← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း။ ၂၀၉

"ဒါက..."

ဘေးပတ်ဝန်းကျင်ရှိ လူများသည် သူတို့မျက်စိရှေ့မှောက်တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အမှင်သက်ကုန်ကြတော့သည်။

အဆင့်နိမ့် နက်နဲသောအဆင့် ကျင့်ကြံခြင်းအဆင့်ရှိပြီး အဝါရောင်အဆင့် အလယ်အလတ်စား သွေးကြောသိုင်းကွက်ကို အမြင့်ဆုံး အောင်မြင်မှုအဆင့်အထိ လေ့ကျင့်ထားသော အကြီးအကဲဟွာသည် ရန်သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မယှဉ်နိုင်ခဲ့ပေ။

ယခုအချိန်တွင် ပိုင်ဖုန်းပင်လျှင် ယွီမိုကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

"ပြန်လာခဲ့တော့..."

ဝမ်ပင်း၏ တည်ငြိမ်လှသော စကားသံသည် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့၏။

သူ၏ စကားသံ ပျံ့လွှတ်သွားသည်နှင့်အမျှ လူတိုင်းသည် မတ်တတ်ရပ်လျက် တံတွေးကို မသိမသာ မျိုချလိုက်ကြမိပြီး သူတို့၏ မျက်ဝန်းများက ထိုဓားသမားထံသို့ စူးစမ်းလိုစိတ်အပြည့်ဖြင့် ရောက်ရှိသွားကာ စိတ်ထဲမှနေ၍ ဒီလူက တကယ်ပဲ ဘယ်သူလဲဟု မေးခွန်းထုတ်နေကြတော့သည်။

ထိုခဏတွင် လျှပ်စီးရေကန်အတွင်း၌ လှိုင်းဂယက်များ တဖျတ်ဖျတ် ထွက်ပေါ်နေခဲ့ပြီး ဆယ်ဂဏန်းမကသော လျှပ်စီးငါးရှဉ့်များသည် မျိုးရိုးနာမည် ဟွာ ဟုခေါ်သော အကြီးအကဲကို ဝိုင်းရံလျက် ရေထဲတွင် အဖြူရောင် လျှပ်စီးအလင်းတန်းများကို တဖျတ်ဖျတ် ထုတ်လွှတ်နေကြသည်။

တစ်ခဏအတွင်းမှာပင် ရေကန်အတွင်းရှိ ရေများမှာ ပြင်းထန်စွာ ဆူပွက်လာခဲ့ပြီး အကြီးအကဲဟွာသည် ရေကန်ထဲမှနေ၍ ဝုန်းကနဲ ပြန်လည်ခုန်ထွက်လာခဲ့တော့၏။

သူသည် ရေကန်ထဲမှ ပြန်လည်ထွက်ခွာလာနိုင်ခဲ့သော်လည်း အလွန်တရာ အခြေအနေဆိုးရွားသည်။

သူ၏ လှံရှည်ကြီးမှာ နှစ်ပိုင်းကျိုးသွားခဲ့ပြီဖြစ်ပြီး ရင်ဘတ်ထက်၌လည်း နက်ရှိုင်းလှသော ဓားဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။ သူတို့၏ ကိုယ်ပိုင်နယ်မြေပေါ်တွင် ထို့အပြင် လူအများအပြား၏ ရှေ့မှောက်၌ ဤမျှအထိ အရှက်တကွဲ ရိုက်နှက်ခြင်းခံလိုက်ရသဖြင့် အကြီးအကဲဟွာသည် ဒေါသမာန်များ အလိပ်လိပ် ထွက်ပေါ်လာခဲ့ရကာ မဆင်မခြင် ရှေ့သို့ ပြေးဝင်တိုက်ခိုက်ရန် ပြင်တော့သည်။

သို့သော်လည်း သူ့ကို ပိုင်ဖုန်းက လှမ်း၍ တားဆီးလိုက်ပြီးနောက် ပိုင်ဖုန်းသည် ယွီမိုကို စိုက်ကြည့်ရင်း မေးလိုက်၏။

"မင်းက... ဓားသမားယွီမို လား"

ထူးခြားဆန်းပြားလှသော ဓားသိုင်းကွက်များကို အသုံးပြု၍ အကြီးအကဲဟွာကို တစ်ချက်တည်းနှင့် အလဲထိုးနိုင်သူမှာ အရှေ့အိုင်တစ်ခုလုံးတွင် လက်ချိုးရေတွက်၍ရလောက်အောင် နည်းပါးသည်။

ပြိုင်ဘက်ကင်း အဆင့်နိမ့် နက်နဲသောအဆင့်သို့ ရောက်ရှိနေသူများသာ ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ဓားအလင်းတန်းများကို ဤမျှအထိ အာရုံစိုက်အသုံးပြုသည့် ဒုတိယမြောက် ပုဂ္ဂိုလ်ဟူ၍ မရှိပေ။

ထို့ကြောင့် သူသည် သူမျက်စိရှေ့မှောက်တွင်ရှိသော ပုဂ္ဂိုလ်မှာ လှည့်လည်ဓားသမားယွီမို ဖြစ်ရမည်ဟု ရဲရဲဝံ့ဝံ့ ကောက်ချက်ချလိုက်ခြင်းပင်။

ပိုင်ဖုန်း၏ မေးခွန်းကို ကြားရသည့်အခါတွင်မူ ယွီမိုက ချက်ချင်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဝမ်ပင်း၏ နောက်ကွယ်သို့ ပြန်လည်ဆုတ်ခွာလိုက်၏။

သူ၏ခြေလှမ်းများ ရပ်တန့်သွားပြီးနောက်မှသာ သူက နောက်ဆုံးတွင် ဖွင့်ဟပြောဆိုလိုက်တော့သည်။

"သွားတဲ့အခါ နာမည်မပြောင်းဘူး ထိုင်တဲ့အခါ မျိုးရိုးမလဲဘူး။ ငါက ဓားသမား ယွီမိုပဲ"

ထိုစကားလုံးများက ဤနေရာသို့ ရောက်ရှိနေကြသော လူများကို အတော်အတန် အံ့အားသင့်သွားစေခဲ့သည်။

ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းဝင်များနှင့် ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းဝင်များအားလုံးသည် ယွီမိုကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေကြပြီးသူတို့မျက်စိရှေ့မှောက်တွင်ရှိသော ပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ဒဏ္ဍာရီလာ ယွီမို ဖြစ်နေသည်ဟူသောအချက်ကို လက်ခံရန် ခက်ခဲနေကြပုံပင်။

သူတို့သည် ယွီမို၏ လက်ထဲတွင်ရှိသော ဓားရှည်ကို သေသေချာချာ အကဲခတ်ကြည့်ရှုပြီးမှသာ အပြည့်အဝ ယုံကြည်သွားကြတော့၏။

အမှန်အတိုင်းပြောရလျှင် ရောက်ရှိနေကြသူများထဲတွင် အလယ်အလတ် နက်နဲသောအဆင့်ရောက်နေသူအချို့ ပါဝင်သော်လည်း ထိုသူများပင်လျှင် ယွီမိုတစ်ယောက် မသေမျိုးဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း ကြားသိလိုက်ရသဖြင့် အလွန်တရာ အံ့အားသင့်နေကြရသည်။

အကယ်၍ အရှေ့အိုင်ထဲတွင် စည်းစိမ်ဥစ္စာနှင့် ကျော်စောမှုဂုဏ်ပုဒ်များကို လျစ်လျူရှုထားပြီး မည်သည့်အင်အားစုထဲသို့မျှ ဝင်ရောက်ရန် ဆန္ဒမရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိမည်ဆိုပါက ၎င်းမှာ ယွီမိုမှတစ်ပါး အခြားမရှိချေ။

ထို့ကြောင့် သူတို့သည် ထိုတစ်ကိုယ်တော် ခရီးသွားကြီးသည် သူ သေဆုံးမည့်နေ့ကျမှသာ သူ၏ ခရီးစဉ်ကို ရပ်တန့်လိမ့်မည်ဟု အမြဲတမ်း ထင်မှတ်ထားခဲ့ကြခြင်းပင်။

"တကယ်ပဲ မင်း ဖြစ်နေတာပဲ။ ကောင်းကင်ကို စောင်လုပ်ပြီး မြေကြီးကို ဖျာလုပ်ပြီးတော့ ဘဝရဲ့ အချိန်အတော်များများကို ဖြတ်သန်းခဲ့တဲ့ ဓားသမား ယွီမိုက... အခုလို ဂိုဏ်းတစ်ခုထဲကို ဝင်ရောက်သွားလိမ့်မယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူးဗျာ။ တကယ့်ကို ရှားရှားပါးပါး ကိစ္စပဲ... ဒါပေမဲ့ မင်း သိထားဖို့က ဒီနေရာက အစွန်းရောက်နယ်ပယ်တောင်ဖြစ်တယ်ဆိုတာပဲ"

ပိုင်ဖုန်း၏ စကားလုံးများကြောင့် ပတ်ဝန်းကျင်ရှိ အခြေအနေမှာ တဖြည်းဖြည်းနှင့် ပိုမိုတင်းမာလာခဲ့ပြီး အရပ်မျက်နှာအသီးသီးမှ အစွန်းရောက်နယ်ပယ်တောင်၏ တပည့်များနှင့် တာဝန်ခံများမှာ ဤနေရာသို့ ဝိုင်းအုံ၍ ရောက်ရှိလာကြတော့သည်။

နောက်ထပ် ပဋိပက္ခတစ်ခု ထပ်မံဖြစ်ပွားတော့မည့် ဆဲဆဲတွင် ဝမ်ပင်းက ဝင်ရောက်၍ စကားဆိုလိုက်၏။

"အကြီးအကဲပိုင်... တကယ်ပဲ ဒီနေရာမှာ တိုက်ခိုက်ကြတော့မလို့လား"

ပိုင်ဖုန်းက နှာခေါင်းရှုံ့လိုက်ရင်း အေးစက်စွာဖြင့် ဝုန်းကနဲ တုံ့ပြန်လိုက်သည်။

"ဟွန်း... တိုက်ခိုက်ဖို့တင် မကဘူး မင်းက ငါတို့ အစွန်းရောက်နယ်ပယ်တောင်ကို လာပြီး စော်ကားခဲ့တာ ဖြစ်တာကြောင့် သေချာပေါက် တန်ဖိုးတစ်ခုခုတော့ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်"

သို့သော်လည်း သူ မသိရှိခဲ့သည်မှာ ပိုင်ဖုန်း ထိုသို့ ပြောဆိုလိုက်သည့် အချိန်တွင် ဝေးဝေးတွင် ရပ်ကြည့်နေခဲ့ကြသော ကြယ်သုံးပွင့်အဆင့် ဂိုဏ်းမှလူများသည် တိတ်တဆိတ် နောက်သို့ လှည့်၍ ထွက်ခွာရန် ပြင်လိုက်ကြပြီ ဖြစ်ကြောင်းပင်။

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်ကို လှပစွာ လှုပ်ရှားရင်း လူသားတို့၏ စိတ်ဝိညာဉ်ကို ညှို့ယူဖမ်းစားနိုင်လောက်မည့် ရနံ့ဆန်းများကို ချန်ရစ်လျက် အနောက်ဘက် လမ်းကြောင်းအတိုင်း ဖြည်းညင်းစွာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း သူမ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့၏။

သူတို့နှစ်ဦးစလုံး စကားတစ်ခွန်းမျှ မဆိုခဲ့ကြပါချေ။

ယင်းကို မြင်လိုက်ရသည့်အခါတွင်မူ ပိုင်ဖုန်းသည် ယခုလောလောဆယ်တွင် ဝမ်ပင်း၏ ကိစ္စရပ်များကို ဆက်လက်ကိုင်တွယ်ရန် အချိန်မရတော့ချေ။

သူသည် ထိုလူများထံသို့ အလျင်အမြန်ပင် ပြေးဝင်သွားခဲ့ပြီးနောက် လက်ဝါးချင်းရိုက်လျက် အရိုအသေပြုကာ ပြောလိုက်တော့သည်။

"ဒီနေ့ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် မိတ်ဆွေတို့ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ နေအိမ်ဆီကို ကြွရောက်ပြီး ဝိုင်တစ်ခွက်လောက် အတူတူ သောက်ကြရင်ကော ဘယ်လိုလဲခင်ဗျာ"

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးက ပြန်လည်၍ "ကျွန်မတို့က အထက်က အမိန့်အရ အစွန်းရောက်နယ်ပယ်တောင်ကို လေ့လာကြည့်ရှုဖို့ လာခဲ့တာသက်သက်ပဲ။ မင်းတို့ဂိုဏ်းရဲ့ အခြေအနေကိုပဲ မြင်တွေ့ချင်တာ။ အကယ်၍ မင်းတို့က ဒီနေရာမှာ တိုက်ခိုက်ပွဲတွေ ဆက်လုပ်နေကြဦးမယ်ဆိုရင်တော့... ကျွန်မတို့ အရင်ဆုံးပဲ ပြန်လှည့်သွားလိုက်တော့မယ်။ ပြီးမှ နောက်ထပ် ငါးရက်နေရင် စတင်မယ့် စမ်းသပ်ပွဲကျမှ ပျံလွှားငါးကျွန်းနဲ့ မိုးပြာတောင်ဆီကို သွားရောက် လည်ပတ်ကြည့်ရှုတော့မယ်" ဟု ပြတ်သားစွာ ဆိုလိုက်၏။

"မတိုက်ပါဘူး... မတိုက်တော့ပါဘူးဗျာ..."

ထိုသို့ ပြောဆိုနေစဉ်အတွင်းမှာပင် ပိုင်ဖုန်းသည် ဝမ်ပင်းကို မကျေမနပ်ဖြစ်နေသော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူ၏ ရင်ထဲတွင် ဒေါသမာန်များမှာ တောက်လောင်နေသော မီးလျှံကြီးတစ်ခုအလား မြင့်တက်နေခဲ့ပြီ ဖြစ်သော်လည်း ယနေ့ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ဝမ်ပင်းကို ကလဲ့စားချေရန် မဟုတ်ဘဲ ကြယ်သုံးပွင့်အဆင့် ဂိုဏ်းမှ လူများ၏ ရှေ့မှောက်တွင် အစွန်းရောက်နယ်ပယ်တောင်၏ စွမ်းဆောင်ရည်နှင့် အလားအလာများကို ထုတ်ကြွားပြသရန်သာ ဖြစ်သောကြောင့်ပင်။

ဤအခြေအနေများကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ ဝမ်ပင်း၏ မျက်နှာထက်၌ အတိုင်းမသိ ဝမ်းမြောက်သွားသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

သူ့အတွက်ကတော့ ချို့ယွင်းချက် တစ်ခုတည်းသာ လိုအပ်တော့ခြင်းဖြစ်ရာ အကယ်၍ ယခုအချိန်တွင် တိုက်ပွဲတစ်ခုသာ အမှန်တကယ် ဖြစ်ပွားသွားခဲ့မည်ဆိုပါက အစွန်းရောက်နယ်ပယ်တောင်၏ အခြားသော ချို့ယွင်းချက်များကို ရှာဖွေရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

သို့သော်လည်း ဝမ်ပင်း၏ ထိုသို့သော ဝမ်းမြောက်နေသည့် အမူအရာမှာ ထိုဆွဲဆောင်မှုရှိသော အမျိုးသမီး၏ မျက်စိထဲတွင်မူ အခြားသော အဓိပ္ပာယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။

သူမသည် ဝမ်ပင်း၏ အနားသို့ တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့ပြီးနောက် ဝမ်ပင်းကို အထက်အောက် သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ကာ ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြောလိုက်တော့သည်။

"ကျွန်မကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ကျွန်မမှာ ရှင် ကူညီပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ"

"ကျေးဇူးတောင် မတင်ရသေးဘူး..."

ဝမ်ပင်းက မတတ်နိုင်ဟန်ဖြင့် ပြန်လည်ရေရွတ်လိုက်သည်။

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးကမူ သူ၏စကားကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုထားရင်း ဆက်လက်၍ ဆိုလိုက်၏။

"ရှင် ထောက်ပြလိုက်တဲ့ အပြစ်အနာအဆာတွေက အမှန်လား အမှားလားဆိုတာ ကျွန်မ မသိပါဘူး ဒါပေမဲ့ ဘာလို့ ရှေ့ဆက်မပြောရမှာလဲ... ကျွန်မကိုလည်း နားထောင်ခွင့်ပေးပါဦး"

ဝမ်ပင်းက သဘောကျစွာ ရယ်မောလိုက်ပြီး "မင်းက နားထောင်ချင်တယ်ပေါ့... ရတာပေါ့ ဒါဆိုရင်လည်း ငါ ပြောပြပေးရမှာပေါ့" ဟု ပြန်ပြောလိုက်သည်။

ထိုခဏတွင် ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးသည် ပိုင်ဖုန်းထံသို့ လှည့်ကြည့်ကာ မေးလိုက်၏။

"အကြီးအကဲပိုင်... ကျွန်မတို့ကို နောက်ထပ် လိုက်လံပြသစရာ ကိစ္စရပ်တွေ ရှိသေးလားဟင်"

"ရှိပါတယ်ဗျာ..."

ပိုင်ဖုန်းက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

လူအများအပြား ရှိနေသည့်အတွက် အမှန်တော့ အတွင်းစည်း၏ ကျင့်ကြံခြင်းဧရိယာအကြောင်းကို လူသိရှင်ကြား အသေးစိတ် ချပြရန်မသင့်တော်ပေ။

သူသည် လျှပ်စီးရေကန်တစ်ခုတည်းနှင့်တင် ကြယ်သုံးပွင့်အဆင့် အင်အားစုကို ဆွဲဆောင်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု ရရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မှု အပြည့်ရှိခဲ့သည်။

အစွန်းရောက်နယ်ပယ်တောင်အနေဖြင့် ထိုအင်အားစု၏ အဆင့်တစ်ဆယ့်သုံး ရောက်နေသော တပည့်များကို ကျင့်ကြံပျိုးထောင်ပေးရန် ကူညီပေးနိုင်သည်။

သို့သော်လည်း ယခုမူ ဝမ်ပင်းက အခြေအမြစ်မရှိသော ပေါက်ကရစကားများကို လျှောက်ပြောပြီး အခြေအနေကို ဖျက်ဆီးပစ်ခဲ့သဖြင့် ပိုင်ဖုန်းအနေဖြင့် ပိုမိုနက်ရှိုင်းသော အရာများကို ထုတ်ပြရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရတော့သည်။

သူ ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်ဝန်းများတွင်မူ ဝမ်ပင်းကို သတ်ပစ်ချင်နေသော အငြိုးအတေးများ ပြည့်နှက်နေခဲ့ပြီး အံကြိတ်လျက် သူ၏ဘေးနားရှိ တာဝန်ခံကို ညွှန်ကြားလိုက်တော့သည်။

"ကျန်တဲ့လူတွေကိုတော့ ဒီလျှပ်စီးရေကန်နားမှာပဲ ခေတ္တစောင့်ဆိုင်းခိုင်းထားလိုက်ပါ။ ပြီးရင် လင်းခန်းဆောင်ကို သွားဖွင့်လိုက်စမ်း"

လင်းခန်းဆောင်။

ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါတွင်မူ ဝမ်ပင်း၏ စိတ်ဝင်စားမှုမှာ ရုတ်ချည်း မြင့်တက်သွားခဲ့တော့သည်။

အစွန်းရောက်နယ်ပယ်တောင်မှ လူများက အခြားသော ပြင်ပလူများကို လျှပ်စီးရေကန်၏ နောက်ကွယ်တွင် ပိတ်ဆို့တားဆီးထားခဲ့သဖြင့် လူအုပ်ကြီးကြား၌ စိတ်ပျက်မှုအချို့ ရှိနေခဲ့သော်လည်း မတတ်နိုင်ပါချေ။

လူတိုင်းသည် အစွန်းရောက်နယ်ပယ်တောင်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်ရှိုင်းလှသော အခြေခံအုတ်မြစ်ကို စိတ်ထဲမှနေ၍ အသိအမှတ်မပြုဘဲ မနေနိုင်ကြတော့ပေ။ လျှပ်စီးရေကန်ကို ပြသလိုက်ခြင်းကပင် တကယ့်ကို ပြင်းထန်လှသော ထုတ်ကြွားမှုတစ်ခု ဖြစ်သည်။

ဒါဆိုရင်... လင်းခန်းဆောင်ဆိုတဲ့ နေရာကကော... အဲဒါထက်တောင် ပိုပြီး ကြောက်စရာကောင်းနေဦးမှာလား...

မကြာမီအချိန်အတွင်းမှာပင် ဝမ်ပင်းနှင့် ခွေးကြီးတစ်ကောင်သည် ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီး၏ နောက်ကွယ်မှနေ၍ အစွန်းရောက်နယ်ပယ်တောင်၏ ပိုမိုနက်ရှိုင်းသော နေရာဆီသို့ လိုက်ပါလာခဲ့ကြပြီး ကျောက်တုံးတံခါးကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြတော့သည်။

မီးခိုးရောင် ကျောက်တုံးတံခါးကြီး၏ အပြင်ဘက်တွင် ရပ်နေရုံမျှဖြင့်ပင် ဝမ်ပင်းသည် သူထံသို့ ရိုက်ခတ်လာသော ရှေးဟောင်းအရှိန်အဝါတစ်ခုကို အာရုံခံမိနေခဲ့ပြီ ဖြစ်သည်။

ပိုင်ဖုန်းသည် ယခုအချိန်တွင် ရှေ့သို့ လှမ်းတက်လိုက်ပြီး ကျောက်တုံးတံခါးကြီးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်ရာ အတွင်းပိုင်း၌ အလွန်တရာ ကျယ်ဝန်းလှသော ကျောက်ခန်းဆောင်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။

ထိုခန်းဆောင်၏ အတွင်းပိုင်း ကျောက်နံရံများပေါ်တွင်မူ ထူထပ်လှသော လျှို့ဝှက်အမှတ်အသား ကျောက်စာများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ရောက်ရှိနေကြသော လူအားလုံးအတွက်မူ နားလည်ရန် လုံးဝ မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။

သို့သော်လည်း ပိုင်ဖုန်း၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်နေခဲ့ပြီး သူသည် ဝမ်ပင်းကိုလည်း တားဆီးပိတ်ပင်ခြင်းမရှိဘဲ စိတ်ကြိုက် လေ့လာကြည့်ရှုခွင့် ပေးထားခဲ့ပုံပင်။

ဝမ်ပင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။

ပိုင်ဖုန်းက ဘာဖြစ်လို့ သူ့ကို လုံးဝ လာရောက် မတားဆီးတာလဲ။

ကြယ်သုံးပွင့်အဆင့် ဂိုဏ်းမှလူများက သူ လိုက်ပါလာရန် တောင်းဆိုခဲ့သည်ဆိုသော်လည်း သူသည် ပြင်ပလူတစ်ယောက်သာ ဖြစ်နေသေးရာ အစွန်းရောက်နယ်ပယ်တောင်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရနေခြင်းမှာ မရိုးရှင်းပေ။

ထိုအချိန်တွင် ပိုင်ဖုန်းက စတင်၍ ပြောလိုက်သည်။

"မိတ်ဆွေတို့ ခင်ဗျာ... ဒါကတော့ ကျွန်တော်တို့ အစွန်းရောက်နယ်ပယ်တောင်ရဲ့ အထွတ်အမြတ်ထားရာ တားမြစ်နယ်မြေဖြစ်ပြီး အဓိက တပည့်ရင်းတွေကိုပဲ ဝင်ရောက်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ကြီးက မှာကြားထားပါတယ်။ အကယ်၍ မိတ်ဆွေတို့ရဲ့ ဂိုဏ်းနှစ်ခုကသာ ကျွန်တော်တို့ အစွန်းရောက်နယ်ပယ်တောင်ကို ကူညီပံ့ပိုးပေးမယ်ဆိုရင်... မိတ်ဆွေတို့ဂိုဏ်းက တပည့်တွေကို ဘယ်လိုကန့်သတ်ချက်မှမရှိဘဲ လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမှာဖြစ်ပြီး ဒီလင်းခန်းဆောင်ထဲမှာ လွတ်လပ်စွာ ဝင်ရောက်ကျင့်ကြံခွင့် ပေးသွားမှာ ဖြစ်ပါတယ်"

"ဒါက ဘာကြီးလဲဟင်..."

ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးသည် အခန်းထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်ပြီး အေးစက်လှသော ကျောက်နံရံကို လက်ဖြင့် ထိတွေ့လိုက်ကာ ထူးဆန်းလှသော လျှို့ဝှက်ပုံစံများကို သေသေချာချာ လိုက်လံစမ်းသပ်ကြည့်ရှုလိုက်သည်။

သို့သော်လည်း ကျောက်တုံး၏ အေးစက်သော အာရုံခံစားမှုမှတစ်ပါး အခြားမည်သည့် ထူးခြားဆန်းပြားမှုကိုမျှ သူမ မသိရှိနိုင်ခဲ့ပေ။

သူမသည် ဗီဇအရပင် ကျောက်နံရံကြီး၏ ရှေ့မှောက်၌ မှင်သက်စွာ ရပ်ကြည့်နေသော ဝမ်ပင်းထံသို့ အကြည့်ကို ပို့လွှတ်လိုက်တော့သည်။

ယင်းကို မြင်လိုက်ရသည့်အခါတွင်မူ ပိုင်ဖုန်းက မထင်မရှား လေသံဖြင့် ဆိုလိုက်၏။

"ဝမ်ပင်း... မင်း ဒါကို ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး။ ဒါက လျှပ်စီးငါးရှဉ့်တွေလို အရာမျိုး မဟုတ်ဘူးကွ။ မင်းက ကမ္ဘာပတ်ပြီး အတွေ့အကြုံတွေ အများကြီးရှိလို့ တချို့အရာတွေကို မှတ်မိနိုင်ခဲ့တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း ကြယ်သုံးပွင့်အဆင့် ဂိုဏ်းက အကြီးအကဲက မင်းကို အဖော်အဖြစ် ခေါ်လာခိုင်းရုံနဲ့တင်... မင်းကိုယ်မင်း တကယ်ပဲ အရာရာကို သိမြင်နိုင်တယ်လို့ ထင်နေတာလား"

ဝမ်ပင်းသာမက အရှေ့အိုင်တစ်ခုလုံးတွင် ရှိသမျှသော လူများအားလုံးပင် ဤရှေးဟောင်း ကျောက်စာအမှတ်အသားများကို မည်သို့မျှ နားလည်နိုင်ကြမည် မဟုတ်ပါချေ။

ဤရှေးဟောင်း ကျောက်စာအမှတ်အသားများကသာ ဤထူးခြားဆန်းပြားလှသော လင်းခန်းဆောင်ကြီးကို တည်ဆောက်ပုံဖော်ထားခြင်းပင်။

ဒါက အစွန်းရောက်နယ်ပယ်တောင်၏ စစ်မှန်သော အနှစ်သာရ အခြေခံအုတ်မြစ်ပဲ။

ဒါက မဆင်မခြင် အပြစ်ရှာလို့ရတဲ့ အရာမျိုး လုံးဝမဟုတ်ဘူး။

ပိုင်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်မှာ အကယ်၍ ဝမ်ပင်းသာ ဤနေရာမှ စာလုံးတစ်လုံးတည်းကိုပင် မှတ်မိအောင် ပြောနိုင်ခဲ့မည်ဆိုပါက သူသည် ဝမ်ပင်း၏ ရှေ့မှောက်၌ ဒူးထောက်ကာ ဝပ်စင်းပစ်လိုက်မည်ဟူ၍ပင်။

သို့သော်လည်း ထိုခဏ၌ပင် ဝမ်ပင်းက မည်သို့မျှ ဂရုမစိုက်ဟန်ဖြင့် ကြားဖြတ်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။

"နဂါးနံရံကျောက်စာပဲ... ဒါက တကယ်တော့ ဝိညာဉ်စွမ်းအင်စုစည်းမှု အစီအရင်ခံကွင်းတစ်ခုပဲဥစ္စာကို"

All Chapters