အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) - ကောင်းကင်နဂါးမျက်လုံး
ကောင်းရွှမ်က သူတို့ကို ဆက်လက်ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ ဝမ်ဟုန်အန်၏ ရူးသွပ်မှုများကို လွတ်ထား၍ မရတော့ပေ။
သူက နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ထုတ်လွှတ်လိုက်သည်။
သွေးကဲ့သို့ နီရဲနေသော နတ်ဘုရားသတ်ဖြတ်ခြင်း ဓားက လေထဲတွင် ရုတ်တရက်ပေါ်လာပြီး ပြိုင်ဘက်ကင်းသော ထက်ရှမှုများဖြင့် တလက်လက် တောက်ပနေသည်။
တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ဝမ်ဟုန်အန် ခံစားလိုက်ရသည်။
သို့သော် ကောင်းရွှမ်၏ ဓားချက်က အလင်းတန်းတစ်ခုလို လျင်မြန်လွန်းလှသည်။ ဝမ်ဟုန်အန်၏ မျက်လုံးများက မြင်လိုက်ရသော်လည်း သူ၏ ခန္ဓာကိုယ်က မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်နိုင်ခဲ့ပေ။
သွေးရောင် အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ပျောက်ကွယ်သွားရာ သွေးများစွန်းနေသော ဓားသွားထိပ်က ဝမ်ဟုန်အန်၏ နှလုံးသားကို ထိုးဖောက်သွားခဲ့လေပြီ။
နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ကိုင်ဆောင်ထားချိန်တွင် ကောင်းရွှမ်၏ ချက်ချင်းပေါက်ကွဲထွက်လာသော အရှိန်က အဆင့်ခုနစ် ကျွမ်းကျင်သူတစ်ဦးထက်ပင် ပိုမိုမြန်ဆန်လှသည်။
ရွှီဟွေးနှင့် ကျိုးလန်တို့ကဲ့သို့သော ကျွမ်းကျင်သူများပင်လျှင် သူ၏ဓားတစ်ချက်ကိုမျှ မခုခံနိုင်ခဲ့ပေ။
ဝမ်ဟုန်အန်လိုလူဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
အခြေအနေတွေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ကောင်းရွှမ်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ဟုန်အန်ကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။
‘နောက်ပိုင်း ဘာပဲဖြစ်ဖြစ်၊ ဒီကောက်ကျစ်ပြီး ယုတ်မာတဲ့ကောင်ကို အရင်ရှင်းပစ်တာက မမှားဘူးလေ'
သူ၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်နေသော ဓားသွားကို ကြည့်ရင်း ဝမ်ဟုန်အန်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
“ငါက ပြိုင်ဘက်ကင်း အစွမ်းထက်သူတစ်ယောက် ဖြစ်လာဖို့ ကံကြမ္မာ ဖန်တီးထားတာ။ ဘယ်လိုလုပ် ဒီလိုသေရမှာလဲ...”
သူက လက်လှမ်းကာ ကောင်းရွှမ်၏အင်္ကျီလက်စကို ဆွဲကိုင်လိုက်သည်။
“ငါ အနှစ်နှစ်ဆယ်တောင် အစီအစဉ်ဆွဲခဲ့တာ၊ အောင်မြင်မှု မရခင် ဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လို...”
ဝမ်ဟုန်အန် အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။ သူက ကောင်းရွှမ်ကို ဆွဲကိုင်ထားပြီး အဆက်မပြတ် မေးခွန်းထုတ်နေသော်လည်း သူ၏ အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး ကောင်းရွှမ်ကို ဆုပ်ကိုင်ထားသော လက်ကလည်း တဖြည်းဖြည်း အားနည်းလာသည်။
“ဘာလို့လဲဆိုတော့ ဒီပြန်စတဲ့ဘဝမှာတော့ ငါက ဇာတ်လိုက်လေ”
မျက်လုံးများပွင့်လျက် သေဆုံးသွားသော ဝမ်ဟုန်အန်ကို ကောင်းရွှမ်က တီးတိုးပြောလိုက်သည်။
“ဒါက ကောင်းကင်ဘုံရဲ့ အစီအစဉ်ပဲ။ ခင်ဗျား ဘာကို မကျေမနပ် ဖြစ်နေတာလဲ”
“ကိုယ့်ကိုယ်ကို လုံခြုံအောင် ဆုတ်ခွာတယ်၊ လောကကြီးအကျိုးအတွက် ရှေ့တိုးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားလို သစ္စာဖောက်တစ်ယောက်ထက်တော့ ကျွန်တော်က ပိုကောင်းပါတယ်။
ခင်ဗျားက စိုက်ကြည့်နေတုန်းပဲလား၊ ကောင်းပြီလေ၊ ခင်ဗျား သဘောပဲ...”
သွေးရောင်ဓားသွားက လည်ထွက်သွားပြီး ဝမ်ဟုန်အန် မှာ သွေးရောင် အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
ကောင်းရွှမ်က ဝမ်ဟုန်အန်၏ ဘယ်ဘက်လက်ထဲရှိ နဂါးသွား သော့တံကို ပေါ့ပေါ့ပါးပါး ဖမ်းယူလိုက်သည်။ ဤအရာက ရှေးဟောင်းအပျက်အစီးကို အသက်သွင်းရန် သော့တံဖြစ်ကြောင်း သူ သိသော်လည်း ၎င်းကို ဘယ်လိုသုံးရမလဲဆိုသည်ကိုတော့ သူ မသိပေ။
သူက သိပ်အများကြီး မတွေးတော့ပေ။
‘မသုံးတတ်ရင်လည်း မသုံးရုံပေါ့'
ကောင်းရွှမ်က ယွမ်ချင်းရှန်ကို မေးလိုက်သည်။
“မင်း ဘယ်လိုနေလဲ”
ယွမ်ချင်းရှန်က အားယူပြီး ထိုင်လိုက်သည်။
“ခန္ဓာကိုယ်က နည်းနည်း အားနည်းနေပေမယ့် ပြဿနာတော့ မရှိပါဘူး”
“ဝမ်ဟုန်အန်က ငါ့ထက်တောင် ရက်စက်သေးတယ်။ ယဇ်ပူဇော်ဖို့အတွက် လူတွေကို မျက်တောင်မခတ်ဘဲ သတ်ပစ်တာပဲ”
ကောင်းရွှမ်က စိတ်ခံစားမှု အပြည့်ဖြင့် ညည်းညူလိုက်သည်။
ယွမ်ချင်းရှန်က ဤကိစ္စကို လုံးဝ ဂရုမစိုက်ပေ။
“အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ကံကြမ္မာက သတ်မှတ်ထားတာလေ”
ထိုလူများကို ဝမ်ဟုန်အန်က သတ်ခဲ့သည်ကို မဆိုနှင့်။ သူမကိုယ်တိုင် အကုန်လုံးကို သတ်ပစ်ခဲ့လျှင်ပင် သိပ်အများကြီး တွေးနေမည် မဟုတ်ပေ။
ကောင်းရွှမ်က စဉ်းစားကာ မှန်းဆကြည့်လိုက်သည်။
“ဝမ်ဟုန်အန် ဒီလိုလုပ်တာက ရိုးရာဓလေ့တစ်ခုခုကို ပြီးမြောက်အောင်လုပ်ဖို့ ဖြစ်ရမယ်”
သူ စကားပြောလို့ မဆုံးခင်မှာပင် တွင်းနက်ကြီး၏အောက်ခြေမှ အားကောင်းသော စွမ်းအင်တစ်ခု လျင်မြန်စွာ ထိုးတက်လာသည်ကို သူ အာရုံခံသိရှိလိုက်သည်။
“လာနေပြီ”
ကောင်းရွှမ်က ယွမ်ချင်းရှန်၏ရှေ့တွင် ရပ်လိုက်သည်။ အကယ်၍ အန္တရာယ် တစ်ခုခု ရှိလာပါက သူမကို သူ ကာကွယ်ပေးနိုင်သည်။
သို့သော် ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်က သတိပေးချက် မထုတ်ပြန်ပေ။
‘ဒီတစ်ကြိမ်တော့ ဘာအန္တရာယ်မှ မရှိလောက်ပါဘူး'
တွင်းနက်ကြီးထဲမှ ရွှေရောင်လူထွားကြီးတစ်ဦး ထွက်ပေါ်လာသည်။ သူက သွယ်လျသော ကိုယ်လုံးကိုယ်ပေါက် ရှိပြီး ရွှေရောင် အကြေးခွံများ ဖုံးလွှမ်းနေကာ ကျောဘက်တွင် ထက်မြက်သော ဓားသွားကဲ့သို့သော အတောင်ပံ နှစ်စုံ ပါရှိသည်။
ဤလူထွားကြီး၏ မျက်လုံးများက စစ်မှန်သော ရွှေရောင် ဒေါင်လိုက် သူငယ်အိမ်များဖြစ်ပြီး မျက်လုံးများ လှုပ်ရှားသွားတိုင်း မှိန်ပျပျ ရွှေရောင်လျှပ်စစ်မီးရောင်များ စီးဆင်းနေသည်။
လူထွားကြီး၏ ပုံပန်းသဏ္ဌာန်က အလွန်တရာ ကြီးမြတ်ခမ်းနားလှသော်လည်း သူ၏ ခန္ဓာကိုယ်က တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နေရသဖြင့် အလွန်စိတ်ကူးယဉ်ဆန်သလို ဖြစ်နေသည်။
ဤအချက်ကပင် ကောင်းရွှမ်ကို သက်သာရာရသွားစေသည်။
ဤလူထွားကြီးကို သူ သိသည်။ ဤသည်မှာ နဂါးလူသားဖြစ်ပြီး ရွှေအဆင့်တွင် မွေးဖွားလာသော သက်ရှိမျိုးနွယ်စု တစ်ခုဖြစ်ကာ အလွန်တရာ အစွမ်းထက်လှသော ခွန်အားများကို ပိုင်ဆိုင်ထားသည်။
ကံကောင်းထောက်မစွာဖြင့် ဤအရာက ထိုသူချန်ရစ်ထားခဲ့သော စိတ်ကူးယဉ်ပုံရိပ်တစ်ခုသာ ဖြစ်သည်။ သို့မဟုတ် ပုံရိပ်ယောင်တစ်ခုဟု ဆိုနိုင်သည်။
၎င်းတွင် ဉာဏ်ရည်မြင့်မားမှုမရှိသလို အလွန်အမင်း ကြီးမားသော စွမ်းအားလည်း ရှိမည်မဟုတ်ပေ။
လူထွားကြီး၏ ရွှေရောင် ဒေါင်လိုက်မျက်လုံးများက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ကောင်းရွှမ်အပေါ်သို့ ကျရောက်သွားသည်။
တိတိကျကျ ပြောရလျှင် လူထွားကြီး၏ အကြည့်က ကောင်းရွှမ်၏လက်ထဲရှိ နဂါးသွား သော့တံပေါ်သို့ ကျရောက်သွားခြင်းဖြစ်သည်။
လူထွားကြီးက တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကို ထပ်မံထုတ်လွှတ်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးက ရွှေရောင် အလင်းတန်း အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းရွှမ်ဆီသို့ တည့်တည့် ကျဆင်းလာတော့သည်။
ကောင်းရွှမ်က မရှောင်တိမ်းဘဲ ရွှေရောင်အလင်းတန်းကို သူ့အပေါ်သို့ ကျဆင်းခွင့်ပြုလိုက်သည်။
ရွှေရောင်အလင်းတန်းက လှိုင်းထကာ ကောင်းရွှမ်ကိုယ်ပေါ်တွင် လင်းလက်သွားပြီး သူ၏ မျက်လုံးများဆီသို့ လျင်မြန်စွာ စုစည်းသွားတော့သည်။
ယွမ်ချင်းရှန်က ဘေးမှနေ၍ စိုးရိမ်တကြီး ကြည့်နေလေ၏။
ကံကောင်းထောက်မစွာဖြင့် ကောင်းရွှမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း အလွန် တည်ငြိမ်နေသည်။
မိနစ်အနည်းငယ် အကြာတွင် ကောင်းရွှမ်အပေါ်ရှိ ရွှေရောင် အလင်းတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ယွမ်ချင်းရှန်က ကောင်းရွှမ်၏ အခြေအနေကို မေးရန် ပြင်လိုက်ချိန်တွင် ကောင်းရွှမ် ရုတ်တရက် မျက်လုံးများ ဖွင့်လာသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်လုံးများက ရွှေဖြင့် သွန်းလုပ်ထားသည့်အလား စစ်မှန်သော ရွှေရောင်ကို ဖော်ပြနေသည်။ ဒေါင်လိုက်သူငယ်အိမ်များက ရွှေနီရောင်အစုအဝေးတစ်ခု ဖြစ်နေသည်။
သေချာကြည့်မည်ဆိုလျှင် ထိုရွှေနီရောင် သူငယ်အိမ်များက အနီရောင် ကြယ်တာရာကောင်းကင်ယံအလား ကျယ်ပြောလှပြီး ၎င်းအတွင်းတွင် အဆုံးမဲ့ လျှပ်စီးရောင်များက ဖြတ်သန်းသွားလာကာ တလက်လက်တောက်ပနေကြောင်း မြင်တွေ့နိုင်သည်။
ဤမျက်လုံးတစ်စုံက လွှမ်းမိုးနိုင်စွမ်းရှိပြီး အေးစက်ကာ အရာအားလုံးကို ကြီးစိုးသူတစ်ဦး၏ အမြင့်မြတ်ဆုံးသော ကြီးမြတ်မှုနှင့် ခွန်အားများကို ပိုင်ဆိုင်ထားသည်။
ယွမ်ချင်းရှန်၏ အကြည့်များ ကောင်းရွှမ်နှင့် ဆုံမိသွားချိန်တွင် သူမက အလိုအလျောက်ဦးညွှတ်ပြီး ရှိခိုးချင်စိတ် ပေါက်လာသည်။ ဤသည်မှာ ကိုယ်ပိုင်ခံစားချက်များနှင့် လားလားမျှမသက်ဆိုင်ပေ။
၎င်းမှာ သူမ၏ သက်ရှိမျိုးဗီဇများအတွင်း နက်ရှိုင်းစွာ စွဲထင်နေသော အဆင့်မြင့်သက်ရှိများအပေါ် ကြောက်ရွံ့ရိုသေမှုနှင့် နာခံမှုသာဖြစ်သည်။
အစောက ရွှေရောင်အကြေးခွံများဖြင့် လူထွားကြီးက အလွန်တရာ ကြီးမြတ်ခမ်းနားလှသော်လည်း ယခုလက်ရှိ ကောင်းရွှမ်က ထိုရွှေရောင်လူထွားကြီးထက် အဆတစ်ရာမက ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
ကောင်းရွှမ်က ယွမ်ချင်းရှန်ကို ခဏတာမျှသာ စိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲမှ ရွှေရောင် အလင်းစက် နှစ်စက် ထွက်လာကာ သူမအပေါ်သို့ ကျရောက်သွားသည်။
ယွမ်ချင်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးသွားသည်။
တစ်ခုခု ရောက်လာသကဲ့သို့ ခံစားရသော်လည်း သေချာရှင်းမပြတတ်ပေ။
“ငါ ရက်အနည်းငယ်လောက် သတိလစ်သွားနိုင်တယ်။ ဝမ်ဟုန်အန်က အပြစ်ရှိလို့ ထွက်ပြေးသွားပြီ၊ သူ ဘယ်ရောက်နေလဲ မသိဘူးလို့ပဲ ပြောလိုက်။ တခြားဘာမှ ပြောစရာမလိုဘူး...”
လက်ရှိအချိန်က အလွန်အရေးနေကြောင်း ကောင်းရွှမ် သိသဖြင့် အလျင်အမြန် ညွှန်ကြားလိုက်သည်။
“ငါ ကောင်းကင်နဂါးသွေးကို ခွဲထုတ်ပြီး မင်းခန္ဓာကိုယ်ထဲကို ထည့်ပေးထားတယ်။ လောလောဆယ် အဲဒါကို မထိနဲ့ဦး၊ ငါ နိုးလာတဲ့အထိ စောင့်ပြီးမှ...”
ကောင်းရွှမ် စကားပြောလို့ မဆုံးခင်မှာပင် သူ၏ စစ်မှန်သော ရွှေရောင်မျက်လုံးများထဲရှိ လျှပ်စီးရောင်များက ရုတ်တရက် လက်ခနဲဖြစ်သွားပြီး မျက်လုံးမှိတ်ကာ ချက်ချင်း သတိလစ်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ယွမ်ချင်းရှန်က လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး သူ့ကို ဖမ်းဆွဲထားနိုင်ခဲ့သဖြင့် သူ၏ ဖြောင့်စင်းသောနှာတံလေး သက်သာရာရသွားသည်။
ယွမ်ချင်းရှန်က ကောင်းရွှမ်ကို မြေပြင်ပေါ်တွင် လှဲသိပ်ပေးလိုက်ပြီး သူ့ဘေးတွင် တိတ်တဆိတ်ထိုင်နေလိုက်သည်။ သတိလစ်နေသော အခြားသူများအတွက်မူ သူမ လုံးဝဂရုမစိုက်ပေ။
‘ဒီလူတွေ သေသေရှင်ရှင်၊ ဘာအရေးကြီးလို့လဲ”
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် ရွှီယင် သတိရလာသည်။
ရွှီယင် သတိရလာသည်နှင့်တစ်ပြိုင်နက် ဝေ့ကျန်းကျန်းကို အရင်ဆုံး သွားစမ်းသပ်ကြည့်လိုက်သည်။ ဝေ့ကျန်းကျန်း၏ အသက်ရှူသံက ပုံမှန်ရှိနေသေးကြောင်း တွေ့လိုက်ရမှသာ သူမ သက်သာရာရသွားတော့သည်။
သူမက ခန်းမဆောင်ကို အကဲခတ်ကြည့်လိုက်ရာ ယွမ်ချင်းရှန်တစ်ယောက်သာ သတိရှိနေပြီး ကောင်းရွှမ်အပါအဝင် အခြားသူအားလုံး မြေပြင်ပေါ်တွင် လဲကျနေကြောင်း တွေ့လိုက်ရသည်။
ဝမ်ဟုန်အန်ကို မတွေ့ရသဖြင့် ရွှီယင် ပို၍ပင် စိုးရိမ်လာသည်။ သူမက ယွမ်ချင်းရှန်ကို မေးလိုက်သည်။
“ချင်းရှန်... ကောင်းရွှမ် အဆင်ပြေရဲ့လား၊ ဝမ်ဟုန်အန်ရော ဘယ်မှာလဲ”
“ကောင်းရွှမ်က ဝမ်ဟုန်အန်ကို အနိုင်ယူဖို့ သူ့ရဲ့ အထူးစွမ်းအားတွေကို အသက်သွင်းလိုက်တယ်။ ဝမ်ဟုန်အန်ကတော့ ထွက်ပြေးသွားပြီ။ ကောင်းရွှမ်လည်း အားအင်ကုန်ခမ်းပြီး သတိလစ်နေတယ်”
ယွမ်ချင်းရှန်က ကောင်းရွှမ် သင်ပေးထားသည့်အတိုင်း ပြန်ပြောလိုက်ရာ ရွှီယင် လုံးဝ ယုံကြည်သွားသည်။
ရွှီယင်က အားယူပြီး မတ်တတ်ရပ်ကာ ကျောင်းသားများ အားလုံးကို တစ်ယောက်ချင်းစီ စစ်ဆေးကြည့်လိုက်သည်။
ဤလူများမှာ သတိလစ်နေရုံသာဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တွေ့ရှိလိုက်ရမှသာ သူမ လုံးဝ သက်သာရာရသွားတော့သည်။
‘ဒီတစ်ကြိမ် ကျောင်းသား ခြောက်ယောက် သေဆုံးသွားခဲ့တယ်၊ ပြီးတော့ ဝမ်ဟုန်အန်က သူတို့ကို သတ်ခဲ့တာ။ ဒါက ပြဿနာကြီးပဲ'
‘ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် ကျောင်းအာဏာပိုင်တွေကို အမြန်ဆုံး ဆက်သွယ်ရမယ်'