အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂) - ကောင်းရွှမ်၏အကြံအစည်(၁)
ဤသည်က ယွန်ချင်းရှန်တွင် အကြားအာရုံပြဿနာတစ်ခုခု ရှိနေသလားဟုပင် ကျိုးကျင်းကို တွေးမိသွားစေသည်။ သူက ယွန်ချင်းရှန်ကို ဆွဲရန် လက်လှမ်းလိုက်သော်လည်း သူမက ရှောင်တိမ်းသွားသည်။
ယွန်ချင်းရှန်က ကျိုးကျင်းကို တစ်ချက်ကြည့်လိုက်သည်။ အလွန်အမင်း အေးစက်သော ထိုအကြည့်ကြောင့် ကျိုးကျင်း၏နှလုံးသား ချက်ချင်းအေးခဲသွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။
ကျိုးကျင်းက အလျင်အမြန် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ လက်မြှောက်ပြလိုက်သည်။
“အထင်မလွဲပါနဲ့၊ ကျွန်တော် တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး”
ယွန်ချင်းရှန်က ကျိုးကျင်းကို ထပ်မကြည့်တော့ပေ။
ဤအေးတိအေးစက် ကောင်မလေးက သူ ပရောပရည်လုပ်လို့ ရမည့်သူ မဟုတ်မှန်း ကျိုးကျင်း နောက်ဆုံးတော့ နားလည်သွားသည်။ သူက စိတ်ဓာတ်ကျသော မျက်နှာဖြင့် သူ့သူငယ်ချင်းများထံ ပြန်သွားခဲ့သည်။
“ဒီမိန်းမက သောက်ရူးမပဲ”
“မင်း မလုပ်နိုင်ဘူးဆိုတာ ငါသိပြီးသားပါ။ အဲဒါကို ကြွားနေသေးတယ်”
ဖုန်းယွမ်ရှန်း အလွန် ဝမ်းသာသွားသည်။ ယွန်ချင်းရှန်က ကျိုးကျင်းကို အာရုံစိုက်ခြင်း မရှိသဖြင့် သူမသည် လှပပြီး ပျက်ဆီးနေသော မိန်းမမျိုးမဟုတ်ကြောင်း သေချာသွားသည်။
“မင်းအဆင့်နဲ့များ ယွန်ချင်းရှန်ကို သွားကြောင်ရဲသေးတယ်”
အန်းဟွေလည်း အလွန်အထင်သေးသွားသည်။
‘ဒီကျိုးကျင်းက အခြေအနေကိုတောင် မကြည့်ဘူး၊ ဦးနှောက်ကို မရှိတာပဲ'
ဝမ်ဟုန်အန်က ဘေးမှ တိတ်တဆိတ် အကဲခတ်နေပြီး မည်သည့်ပြဿနာမျှ မတွေ့ရပေ။
ယခုအခါ ကောင်းကင်ကွန်ရက်က ကမ္ဘာမြေကို ဖုံးလွှမ်းထားပြီဖြစ်ရာ ကောင်းရွှမ်နှင့် ယွန်ချင်းရှန်တို့သည် ကောင်းကင်ကွန်ရက်နှင့် ချိတ်ဆက်ကာ ခေတ်မီပညာရေးကို ရယူနိုင်သည်။
သူတို့၏ ခေတ်မီသော အပြောအဆိုနှင့် အပြုအမူများတွင် ပြဿနာမရှိပေ။
ထို့ပြင် ယွန်ချင်းရှန်၏ အေးစက်သော အငွေ့အသက်မှာ သူမ၏ စရိုက်ကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း အဓိကအားဖြင့် ပြင်ပကမ္ဘာနှင့် အချိန်ကြာမြင့်စွာ အဆက်အသွယ် ပြတ်တောက်နေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် လူများနှင့် ဆက်ဆံရာတွင် သူမက ထူးထူးခြားခြား အနေခက်နေပုံရသည်။
ဤကဲ့သို့သော အရာများကို ဟန်ဆောင်၍ မရနိုင်ပေ။
ကောင်းရွှမ်အတွက်မူ သူက သဘာဝအလျောက် တက်ကြွရွှင်လန်းပြီး စကားများလွန်းသည်။ ထို့ကြောင့် သူတို့နှစ်ဦးက ဆန့်ကျင်ဘက်ဖြစ်ပြီး အနည်းငယ် အစွန်းရောက်နေပုံရသည်။
ဝမ်ဟုန်အန် ကောင်းကောင်း နားမလည်နိုင်သော တစ်ခုတည်းသော အရာမှာ... ကောင်းရွှမ်က ဘာကြောင့် အမြဲတမ်း မျက်လုံး မှိတ်ထားရတာလဲ။
ကောင်းရွှမ်ကို ကြည့်ရသည်မှာ မျက်လုံးမှိတ်ထားခြင်းက သူ၏ လှုပ်ရှားမှုများကို အနည်းငယ်မျှ အနှောင့်အယှက် ဖြစ်စေပုံမရပေ။
ဝမ်ဟုန်အန်တစ်ယောက်တည်း သိချင်နေခြင်း မဟုတ်ပေ။ ရွှီယင်နှင့် အခြားသူများလည်း အလွန်အမင်း သိချင်နေကြသည်။
လူသားများအတွက် မျက်လုံးသည် အရေးအကြီးဆုံး အာရုံခံအင်္ဂါဖြစ်ပြီး ရှုပ်ထွေးသော အချက်အလက်များစွာကို သယ်ဆောင်နိုင်သည်။ လူမှုဆက်ဆံရေးတွင် မျက်လုံး၏အခန်းကဏ္ဍကို အစားထိုး၍မရနိုင်ပေ။
ကောင်းရွှမ်က ပြိုင်ဘက်ကင်းလောက်အောင် ချောမောသော်လည်း မျက်လုံးများကို အမြဲတမ်း မှိတ်ထားခြင်းက ပြီးပြည့်စုံမှုတွင် မလွဲမသွေ အပြစ်အနာအဆာတစ်ခု ဖြစ်နေသည်။
ဝေ့ကျန်းကျန်းက ကောင်းရွှမ်နှင့် အားပါးတရ စကားပြောနေရင်း မေးလိုက်မိသည်။
“ကောင်းရွှမ်... ရှင်က ဘာလို့ မျက်လုံး အမြဲမှိတ်ထားတာလဲ”
ကောင်းရွှမ်က အနည်းငယ် ပြုံးလိုက်သည်။
“ကျွန်တော့်မှာ မျက်စိရောဂါရှိလို့ ဘာမှမမြင်ရဘူး”
“အာ...”
မိန်းကလေးများ အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြပြီး အတော်လေး စိတ်မကောင်းဖြစ်သွားကြသည်။
‘ဒီလောက် ချောမောတဲ့ ကောင်လေးက မျက်ကန်းဖြစ်နေတယ်ပေါ့'
ကောင်းရွှမ်ကို မနာလိုဖြစ်နေသော ကောင်လေးများပင်လျှင် ဤကိစ္စအတွက် အလွန် နှမြောတသဖြစ်မိကြသည်။
ဝေ့ကျန်းကျန်းမှာ ပို၍ပင် အပြစ်ရှိသလို ခံစားရပြီး စိတ်မသက်မသာ ဖြစ်သွားသည်။
“တောင်းပန်ပါတယ်။ ကျွန်မ မသိလို့ပါ”
သို့သော် ကောင်းရွှမ်က လုံးဝဂရုမစိုက်ပေ။ “ကံကြမ္မာက ကျွန်တော့်အပေါ် လုံလောက်အောင် သဘောကောင်းပါတယ်။ နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ရုံကလွဲပြီး တခြား ဘာမှမခံစားရပါဘူး...”
“ဝိုး... ရှင့်ရဲ့ စိတ်ထားက တကယ်ကို ကြီးမြတ်တာပဲ...”
လှပသော မိန်းကလေးတစ်စုက ကောင်းရွှမ်ကို ဝိုင်းရံထားပြီး သူတို့၏မျက်နှာများပေါ်တွင် ကိုယ်ချင်းစာတရား အလင်းရောင်များ တောက်ပနေသည်။
ကောင်းရွှမ်ကို ကြည့်နေသော ဝမ်ဟုန်အန်ပင်လျှင် သူ၏ရင်ထဲတွင် သဘောကျမှုအနည်းငယ် ပိုလာပြီး သံသယများ အနည်းငယ်လျော့ပါးသွားသည်။
ယွန်ချင်းရှန်က ဘေးမှနေ၍ တိတ်တဆိတ်ကြည့်နေပြီး သူမ၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိပေ။
‘ကောင်းရွှမ်ကို သနားနေတဲ့ ဒီလူတွေ တကယ်ကို ငတုံးတွေပဲ’ ဟုသာ သူမ တွေးလိုက်မိသည်။
………
ဂူက လုံလောက်အောင် ကျယ်ဝန်းပြီး သန့်ရှင်းကာ လုံခြုံသည်။ အနည်းငယ်အေးစက်ပြီး စိုစွတ်နေသည်သာ ရှိသည်။
ဝမ်ဟုန်အန်က ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပြီး အလွန်ကျေနပ်သွားသည်။ ရှေးဟောင်း သစ်တောကြီးထဲတွင် အန္တရာယ်အရှိဆုံး အရာများမှာ သားရဲတိရစ္ဆာန်အမျိုးမျိုး၊ အဆိပ်ရှိအင်းဆက်များနှင့် ခန့်မှန်း၍မရနိုင်သော အန္တရာယ်အမျိုးမျိုးပင်။
ဂူထဲတွင် နေရသည်က အနည်းဆုံးတော့ လုံလောက်အောင် လုံခြုံမှုရှိသည်။
သုတေသနအဖွဲ့ဝင်များက သူတို့၏တဲများကို ဆောက်လုပ်ပြီးနောက် တာဝန်အသီးသီးကို လုပ်ဆောင်ရန် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြသည်။
ရွှီယင်က မိန်းကလေးများကိုခေါ်ကာ ပတ်ဝန်းကျင်အခြေအနေကို စူးစမ်းလေ့လာနေသည်။
ဝမ်ဟုန်အန်က လမ်းပြနှင့် ကောင်လေးတစ်စုကို ခေါ်ကာ မီးတောင်ဧရိယာဆီသို့ သွားမည့် လမ်းကြောင်းကို စူးစမ်းရှာဖွေလေသည်။
သုတေသနအဖွဲ့ မီးတောင်ဇုန်ထဲသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရောက်ခင် လုံခြုံသော လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။
သုတေသနအဖွဲ့ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဆူညံနေသော ဂူကြီးမှာ ချက်ချင်းတိတ်ဆိတ်ပြီး အထီးကျန်သွားတော့သည်။
“သူတို့က နင်စောင့်နေတဲ့သူတွေလား”
ယွန်ချင်းရှန်က မေးလိုက်သည်။
ယွန်ချင်းရှန်သည် ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ခြင်း လေ့ကျင့်မှုများကို ခံယူခဲ့ရသူဖြစ်သည်။
သူမက လူမှုဆက်ဆံရေးတွင် မကျွမ်းကျင်သော်လည်း လူများကို အကဲခတ်ရာတွင် အလွန် စူးရှထက်မြက်သည်။
သုတေသနအဖွဲ့ထဲတွင် ဝမ်ဟုန်အန်နှင့် ရွှီယင်တို့သာ အဆင့်ငါး ကျွမ်းကျင်သူများဖြစ်ကြောင်း သူမ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
အခြားကျောင်းသားများမှာ အဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဝန်းကျင်တွင်သာ ရှိကြသည်။ သူတို့က ထည့်သွင်းစဉ်းစားရန်ပင် မထိုက်တန်ပေ။
ကောင်းရွှမ်၏ ထူးဆန်းသောဓားရှည်ကို မပြောနှင့်။ သူမ တစ်ယောက်တည်းနှင့်ပင် သုတေသနအဖွဲ့ တစ်ခုလုံးကို သုတ်သက်ပစ်နိုင်သည်။
ဤလူသူကင်းမဲ့သော တောင်တန်းများနှင့် တောရိုင်းများတွင် သူတို့ ဘာပဲလုပ်လုပ် မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။
ကောင်းရွှမ် ဘာကို စောင့်နေသလဲဆိုသည်ကို ယွန်ချင်းရှန် သိပ်ပြီး နားမလည်ပေ။
“စိတ်ရှည်ရှည်ထားစမ်းပါ”
ကောင်းရွှမ်က တိုးညှင်းစွာ ဆိုလိုက်သည်။
“ငါတို့က တရားဝင်သရုပ်တွေနဲ့ လူ့အဖွဲ့အစည်းထဲကို ဝင်ချင်တယ်ဆိုရင် ရမ်းလုပ်လို့မရဘူး။ ဒီသုတေသနအဖွဲ့က ငါတို့အတွက် အရမ်း အသုံးဝင်တယ်။ အထူးသဖြင့် ရွှီယင်ပေါ့”
သူက ခဏရပ်လိုက်ပြီး သတိပေးလိုက်သည်။
“ဝမ်ဟုန်အန်က အရမ်းအန္တရာယ်များတယ်။ သူ့ကို အထင်မသေးနဲ့”
“မင်းမှာ သီးသန့် အစီအစဉ် ရှိလား”
ယွန်ချင်းရှန်က ကောင်းရွှမ်ကို ကူညီနိုင်ရန်အတွက် ပိုသိထားသင့်သည်ဟု ခံစားလိုက်ရသည်။
ကောင်းရွှမ်က ပြုံးလိုက်သည်။
“မီးတောင်ဧရိယာရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရှေးဟောင်းအပျက်အစီးတစ်ခု ရှိတယ်။ အဲဒီအထဲမှာ ပစ္စည်းကောင်းတွေ ဖွက်ထားတယ်။ ငါတို့ ကံစမ်းကြည့်ကြတာပေါ့၊ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရချင်ရနိုင်တယ်”
‘ကောင်းကင်နဂါးမျက်လုံး’ က မီးတောင်၏ နက်ရှိုင်းသော နေရာတွင် ဖုံးကွယ်နေသည်။
ဝမ်ဟုန်အန်သည် ဤစွန့်စားခန်းအတွင်းတွင် ‘ကောင်းကင်နဂါး မျက်လုံး’ ကို ရရှိခဲ့ပြီးနောက်မှသာ အနာဂတ်တွင် ဂလက်ဆီတစ်ခုလုံးကို တုန်လှုပ်စေမည့် ပြိုင်ဘက်ကင်း အစွမ်းထက်သူတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ဝမ်ဟုန်အန်သည် အလွန်အမင်း ကောက်ကျစ်စဉ်းလဲပြီး ယုတ်မာသော သူတစ်ဦးဖြစ်သည်။
လူသားမျိုးနွယ်၏ အခြေအနေက ဆိုးရွားနေသည်ကို မြင်သောအခါ သူက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ပေးခဲ့သည်။
လူသားမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာက သူ့လုပ်ရပ်ကြောင့် ပြောင်းလဲသွားခဲ့ရသည်။
ပြန်လည်မွေးဖွားမလာခင်က ကောင်းရွှမ်သည် ဝမ်ဟုန်အန်နှင့် အကြိမ်အနည်းငယ်ဆုံတွေ့ခဲ့ဖူးပြီး ထိုသူ့ကို အလွန်အမင်းရွံရှာခဲ့သည်။
သူတို့ ဆုံတွေ့ခဲ့ဖူးသောကြောင့်ပင် ဝမ်ဟုန်အန်၏ အတိတ်အချို့ကို ကောင်းရွှမ် သိရှိနေခြင်းဖြစ်သည်။
ဝမ်ဟုန်အန်သည် နဂါးဖြူတောင်တန်းကို စူးစမ်းလေ့လာစဉ်တွင် ‘ကောင်းကင်နဂါးမျက်လုံး’ ကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းက သူ၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ဤကဲ့သို့သော ကိစ္စများက အလွန် လျှို့ဝှက်လွန်းလှပြီး ကောင်းရွှမ်က အကြမ်းဖျင်းသာ သိရှိထားသည်။
ကောင်းရွှမ် ပြန်လည်မွေးဖွားလာချိန်တွင် အချိန်က အလွန်ကွက်တိကျနေသဖြင့် သူက ယွန်ချင်းရှန်ကို နဂါးဖြူတောင်တန်းသို့ ကြိုတင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ကောင်းရွှမ်ကိုယ်တိုင်လည်း ဝင်ရောက်ရှာဖွေခဲ့သော်လည်း ရှေးဟောင်းအပျက်အစီးကို ရှာမတွေ့ခဲ့ပေ။ သူက ဝမ်ဟုန်အန်ကို စိတ်ရှည်ရှည်ဖြင့် စောင့်နေရုံသာ ရှိတော့သည်။
မည်သို့ပင်ဖြစ်စေ ဝမ်ဟုန်အန်ကို စောင့်ကြည့်နေသမျှ ကာလပတ်လုံး နောက်ဆုံးတွင် ကောင်းကင်နဂါးမျက်လုံးကို သူ ရရှိမည်မှာ သေချာသည်။
ရွှီယင်နှင့် အခြားသူများအတွက်မူ သူတို့အားလုံးက ဘာမှမသိသော သာမန်လူများသာ ဖြစ်ကြသည်။
ဤကိစ္စနှင့် သူတို့ လုံးဝ မသက်ဆိုင်ပေ။
ဤအရာများအားလုံးက ပြန်လည်မွေးဖွားလာခြင်းမှ ရရှိသော အချက်အလက်များဖြစ်ပြီး ကောင်းရွှမ်အနေဖြင့် ယွန်ချင်းရှန်ကို ရှင်းရှင်းလင်းလင်းရှင်းပြရန် နည်းလမ်းမရှိသဖြင့် ဘာမှမပြောရန်သာ ရွေးချယ်လိုက်သည်။
“ဆိုတော့ကာ ငါတို့က ဝမ်ဟုန်အန်ကိုပဲ စောင့်ကြည့်နေရမှာပေါ့”
ယွန်ချင်းရှန်က မေးလိုက်သည်။
“ငါ သူ့ကို စောင့်ကြည့်လိုက်မယ်”
ကောင်းရွှမ်က ပြောလိုက်သည်။
“မင်းက ငါ့ကို ကာကွယ်ပေးဖို့ပဲ တာဝန်ယူရမှာ”
ယွန်ချင်းရှန်က စကားပြန်မပြောပေ။ သူမက ကောင်းရွှမ်ကို သေချာပေါက် ကာကွယ်ပေးမည်သာ။ ကောင်းရွှမ်သည် သူမ၏ ကိုယ်ပိုင်အသက်ထက်ပင် ပို၍အရေးကြီးသည်။
သို့သော် သူမက ဤအရာများအား သူ့ကို မပြောပြချင်သလို ထုတ်ပြနေရန်လည်း မလိုအပ်ပေ။
ဝမ်ဟုန်အန်နှင့် အဖွဲ့ ဂူထဲသို့ ပြန်ရောက်လာချိန်တွင် ကောင်းကင်က အလွန်မှောင်မိုက်နေပြီဖြစ်သည်။
ရွှီယင်နှင့် မိန်းကလေးများက ကောင်းရွှမ် ယွန်ချင်းရှန်တို့နှင့်အတူ ညစာစားပြီးသည်မှာ ကြာပြီဖြစ်သည်။ အစားအစာက ရိုးရှင်းသော်လည်း လူတိုင်းက ပျော်ရွှင်တက်ကြွနေကြသည်။
ယခုအချိန်တွင် လူတစ်စုက ကောင်းရွှမ်ကို ဝိုင်းရံကာ စကားပြောနေကြသည်။
ပင်ပန်းနွမ်းနယ်နေသော ဝမ်ဟုန်အန်ကို မြင်သောအခါ ရွှီယင် အနည်းငယ်အားနာသွားသည်။
“ပါမောက္ခဝမ်... ရှင်တို့တွေ မြန်မြန် စားလိုက်ကြပါ။ ရှင်တို့အတွက် နည်းနည်းချန်ထားတယ်”