား သူ၏လက်သည်းများက ထိုလူ၏ ဦးခေါင်းခွံအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားချေသည်။
ထိုလူမှာ ချက်ချင်းဆိုသလိုပင် ငြိမ်သက်သွားတော့သည်။
“စီမာလျန်... မင်း အဆင်ပြေရဲ့လား”
လင်းဖန်က ထိုလူ၏ အရိုးများကို စစ်ဆေးရင်း မေးလိုက်သည်။
ထိုအရိုးများမှာ သူ၏ ဝိညာဉ်အဆင့် ဓားကောက်ထက်ပင် ပိုမိုမာကျောနေပြီး အလွန်ထူးဆန်းလှပေသည်။
သူထင်သည်ကလည်း မှန်ကန်နေသည်။
အရိုးများမှာ အရောင်ရင့်ရင့်ဖြင့် သတ္တုကဲ့သို့ အသွင်အပြင်ရှိနေသည်။
၎င်းမှာ လက်နက်များသွန်းလုပ်ရာတွင် အသုံးပြုနိုင်သည့် တန်ဖိုးကြီးကုန်ကြမ်းတစ်ခုခု ဖြစ်ရပေမည်။
“ဒီအရိုးတွေကို ကြည့်လိုက်။ ဘာဖြစ်မယ်ထင်လဲ”
လင်းဖန်က အရိုးများကို လက်ညှိုးထိုးပြကာ စီမာလျန်အား မေးလိုက်လေသည်။
စီမာလျန်က လျှောက်လာပြီး အရိုးများကို မြင်သောအခါ စိတ်လှုပ်ရှားသွားလေသည်။
“ဒါက ဝိညာဉ်ဖျက်သံမဏိပဲ။ အဲဒါနဲ့ သွန်းလုပ်ထားတဲ့ လက်နက်တွေက ဝိညာဉ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်တဲ့ ရှားပါးရတနာပစ္စည်းပဲ”
စီမာလျန်က ပြန်ပြောလိုက်ပြီး ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
သူက ပုလင်းကိုဖွင့်ပြီး ပုလင်းထဲမှ အရည်အချို့ကို ထိုလူ့အလောင်းပေါ်သို့ လောင်းချလိုက်သည်။
ထိုအရည်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်မှ မီးခိုးများ အူထွက်လာပြီး စတင်လောင်ကျွမ်းလေတော့သည်။
လင်းဖန်သည် အပူရှိန်နှင့်ဝေးရာသို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ခဏအကြာတွင် မီးတောက်များ ငြိမ်းသွားပြီး ထိုလူ၏ခန္ဓာကိုယ်မှာ ပြာပုံတစ်ပုံနှင့် ဝိညာဉ်ဖျက်သံမဏိပုံများအဖြစ် ပြောင်းလဲသွားချေသည်။
“ကောင်းတယ်”
လင်းဖန်က ပြောလိုက်ရင်း ဝိညာဉ်ဖျက်သံမဏိပုံများကို သူ၏ ဖားပြုတ်ရုပ်တုငယ်ထဲသို့ သိမ်းဆည်းလိုက်သည်။
၎င်းတို့သည် ရှေ့ဆက်သွားပြီး ကျန်ရှိသော အခြားအလောင်းကိုလည်း ထိုနည်းအတိုင်းပင် ပြုလုပ်လိုက်ကြသည်။
…
အိမ်တော်၏ အရှေ့ဘက်တံခါးဝတွင် ပြိုင်ပွဲဝင်အချို့ စုဝေးနေကြသည်။
သူတို့သည် ဆွေးမြည့်ပုပ်သိုးနေသော လူအုပ်ကြီးနှင့် ခွေးအုပ်ကြီးကို ရင်ဆိုင်နေရလေသည်။
“သတ္တိရှိကြစမ်းပါ။ ဒါက ဘိုးဘေးတွေဆီက စမ်းသပ်မှုတစ်ခုသက်သက်ပဲ”
စီမာယွင်က သူတို့နောက်ကွယ်တွင် ရပ်နေရင်း ထိုအုပ်စုကြီးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
သူ၏အမိန့်ကြောင့် သူတို့မှာ ခဏတာ တည်ငြိမ်သွားပြီး သူတို့၏ လက်ထောက်များနှင့်အတူ ရှေ့သို့ ချီတက်သွားကြသည်။
မကြာမီပင် ကမောက်ကမနိုင်လှသော တိုက်ပွဲကြီး ဖြစ်ပွားလာတော့သည်။
ခွေးများက ခြေထောက်နှင့် လည်ပင်းများကို ဦးတည်ကာ ကိုက်ခဲခြင်းများ ပြုလုပ်ကြပြီး ပုပ်သိုးနေသောလူများက ပြိုင်ပွဲဝင်များကို လဲကျသွားရန် ကြိုးစားနေကြလေသည်။
ထို့ကြောင့် ခုခံကာကွယ်ရန် အလွန်ခက်ခဲလှပေသည်။
၎င်းတို့၏ အရေအတွက်မှာ များပြားလွန်းလှသည်။
“စီမာယွင်... မင်း သူရဲဘောကြောင်တဲ့ကောင်”
ပြိုင်ပွဲဝင်တစ်ယောက်သည် စီမာယွင်က တိတ်တဆိတ် ထွက်ပြေးကာ အိမ်တော်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
သို့သော် သူ့အတွက် နောက်ကျသွားခဲ့ချေပြီ။
ခွေးတစ်ကောင်က သူ၏လည်ပင်းကို ကိုက်ခဲထားပြီး ပုပ်သိုးနေသော လူတစ်ယောက်က သူ့ကို မြေပြင်ပေါ်သို့ ဖိချထားလေသည်။
သူသည် အံတင်းတင်းကြိတ်ကာ ကျောက်စိမ်းဆွဲပြားကို ထထုတ်ယူလိုကသည်။
သူသည် ဤနေရာတွင် ဆက်ရှိနေချင်သော်လည်း ဆက်မနေနိုင်တော့ပေ။
ဒါဟာ အသက်နှင့် သေခြင်းတရားအကြား ရွေးချယ်မှုပင် ဖြစ်သည်။
ကျောက်စိမ်းဆွဲပြား ကွဲကြေသွားသောအခါ စိမ်းစိုသော အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားပြီး နောက်တစ်ခဏ၌ သူသည် လျှို့ဝှက်နယ်မြေပြင်ပသို့ ရောက်ရှိသွားတော့သည်။
“ဟိုမှာကြည့်... နောက်တစ်ယောက် လက်လျှော့သွားပြန်ပြီ”
“ဟုတ်တယ်... လျို... မင်းသားလည်း ဟိုမှာ ရောက်နေပြီ”
“ဘာ... ခူလည်း ပါသွားတာလား”
“နေဦး... စီမာလျန်နဲ့ အဲဒီအစေခံတပည့်က အထဲမှာ ရှိနေသေးတာလား”
လျှို့ဝှက်နယ်မြေပြင်ပရှိ လူအုပ်ကြီးသည် ပြိုင်ပွဲဝင်များ ပိုမိုလက်လျှော့လာကြသည်ကို မြင်သောအခါ ထပ်မံ၍ စိတ်လှုပ်ရှားလာကြပြန်သည်။
သူတို့အားလုံး အံ့ဩသွားရသည်မှာ လင်းဖန်နှင့် စီမာလျန်တို့ကမူ လက်လျှော့သွားသူများထဲတွင် မပါဝင်ခြင်းပင်။
သူတို့သည် ပြိုင်ပွဲထဲတွင် ရှိနေဆဲပင်။
“ဒီလက်ဖက်ရည်က အေးစက်နေတာပဲ”
အကြီးအကဲတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူမြင်တွေ့နေရသည့် အရာများအပေါ် မကျေမနပ် ဖြစ်နေပုံရသည်။
ယခုအချိန်လောက်ဆိုလျှင် စီမာလျန်ကို စီမာယွင် ရှင်းပြီးလောက်ပြီဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
“စိတ်အေးအေးထားပါဦး။ ဒီအပေါ်မှာက နည်းနည်းအေးတော့ အစေခံတွေ သတိမထားမိတာ ဖြစ်ပါလိမ့်မယ်”
မြို့တော်ဝန်က ဝင်ရောက်ပြောဆိုလိုက်ပြီး ပြုံးလျက်ဖြင့် စီမာလုဘက်သို့ လှည့်ကြည့်လိုက်သည်။
“ပန်းတိုင်နဲ့ နီးကပ်လာလေလေ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာလေလေပဲ ထင်တယ်”
“ဒါပေါ့... စီမာချွမ်၊ စီမာဟွမ်နဲ့ စီမာယွင်တို့အားလုံးက အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာလေ”
၎င်းတို့မှာ စီမာလျန်အပြင် လျှို့ဝှက်နယ်မြေထဲတွင် ကျန်ရှိနေသေးသည့် အခြားသော ပြိုင်ပွဲဝင်သုံးဦး ဖြစ်သည်။
သူတို့တစ်ဦးစီတွင် အလွန်အစွမ်းထက်သော ကူညီသူများ ရှိကြသည်။
“တစ်ခုခု တွေ့လား”
လင်းဖန်က ရှေ့ရှိ အံဆွဲများကို ရှာဖွေရင်း မေးလိုက်သည်။
သူတို့သည် နေထိုင်ရာအဆောင်တစ်ခုထဲသို့ ရောက်ရှိနေကြပြီး အခန်းများအတွင်းမှ ရတနာများကို ရှာဖွေရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
“ဒီမှာ”
စီမာလျန်က သူ၏လက်ဖဝါးပေါ်တွင် တောက်ပနေသော ပုလဲတစ်လုံးကို မြှောက်ပြရင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။
လင်းဖန်သည် အနားသို့သွားကာ စစ်ဆေးကြည့်ချင်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏ ကျောပြင်မှ မွှေးညှင်းများ ထောင်ထလာသည်။
တစ်စုံတစ်ခုက အခန်းအပြင်ဘက်မှ စိုက်ကြည့်နေပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်နေသကဲ့သို့ပင်။