အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း။ ၂၀၁
ရှန်ဟွာသည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်ထဲမှနေ၍ မတတ်နိုင်ဘဲ ခါးသက်သက် အပြုံးတစ်ခုကို ပြုံးလိုက်မိတော့သည်။
သာမန်နေ့ရက်များတွင်ဆိုပါက တစ်နာရီခန့် စောင့်ဆိုင်းရခြင်းမှာ ဘာမှမဟုတ်ပါချေ။ ကျင့်ကြံသူမှန်သမျှသည် ဓားကိုင်ကာ တစ်နေရာ၌ ထိုင်လျက် တစ်နေ့လုံး ကျင့်ကြံနေတတ်ကြပြီး အချိန်ကုန်လွန်သွားသည်ကိုပင် သတိပြုမိကြသည် မဟုတ်ပေ။
သို့သော်လည်း ယနေ့တွင်မူ အချိန်သည် ရွှေကဲ့သို့ အဖိုးတန်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်တွင် ဤအကြောင်းအရာအပေါ် အာရုံများမနေချင်တော့သဖြင့် ချက်ချင်းပင် မေးလိုက်၏။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော့်ရဲ့ ဘိုးဘေးဖြစ်တဲ့ ပိယွဲ့ပိုင်လင်ကို သိပါသလားခင်ဗျာ"
ဝမ်ပင်းသည် သူပြောလိုက်သော တစ်နာရီဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ရှန်ဟွာ သေချာပေါက် အထင်လွဲသွားခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်သော်လည်း ယခုလောလောဆယ်တွင် ရှင်းပြရန် မလောသေးသဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး "စီနီယာပိယွဲ့ကို ငါ အနည်းငယ် သိပါတယ်။ တစ်ကြိမ်တော့ ဆုံဖူးတယ်" ဟု ပြန်ဖြေလိုက်သည်။
ရှန်ဟွာသည် ဝမ်းသာသွားခဲ့ရပြီး "ဒါဆိုရင် ဂိုဏ်းချုပ်ဝမ်အနေနဲ့ ဆေးဝါးဖော်စပ်ခြင်း သို့မဟုတ် ဝိညာဉ်အစားအစာ ပညာရပ်တွေနဲ့ ပတ်သက်ပြီး တစ်ခုခု နားလည်ထားတာမျိုး ရှိပါသလား" ဟု ထပ်မံမေးမြန်းလိုက်ပြန်သည်။
ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ပင် ဝမ်ပင်းသည် ရှန်ဟွာတစ်ယောက် မရင်းနှီးသော အရှိန်အဝါများဖြင့် တောင်ပေါ်သို့ ဘာကြောင့် ရောက်လာရတာလဲဆိုသည့် စစ်မှန်သော ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့တော့၏။
ဇီမိုအိုင်သည် အရှေ့အိုင်၏ အလွန်၊ မိုင်ပေါင်း သောင်းချီဝေးကွာသော နေရာတစ်ခုတွင် ရှိကြောင်း ဝမ်ပင်း သိရှိထားပြီး ယင်းမှာ အရှေ့အိုင်နှင့် နှိုင်းယှဉ်လျှင် များစွာ ပိုမိုစည်ကားဝပြောသော နေရာတစ်ခု ဖြစ်သည်။
ပိယွဲ့မိသားစုဆိုသည်မှာလည်း ပိယွဲ့ပိုင်လင်၏ မိသားစု ဖြစ်ရမည်ဟု ဝမ်ပင်း ခန့်မှန်းလိုက်မိ၏။
အထက်တန်း နက်နဲသောအဆင့် ရှိသူတစ်ဦးကို ပိုင်ဆိုင်ထားသော မိသားစုဖြစ်ရာ သေချာပေါက် သာမန်ကာလျှံကာ မိသားစုတစ်ခုတော့ ဖြစ်မနေနိုင်ချေ။
အမှန်တော့ တင်းယွီခန်းမ၌ ရှိနေစဉ်ကတည်းက ရှန်ဟွာသည် ချန်မိုကျင့်စဉ်ကို အသုံးပြုလျက် တောင်ပေါ်သို့ တက်လှမ်းလာနေသည်ကို သူ ကောင်းစွာ သတိပြုမိခဲ့ပြီး ဖြစ်သည်။
ရှန်ဟွာထံမှ မကောင်းသော ရည်ရွယ်ချက်မျိုး အာရုံမခံမိခြင်းကြောင့် မိစ္ဆာဝိညာဉ်ဓားကို ထိုသူအား တောင်ပေါ်သို့ ပေးတက်ရန် သူ ခွင့်ပြုခဲ့ခြင်းပင်။
သူ့ရဲ့ မေးခွန်းကို ကြားလိုက်ရကတည်းက ငါ ဝိညာဉ်အစားအစာ ပညာရပ်ကို နားလည်ထားတယ်ဆိုတဲ့ သတင်းက ပိယွဲ့ပိုင်လင်ရဲ့ နားထဲကို သေချာပေါက် ရောက်သွားပြီဆိုတာ ရိပ်မိတာပေါ့
တကယ်တော့ ဒီလိုအချက်အလက်မျိုးကို အားစိုက်ပြီး လိုက်ရှာနေတဲ့ အထက်တန်း နက်နဲသောအဆင့် ရှိသူတစ်ယောက်ဆီကနေ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူးဆိုတာ ငါ ကြိုသိပြီးသားပဲ...
ဒါက အနှေးနဲ့အမြန် သိသွားမယ့် ကိစ္စမျိုးပဲ…..
ပိယွဲ့ပိုင်လင်သည် မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် အသက်ရှင်သန်နိုင်မည့် နောက်ဆုံးအခွင့်အရေး ရှိမရှိကို ဤနေရာ၌ လာရောက်စုံစမ်းခိုင်းခြင်း ဖြစ်မည်ဟု သူ တွက်ဆလိုက်မိသည်။
သူသည် စိတ်ထဲမှနေ၍ စနစ်ကို ဗီဇအရ လှမ်း၍ မေးလိုက်၏။
"စနစ်... အဆင့်မြင့် လမင်းမုန့်ထုတ်တွေက မွေးရာပါ သင်္ချိုင်းအဆိပ်ကို တကယ်ပဲ ကုသပေးနိုင်တာလား"
"ကုသပေးနိုင်ပါတယ် ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး"
"ဘာကို ဆိုလိုတာလဲ"
"အခုရှိနေတဲ့ ကျန့်မုသစ်ရွက် ခြောက်ရွက်တည်းနဲ့ဆိုရင်တော့ အခြေခံအားဖြင့် ဘာမှ အာနိသင်ရှိမှာ မဟုတ်ပါဘူး။ ကျန့်မုပင်ကြီး ပိုမိုကြီးထွားလာမယ့် အချိန်အထိ စောင့်ဆိုင်းရပါလိမ့်မယ်"
"နားလည်ပြီ"
ဝမ်ပင်းသည် သူအနေဖြင့် မည်သို့ လုပ်ဆောင်နိုင်သည်ကို အကြမ်းဖျင်း သိရှိသွားပြီးနောက် ချက်ချင်းပင် "အကြီးအကဲယွင်... သူ့ကို တောင်အောက်အထိ လိုက်ပို့ပေးလိုက်ပါ" ဟု အမိန့်ပေးလိုက်တော့သည်။
ရှန်ဟွာမှာ အံ့ဩသွားရပြီး "ဗျာ..." ဟု ပြောမိသွားသည်။
စောစောကတင် စကားတွေ တော်တော်လေး အဆင်ပြေပြေ ပြောနေကြတာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ ရုတ်တရက်ကြီး လူကို နှင်ထုတ်ရတာလဲ။
ယွင်လျောင်သည် ရှန်ဟွာ၏ ဇဝေဇဝါဖြစ်မှုကို နားလည်သဖြင့် ဝမ်ပင်းအတွက် အလျင်အမြန်ပင် ဝင်ရောက်ရှင်းပြပေးလိုက်ရသည်။
"စီနီယာ... ဒါက မသေမျိုးဂိုဏ်းရဲ့ စည်းကမ်းချက် ဖြစ်ပါတယ်။ ဂိုဏ်းဝင်မဟုတ်တဲ့ ပြင်ပလူတွေအနေနဲ့ ယွင်လန်တောင်ပေါ်မှာ တစ်နာရီထက်ပိုပြီး နေထိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် အခုတော့..."
သူ စကားမဆုံးသေးမီမှာပင် ရှန်ဟွာက ယွင်လျောင်၏ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်တော့သည်။
ရှန်ဟွာသည် စိတ်ထဲတွင် ဒေါသတကြီး ခံစားလိုက်ရသော်လည်း ပြင်ပသို့မူ ထုတ်ဖော်မပြရဲချေ။
သူသည် ဝေချန်ကျွယ်ကိုပင် ယှဉ်နိုင်စွမ်းမရှိရာ ဝမ်ပင်းကိုမူ ပို၍ပင် ယှဉ်နိုင်မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသောကြောင့်ပင်။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် ဒီမေးခွန်းတစ်ခုတည်း မေးပြီးတာနဲ့ ချက်ချင်း ထွက်သွားပါ့မယ်။ အချိန်ဆွဲမနေပါဘူး။ ဂိုဏ်းချုပ်အနေနဲ့ ဝိညာဉ်အစားအစာ ပညာရပ်ကို တကယ်ပဲ နားလည်တာလား နားမလည်တာလား"
"ငါ နားလည်တယ်"
ဝမ်ပင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုစကားလုံးကို ကြားလိုက်ရသောအခါ ရှန်ဟွာ၏ နှုတ်ခမ်းစွန်းများက ဖြည်းညင်းစွာ တွန့်ကွေးသွားခဲ့ပြီး ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းသော အပြုံးကြီးတစ်ခု သူ၏ မျက်နှာထက်တွင် တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့တော့သည်။
ပိယွဲ့ပိုင်လင်သည် ပိယွဲ့မိသားစု၏ အဓိက ကျောရိုးမတ်ကြီးဖြစ်ရာ သူ သက်တမ်းကုန်ဆုံး၍ သေဆုံးသွားခြင်းက မိသားစုအတွက် ကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ အကြောင်းမူကား ပိယွဲ့ပိုင်လင်သည် နတ်ဘုရားနက်နဲသောအဆင့်သို့ တက်လှမ်းရန် အရည်အချင်းမရှိခြင်း မဟုတ်ဘဲ မွေးရာပါ သင်္ချိုင်းအဆိပ်ကသာ လမ်းပိတ်ထားခြင်းကြောင့် ဖြစ်သောကြောင့်ပင်။
ထိုမွေးရာပါအဆိပ်ကို ကုသနိုင်မည့် ဆေးနည်းဖော်မြူလာမှာ ရှိနေပြီးသားဖြစ်ပြီး ပိယွဲ့မိသားစုသည်လည်း လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း မည်သည့် ဝိညာဉ်အစားအစာ ဆရာသခင်ကမျှ သူတို့ကို ကူညီချက်ပြုတ်ပေးရန် သဘောမတူခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် သူတို့မိသားစုအနေဖြင့် ထိုဝိညာဉ်အစားအစာ ဆရာသခင်များ တောင်းဆိုသော အရာများကို မဖြည့်ဆည်းပေးနိုင်သောကြောင့်ပင်။
ယခုမူ ဝမ်ပင်းသည် ဝိညာဉ်အစားအစာ ပညာရပ်ကို နားလည်ထားသည်ဟူသော အချက်က သူတို့အတွက် စစ်မှန်သော မျှော်လင့်ချက်အလင်းရောင်တစ်ခုကို ပေးစွမ်းလိုက်ခြင်းပင်။
ဝမ်ပင်း၏ အဖြေကို ရရှိပြီးနောက် ရှန်ဟွာသည် တောင်အောက်သို့ ချက်ချင်းပင် ဆင်းသွားခဲ့တော့သည်။ စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသော တပည့်များမှာမူ ဝမ်ပင်း၏ ဘေးသို့ အလုအယက် ဝိုင်းအုံလာကြပြီး တညီတညွတ်တည်း လှမ်း၍ မေးမြန်းလိုက်ကြ၏။ "ဂိုဏ်းချုပ်... ကြေညာချက်သင်ပုန်းပေါ်မှာ အသစ်တိုးလာတဲ့ အရာက ဘာလဲခင်ဗျာ"
ဝမ်ပင်းက "စမ်းသပ်မှုအသစ်တစ်ခုပဲ" ဟု ပြန်ဖြေလိုက်သည်။
ရန်လီလီက အလျင်အမြန်ပင် "ဒါဆို ရရှိမယ့် ဆုလာဘ်ကကော ဘာလဲဗျ" ဟု မေးမြန်းလာခဲ့၏။
"ဆုလာဘ်အကြောင်းကိုတော့ ငါ နောက်မှ ပြောပြမယ်။ အဲဒါထက် အရင်ဆုံး သတင်းကောင်းတစ်ခု အရင်မျှဝေချင်တယ်"
ဝမ်ပင်းသည် ဟွန်းရှန်းနှင့် ဟွမ်ယီတို့ကို လှမ်းကြည့်လိုက်ပြီး "ဟွမ်ယီ... ဟွန်းရှန်း... ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်က မသေမျိုးဂိုဏ်းရဲ့ တရားဝင် တပည့်ရင်းတွေ ဖြစ်သွားကြပြီ" ဟု ပြောလိုက်တော့သည်။
မနေ့က ကျင့်စဉ်အဆင့် တိုးတက်မှုများ ရရှိခဲ့ပြီးနောက် သူတို့နှစ်ဦးစလုံးသည် သတ်မှတ်ထားသော စံနှုန်းများကို ပြည့်မီသွားခဲ့ကြခြင်းပင်။
ဟွမ်ယီသည် ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမဆင့်သို့ ရောက်ရှိသွားခဲ့သဖြင့် ဂိုဏ်းဝင်အဆင့် သတ်မှတ်ချက်ထက် ကျင့်စဉ်အဆင့်အသေးစား တစ်ဆင့်ပင် ပိုမိုကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ဟွန်းရှန်းမှာမူ ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမဆင့်မှ အဋ္ဌမဆင့်သို့ တိုးတက်သွားခဲ့သဖြင့် ကြယ်သုံးပွင့်ပါရမီရှင်တစ်ဦး ရရှိနိုင်သော စံနှုန်းကို မနည်းပင် မှီသွားခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဟွန်းရှန်းသည် ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်လိုက်တော့၏။
"ဟားဟား... ပျော်ရွှင်မှုဆိုတာ တကယ့်ကို ရုတ်တရက်ကြီး ရောက်လာတာပဲဟေ့"
ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဟွမ်ယီကမူ ထိုမျှအထိ စိတ်လှုပ်ရှားပုံမပြချေ။
သူမအတွက်မူ မီးဖိုချောင်တွင် ထမင်းချက်သူဖြစ်စေ တရားဝင် တပည့်ဖြစ်စေ ဘာမှ ထူးခြားကွာခြားမှု မရှိသကဲ့သို့ သူမ၏ တပည့်အရည်အချင်းကလည်း နိမ့်ကျမနေခဲ့ပါချေ။
သူမသည် ယခုအချိန်တွင် ဂိုဏ်းချုပ် ပြောပြမည့် အရာအသစ်များကိုသာ စိတ်အားထက်သန်စွာ စောင့်မျှော်နေခြင်းပင်။ အကြောင်းမူကား ထိုစမ်းသပ်မှုမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ဖွင့်လှစ်မည့်အရာ ဖြစ်သောကြောင့်ပင်။
ဝမ်ပင်းက ဆက်လက်၍ "ဒီစမ်းသပ်မှုရဲ့ အမြင့်ဆုံး ဆုလာဘ်ကတော့ ဒါပဲ" ဟု ပြောလိုက်သည်။
သူ့စကားအဆုံးတွင်မူ
ဝုန်း
သွေးကြောများ တုန်ခါသွားသည့် ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
နီရဲတောက်ပနေသော သွေးကြောတံခါးတစ်ခုသည် လူတိုင်း၏ ရှေ့မှောက်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သဖြင့် သူတို့အားလုံး ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ကြရ၏။
ထိုအရာကို ကြည့်ရင်း လူတိုင်း၏ မျက်ဝန်းများတွင် လိုချင်တောင့်တမှု အပြည့်ပင်။
လင်းခယ်ဝူသည် ထိုအရာကို ပထမဦးဆုံး သဘောပေါက်သွားသူ ဖြစ်သည်။
သူက မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
"ဂိုဏ်းချုပ်... မဟုတ်မှလွဲရော ဒီစမ်းသပ်မှုရဲ့ ဆုလာဘ်က ဝဲကတော့မြေပုံများ ဖြစ်နေတာလား။ အကယ်၍ အဲဒါသာ အမှန်ဆိုရင်တော့ ကျွန်တော်..."
အမှန်အတိုင်းပြောရလျှင် လင်းခယ်ဝူအနေဖြင့် ဤအရာကို မယုံကြည်နိုင်လောက်အောင်ပင်။
ဝဲကတော့မြေပုံတစ်ခုတည်းတင် အဖြူရောင်ကျောက်သလင်း ရာပေါင်းများစွာ တန်ကြေးရှိသည်။ လင်းမိသားစုသည် နတ်ဘုရားနက်နဲသောအဆင့်တစ်ပိုင်း ရှိသူတစ်ဦး ပိုင်ဆိုင်ထားသော ကြယ်သုံးပွင့်အဆင့်ရှိ အင်အားစုအတုအယောင် ဖြစ်လင့်ကစား မိသားစု၏ အမွေဆက်ခံမည့်သူအဖြစ် သတ်မှတ်ခံထားရသူမှတစ်ပါး အခြားသော ကလန်ဝင်များကို ဤကဲ့သို့သော အဖိုးတန်ပစ္စည်းမျိုးကို ဆုလာဘ်အဖြစ် မည်သည့်အခါမျှ ထုတ်ပေးလေ့မရှိချေ။
ထို့အပြင် မိသားစုဂိုဏ်းချုပ်နေရာကို အမွေဆက်ခံရန်ဆိုပါကလည်း သတ်မှတ်ထားသော စံနှုန်း ရှိသည်။
အနည်းဆုံးတော့ အထက်တန်း နက်နဲသောအဆင့် ရှိရမည်ပင်။
ဤကဲ့သို့ သံသယများ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လူအားလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြရတော့သည်။
ဝမ်ပင်းက သူတို့၏ သံသယများနှင့် ဆွေးနွေးမှုများကို ရပ်တန့်ရန် လက်ကို အလျင်အမြန် မြှောက်ပြလိုက်ရင်း ချက်ချင်းပင် ဆိုလိုက်၏။
"ဒါက ဝဲကတော့မြေပုံ မဟုတ်ပါဘူး။ ဒါက တိုက်ရိုက်ရရှိမယ့် ထူးခြားဆန်းပြား သွေးကြောပါ။ ဒါပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်တစ်ဆယ်အောက်ကလူတွေအနေနဲ့ ဒီစမ်းသပ်မှုကို ဝင်မပြိုင်ကြဖို့ ငါ အကြံပြုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့အတွက် ဘာမှ အကျိုးကျေးဇူး ရှိမှာမဟုတ်လို့ပဲ"
"ဘာဖြစ်လို့လဲ ဂိုဏ်းချုပ်"
"ဟုတ်ပါတယ် ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲခင်ဗျာ"
ရန်လီလီနှင့် အခြားသူများသည် တညီတညွတ်တည်း အလျင်အမြန် မေးမြန်းလိုက်ကြသည်။
ထူးခြားဆန်းပြားတဲ့ သွေးကြောကို တိုက်ရိုက်ရနိုင်မယ့် စမ်းသပ်မှုကြီးက ကိုယ့်ရှေ့တည့်တည့်မှာ ရှိနေတာကို... ဘာလို့ သူတို့ကို ဝင်ခွင့်မပေးရတာလဲ...
ဝမ်ပင်းက ရှင်းပြလိုက်၏။
"စမ်းသပ်မှုကတော့ ဒီနေရာမှာ ရှိနေတာပဲ။ မင်းတို့ ကြိုက်တဲ့အချိန် ဝင်လို့ရတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ် မပြည့်သေးဘဲ ဝင်မယ်ဆိုရင်တော့ ရွှေဒင်္ဂါးတွေကို အလဟဿ ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ အဲဒါတင်မကဘူး... မင်းတို့ စမ်းသပ်မှုကို အောင်မြင်ပြီး ထူးခြားဆန်းပြားတဲ့ သွေးကြောကို တကယ်ပဲ ရရှိခဲ့ရင်တောင်မှ အခုလောလောဆယ် မင်းတို့အတွက် ဘာမှ သုံးစားလို့ ရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ဆယ့်သုံး နယ်ပယ်သို့ ရောက်ရှိမှသာ အတွင်းစွမ်းအင်ကို ပြင်ပသို့ ထုတ်လွှတ်ခြင်းဆိုတာကို လုပ်ဆောင်နိုင်မှာ ဖြစ်လို့ပဲ"
ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် သွေးကြောတံခါးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ဆက်လက်၍ "အကယ်၍ တစ်ယောက်ယောက်က စမ်းသပ်မှုကို ဝင်ရောက်ပြီး အတွေ့အကြုံ ရှာချင်တယ်ဆိုရင်တော့ အခုပဲ စာရင်းပေးသွင်းနိုင်ပါတယ်။ ဒါပေါ့... ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိတဲ့သူတွေကလည်း သွားဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါက မင်းတို့ရဲ့ လွတ်လပ်ခွင့်ပဲ" ဟု ပြောလိုက်တော့သည်။
ရန်လီလီနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်ကြ၏။
"ထားလိုက်ပါတော့ဗျာ... ကျွန်တော်ကတော့ အဲဒီငွေတွေကို စုထားပြီး ဆယ်ဆင့်လွှာမျှော်စင်ကိုပဲ ဆက်ပြီး စိန်ခေါ်တော့မယ်"
အခြားသောသူများသည်လည်း ထိုနည်းတူစွာပင် ပြန်လည်ဖြေကြားကြပြီး လူစုခွဲကာ ထွက်ခွာသွားကြတော့သည်။
သို့သော်လည်း သူတို့သည် စိတ်ဓာတ်ကျသွားခြင်းမျိုးမဟုတ်ဘဲ နှမြောတသ ဖြစ်သွားကြခြင်းမျှသာ ဖြစ်သည်။
မကြာမီအချိန်အတွင်းမှာပင် ဝမ်ပင်းသည် ချင်မိုနှင့် အခြားသော အဆင့်ပြည့်မီသူများကို ခေါ်ဆောင်ကာ ထပ်ဆင့်လွှာလှေကားထစ်များ၏ အောက်ခြေသို့ ရောက်ရှိလာခဲ့ပြီးနောက် စနစ်ကို စိတ်ထဲမှ လှမ်း၍ အမိန့်ပေးလိုက်သည်။
"စနစ်... ကစားသမားအများအပြားပါဝင်နိုင်တဲ့ စနစ်ကို စတင်လိုက်တော့"
"စနစ်ကို အောင်မြင်စွာ စတင်ပြီးပါပြီ"
စနစ်၏ အသံထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ချင်မိုနှင့် အခြားသူများသည် ထပ်ဆင့်လွှာလှေကားထစ်ကြီးကို ကြည့်ရင်း သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။
သူတို့ကို ထိုနေရာသို့ ဘာကြောင့် ခေါ်ဆောင်လာရတာလဲဆိုသည်ကို စောစောကတင် သူတို့ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့ကြခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သွေးကဲ့သို့ နီရဲနေသော ကောင်းကင်နှင့် ကမ္ဘာမြေပြင်ကြီးအပြင်၊ မီးတောက်များ လောင်ကျွမ်းနေသော ထပ်ဆင့်လွှာလှေကားထစ်ကြီးကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ အရာအားလုံးထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ခံစားလိုက်ကြရသည်။
ဤအရာသည် ဝမ်ပင်း ပြောခဲ့သော စမ်းသပ်မှုဖြစ်ကြောင်း သူတို့ သဘောပေါက်သွားခဲ့ကြရပြီး ထပ်ဆင့်လွှာလှေကားထစ်ကြီးပေါ်သို့ အကြည့်များကို အသေအချာ အာရုံစိုက်လိုက်ကြတော့၏။
ဝမ်ပင်းက ထပ်ဆင့်လွှာလှေကားထစ်ကြီးကို လက်ညှိုးထိုးပြလိုက်ရင်း "တောင်ထိပ်ကို ရောက်အောင် တက်လှမ်းနိုင်ရင် မင်းတို့ ထူးခြားဆန်းပြားတဲ့ သွေးကြောကို ရရှိလိမ့်မယ်။ ဒါက တစ်ပတ်မှာ တစ်ကြိမ်ပဲ ဖွင့်လှစ်တာမို့လို့ အခွင့်အရေးကို သေချာဆုပ်ကိုင်ကြပါ" ဟု မှာလိုက်သည်။