← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) - ငွေချေးရခြင်း(၁)

“အစ်မယင်... ဘာလို့ ဒီလောက်တောင် အတည်ပေါက်ကြီး ပြောနေရတာလဲ”

ဝေ့ကျန်းကျန်းက သိပ်ဂရုမစိုက်ပေ။

“ကျွန်မမှာ စေတနာကောင်း ရှိပါတယ်။ သူ့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာမှ မဟုတ်တာ”

“နင်… တကယ်ကို မရင့်ကျက်‌သေးဘူးပဲ”

ရွှီယင်က ပြန်ပြောလိုက်သည်။

“တကယ်လို့ လူတစ်ယောက်က နင့်ကို ချစ်တယ်၊ နင်ကောင်းဖို့အတွက်ပဲလို့ ပြောပြီး၊ မင်းရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်၊ အဲဒီလိုဆိုရင် ပိုလှတယ်လို့ ပြောလာရင် နင်သဘောတူမှာလား”

“အဲဒါက မတူဘူးလေ...”

ဝေ့ကျန်းကျန်းက ဤသည်မှာ လုံးဝ မတူညီဟု ခံစားရသည်။

‘ဘယ်လိုလုပ် တူညီနိုင်မှာလဲ'

“သဘောက အတူတူပါပဲ”

ရွှီယင်က လေးနက်စွာ ဆိုလိုက်သည်။

“ဝေ့ကျန်းကျန်း... နင် ကောင်းရွှမ်ကို သဘောကျတာပဲဖြစ်ဖြစ်၊ ချစ်တာပဲဖြစ်ဖြစ်၊ သူ့ဆန္ဒကို ဆန့်ကျင်ပြီး လျှောက်လုပ်လို့မရဘူး။ အဲဒီလိုမဟုတ်ရင် နင် သေချာပေါက် နောင်တရလိမ့်မယ်”

သူမက ခဏရပ်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

“နောက်တစ်ချက်က ယွမ်ချင်းရှန်မှာ အရိုင်းဆန်တဲ့ စရိုက်ရှိပေမယ့် သူ့ရဲ့စိတ်နေသဘောထားက ရိုးရှင်းတယ်။ နင် သူ့ကို သွားမစသရွေ့ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ဘူး”

ရွှီယင်က နောက်ဆုံးတွင် ပြောလိုက်သည်။

“အန်တီယွဲ့ကို ငါ သေချာရှင်းပြလိုက်မယ်။ ပြဿနာတစ်ခုခု မဖြစ်ရအောင်၊ မင်း လောလောဆယ် ကောင်းရွှမ်ကို လာမတွေ့သင့်သေးဘူး”

ဝေ့ကျန်းကျန်း အလွန်အမင်း အံ့အားသင့်သွားသည်။

“အစ်မယင်... အဲဒီလိုလုပ်ဖို့ လိုလို့လား။ ကျွန်မ အစ်မစကား နားထောင်ပါ့မယ်နော်...”

ရွှီယင် ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်သည်။

‘ဝေ့ကျန်းကျန်းက အလိုလိုက်ခံထားရတဲ့ ကလေးလေး တစ်ယောက်ပဲ။ ကောင်းရွှမ်က ဘယ်လိုလူလဲဆိုတာကို သူမ မကြည့်ဘဲနဲ့ သူ့ကို ကြိုးကိုင်ခြယ်လှယ်ဖို့ တွေးနေတယ်။ သူမ ဘာကကောင်းလဲ၊ ဘာကဆိုးလဲဆိုတာကို တကယ် မသိဘူးပဲ'

မြေအောက် ရှေးဟောင်းအပျက်အစီးထဲတွင် ကောင်းရွှမ်က သူမနှင့် ဝေ့ကျန်းကျန်းကို ကာကွယ်ပေးခဲ့၏။ ထိုအချိန်ကတည်းက ကောင်းရွှမ်၏ စွမ်းအားကို ရွှီယင် သဘောပေါက်ခဲ့ခြင်းပင်။ ကာယကံရှင် တစ်ယောက်အနေနှင့် ရွှီယင်က အချို့ကိစ္စတွေက အရမ်းတိုက်ဆိုင်လွန်းတယ်ဟု အမြဲတမ်း ခံစားနေရလေ၏။

‘တချို့ကိစ္စတွေက တွေးကြည့်ရင်တောင် ကြောက်စရာကောင်းတယ်'

သို့သော် သတိလစ်နေသော ကောင်းရွှမ်က ရွှီယင်ကို သူမ အတွေးလွန်နေတာ ဖြစ်နိုင်တယ်ဟု ခံစားရစေသည်။

‘ဘယ်လိုပဲဖြစ်ဖြစ် ကောင်းရွှမ်လို လူမျိုးက ဝေ့ကျန်းကျန်း ထိန်းချုပ်လို့ရတဲ့ သူမျိုးမဟုတ်ဘူး၊ ဝေ့ကျန်းကျန်းသာ ကောင်းရွှမ်ကို ကြိုးကိုင်ခြယ်လှယ်ချင်တယ်ဆိုရင် အဲဒါက သေချာပေါက် သေလမ်းရှာနေတာပဲ'

ရွှီယင်က ဤကိစ္စနှင့် ပတ်သက်၍ ဝေ့ကျန်းကျန်းကို ဆက်မပြောချင်တော့ပေ။ သူမက ဝေ့ကျန်းကျန်းကို ကားထဲသို့ အတင်းအကျပ် ခေါ်ဆောင်သွားလိုက်သည်။

ဝေ့ကျန်းကျန်းက ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ နှုတ်ခမ်းဆူပြီး မကျေမနပ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ကျွန်မ ကောင်းရွှမ်ကို ကူညီမှာပဲ၊ ဘယ်သူမှ ကျွန်မကို တားလို့မရဘူး”

ရွှီယင်က မျက်နှာထားတင်းတင်းဖြင့် စကားတစ်ခွန်းမျှ မပြောဘဲ ကားမောင်းသွားသည်။

‘ဝေ့ကျန်းကျန်းက အရမ်းကို ခေါင်းမာလွန်းတယ်'

တစ်ချိန်တည်းမှာပင် ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသော ကောင်းရွှမ်၏မျက်ခွံများ ရုတ်တရက် တုန်ခါသွားလေသည်။

“နိုးလာပြီလား” ကောင်းရွှမ်၏ လှုပ်ရှားမှုလေးကို ယွမ်ချင်းရှန် ချက်ချင်း သတိထားမိလိုက်သည်။

ကောင်းရွှမ်က မျက်စိမဖွင့်ဘဲ လေပူတစ်ချက်ကို ဖြည်းညှင်းသာယာစွာ မှုတ်ထုတ်လိုက်သည်။ “နိုးပြီ”

“ဒါဆို တော်သေးတာပေါ့” ရွှီယင်နှင့် ဝေ့ကျန်းကျန်းတို့၏ ဆေးစစ်ပေးမည့် အစီအစဉ်ကို ယွမ်ချင်းရှန် ပြတ်ပြတ်သားသား ငြင်းဆန်ထားခဲ့သော်လည်း သူမရင်ထဲတွင်တော့ ကောင်းရွှမ်အတွက် အနည်းငယ် စိုးရိမ်နေမိဆဲဖြစ်သည်။

မြေအောက်အပျက်အစီးများထဲရှိ ရွှေရောင်ချပ်ဝတ်နှင့် လူသန်ကြီးသူ၏ ဇာစ်မြစ်မှာ လျှို့ဝှက်ဆန်းကြယ်နေပြီး ကောင်းရွှမ် ဘာတွေကို စုပ်ယူလိုက်သလဲဆိုသည်ကိုလည်း သူမ လုံးဝနားမလည်ခဲ့ပေ။

ကောင်းရွှမ်သာ ကြိုတင်ပြင်ဆင်ထားသည့်ပုံ မပေါက်ခဲ့လျှင် ယွမ်ချင်းရှန် ပြာယာခတ်နေသည်မှာ ကြာလှပြီဖြစ်သည်။

ကောင်းရွှမ်က လက်ကောက်ဝတ်ရှိ ပိုက်ကို ပေါ့ပေါ့ပါးပါး ဆွဲဖြုတ်လိုက်ပြီး ဖြည်းညှင်းစွာ ထိုင်လျက် အကြောဆန့်လိုက်သည်။ “ငါ ဒီမှာ လှဲနေတာ ဘယ်နှရက်ရှိသွားပြီလဲ”

“အချိန်အကုန် ပေါင်းလိုက်ရင် စုစုပေါင်း ဆယ်ရက်ရှိသွားပြီ” ယွမ်ချင်းရှန်က ဆက်ရှင်းပြသည်။

“အခု ငါတို့ မြို့တော်ရဲ့ ပထမအဆင့်ဆေးရုံမှာ ရောက်နေကြတာ၊ ရွှီယင်က နင့်အတွက် စီစဉ်ပေးထားတာ”

ကောင်းရွှမ် ပြုံးလိုက်သည်။

“ရွှီယင်ရော ဝေ့ကျန်းကျန်းရောက နောက်ခံအင်အား တော်တော်တောင့်ကြတာ၊ ကြည့်ကောင်းပြီး အသုံးဝင်တဲ့ ခြေထောက်နှစ်ချောင်းဆိုတော့ ခဏလောက်တော့ ဖက်တွယ်ထားလို့ ရသေးတယ်”

ယွမ်ချင်းရှန် ဘာမှဝင်မပြောပေ။ ဖက်တွယ်မည့်သူမှာ သူမမဟုတ်ဘဲ ကောင်းရွှမ်သာလျှင် ဖြစ်သည်။ ကောင်းရွှမ် မည်သို့ရွေးချယ်မည်ကိုလည်း သူမ ဘယ်သောအခါမှ ဝင်ရောက်မေးခွန်းထုတ်မည်မဟုတ်ပေ။

သူမအတွက်တော့ အခြားလူတွေဆိုတာ သက်မဲ့ပစ္စည်းတွေသာဖြစ်သည်။ ကောင်းရွှမ်က သူတို့ကို ဘယ်လိုအသုံးချချ သူမအပေါ် ဘာသက်ရောက်မှုမှ ရှိမလာနိုင်ပေ။

“နင့်မျက်လုံးတွေ သက်သာရဲ့လား” ယွမ်ချင်းရှန်က ကောင်းရွှမ်၏ မျက်လုံးများအတွက် အတော်လေး စိုးရိမ်နေဆဲဖြစ်သည်။

စိတ်အာရုံခံစားမှု မည်မျှပင် ကောင်းမွန်နေပါစေ မျက်စိမပါလျှင် အဆင်မပြေမှုများ ရှိနေဦးမည်သာဖြစ်သည်။

ကောင်းရွှမ်က သက်တောင့်သက်သာရှိသော မျက်နှာထားဖြင့် ပြန်ဖြေသည်။

“ငါ့မျက်လုံးတွေကို ကောင်းကင်နဂါးမျက်လုံးက ဝါးမြိုသွားပြီ၊ တိတိကျကျ ပြောရရင် အခုမှ မျက်လုံးတွေကို တကယ်ဆုံးရှုံးသွားတာ၊ ဒါပေမဲ့ ကောင်းကင်နဂါးမျက်လုံးတစ်စုံကိုတော့ ပြန်ရလိုက်တယ်”

ယွမ်ချင်းရှန် မေးစရာမလိုဘဲ ကောင်းရွှမ်က သူ့ဘာသာ ဆက်လက်ရှင်းပြနေသည်။

“ကောင်းကင်နဂါးမျက်လုံးဆိုတာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုပဲ၊ မျက်လုံးတွေနဲ့ တူပေမဲ့ တကယ်တမ်းကျတော့ နဂါးမျက်လုံးတွေလည်း မဟုတ်သလို လူမျက်လုံးတွေလည်း မဟုတ်ဘူး၊

အသိဉာဏ်ရှိတဲ့ သက်ရှိတွေရဲ့ မျက်လုံးတွေနဲ့ ကွဲပြားတယ်၊ ကောင်းကင်နဂါးမျက်လုံးဆိုတာ နဂါးမျိုးနွယ်စုရဲ့ အမွေအနှစ်တစ်ခုသက်သက်ပဲ၊ အဲ့ဒီမျက်လုံးတွေရှိရင် နဂါးစွမ်းအားတွေကို ငါထိန်းချုပ်နိုင်ပြီ၊ သေချာတာကတော့ အရာဝတ္ထုတွေကို ကြည့်ဖို့လည်း သုံးလို့ရတာပေါ့”

နတ်ဘုရားသတ်ဖြတ်ခြင်းဓား၏ ‘သွေးထွက်လျှင် သေချာပေါက် သေဆုံးစေရမည်’ ဆိုသော စည်းမျဉ်းတွင် တင်းကျပ်သည့်ကန့်သတ်ချက်များ ရှိသည်။

ကောင်းကင်နဂါးမျက်လုံးနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းဓားတို့ သဟဇာတဖြစ်မှုမှာ သူ၏ယခင်ဘဝကတည်းက အတည်ပြုပြီးသား အချက်တစ်ခုဖြစ်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ရရှိကတည်းက ကောင်းကင်နဂါးမျက်လုံးသည် သူ၏ အစီအစဉ်ထဲတွင် ပါဝင်ပြီးသားဖြစ်နေခဲ့သည်။

စကားပြောနေရင်း ကောင်းရွှမ်က မျက်စိကိုဖွင့်ကာ ယွမ်ချင်းရှန်ကို ကြည့်လိုက်သည်။ သူက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။

“မိုက်တယ်မလား ဟားဟားဟား...”

အရောင်အသွေးစူးရှလှသော သန့်စင်သည့် ရွှေရောင်မျက်ဝန်းများအတွင်း ဒေါင်လိုက်အနေအထားရှိသည့် သွေးနီရောင်ရောယှက်နေသော ရွှေရောင်သူငယ်အိမ်များက ထင်းလင်းနေသည်။

ကောင်းရွှမ်၏ မျက်လုံးများထဲတွင် လူသားဆန်မှု ကင်းမဲ့နေပြီး အလွန်တရာ ကြီးမြတ်ခမ်းနားကာ လွှမ်းမိုးနိုင်စွမ်းရှိသည်။ အေးစက်စက်နိုင်လွန်းလှပြီး အဆုံးမဲ့စွမ်းအားများနှင့် ပြည့်နှက်နေပုံပေါ်သည်။

သူမကို စိုက်ကြည့်လိုက်သောအခါ ယွမ်ချင်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးစီးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထုံကျင်အားပျော့သွားပြီး မည်သည့်ခွန်အားမှ ထုတ်မသုံးနိုင်တော့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်ကနှင့် နှိုင်းယှဉ်လျှင် ကောင်းရွှမ်၏ လက်ရှိအခြေအနေမှာ သိသိသာသာ ပို၍ ထိတ်လန့်ဖွယ်ကောင်းနေသည်။

“တွေ့လား ကောင်းကင်နဂါးမျက်လုံးက အရမ်းအစွမ်းထက်တဲ့ ပစ္စည်းတစ်ခုပဲ၊ မျက်လုံးတွေနေရာမှာ အစားထိုးဖို့တော့ လုံးဝမသင့်တော်ဘူး၊ ဒါပေမဲ့ ဒီအရာက တကယ်မိုက်ပြီး စတိုင်ကျတယ်”

ကောင်းရွှမ်က ထိုသို့ပြောပြီး မျက်လုံးများကို ပြန်မှိတ်လိုက်ရာ ယွမ်ချင်းရှန်၏ ခန္ဓာကိုယ်ရှိ ထူးဆန်းသော လက္ခဏာများအားလုံး လုံးဝပျောက်ကွယ်သွားတော့သည်။ သူက ဆက်ပြောသည်။

“ငါနင့်ကိုပေးခဲ့တဲ့ ကောင်းကင်နဂါးသွေးက ကောင်းကင်နဂါးမျက်လုံးဆီကနေ ခွဲထုတ်ထားတာ၊ ခန္ဓာကိုယ်ကို သန်မာလာစေဖို့ သုံးလို့ရတယ်၊ ပြီးတော့ နင့်လမ်းစဉ်နဲ့လည်း အရမ်းကိုက်ညီတယ်”

“ဒါပေမဲ့” ကောင်းရွှမ်က ခေတ္တရပ်လိုက်သည်။

“ကောင်းကင်နဂါးသွေးက နင့်ရဲ့ မျိုးဗီဇတွေကို ထပ်ပြီး ပြောင်းလဲစေလိမ့်မယ်၊ မျိုးဗီဇဖြစ်စဉ်တွေ ပိုကောင်းလာပေမဲ့ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ချေ အရမ်းများတယ်၊ နောက်ဆုံးမှာ လူသားခန္ဓာကိုယ်ကို ဆုံးရှုံးသွားလိမ့်မယ်၊

နဂါးဗီဇတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အသိစိတ်တွေပါ ပျောက်ဆုံးသွားပြီး တခြားသက်ရှိတစ်ခုအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်”

“ဒါက အရမ်းအန္တရာယ်များတယ်” ကောင်းရွှမ်က အလေးအနက်ထားကာ သတိပေးလိုက်သည်။

“ဒါပေမဲ့ ဒါက ကောင်းကင်ဘုံကိုသွားတဲ့ လမ်းတစ်ခုလည်း ဖြစ်တယ်၊ ကောင်းကင်နဂါးသွေးကို နှိုးဆွလိုက်တာနဲ့ နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး၊ ရွေးချယ်မှုတစ်ခု မလုပ်ခင် သေချာရှင်းရှင်းလင်းလင်း စဉ်းစားရမယ်”

“နင်က ငါ့ကို ဘယ်လိုရွေးချယ်စေချင်တာလဲ” ယွမ်ချင်းရှန်က မေးလိုက်သည်။

“အန္တရာယ်က ကြီးမားပေမဲ့ ရလာမယ့် အကျိုးအမြတ်ကတော့ ပိုကြီးတယ်” ကောင်းရွှမ်က ခဏမျှ စဉ်းစားလိုက်သည်။

“ငါက ပစ္စည်းကို နင့်ဆီပေးလိုက်ပြီဆိုတော့ ရွေးချယ်ခွင့်ကိုလည်း နင့်ကိုပေးလိုက်တာပဲ၊ အားလုံးက နင့်အပေါ်မှာပဲ မူတည်တယ်”

သူက အနည်းငယ်ရပ်တန့်ပြီး ဆက်ပြောသည်။ “သေချာတာကတော့ နင့်ကို ပိုပြီး သန်မာလာစေချင်သေးတယ်၊ ကစဉ့်ကလျားဖြစ်နေတဲ့ ဆန်းကြယ်ခေတ်ကြီးက ရောက်လာတော့မယ်၊

ခွန်အားကြီးမားသူတွေပဲ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်လိမ့်မယ်” သူ၏အသံထဲတွင် အနာဂတ်ကို လွှမ်းမိုးချုပ်ကိုင်လိုသော ကြီးမားသည့် ရည်မှန်းချက်များက ထင်ဟပ်နေသည်။

“ငါနားလည်ပြီ” ယွမ်ချင်းရှန်တွင် အမှန်တကယ်တော့ စွမ်းအားအတွက် ပြင်းပြသော ဆန္ဒမရှိခဲ့ပေ။

သို့သော် ကောင်းရွှမ်က သူမကို သန်မာစေချင်သည်ဆိုလျှင် သူမ ကြိုးစားရမည်ဖြစ်သည်။

“လောလောဆယ် နင့်စွမ်းအားက အရမ်းအားနည်းနေသေးတယ်၊ ကောင်းကင်နဂါးသွေးကို မစုပ်ယူနိုင်သေးဘူး၊ ကျင့်ကြံခြင်းလမ်းကြောင်းမှာ အဟန့်အတားတစ်ခုနဲ့ ကြုံလာတဲ့အထိ စောင့်ပြီးမှပဲ အဲ့ဒီအကြောင်းကို ပြန်ပြောကြတာပေါ့”

ကောင်းရွှမ်က ဆက်ရှင်းပြသည်။

“ဒီအတွက် အလောတကြီး လုပ်စရာမလိုပါဘူး၊ လောလောဆယ်တော့ ငါတို့နှစ်ယောက်ပေါင်းစွမ်းအားက လုံလောက်ပါသေးတယ်”

ကောင်းရွှမ်အနေဖြင့် ကောင်းကင်နဂါးသွေးအကြောင်း များများစားစား မသိသော်လည်း အနည်းငယ်တော့ နားလည်ထားသည်။ အန္တရာယ်များကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန် ယွမ်ချင်းရှန်အတွက် အသေးစိတ် အစီအစဉ်တစ်ခုကို သူ စီစဉ်ပေးရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ အန္တရာယ်များကတော့ အမြဲတမ်းရှိနေမည်သာဖြစ်သည်။ ကောင်းကင်နဂါးမျက်လုံးကို သူ စုပ်ယူခဲ့စဉ်ကလိုပင် ကြီးမားလှသော အန္တရာယ်များ အမှန်တကယ် ပါဝင်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ၎င်းက လူတစ်ယောက်၏ မျက်လုံးများကို ဝါးမြိုပြီး ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားသည့် ရွှေအဆင့် လျှို့ဝှက်ဆန်းကြယ်ပစ္စည်းတစ်ခု ဖြစ်သည်။

All Chapters