အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) - ရေပန်းစားနေသော ကောင်းရွမ်
“ဝိုး...”
နောက်မှလိုက်လာသော မိန်းကလေးများလည်း ကောင်းရွှမ်ကို မြင်လိုက်ရသောအခါ တစ်ပြိုင်နက်တည်း အာမေဠိတ်သံများ ထွက်ပေါ်လာသည်။ သူတို့က မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြ၍ မဟုတ်ပေ။
ဤတောရိုင်းဒေသတွင် သူတို့ မြင်တွေ့ကြားသိရသမျှ အရာအားလုံးက ရိုင်းစိုင်းကြမ်းတမ်းမှုများနှင့်သာ ပြည့်နှက်နေသောကြောင့်ဖြစ်သည်။
စောစောက ပေါ်လာသော ယွန်ချင်းရှန်ကို သဘာဝအလျောက် လှပသည်ဟု ဆိုနိုင်သည်။ သို့သော် ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှသော ကောင်းရွှမ်ကတော့ သဘာဝအလှတရားဆိုသော အတိုင်းအတာကိုပင် ကျော်လွန်သွားခဲ့လေပြီ။
ဤခံစားချက်သည် အမှိုက်ပုံထဲမှ အလွန်တန်ဖိုးကြီးသော ကျောက်စိမ်းတုံးတစ်တုံးကို တူးဖော်တွေ့ရှိလိုက်ရသကဲ့သို့ပင်။
ထိုကွာခြားချက်က ထူးကဲသောတုန်လှုပ်မှုကို ဖြစ်ပေါ်စေသည်။
“သောက်ကျိုးနည်း...”
“ဒါတကယ်ကြီးလား...”
“လက်တွေ့မဆန်သလို ခံစားရတယ်။ ရုပ်ရှင်ရိုက်နေကြတာလား”
အန်းဟွေ၊ ကျိုးကျင်းနှင့် အခြားကောင်လေးများလည်း အံ့ဩသွားကြသော်ငြား လိင်တူအချင်းချင်း တွန်းကန်မှုကြောင့် သူတို့၏ အလိုအလျောက်တုံ့ပြန်မှုက သံသယဝင်ခြင်းသာ။
ဤမျှခေါင်ဖျားသော တောကြိုတောင်ကြားတွင် ယခုချောမောလှပသည့် ကောင်လေးက မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။
ဝမ်ဟုန်အန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ယွန်ချင်းရှန်ကပင် သူ့ကို အံ့အားသင့်စေခဲ့ပြီးဖြစ်ရာ ယခု ဤအမျိုးသား ပေါ်လာခြင်းက ရှေးဟောင်းတောရိုင်းဒေသနှင့် ပတ်သက်၍ သူ၏နားလည်မှုကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။
သူ တွေ့ဖူးသမျှ အမျိုးသမီးများအားလုံး အပါအဝင် သူ၏ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက် ဆွဲဆောင်မှုမျိုးရှိသူကို တစ်ခါမျှ မမြင်ဖူးခဲ့ကြောင်း သူ ကျိန်ဆိုရဲသည်။
ဤကဲ့သို့သော မျက်နှာမျိုးက သဘာဝအတိုင်းဖြစ်လာသည်ဆိုသည်ကို ဝမ်ဟုန်အန် ယုံကြည်ရန်ခက်ခဲနေသည်။ သို့သော် ယခုလက်ရှိ ခေတ်မီနေသော ခွဲစိတ်ပြုပြင်မှု ပညာရပ်များဖြင့်ပင် ဤမျှလောက် ချောမောသွားအောင် ပြုပြင်ထားနိုင်သော မျက်နှာမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဝမ်ဟုန်အန်သည် ဤခရီးစဉ်တွင် အရေးကြီးကိစ္စများ ရှိနေသည်။ ဤထူးဆန်းသော အမျိုးသားနှင့် အမျိုးသမီးစုံတွဲကို ရုတ်တရက် တွေ့ဆုံလိုက်ရခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
‘အခြေအနေတွေက ရှုပ်ထွေးသွားပုံရတယ်'
‘ဒါပေမဲ့ ဒီရောက်နေမှတော့ လှည့်ပြန်လို့လည်း မရဘူးလေ။ အဲဒီလိုလုပ်ရင် ကိုယ့်မှာ အပြစ်ရှိနေသလို ဖြစ်မသွားဘူးလား။ တခြားသူတွေကို ရှင်းပြဖို့လည်း ခက်လိမ့်မယ်'
ဝမ်ဟုန်အန်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ ကျွန်တော်က မင်ကျင်းတက္ကသိုလ်က ပါမောက္ခ ဝမ်ဟုန်အန်ပါ။ ကျွန်တော်တို့ သုတေသနအဖွဲ့က မီးတောင်ဧရိယာထဲကိုဝင်ဖို့ စီစဉ်ထားတယ်၊ အဲတာ ဒီမှာ အရင်စခန်းချချင်လို့ပါ။ အဆင်ပြေနိုင်မလားဗျ”
“မင်္ဂလာပါ ပါမောက္ခဝမ်... ကျွန်တော့်နာမည်က ကောင်းရွှမ်ပါ”
ကောင်းရွှမ်က ပြုံးရွှင်စွာဖြင့် ထိုင်ခုံမှ ထကာ ဝမ်ဟုန်အန်ကို တက်ကြွစွာ နှုတ်ဆက်လိုက်သည်။
“ဒီတောထဲတောင်ထဲမှာ တခြားဘယ်သူမှမရှိဘူး။ ရောက်လာတဲ့သူတိုင်းက ဧည့်သည်ကြီးပဲ။ အားလုံး… အထဲဝင်ကြပါ”
သူက ဂူကို လက်ညှိုးထိုးပြကာ ဆက်ပြောသည်။
“အထဲက နေရာက အရမ်းကျယ်တယ်။ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး အေးအေးဆေးဆေး နေကြပါ”
ကောင်းရွှမ်က အလွန်တက်ကြွဖော်ရွေပြီး သူ၏အပြုံးများက နေရောင်ခြည်ထက်ပင် တောက်ပနေသည်။
ပါမောက္ခဝမ်သည် အသက်အရွယ် ကြီးရင့်သူဖြစ်သော်လည်း ကောင်းရွှမ်နှင့် စကားပြောရသည်မှာ အလွန်သာယာမှုရှိကြောင်း ခံစားလိုက်ရသည်။ သူ၏ ရင်ထဲရှိ သံသယအနည်းငယ်မှာလည်း ပျောက်ကွယ်သွားသည်။
ဝေ့ကျန်းကျန်းနှင့် အခြားမိန်းကလေးများကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
သူတို့အားလုံးက ကောင်းရွှမ်သည် အလွန်ချောမောပြီး ချဉ်းကပ်ရလွယ်ကူကာ ဆွဲဆောင်မှုရှိလွန်းသဖြင့် သူနှင့်အတူရှိနေချင်စိတ်များ အလိုအလျောက်ပေါ်လာကြသည်။
“အစ်မယင်... သူ့အသံက အရမ်းဆွဲဆောင်မှုရှိပြီး ကြည်လင်နေတာပဲ။ ကြားရုံနဲ့တင် ရင်ထဲမှာတုန်သွားတာပဲ။ ဖော်ပြလို့မရအောင် သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်လေး...”
ဝေ့ကျန်းကျန်းက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
“လောကကြီးမှာ ဒီလောက် ပြီးပြည့်စုံတဲ့လူ ရှိတယ်ဆိုတာ မယုံနိုင်ဘူး။ ဘုရားရေ... ငါတော့ကြွေသွားပြီ”
“နည်းနည်းပါးပါး ထိန်းဦးလေ”
ရွှီယင်သည် ဝေ့ကျန်းကျန်း၏ ဝမ်းကွဲအစ်မဖြစ်ရာ ညီမဖြစ်သူ အရှက်ကွဲသည်ကို မကြည့်ရက်သဖြင့် တီးတိုးသတိပေးလိုက်သည်။
“အလှတရားကို မြတ်နိုးတဲ့သူတစ်ယောက်က အလှနတ်ဘုရားကိုတွေ့ရင် ရူးရူးမူးမူး ချီးကျူးရမှာပေါ့။ ထိန်းနေလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ...”
ဝေ့ကျန်းကျန်းက သဘောမတူပေ။ “အရင်တုန်းက ဟိုအိုင်ဒေါတွေကို ကျွန်မ ဘယ်လိုလုပ် သဘောကျခဲ့တာလဲဆိုတာ မယုံနိုင်ဘူး။ ကျွန်မများ ကန်းနေခဲ့တာလား။ ကောင်းရွှမ်နဲ့ ယှဉ်လိုက်ရင် အဲဒီအိုင်ဒေါတွေက ခွေးချေးလောက်ပဲရှိတာ”
ဝေ့ကျန်းကျန်းက ပြောရင်းဆိုရင်း ခေါင်းကို အကြိမ်ကြိမ်ခါယမ်းကာ သူမ၏ ငယ်ရွယ်မိုက်မဲမှုအတွက် ရှက်ရွံ့နေမိသည်။
ရွှီယင်မှာ စကားပင်မပြောနိုင်တော့ပေ။ သူမက ဝေ့ကျန်းကျန်းထက် ဆယ်နှစ်ခန့်သာ ကြီးသော်လည်း ဝေ့ကျန်းကျန်းတို့မျိုးဆက်၏ စိတ်နေသဘောထားကို နားလည်ရန် အလွန်ခက်ခဲလှသည်။
ဝေ့ကျန်းကျန်းက စကားပြောနေရုံတင် မဟုတ်ပေ။ သူမက ကောင်းရွှမ်ဆီသို့ ခုန်ဆွခုန်ဆွဖြင့်သွားကာ သူမ၏လက်သေးသေးလေးကို တက်ကြွစွာ ကမ်းပေးလိုက်သည်။
“ကျွန်မနာမည် ဝေ့ကျန်းကျန်းပါ။ တွေ့ရတာ ဝမ်းသာပါတယ်”
“ကောင်းရွှမ်ပါ။ ကျွန်တော်လည်း တွေ့ရတာ အရမ်းဝမ်းသာပါတယ်”
ကောင်းရွှမ်က ဝေ့ကျန်းကျန်း၏ နူးညံ့သိမ်မွေ့သော လက်လေးကို ဆုပ်ကိုင်ရင်း သူ့မျက်နှာပေါ်တွင် ပို၍ပင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
“ရှင်က အရမ်းချောတာပဲ”
ဝေ့ကျန်းကျန်းက ရိုးသားစွာ ချီးကျူးလိုက်သည်။
“လူတိုင်းက အဲဒီလို ပြောကြတာပဲ”
ကောင်းရွှမ်က နှိမ့်ချစွာဖြင့် ဆိုလိုက်သည်။
“ဒါပေမဲ့ သူတို့မှာ စကားလုံးဝေါဟာရတွေ အရမ်းနည်းလွန်းလို့လို့ ထင်ပါရဲ့၊ ‘ချောတယ်’ ဆိုတဲ့ စကားလုံးလေး တစ်လုံးတည်းနဲ့ ကျွန်တော့်ရဲ့ အလှတရားကို ဘယ်လိုလုပ် ဖော်ပြနိုင်မှာလဲ”
“ဟားဟားဟား...”
ဝေ့ကျန်းကျန်းမှာ ခါးကိုင်းသွားသည်အထိ ရယ်မောတော့သည်။ ဟာသက အနည်းငယ် ဟောင်းနေသော်လည်း ကောင်းရွှမ်ဆီမှ ကြားရသောအခါ အလွန်ရိုးသားပုံရပြီး အထူးတလည် ရယ်စရာကောင်းနေသည်။
ဘေးမှ နားထောင်နေသော ရွှီယင်သည် ကောင်းရွှမ်ပြောသည်က မှန်သည်ဟု အမှန်တကယ် ခံစားလိုက်ရသည်။ ဟုတ်ပေသည်။
ကောင်းရွှမ်၏ အပြင်ပန်းသွင်ပြင်ကို ဖော်ပြရန် သင့်တော်သော စကားလုံးများမရှိပေ။
‘လေတိုက်ရင် လှုပ်ရှားနေတဲ့ ကျောက်စိမ်းပင်လေး’၊ ‘ရဲရင့်ပြီး ခန့်ညားတယ်’ ဒါမှမဟုတ် ‘ကျော့ရှင်းပြီး သွက်လက်တယ်’ ဆိုသည့် နာမဝိသေသနတွေ အားလုံးက ကောင်းရွှမ်အတွက်တော့ အရမ်းကို အပေါစားဆန်လွန်းနေလေ၏။
ရွှီယင် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သီသီလေး ကိုက်ညီသော စကားစုတစ်ခုကိုသာ တွေးမိတော့သည်။
‘သဘာဝတရားက ဖန်တီးထားတဲ့ မြင့်မြတ်တဲ့အလှတရားရဲ့ လက်ရာမွန်’
ကောင်းရွှမ်က တကယ့်ကို ကျော့ရှင်းလှပ သန့်စင်ပြီး ဝိညာဉ်ရေးရာ အငွေ့အသက်များ ပါရှိကာ လောကတွင် ပြိုင်ဘက်ကင်းလေသည်။
သေချာသည်ကတော့ ရွှီယင်သည် အချစ်ရူးလေးတစ်ယောက်လို ပြုမူမည်မဟုတ်ပေ။ သူမက ရိုးရိုးရှင်းရှင်းပင် သူ့ကို အံ့ဩချီးကျူးနေခြင်းသာဖြစ်သည်။
ကြယ်စင်စုခေတ်တွင် လူသားများသည် စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသော်လည်း ကောင်းရွှမ်ကဲ့သို့သော ခန္ဓာကိုယ်နှင့် ရုပ်ရည်ရှိသူသည် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေပြီး လူသားတို့၏ အလှအပဆိုင်ရာ ကန့်သတ်ချက်ကို ထိတွေ့နေလေပြီ။
သူ့ကို လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲမှု သမိုင်းတွင် အံ့ဖွယ်တစ်ခုဟုပင် အမှန်တကယ် ခေါ်ဆိုနိုင်ပေသည်။
ဝေ့ကျန်းကျန်းက ထိုမျှလောက် အများကြီးမတွေးပေ။ မူလက ကောင်းရွှမ်နှင့် အနည်းငယ် စိမ်းနေသဖြင့် စကားပြောရန် သတ္တိမွေးနေရခြင်းဖြစ်သည်။
ကောင်းရွှမ်၏ ဟာသတစ်ခွန်းကြောင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးက ချက်ချင်းရင်းနှီးသွားတော့သည်။
“ရှင်နဲ့အတူ ဓာတ်ပုံတွဲရိုက်ချင်လို့။ ရမလား”
“ပိုက်ဆံ မတောင်းသရွေ့ပေါ့”
“ဟားဟားဟား... မရဲပါဘူး၊ မရဲပါဘူး...”
ဝေ့ကျန်းကျန်းက ကောင်းရွှမ်ကို ဆွဲခေါ်သွားပြီး သူမ၏ စမတ်နာရီဖြင့် ဆယ်လ်ဖီပုံအချို့ ရိုက်လိုက်သည်။ သူမ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။
ကောင်းရွှမ်က ဤမျှလောက် စကားပြောရလွယ်ကူပြီး စိတ်ဝင်စားစရာကောင်းမည်ဟု သူမ တကယ်မထင်ထားခဲ့ပေ။
ဝေ့ကျန်းကျန်း၏အားပေးမှုကြောင့် အခြားမိန်းကလေးများလည်း ကောင်းရွှမ်အနားသို့ စုရုံးရောက်ရှိလာပြီး စကားပြောကာ ရင်းနှီးအောင်ကြိုးစားကြလေသည်။
ကောင်းရွှမ်၏ သဘောထားက ချဉ်းကပ်ရလွယ်ကူပြီး သူ၏ စကားပြောပုံကလည်း နားထောင်ကောင်းကာ စိတ်ဝင်စားစရာကောင်းပြီး အနည်းငယ် နောက်ပြောင်တတ်သေးသည်။
အချိန်တိုအတွင်းမှာပင် သူက နုပျိုလှပသော မိန်းကလေးတစ်စုနှင့် အလွန်ရင်းနှီးသွားတော့သည်။
အခြားကောင်လေးများသည်တော့ ဘေးမှနေ၍ မနာလိုစွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သူတို့က လိင်တူအချင်းချင်း တွန်းကန်မှုကြောင့် ကောင်းရွှမ်နှင့် စကားပြောရန် စိတ်ဝင်စားမှုမရှိကြပေ။ သူတို့က ယွန်ချင်းရှန်နှင့်သာ စကားကောင်းကောင်း ပြောချင်နေကြသည်။
ပြဿနာမှာ ယွန်ချင်းရှန်က ကောင်းရွှမ်နှင့် နေ့တိုင်း အတူရှိနေရာ သူတို့ကို မည်သို့လုပ်၍ စိတ်ဝင်စားနိုင်မည်နည်း။
ဤကိစ္စနှင့် ပတ်သက်၍ ကောင်လေးများစွာက အခြေအနေကို ကောင်းကောင်းသိထားကြသည်။ သူတို့က ကောင်းရွှမ်နှင့် မယှဉ်နိုင်ပေ။
သို့သော် အချို့က လက်မလျှော့ချင်ကြပေ။ ကျိုးကျင်းက ပြောလိုက်သည်။
“ဒီကောင်က ဘယ်လောက်ပဲ ကြည့်ကောင်းကောင်း၊ နေ့တိုင်းကြည့်နေရရင် ရိုးသွားမှာပဲ။ ဟိုကောင်မလေးက ငါတို့လိုပုံစံမျိုးကို ပိုသဘောကျချင်ကျမှာပေါ့”
“မင်းကိုယ်မင်း အထင်ကြီးလွန်းနေတယ်”
ဖုန်းယွမ်ရှန်းက အလွန်အထင်သေးစွာ ပြောလိုက်သည်။ သူက ကျိုးကျင်း၏ ပေါ့ပျက်ပျက်အပြုအမူကို လုံးဝကြည့်မရပေ။
ကျိုးကျင်းက ဖုန်းယွမ်ရှန်းကို ဂရုမစိုက်ပေ။
“ငါ ယွန်ချင်းရှန်ကို အပိုင်ရတဲ့အခါ၊ အမှတ်တရအနေနဲ့ သူ့ရဲ့ အတွင်းခံလေးတစ်ခု မင်းကို သေချာပေါက်ပေးမယ်”
ကျိုးကျင်းက ပြောရင်းဆိုရင်း ယွန်ချင်းရှန်အနီးသို့ ရောက်ရန် ခပ်မြန်မြန် လျှောက်သွားလိုက်သည်။
“အစ်မ... ဒီဂူထဲမှာ မင်းတို့နှစ်ယောက်တည်းပဲ ရှိတာလား”
ယွန်ချင်းရှန်က လူအုပ်ကြားတွင် ရယ်မောစကားပြောနေသော ကောင်းရွှမ်ကိုသာ တိတ်တဆိတ် ကြည့်နေပြီး ကျိုးကျင်း၏ စကားများကို လုံးဝ မကြားသည့်ဟန် ရှိသည်။
ကျိုးကျင်းမှာ အလွန်ရှက်ရွံ့သွားသော်လည်း ဤအတိုင်းထွက်သွားရန် ဆန္ဒမရှိပေ။ သူက ယခုလေးတင် ကြွားလုံးထုတ်ထားပြီးဖြစ်ရာ မျက်နှာအပျက်ခံ၍မဖြစ်ပေ။
“အစ်မ... ကျွန်တော့်နာမည် ကျိုးကျင်းပါ။ မင်ကျင်းတက္ကသိုလ်၊ ရှေးဟောင်းသုတေသနဌာနက ကျောင်းသားတစ်ယောက်ပါ။ နဂါးဖြူတောင်တန်းကို ကျွန်တော်လာတာ ဒါပထမဆုံးအကြိမ်ပဲ။
ဒီနေရာက တကယ့်ကို အံ့ဩစရာကောင်းတဲ့ နေရာလေးပဲ၊ အရည်အချင်းရှိတဲ့သူတွေနဲ့ ပြည့်နေတယ်...”
ကျိုးကျင်းက အဓိပ္ပါယ်မရှိသောစကားများ ဆက်တိုက်ပြောနေသော်လည်း ယွန်ချင်းရှန်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။