← Chapters

အခန်း ၃၂၈

Vol. 29 Ch. 328

အခန်း ၃၂၈

Vol. 29 Ch. 328

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၂၈) - ညမိစ္ဆာတံဆိပ်ပြား

ဘာသာပြန် - အားသစ်

ဤတံဆိပ်ပြားလေးက ရိုးရှင်းပြီး အလှဆင်ထားခြင်းမရှိသော်လည်း လက်ရာမှာမူ အလွန်ပင် ထူးခြားဆန်းပြားလှပေသည်။ အထူးသဖြင့် အလယ်ဗဟိုတွင် ထွင်းထုထားသော ညမိစ္ဆာဟူသည့် စာလုံးကြီးနှစ်လုံးက ထင်ထင်ရှားရှားရှိနေ၏။

သာမန်ကာလျှံကာ မဆန်းစစ်ဘဲ ကြည့်လျှင်ပင် ယင်းက ညမိစ္ဆာတံဆိပ်ပြားဖြစ်ကြောင်း သိသာလှသည်။

လင်းဖုန်း ယခင်က ညမိစ္ဆာအဖွဲ့အစည်းနှင့် ပတ်သက်သည့် ကောလာဟလတချို့ကို စုံစမ်းမေးမြန်းခဲ့ဖူးသည်။ ညမိစ္ဆာအဖွဲ့အစည်း၏ အဖွဲ့ဝင်အများစုက သာမန်အဆင့်များသာဖြစ်ကြပြီး အလွန်နည်းပါးသော လူတစ်စုသာလျှင် ဤကဲ့သို့ ညမိစ္ဆာတံဆိပ်ပြားကို ပိုင်ဆိုင်ခွင့်ရှိကြသည်။

ညမိစ္ဆာတံဆိပ်ပြားကို ကိုင်ဆောင်ထားသူများက မည်သည့်အကျိုးခံစားခွင့်များ ရရှိသည်ကိုမူ လင်းဖုန်းပင် ရေရေရာရာ မသိချေ။ အကြောင်းမှာကား ညမိစ္ဆာတံဆိပ်ပြားရှိသည့် သိုင်းသမားက အလွန်ပင် ရှားပါးလှသောကြောင့်ပင်။

အတိတ်ကာလက လင်းဖုန်း သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတချို့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။ ထိုသူများအားလုံးက ညမိစ္ဆာအဖွဲ့အစည်း၏ အဖွဲ့ဝင်များ ဖြစ်ကြ၏။ လင်းဖုန်း သူတို့ကို သတ်ဖြတ်ပြီးနောက်တွင် ညမိစ္ဆာအဖွဲ့က ဆက်လက်လှုပ်ရှားခြင်း မရှိတော့ချေ။ ထိုစဉ်က လင်းဖုန်းတွင်လည်း လုပ်ဆောင်စရာ ကိစ္စရပ်များစွာ ရှိနေခဲ့သဖြင့် ညမိစ္ဆာအဖွဲ့အစည်းအကြောင်းကို ဆက်လက်စုံစမ်းစစ်ဆေးခြင်း မပြုဖြစ်ခဲ့ပေ။

သို့သော်လည်း ယခုအခါတွင်မူ သူတော်စင်ဘာတိုင်က ညမိစ္ဆာအဖွဲ့အစည်းနှင့် အမှန်တကယ် ပတ်သက်ဆက်နွှယ်နေ၏။ ဤကိစ္စက်ု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

“မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်ဘူး။ ဘာတိုင်က ဘယ်လိုလုပ်ပြီး ညမိစ္ဆာအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေရတာလဲ”

လင်းဖုန်း၏ လက်ထဲရှိ တံဆိပ်ပြားကို မြင်လိုက်ရသောအခါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာအမူအရာက ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူ ဘာတိုင်နှင့် အမြဲတမ်း သဘောထားချင်း မတိုက်ဆိုင်ခဲ့သည်မှာ အမှန်ပင်။ ယခင်က ကာကွယ်သူအဖွဲ့ ဌာနချုပ်၌ ဘာတိုင်အပေါ် သတ်ဖြတ်လိုစိတ်ပင် ရှိခဲ့ဖူးပြီး အသက်လုတိုက်ပွဲလည်း ဆင်နွှဲခဲ့ဖူးသည်။

သို့သော်လည်း သူတော်စင်ဘာတိုင်က ညမိစ္ဆာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးချေ။

“ကျောင်းအုပ်ကြီး... ညမိစ္ဆာအဖွဲ့အစည်းအကြောင်းကို ကျောင်းအုပ်ကြီး ဘယ်လောက်အထိ သိထားလဲ”

လင်းဖုန်း လက်ထဲမှ ညမိစ္ဆာတံဆိပ်ပြားကို အထပ်ထပ်အခါခါ လှန်လှောကြည့်ရှုရင်း လေသံအေးအေးဖြင့် မေးမြန်းလိုက်သည်။

“ညမိစ္ဆာ... အဲ့ဒါက ဆိုးယုတ်တဲ့ အဖွဲ့အစည်းတစ်ခုပဲ။ သူတော်စင်ခန်းက တစ်ချိန်က သူတော်စင်ကိုးပါးရဲ့ အင်အားကို ပူးပေါင်းပြီးတော့ ညမိစ္ဆာအဖွဲ့အစည်းကို ရှာဖွေဖို့ အဓိကအုပ်စုကြီးငါးခုလုံးကို လှုံ့ဆော်ခဲ့ဖူးတယ်။ လူပေါင်းများစွာကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ အဲဒီလူတွေအကုန်လုံးက သာမန်အဖွဲ့ဝင်တွေချည်းပဲ။ ညမိစ္ဆာအဖွဲ့အစည်းကို စတင်တည်ထောင်တဲ့သူက ဘယ်သူလဲဆိုတာကိုတော့ ငါတို့ အခုအချိန်ထိ ဘာသဲလွန်စမှ မရသေးဘူး”

“ငါတို့ ဖမ်းဆီးခဲ့ဖူးသမျှ အားအကောင်းဆုံး ညမိစ္ဆာအဖွဲ့ဝင်တွေဆိုလို့ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေပဲ ရှိခဲ့တာ။ ဒါပေမဲ့ ဂုဏ်သရေရှိလှတဲ့ သူတော်စင်တစ်ပါးဖြစ်တဲ့ ဘာတိုင်က ညမိစ္ဆာအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေတယ်တဲ့လား... ဒါကြီးက... တကယ်ကို ဘယ်လိုမှကို ယုံနိုင်စရာမရှိဘူး”

အကယ်၍ ယင်းကို သူ့မျက်စိဖြင့် တပ်အပ်မမြင်ခဲ့ရလျှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် မည်သို့မျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။

နာမည်ဂုသတင်းကျော်ကြားလှသည့် သူတော်စင်တစ်ပါးက တကယ်တန်း ညမိစ္ဆာအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေခြင်းက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။

“ဘာတိုင်က ညမိစ္ဆာအဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့သူ ဖြစ်နေမလား”

လင်းဖုန်း ဖြစ်နိုင်ခြေတစ်ခုကို တွေးတောလိုက်မိသည်။ လူသားမျိုးနွယ်စုတွင် အားအကောင်းဆုံးသူများက သူတော်စင်ကိုးပါးပင်။ ဘာတိုင်က ထိုသူတော်စင်ကိုးပါးထဲမှ တစ်ဦးဖြစ်ပြီး ကြီးကျယ်လှသော အာဏာကို ပိုင်စိုးထားသည်။ အကယ်၍ သူသာ စတင်တည်ထောင်သူဆိုလျှင် ယင်းက အဓိပ္ပာယ်ရှိပေ၏။

မဟုတ်ဘဲ ဘာတိုင်က ညမိစ္ဆာအဖွဲ့အစည်း၏ အဖွဲ့ဝင်မျှသာ ဖြစ်နေခဲ့ပါက ထိုညမိစ္ဆာအဖွဲ့အစည်းကို စတင်တည်ထောင်သူမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေလိမ့်မည်။

“မဟုတ်ဘူး... ဘာတိုင်က ညမိစ္ဆာအဖွဲ့ကို စတင်တည်ထောင်တဲ့သူ လုံးဝမဟုတ်နိုင်ဘူး။ ဘာတိုင်က စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်ပြီး သူတော်စင်ဖြစ်လာတဲ့ သတ္တမမြောက်သိုင်းသမားပဲ။ အဲဒီမတိုင်ခင်ကတည်းက ညမိစ္ဆာအဖွဲ့က အရမ်းသောင်းကျန်းနေခဲ့တာ။ သူတော်စင် မဖြစ်သေးတဲ့ ဘာတိုင်က ညမိစ္ဆာအဖွဲ့ကို တည်ထောင်နိုင်မယ့် စွမ်းရည်မျိုး ဘယ်လိုလုပ်ရှိမှာလဲ”

လင်းဖုန်း ခေါင်းညိတ်လိုက်မိသည်။ ညမိစ္ဆာအဖွဲ့အစည်းက လူသိရှင်ကြား မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မလုပ်ဆောင်ခဲ့ဖူးသော်လည်း အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။ ထို့ပြင် အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်အများစုကလည်း တစ်ယောက်နှင့်တစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်း အပြန်အလှန် သိရှိကြခြင်း မရှိချေ။

သို့သော်လည်း ကြီးကျယ်လှသော စွမ်းအား၊ စုစည်းထားသော အရင်းအမြစ်များ၊ ဂိုဏ်းဂဏများနှင့် သတင်းအချက်အလက်များ ရယူနိုင်မည့် လမ်းကြောင်းများ မရှိပါက ညမိစ္ဆာအဖွဲ့အစည်းက မည်သို့လျှင် ဆက်လက်ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးမားလာနိုင်ပါမည်နည်း။

“ညမိစ္ဆာအဖွဲ့ကို တည်ထောင်တဲ့သူက သူတော်စင်ကိုးပါးထဲက တစ်ယောက်ယောက်များ ဖြစ်နေမလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က သူတော်စင်အဆင့်ကို ရောက်နေပြီဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတာများလား”

လင်းဖုန်း ညမိစ္ဆာအဖွဲ့အစည်းအပေါ် စိတ်ဝင်စားမှု ပိုမိုကြီးမားလာသည်။ သူ့မျက်ဝန်းများအတွင်း၌ အေးစက်စက် အလင်းတန်းတစ်ခုပင် ဖြတ်ပြေးသွား၏။

ဘာတိုင် ကာကွယ်သူအဖွဲ့ချုပ်ကို ဝိုင်းရံပိတ်ဆို့ခဲ့သည့် ကိစ္စတွင် ညမိစ္ဆာအဖွဲ့က ပါဝင်ပတ်သက်နေဖို့ အလွန် ဖြစ်နိုင်ချေများသည်။

လင်းဖုန်းသည် သူ့မိသားစုနှင့် သူချစ်ရသောသူများကို ခြိမ်းခြောက်သည့် မည်သူ့ကိုမျှ လုံးဝ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

ပြီးတော့ ဆက်သွယ်ရေးစက်လည်း ရှိနေသေးသည်။

လင်းဖုန်း သူ့လက်ထဲရှိ ဆက်သွယ်ရေးစက်ကို လှမ်းကြည့်လိုက်သည်။ ယင်းက အနည်းငယ် ပျက်စီးနေသလိုရှိ၏။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဆက်သွယ်ရေးစက်က သုံးမရတော့လောက်အောင် ပျက်စီးသွားခြင်း မရှိချေ။

လင်းဖုန်း ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်သည့် ခဏ၌ သူ့အကြည့်များက ရုတ်တရက် စူးရှသွားသည်။

ဆက်သွယ်ရေးစက်အတွင်း၌ ဆန်းကြယ်လှသော ကုဒ်နံပါတ်အစီအစဉ်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ အတွင်းရှိ သတင်းစကားမှာလည်း ဖျက်ပစ်ခံထားရခြင်း မရှိချေ။

“လျှို့ဝှက်ဆန်းကြယ်တဲ့သူ”

လင်းဖုန်း၏ မျက်နှာအမူအရာက တဖြည်းဖြည်း လေးနက်တည်ကြည်သွား၏။ သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခုပင် ရှိနေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူတော်စင်ဘာတိုင် ကာကွယ်သူအဖွဲ့ချုပ်ကို ဝိုင်းရံပိတ်ဆို့ခဲ့ခြင်းက ဤလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်၏ တွန်းအားပေးလှုံ့ဆော်မှုကြောင့် ဖြစ်ပေသည်။ ထိုကိစ္စရပ်အားလုံးက ဤလျှို့ဝှက်ဆန်းကြယ်သူနှင့် အတိအကျ သက်ဆိုင်နေသည်။ အမှန်တကယ်တန်းတွင် ဤလျှို့ဝှက်ဆန်းကြယ်သူကသာ တရားခံအစစ်အမှန် ဖြစ်ပေ၏။

သို့သော်လည်း လင်းဖုန်း အလွန်ဇဝေဇဝါ ဖြစ်နေရသည်။ ဤလျှို့ဝှက်ဆန်းကြယ်သူက သူတော်စင်ဘာတိုင်ကို ဆွဲဆောင်ခဲ့သည့် နည်းလမ်းမှာ ပဉ္စမအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၏ လျှို့ဝှက်ချက် ဖြစ်နေခြင်းပင်။ လက်ရှိအချိန်တွင် လူသားမျိုးနွယ်၌ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်ရှိ သူတော်စင်များသာ ရှိကြရာ ပဉ္စမအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဟူ၍ မည်သို့ ရှိနိုင်ပါမည်နည်း။

သို့သော်လည်း ဘာတိုင်က ထိုကိစ္စကို ယုံကြည်ခဲ့၏။ ဤသည်က အလွန်ပုံမှန်မဟုတ်လှချေ။ ဘာတိုင်က ဤမျှ ရိုးရှင်းလှသော အမှန်တရားကိုပင် ခွဲခြားသိမြင်နိုင်စွမ်းမရှိသည့် လူမိုက်တစ်ယောက် ဖြစ်လိမ့်မည်ဟု သူ မယုံချေ။

တစ်ခုခုတော့ လုံးဝမှားနေပြီ။

“မင်းက ညမိစ္ဆာအဖွဲ့ကို စတင်တည်ထောင်တဲ့သူ ဟုတ်ဟုတ် မဟုတ်ဟုတ်... ငါ ကာကွယ်စောင့်ရှောက်ချင်တဲ့သူတွေကို မင်းက အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တယ်။ မင်း ဘယ်သူလဲဆိုတာကို ငါ ဘာပဲပေးရပေးရ သေချာပေါက် ရှာဖွေဖော်ထုတ်ပြမယ်”

လင်းဖုန်း၏ မျက်ဝန်းများအတွင်း၌ အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဆက်သွယ်ရေးစက်အတွင်း၌ အကြောင်းအရာများစွာ ရှိနေသော်လည်း လျှို့ဝှက်ဆန်းကြယ်သူနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကမူ အလွန်ပင် နည်းပါးလှသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သူရော ဘာတိုင်ပါ အလွန်တရာ သတိကြီးပုံရ၏။

သို့သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သူက ဖျက်ဆီးခြင်းလှံတံကို ရယူလိုကြောင်း ထုတ်ဖော်ပြသခဲ့၏။ လင်းဖုန်းအနေဖြင့် လောင်ဘီသမ်မှတစ်ပါး ဖျက်ဆီးခြင်းလှံတံအကြောင်းကို မည်သူ့ကိုမျှ ပြောပြခဲ့ဖူးခြင်း မရှိချေ။ ထိုလျှို့ဝှက်ဆန်းကြယ်သူက ဖျက်ဆီးခြင်းလှံအကြောင်းကို မည်သို့ သိရှိသွားခဲ့ရသနည်း။

“လောင်ဘီသမ်...”

လင်းဖုန်းတစ်ယောက် အရာအားလုံးက ပိုမိုရှုပ်ထွေးလာသည်ဟု ခံစားလိုက်ရသည်။ ဤကိစ္စရပ်အားလုံးက လောင်ဘီသမ်နှင့် မသိမသာ ဆက်စပ်နေသကဲ့သို့ ရှိနေပြီး အရာအားလုံးက လောင်ဘီသမ်ကို ညွှန်ပြနေ၏။

သို့သော်လည်း အကယ်၍ လောင်ဘီသမ်သာ ဖျက်ဆီးခြင်းလှံတံကို လိုချင်ခဲ့ပါက ရယူနိုင်မည့် အခွင့်အရေးများစွာ ရှိနေခဲ့သည်။

ဤသို့ တွေးလိုက်မိကာ လင်းဖုန်း လောင်ဘီသမ်ကို ထပ်မံရှာဖွေချင်စိတ် ဖြစ်လာသည်။

ထို့ကြောင့် သူ လက်ထဲရှိ ဆက်သွယ်ရေးစက်ကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ထံသို့ ကမ်းပေးလိုက်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာအမူအရာက တဖြည်းဖြည်း တည်တင်းလာပြီး အနည်းငယ် တုန်လှုပ်အံ့အားသင့်သွားသည်။ ယင်းကို မြင်တွေ့လိုက်ရသည့် လင်းဖုန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကျောင်းအုပ်ကြီး... ကြည့်ရတာ လူသားမျိုးနွယ်စုကြားထဲမှာ ဖုံးကွယ်ထားတဲ့ သူတော်စင်တွေ တကယ်ရှိနေပုံရတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်သူက ဘာတိုင်ကိုတောင်မှ အရုပ်တစ်ရုပ်လို အသုံးချနိုင်ခဲ့တာပဲ။ သူ ဘယ်သူလဲဆိုတာကို ကျွန်တော် တကယ်ကို တွေ့ချင်မိတယ်။ ကျောင်းအုပ်ကြီး... နည်းပညာပိုင်းဆိုင်ရာ နည်းလမ်းတွေကတစ်ဆင့် ဒီလျှို့ဝှက်ဆန်းကြယ်သူ ချန်ထားခဲ့တဲ့ သတင်းစကားရဲ့ သဲလွန်စတွေကို ကူပြီးရှာပေးဖို့ ကျောင်းအုပ်ကြီးကို အကူအညီတောင်းရပါလိမ့်မယ်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ သေသေချာချာ စုံစမ်းစစ်ဆေးပေးပါ့မယ်။ ညမိစ္ဆာအဖွဲ့က သူတော်စင်တွေဆီအထိ လက်တံဆန့်တန်းထားနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး။ သူတော်စင်ကိုးပါးထဲမှာ နောက်ထပ် ညမိစ္ဆာအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်နေတဲ့သူတွေရော ရှိနေဦးမလားပဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်ဝန်းများအတွင်း၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အတိတ်ကာလက သူတော်စင်ခန်းရော သူပါ ညမိစ္ဆာအဖွဲ့အစည်းကို နာတာရှည်ရောဂါတစ်ခုကဲ့သို့သာ သတ်မှတ်ထားခဲ့ကြသည်။ ယင်းက အနည်းငယ် အနှောင့်အယှက်ဖြစ်စေသော်လည်း လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကိုမူ အမှန်တကယ် ထိခိုက်ပျက်စီးစေခြင်း မရှိခဲ့ချေ။

သို့သော် ယခုအခါတွင်မူ သူတို့ ညနတ်ဆိုးအဖွဲ့အစည်းကို လျှော့တွက်ခဲ့ကြပုံပင်။ အကယ်၍ ထိုအဖွဲ့က သူတော်စင်များအကြားသို့ပင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဆိုလျှင် ညမိစ္ဆာအဖွဲ့အနေဖြင့် မလုပ်ဆောင်နိုင်မည့်အရာဟူ၍ အဘယ်မှာ ရှိပါဦးမည်နည်း။

“ကျောင်းအုပ်ကြီး... သူတော်စင်ညီလာခံကို ကျင်းပဖို့ မလိုတော့ဘူး။ တခြားသူတော်စင်တွေကိုလည်း ဒီကိစ္စကို ဘာမှ အသိမပေးပါနဲ့ဦး”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်လည်း လေးနက်သော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ လင်းဖုန်းဆိုလိုသည့် အဓိပ္ပာယ်ကို သူ သဘာဝကျကျ နားလည်ပေသည်။

ဤလျှို့ဝှက်ဆန်းကြယ်သူက သူတော်စင်ကိုးပါးထဲတွင် ပုန်းအောင်းနေဖို့ အလွန်ဖြစ်နိုင်ချေများ၏။ အကယ်၍ သတင်းများ ပေါက်ကြားသွားခဲ့လျှင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူယုံကြည်ရသော လက်အောက်ငယ်သားကို ချက်ချင်း ဆက်သွယ်လိုက်ပြီး ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ ဆက်သွယ်မှုလှိုင်း အရင်းအမြစ်ကို အရေးပေါ် စုံစမ်းစစ်ဆေးခိုင်းလိုက်တော့သည်။

မကြာမီမှာပင် စုံစမ်းစစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာသည်။

“ဘာမှမရှိဘူး ဟုတ်လား။ ဘာလို့ ဘာမှမရှိရတာလဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာအမူအရာက အလွန်ပင် ကြည့်ရဆိုးသွားသည်။ သူ့လက်အောက်ငယ်သားများထံမှ ရရှိသော သတင်းအချက်အလက်များအရ စုံစမ်းစစ်ဆေးမှုရလဒ်မှာ အမှန်တကယ်ပင် ဗလာဖြစ်နေသည်။

အခြားတစ်ဖက်တွင်မူ လင်းဖုန်း၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။ သူ ဤကိစ္စကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ ထိုလျှို့ဝှက်ဆန်းကြယ်သူကို ဤမျှအလွယ်တကူ ဖော်ထုတ်နိုင်ပါက ဘာတိုင် သူ့အကြောင်းကို ဟိုးယခင်ကတည်းက အသေအချာ စုံစမ်းစစ်ဆေးထားပြီး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဆက်သွယ်ရေးစက်ပေါ်ရှိ သတင်းစကားအရ သူတော်စင်ဘာတိုင်သည်ပင် ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ အထောက်အထားကို မည်သို့မျှ မထောက်လှမ်းနိုင်ခဲ့ပုံရသည်။

“ကျောင်းအုပ်ကြီး... ကျွန်တော် လေသင်္ဘောဆီကို အရင်ပြန်နှင့်တော့မယ်”

လင်းဖုန်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို နှုတ်ဆက်လိုက်သည်။ စင်စစ်တွင်မူ အကယ်၍ သူ ထိုလျှို့ဝှက်ဆန်းကြယ်သူကို စုံစမ်းစစ်ဆေးလိုပါက လောင်ဘီသမ်၏ အကူအညီကိုသာ အားကိုးရမည်ဖြစ်ကြောင်း အသေအချာ သိရှိနေနှင့်ပြီသားပင်။

All Chapters