အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) - ခေါင်းမာလွန်းခြင်း
သန့်ရှင်းသပ်ရပ်သော ပုဂ္ဂလိက ဆေးရုံအခန်းလေးထဲတွင် ကောင်းရွှမ်က ဆေးရုံကုတင်ပေါ်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး သူ၏ အသက်ရှူသံက ရှည်လျားကာ စည်းချက်ကျနေသည်။
ယွမ်ချင်းရှန်က ဆေးရုံကုတင်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူမ၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေသည်။
သူမက တီရှပ်တစ်ထည်နှင့် ဘောင်းဘီရှည်ကို လဲလှယ်ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်ပေါ်ရှိ ကြမ်းတမ်းပြီး အရိုင်းဆန်သော အငွေ့အသက်များက ပျောက်ကွယ်သွားကာ အလွန်အမင်း အေးစက်ဖြူစင်သော ဟန်ပန်တစ်ခုသာ ကျန်ရစ်တော့သည်။
ရိုးရှင်းပြီး ဖောင်းပွနေသော ဆံပင်ကျစ်ဆံမြီးလေးတစ်ခုက သူမကို နုပျိုတက်ကြွသည့် အသွင်အပြင်လေးတစ်ခု ပေးစွမ်းနေသည်။
ဝေ့ကျန်းကျန်း တံခါးကို တွန်းဖွင့်ပြီး ယွမ်ချင်းရှန်၏ အခြေအနေကို မြင်လိုက်ရသောအခါ အနည်းငယ် မနာလိုဖြစ်သွားမိသည်။
‘ဒီကောင်မလေးက ငါ့လောက် မလှတာ သေချာပေမယ့်၊ ဒီအေးစက်တဲ့ အငွေ့အသက်က ငါ့ကို အသေအချာ ဖိနှိပ်ထားသလိုပဲ။ သူမကို မြင်တဲ့ ဘယ်ယောကျ်ားမဆို ယွမ်ချင်းရှန်က ဒီလိုပုံစံနဲ့ ပိုပြီး အဆင့်မြင့်တယ်လို့ ခံစားရမှာ သေချာတယ်'
ဝေ့ကျန်းကျန်းက ကောင်းရွှမ်ကို သဘောကျသော်လည်း ယွမ်ချင်းရှန်ကိုတော့ သဘောမကျပေ။
ဤသည်က သူမ သဘောထားသေးသိမ်၍ မဟုတ်ပေ။ ယွမ်ချင်းရှန်က လူတိုင်းအား အရမ်းအေးစက်စက် ဆက်ဆံသည်ကို သူမ မြင်နေရ၍ ဖြစ်လေ၏။
‘သူမကို အများကြီး ဂရုစိုက်ပေးတဲ့ ရွှီယင်အပေါ်မှာတောင် ယွမ်ချင်းရှန်က အေးစက်နေတုန်းပဲ'
ဝေ့ကျန်းကျန်းကလည်း သူမမိသားစုတွင် အလိုလိုက်အခံရဆုံး ကလေးတစ်ယောက်ဖြစ်ပြီး တခြားသူများ၏ လျစ်လျူရှုခြင်းကို မခံနိုင်ပေ။ အထူးသဖြင့် ယွမ်ချင်းရှန်က သူမရဲ့ အေးစက်မှုကို ဖုံးကွယ်ဖို့တောင် မကြိုးစားခဲ့ပေ။
‘ကောင်းရွှမ်ကလွဲရင် ကျန်တဲ့သူတွေအားလုံးက သူမအတွက် ပစ္စည်းတစ်ခုလိုပဲလို့ ထင်ရတယ်’
‘ယွမ်ချင်းရှန်ကို မနှစ်မြို့လို့သာ မဟုတ်ရင် ကောင်းရွှမ်ကို ပြုစုဖို့ ဆေးရုံအခန်းထဲမှာ ငါ နေခဲ့မှာပဲ၊ အခုတော့ တစ်နေ့ သုံးကြိမ်ပဲ ကောင်းရွှမ်ဆီ လာလည်လို့ရတယ်'
ထို့ကြောင့် ယွမ်ချင်းရှန်ကို မည်သို့ပင်ကြည့်စေကာမူ သူမ အရမ်း မပျော်မရွှင် ဖြစ်မိလေ၏။
ရွှီယင်က ဝေ့ကျန်းကျန်း၏ တင်းမာနေသော မျက်နှာထားကို သတိထားမိပြီး ထိုမျှအထိ သိသာအောင် မလုပ်ဖို့ရာ အချက်ပြကာ အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
‘ယွမ်ချင်းရှန်က ဒီလို အေးစက်တဲ့စရိုက်မျိုး ရှိတာပဲလေ။ သူမ ကောင်းရွှမ်နဲ့ စကားပြောရင်တောင် ဒီလိုပါပဲ။ တစ်ခုတည်းသော ကွာခြားချက်ကတော့ ကောင်းရွှမ်ပြောတာကို သူမ သေချာနားထောင်တာပဲ။ တခြားသူတွေ ပြောတာကိုတော့ မကြားနိုင်တဲ့အတိုင်းပဲ'
ရွှီယင်က အမှန်တကယ်တော့ ယွမ်ချင်းရှန်ကို အတော်လေး သဘောကျသည်။ ခေတ်သစ်မြို့ပြယဉ်ကျေးမှုက အရမ်းကို သပ်ရပ်လွန်းပြီး ယခုလို ဖြူစင်ရိုးရှင်းသည့် အလှတရားမျိုး ကင်းမဲ့နေသည်။
ရွှီယင်က ယွမ်ချင်းရှန်ကို ပြုံးပြလိုက်သည်။
“သတင်းကောင်းလေး တစ်ခုရှိတယ်။ ကျောင်းက မင်းတို့နှစ်ယောက်လုံးကို သိုင်းပညာအကယ်ဒမီရဲ့ ကင်ဒိုဌာန၊ အတန်း ၃၀၁၈ မှာ ပထမနှစ် ကျောင်းသားတွေအနေနဲ့ လက်ခံဖို့ သဘောတူလိုက်ပြီ။
ဒုတိယကျောင်းအုပ်ကြီးကိုယ်တိုင် မင်းတို့နှစ်ယောက်အတွက် ကျောင်းဝင်ခွင့်အကြောင်းကြားစာတွေကို ရေးပေးခဲ့တာ”
ကောင်းရွှမ်က ဤကိစ္စကို အလွန်ဂရုစိုက်ကြောင်း ယွမ်ချင်းရှန် သိသဖြင့် မတ်တတ်ရပ်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ကောင်းရွှမ်က သတိလစ်နေသဖြင့် ဤကိစ္စကို ရွှီယင်၏အကူအညီဖြင့်သာ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယွမ်ချင်းရှန်က လူများနှင့် ဆက်သွယ်ရသည်ကို မနှစ်သက်သော်လည်း ရှိသင့်ရှိထိုက်သော ယဉ်ကျေးမှုတော့ ရှိနေဆဲပင်။
“မင်းက ဝမ်ဟုန်အန်ကို တားဆီးပြီး ငါတို့အသက်တွေကို ကယ်တင်ပေးခဲ့တာလေ”
ရွှီယင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“နှိုင်းယှဉ်ကြည့်ရင် ဒါလေးတွေက ကိစ္စသေးသေးလေးတွေပါ”
သုတေသနအဖွဲ့မှ ကျောင်းသားခြောက်ဦး သေဆုံးသွားပြီး သူတို့ကို ဝမ်ဟုန်အန်က သတ်ခဲ့ခြင်းဖြစ်သည်။
ဤအဖြစ်အပျက်က အထူးတလည် ဆိုးရွားလှသည်။
ကံကောင်းထောက်မစွာဖြင့် ဝေ့ကျန်းကျန်းက ကင်မရာကို ဖွင့်ထားခဲ့ပြီး သူမ၏စမတ်ဖုန်းက ဝမ်ဟုန်အန် လူသတ်နေသည့်လုပ်ငန်းစဉ်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။
သို့သော် ဝေ့ကျန်းကျန်း သတိလစ်သွားပြီးနောက်တွင် မှတ်တမ်းတင်ခြင်းက အလိုအလျောက် ပိတ်သွားခဲ့သည်။
နောက်ပိုင်း အခြေအနေကို ယွမ်ချင်းရှန်တစ်ယောက်သာ သိသည်။
ကျောင်းမှ အထက်လူကြီးများက မိုက်မဲသူများ မဟုတ်ပေ။ ဤကိစ္စကြောင့် သူတို့က ယွမ်ချင်းရှန်ကို စုံစမ်းစစ်ဆေးရန်ပင် လူများ အထူး စေလွှတ်ခဲ့သည်။
ထို့အပြင် အလိမ်ဖော်စက်များကိုပင် တိတ်တဆိတ် အသုံးပြုခဲ့သေးသည်။
ဤလူများ မသိခဲ့သည့်အချက်က ယွမ်ချင်းရှန်သည် ငယ်စဉ်ကတည်းက သက်ဆိုင်ရာလေ့ကျင့်မှုများကို ခံယူခဲ့ရပြီး သူမ၏ တန်ပြန်စုံစမ်းစစ်ဆေးရေးကျွမ်းကျင်မှုက အလွန်အားကောင်းနေခြင်းပင်။
အလိမ်ဖော်စက်များက သူမအပေါ် လုံးဝ အသုံးမဝင်သလောက်ပင်။
သူမမှာ သွေးနီရောင် နှလုံးသားလည်း ရှိနေရာ ထိုလူအုပ်စုကို လှည့်စားဖို့ ပို၍ပင် လွယ်ကူသွားသေးသည်။
ကိစ္စရပ်အားလုံးကို ရှင်းလင်းစွာ စုံစမ်းစစ်ဆေးပြီးနောက် ကျောင်းက ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့ နှစ်ဦးလုံးကို လက်ခံရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ယောက်လုံးက အရူးများ ဖြစ်နေလျှင်ပင် သူတို့ကလက်ခံမည်သာ။
မင်ကျင်းတက္ကသိုလ်၏ ကျောင်းသားများ ဖြစ်လာမှသာ သူတို့သည် လျှို့ဝှက်ချက်ကို ထိမ်းသိမ်းကြပေလိမ့်မည်။ ထိုမှသာ ကျောင်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ပေမည်။
အဖွဲ့ကို ဦးဆောင်သော ပါမောက္ခတစ်ဦးအနေဖြင့် ရွှီယင်သည်လည်း စိတ်ရှုပ်ထွေးပြီး ပြဿနာများဖြင့် ဖုံးလွှမ်းနေရသည်။
ထိုကိစ္စက သူမနှင့် မသက်ဆိုင်သော်လည်း ကျောင်းသားခြောက်ဦး သေဆုံးသွားခဲ့ရာ ကျောင်းသားမိဘများက သေချာပေါက် တာဝန်ယူဖြေရှင်းပေးမည့်သူကို ရှာဖွေကြမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရွှီယင်တွင် နက်ရှိုင်းသော မိသားစုနောက်ခံရှိပြီး ကျောင်းကလည်း သူမကို ထောက်ခံပေးရန် ဆန္ဒရှိသဖြင့် ဤအကျပ်အတည်းကို ဖြတ်ကျော်နိုင်ခဲ့သည်။
ရက်အနည်းငယ်ကြာ ကမောက်ကမဖြစ်ပြီးနောက် ဤကိစ္စက နောက်ဆုံးတော့ အဆုံးသတ်သွားလေပြီ။
နောက်ဆုံးတော့ ရွှီယင်သည် ကောင်းရွှမ်ကို လာကြည့်ရန် အချိန်ရသွားပြီး တိုက်ဆိုင်စွာပင် ဤသတင်းကောင်းကိုပါ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ကောင်းရွှမ်က အခုထိ မနိုးသေးပေ။
ဤအချက်က ရွှီယင်ကို အနည်းငယ် စိုးရိမ်စေသည်။ ယခုအခါ ဆေးဘက်ဆိုင်ရာနည်းပညာများ ခေတ်မီနေပြီဖြစ်သော်လည်း လူသားများ၏အသိစိတ်နှင့် ပတ်သက်သည့် သုတေသနများက အလွန်တိမ်ကောနေဆဲပင်။
အကယ်၍ ကောင်းရွှမ်သာ တကယ်ဦးနှောက်သေသွားပြီဆိုလျှင် သူ၏ခန္ဓာကိုယ်က အသက်ရှင်နေနိုင်သေးလျှင်ပင် အဓိပ္ပာယ် မရှိတော့ပေ။
ရွှီယင်က ပြောလိုက်သည်။
“ချင်းရှန်... ကောင်းရွှမ်ကို ပြီးပြည့်စုံတဲ့ ဆေးစစ်မှု တစ်ခုလောက် လုပ်ကြည့်ရအောင်လေ။ ငါ ဦးနှောက်အထူးကု ဆရာဝန်တစ်ယောက်ကို ဆက်သွယ်ပေးနိုင်ပါတယ်”
“မလိုပါဘူး”
ယွမ်ချင်းရှန်က ပြတ်သားစွာ ခေါင်းခါလိုက်သည်။
“သူ့ဘာသာသူ နိုးလာပါလိမ့်မယ်”
“အစ်မယင်... ကြည့်ပါဦး၊ သူက ဒီလိုပဲ ခေါင်းမာနေတာ”
ဝေ့ကျန်းကျန်း အလွန်မကျေမနပ် ဖြစ်သွားသည်။
သူမက ယွမ်ချင်းရှန်ကို ကောင်းရွှမ်အတွက် ပြီးပြည့်စုံသော ဆေးစစ်မှုလုပ်ပေးရန် အကြိမ်ကြိမ် ပြောခဲ့သော်လည်း ယွမ်ချင်းရှန်က အကြိမ်တိုင်း ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။
ယွမ်ချင်းရှန်က ရွှီယင်ကိုမူ ယဉ်ကျေးစွာ ဆက်ဆံပြီး ရှင်းပြချက်ပင် ပေးသေးသည်။
ဝေ့ကျန်းကျန်းက ယွမ်ချင်းရှန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“နင်က ကောင်းရွှမ်ရဲ့ အုပ်ထိန်းသူ မဟုတ်သလို၊ သူ့မိန်းမလည်း မဟုတ်ဘူး။ ဒါကြောင့် နင့်မှာ ကောင်းရွှမ်အတွက် ဆုံးဖြတ်ချက်ချပေးပိုင်ခွင့် မရှိဘူး”
ဝေ့ကျန်းကျန်း၏ စွပ်စွဲမှုများနှင့် ပတ်သက်၍ ယွမ်ချင်းရှန်က မကြားသည့်အလား ပြုမူပြီး လုံးဝ တုံ့ပြန်ခြင်းမရှိပေ။ ဤသည်က ဝေ့ကျန်းကျန်းကို ပို၍ ဒေါသထွက်စေသည်။
ဝေ့ကျန်းကျန်းက သူမ၏မျက်ခုံးလေးများကို ပင့်ကာ ဒေါသထွက်ပြချင်သော်လည်း ရွှီယင်က မျက်နှာထား တင်းတင်းဖြင့် တားဆီးလိုက်သည်။
ရွှီယင်က ယွမ်ချင်းရှန်ကို ညင်သာစွာ ပြောလိုက်သည်။
“ချင်းရှန်... ကောင်းရွှမ်အတွက် ဆေးစစ်ရုံသက်သက်ပါပဲ။ သူ့ကို ဘာဆိုးကျိုးမှ မဖြစ်စေပါဘူး။ တကယ်လို့ သူ့မှာ ပြဿနာတစ်ခုခု ရှိနေရင်တောင် မှန်ကန်တဲ့ဆေးကုသမှု ပေးလို့ရတာပေါ့...”
“မလိုပါဘူး”
ယွမ်ချင်းရှန်က ကောင်းရွှမ်၏ ပြဿနာက ဘာလဲဆိုသည်ကို သိသည်။ သူ့အတွက် ဆေးကုသမှု လုံးဝမလိုအပ်ပေ။
ကောင်းရွှမ်မှာ တကယ်ပဲ ပြဿနာတစ်ခုခု ရှိနေလျှင်ပင် ဆေးရုံက ဖြေရှင်းပေးနိုင်မည် မဟုတ်ချေ။
ပြီးပြည့်စုံသော ဆေးစစ်မှုဆိုလျှင် ကောင်းရွှမ်၏ ခန္ဓာကိုယ်အချက်အလက် အမျိုးမျိုးကို စစ်ဆေးရမည်ဖြစ်ရာ ယွမ်ချင်းရှန် အနေဖြင့် ဤအချက်ကို လက်မခံနိုင်ပေ။
ကောင်းရွှမ်ဆိုလျှင် ပို၍ပင် လက်ခံမည်မဟုတ်ပေ။
ယွမ်ချင်းရှန်က အလွန် ပြတ်သားနေသဖြင့် ညှိနှိုင်းရန် အခွင့်အရေး လုံးဝမရှိကြောင်း ရှင်းလင်းနေသည်။
ရွှီယင် အနည်းငယ် အားကိုးရာမဲ့ ဖြစ်သွားသော်လည်း သူမ လုပ်နိုင်တာ ဘာမှမရှိတော့ပေ။ သူမက ပြောလိုက်သည်။
“ဒါဆိုလည်း နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်ကြတာပေါ့”
ဆေးရုံအခန်းထဲမှ ထွက်လာသောအခါ ဝေ့ကျန်းကျန်းက ရွှီယင်ကို ညည်းညူလိုက်သည်။
“ယွမ်ချင်းရှန်ရဲ့ ဦးနှောက်ထဲမှာ ပြဿနာ တစ်ခုခု ရှိနေတာလား။ ကျွန်မတို့အားလုံးက ကောင်းရွှမ် ကောင်းဖို့အတွက် လုပ်ပေးနေတာလေ။ သူက ဒီလိုပဲ ဆက်ပြီး အနှောင့်အယှက် ပေးနေရင် ကောင်းရွှမ်ကို သူကိုယ်တိုင် သတ်သလို ဖြစ်သွားလိမ့်မယ်”
သူမက ဒေါသတကြီးဖြင့် ထပ်ပြောလိုက်သည်။
“ဆေးရုံစရိတ်ကို ကျွန်မက ရှင်းနေရတာနော်”
ရွှီယင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“သူများတွေကို ကူညီချင်ရင် ပထမဆုံး အရေးကြီးဆုံးက သူတို့ကို လေးစားဖို့ပဲ။ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ထင်မနေနဲ့”
“ကျွန်မ အဲဒီလိုမလုပ်ပါဘူး”
ဝေ့ကျန်းကျန်းက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
“တကယ်တော့ ကျွန်မက ဆေးစစ်တာကို အခွင့်ကောင်းယူပြီး ကောင်းရွှမ်ရဲ့ ပင်မဆဲလ်တွေကို ထုတ်ယူပြီး သူ့အတွက် မျက်လုံးတစ်စုံ ပွားယူဖို့ ကူညီပေးချင်ရုံပါ”
“ကောင်းရွှမ်က ပြတ်ပြတ်သားသား ငြင်းပယ်ထားပြီးသားလေ။ နင်က ဘာလို့ ဒီလို တွေးနေသေးတာလဲ”
ရွှီယင် အလွန် ရှုပ်ထွေးသွားသည်။
“ဒီလိုလုပ်တာက အရမ်း ဆိုးရွားတယ်ဆိုတာ နင်သိလား”
“ဘာတွေ ဆိုးရွားနေလို့လဲ။ ကျွန်မက ပိုက်ဆံရှင်းပေးနေရတာလေ၊ ပြီးတော့ ကောင်းရွှမ်ရဲ့ ချို့ယွင်းချက်ကို ကုသပေးဖို့ လုပ်နေတာပဲ။ သူ့ကောင်းကျိုးအတွက် လုံးဝကို စေတနာထားပြီး လုပ်နေတာပါ”
ဝေ့ကျန်းကျန်းမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူမက ငွေကြေးသုံးစွဲနေသည်၊ ကြိုးစားအားထုတ်နေသည်၊ ထို့အပြင် ဦးနှောက်ခြောက်ခံပြီး စဉ်းစားပေးနေလေသည်...
‘ဒါတွေအားလုံးက ကောင်းရွှမ်အတွက် မဟုတ်ဘူးလား။ ယွမ်ချင်းရှန် နားမလည်တာက ထားလိုက်ပါတော့၊ ဘာလို့ အစ်မယင်ကပါ ငါ့ကို ဒီလို ပြောနေရတာလဲ'
ဝေ့ကျန်းကျန်းက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
“ကျွန်မက ကောင်းရွှမ်ကို အံ့ဩသွားအောင် လုပ်ပေးချင်ရုံပါ။ သူ နိုးလာလို့ သူ့မျက်လုံးတွေ ပြန်ကောင်းသွားတာကို တွေ့ရင် ဘယ်လောက်တောင် ပျော်သွားလိုက်မလဲ”
“ကျန်းကျန်း... မင်း ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေပြီ”
ရွှီယင်၏ မျက်နှာက ဤအချိန်တွင် မှုန်ကုပ်သွားသည်။
“လေးစားမှု... လေးစားမှုဆိုတာ ဘာလဲ နင်နားလည်လား။ ကောင်းရွှမ်က နင်သဘောကျသလို အလှဆင်လို့ရတဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူး။
ကောင်းရွှမ်က လွတ်လပ်တဲ့ လူသားတစ်ယောက်၊ သူ့မှာ ကိုယ်ပိုင်ဆန္ဒရှိတယ်။ နင့်မှာ ဘယ်လောက်ပဲ စေတနာကောင်းတွေ ရှိနေပါစေ၊ မင်းရဲ့ ကိုယ်ပိုင်ဆန္ဒကို တခြားသူတွေအပေါ် အတင်းအကျပ် ချမှတ်လို့မရဘူး”