အခန်း ၃၂၉
Vol. 29 Ch. 329
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၂၉) - ရှာဖွေတွေ့ရှိခြင်း
ဘာသာပြန် - အားသစ်
လင်းဖုန်း လောင်ဘီသမ်အပေါ် သံသယတချို့ ရှိနေသော်လည်း သူ့ကို ပိုမိုယုံကြည်ရန်သာ ရွေးချယ်လိုက်တော့သည်။
“လောင်ဘီသမ်... မင်း ဒီသတင်းစကားကို ရရင် တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းပြန်ပေးပါ”
လင်းဖုန်း လေသင်္ဘောပေါ်သို့ ပြန်ရောက်ပြီးနောက် သူ၏ သိုင်းနယ်မြေကွန်ရက်အကောင့်ထဲသို့ ဝင်ရောက်ကာ စာတိုတစ်စောင် ပေးပို့လိုက်သည်။
ယင်းက လောင်ဘီသမ်၏ ပုံရိပ်ယောင်အကောင့်ပင်။ လင်းဖုန်း၏ သိုင်းနယ်မြေကွန်ရက်အကောင့်တစ်ခုတည်းတွင်သာ ဤအကောင့် ရှိနေခြင်းဖြစ်သည်။ အခြားသူများ ရှာဖွေကြည့်ရှုလျှင်ပင် ယင်းကို ရှာတွေ့နိုင်မည် မဟုတ်ချေ။ အကယ်၍ လောင်ဘီသမ်သာ ပုံရိပါယောင်ကွန်ရက်အတွင်း အမှန်တကယ်ရှိနေပါက ဤသတင်းစကားကို သူ သေချာပေါက် ရရှိပေလိမ့်မည်။
“ဟေ့... ဒါ တကယ်ပဲ မင်းလား။ ငါ အခုတင်ပဲ ရွှေတောင်မြို့မှာ သူတော်စင်တွေကြား တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကို ရလိုက်တယ်။ အဲဒါ မင်းဖြစ်မယ်လို့ ငါ ခန့်မှန်းထားတာကွ”
လောင်ဘီသမ် အမှန်တကယ်ပင် ပြန်လည်ပေါ်ထွက်လာ၏။ သူက အနည်းငယ်မျှ ပျက်စီးခြင်းမရှိဘဲ လုံးဝဥဿုံ အကောင်းပကတိအတိုင်း ပေါ်လာခြင်း ဖြစ်သည်။
“မင်း...မင်းက တတိယအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခဲ့တာလား”
“မင်း ဖျက်ဆီးခြင်းလှံတံကိုတောင် ပေါင်းစပ်နိုင်ခဲ့တယ်ပေါ့”
လောင်ဘီသမ် လင်းဖုန်းကို သေသေချာချာ စိုက်ကြည့်လိုက်ချိန်တွင် သူ့မျက်ဝန်းများက တုန်လှုပ်ခြောက်ချားမှုကြောင့် ပြူးကျယ်သွားရသည်။ ပထမဦးဆုံးအကြိမ်အဖြစ် သူ့လေသံအတွင်း၌ ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
တစ်အချိန်က လောင်ဘီသမ် လင်းဖုန်းကို အထင်ကြီးခြင်း သိပ်မရှိခဲ့ချေ။ သူ့အတွက် လင်းဖုန်းအပေါ် သတ်မှတ်ချက်မှာ ရိုးရှင်းလှသော စကားလုံးသုံးလုံးသာ ရှိသည်။ ကံကောင်းလို့…။
သို့သော် ယခုအခါ လင်းဖုန်း အသက်ဝိညာဥ်အသွင်ပြောင်းလဲခြင်းကို နှစ်ကြိမ်ဆက်တိုက် လုပ်ဆောင်နိုင်ခဲ့သည်။ အမှန်တကယ်တွင်မူ သူက တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်း၌ တတိယအကြိမ်မြောက် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။ သူ၏ ဒုတိယအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုပြီးချိန်မှစ၍ ရေတွက်လျှင် လအနည်းငယ်မျှသာ ကြာသေးသည်။
စကြာဝဠာ၏ စံနှုန်းများဖြင့် တိုင်းတာလျှင်ပင် လအနည်းငယ်အတွင်း တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ခြင်းက ရှားပါးပါရမီရှင်တစ်ဦး၏ လုပ်ရပ်ပင်။
အထူးသဖြင့် လင်းဖုန်းက အမှန်တကယ်ပင် ဖျက်ဆီးခြင်းလှံတံကို ပေါင်းစပ်နိုင်ခဲ့သည်။ ဤသည်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်ထက်ပင် ပို၍ မယုံကြည်နိုင်စရာ ကောင်းလှသည်။
“လောင်ဘီသမ်... မင်း အသက်အမြုတေအပိုင်းအစကို မှတ်မိသေးလား။ တိုက်ဆိုင်မှုတစ်ခုကြောင့် ငါ အဲဒီအသက်အမြုတေထဲက မှတ်ဉာဏ်တွေကို ပေါင်းစပ်နိုင်ခဲ့ပြီး အသက်အမြုတေကို အသုံးပြုနိုင်ခဲ့တယ်လေ။ အဲဒါကြောင့်ပဲ ငါ တတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ခဲ့ပြီးတော့ ဖျက်ဆီးခြင်းမူလအမြစ်ကို ယာယီ စုစည်းနိုင်ခဲ့တာပေါ့။ အဲ့ဒါကပဲ ဖျက်ဆီးခြင်းလှံတံကို လှုံ့ဆော်နိုင်ခဲ့တာပဲ”
လင်းဖုန်းအနေဖြင့် လောင်ဘီသမ်အပေါ် ဖုံးကွယ်ထားစရာ ဘာမျှမရှိချေ။ ထို့အပြင် လောင်ဘီသမ်သည်လည်း အသက်အမြုတေ အပိုင်းအစအကြောင်းကို သိရှိပြီး ဖြစ်သည်။
“မင်း အသက်အမြုတေ အပိုင်းအစကို ပေါင်းစပ်နိုင်ခဲ့တာလား။ ဒါက တကယ်ကို အံ့ဩစရာကောင်းတာပဲကွ။ အသက်အမြုတေ အပိုင်းအစတစ်ခုထဲမှာ ပါတဲ့ မှဝ်ဉာဏ်တွေရဲ့ ရိုက်ခတ်မှုက အရမ်းကြောက်စရာကောင်းတာ။ မင်းက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ်ပဲ လုပ်ရသေးတဲ့ သက်ရှိတစ်ယောက် ဖြစ်ပြီးတော့ အဲဒီရိုက်ခတ်မှုဒဏ်ကို တောင့်ခံနိုင်ခဲ့တယ်ပေါ့။ အသက်အမြုတေထဲက မှတ်ဉာဏ်တွေကိုတောင် ပေါင်းစပ်နိုင်ခဲ့သေးတယ် ဟုတ်လား။ ဒါကြီးက တကယ်ကို... ငါ ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး။ ဒါ သာမန်ကံကောင်းမှုသက်သက်နဲ့ လုပ်နိုင်တဲ့အရာမျိုး လုံးဝမဟုတ်တော့ဘူးကွ။ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငါတောင်မှ ထိုးဖောက်မမြင်နိုင်တဲ့ အရာတချို့ ရှိနေပုံရတယ်”
လောင်ဘီသမ် လင်းဖုန်းကို နောက်တစ်ကြိမ် အသေအချာ ထပ်မံစိုက်ကြည့်လိုက်ပြန်သည်။
သူ့အနေဖြင့် လင်းဖုန်းတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသည်ကို အတိအကျသိချင်နေသည်။ လင်းဖုန်းက ဘာဖြစ်လို့ အမြဲတမ်း အံ့ဖွယ်အမှုတွေကို ဖန်တီးနိုင်နေရတာလဲ။ သူ လောင်ဘီသမ်ကိုယ်တိုင်ပင် လင်းဖုန်းအပေါ် မှားယွင်းဆုံးဖြတ်မိခဲ့သည်။
ကံမကောင်းစွာဖြင့် မည်သို့ပင် ကြည့်ရှုစေကာမူ လင်းဖုန်းက ရိုးရိုးရှင်းရှင်းနှင့် ပုံမှန်အတိုင်း ရှိနေဆဲပင်။ သူက ဤကမ္ဘာပေါ်ရှိ အခြားသက်ရှိအများစုကဲ့သို့ သာမန်အတိုင်းဖြစ်နေပြီး မည်သည့် ထူးခြားထက်မြက်သည့် အသွင်လက္ခဏာမျှ မရှိချေ။
ဖြစ်နိုင်သည်မှာ ဤအချက်ကြောင့်ပင် လောင်ဘီသမ် သူ့အပေါ် မှားယွင်းဆုံးဖြတ်မိခဲ့ခြင်း ဖြစ်ရပေမည်။
“တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း။ တကယ်လို့ မင်းသာ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ခဲ့ရင် မင်း သခင်ကြီးရဲ့ အမွေအနှစ်အစစ်ကို လက်ခံရရှိနိုင်ပြီပဲ”
လောင်ဘီသမ်တစ်ယောက် လင်းဖုန်းအနေဖြင့် သခင်ကြီးဘီမွန်၏ အမွေအနှစ်ကို ရယူရန်နှင့် သခင်ကြီး၏ တပည့်တစ်ဦး ဖြစ်လာရန်အတွက် အခြေခံအခြေအနေများနှင့် အမှန်တကယ် ကိုက်ညီနိုင်လိမ့်မည်ဟု လက်ခံယုံကြည်သွားပုံရသည်။
ဤသည်ကို တွေးတောမိသောအခါ လောင်ဘီသမ်၏ လင်းဖုန်းအပေါ်ထားရှိသော သဘောထားက အနည်းငယ် ပြောင်းလဲသွားရသည်။ လင်းဖုန်းက ဘီမွန်၏ တပည့်ဖြစ်လာပြီး အမွေအနှစ်ကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် သူက လင်းဖုန်း၏ နောက်လိုက်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သူ့အနေဖြင့် လင်းဖုန်း၏ ဘဝတစ်လျှောက်လုံး ကူညီထောက်ပံ့ပေးရမည်ဖြစ်ပြီး ကောင်းတူဆိုးဖက် အတူတကွ ရုန်းကန်ကြရမည် ဖြစ်သည်။
“လောင်ဘီသမ်... ငါ မင်းရဲ့အကူအညီ လိုတယ်”
လင်းဖုန်း လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
“ဘာများလဲ”
လောင်ဘီသမ်သည် အနည်းငယ် တက်ကြွသွားသည်။ ယခုအခါ လင်းဖုန်းတွင် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်မည့် အလားအလာ အမှန်တကယ် ရှိနေ၏။ နောင်အနာဂတ်တွင် ဂြိုဟ်အဆင့်သက်ရှိတစ်ဦးပင် ဖြစ်လာနိုင်ချေ ရှိနေသည်။ ထို့ကြောင့် သူ တဖြည်းဖြည်း အားတက်သရောဖြစ်လာခြင်းပင်။
“ဒီဆက်သွယ်ရေးစက်ထဲက သတင်းအချက်အလက်တွေကို ကြည့်လိုက်။ ငါ့အတွက် ဒီလျှို့ဝှက်ဆန်းကြယ်သူကို မင်း ရှာဖွေပေးဖို့ လိုတယ်”
လင်းဖုန်း ဘာတိုင်၏ ဆက်သွယ်ရေးစက်ကို လောင်ဘီသမ်အား စစ်ဆေးရန် ကမ်းပေးလိုက်သည်။
“ဒါနဲ့... ကာကွယ်သူစက်ရုပ်ရဲ့ ထိန်းချုပ်မှုဗဟိုချက်လည်း ရှိသေးတယ်။ ဘာတိုင်က ကာကွယ်သူစက်ရုပ်ရဲ့ ထိန်းချုပ်မှုဗဟိုချက်ကို ဘယ်လိုနည်းလမ်းနဲ့ ရယူခဲ့လဲ ငါ မသိဘူး။ ဒါကလည်း အဲ့ဒီလျှို့ဝှက်ဆန်းကြယ်သူရဲ့ လက်ချက်ပဲ ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်”
လောင်ဘီသမ် ဆက်သွယ်ရေးစက်အတွင်းရှိ သတင်းစကားများကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ သူ့ မျက်ဝန်းများက တဖြည်းဖြည်း လေးနက်တည်ကြည်သွားရသည်။ သူလည်း ဤကိစ္စ၏ ကြီးလေးမှုကို သဘောပေါက်သွားပုံရသည်။
အကယ်၍ သူတော်စင်တစ်ပါးကိုပင် အရုပ်တစ်ရုပ်လို အသုံးချနိုင်ခဲ့သည်ဆိုလျှင် ဤညမိစ္ဆာက အမှန်တကယ်ပင် ပုံမှန်မဟုတ်လှချေ။
“ငါ့ကို အသိဉာဏ်ဗဟိုချက်ကို အရင်ပြဦး”
လောင်ဘီသမ် ချက်ချင်း ကာကွယ်သူစက်ရုပ်၏ အသိဉာဏ်ဗဟိုချက်အတွင်းသို့ ဝင်ရောက်သွားသည်။ မကြာမီမှာပင် သူ ပြန်လည်ထွက်ပေါ်လာ၏။ သို့သော်လည်း သူ့မျက်နှာအမူအရာကမူ အနည်းငယ် ထူးဆန်းနေသည်။
“မင်း ဘာများ ရှာတွေ့ခဲ့လဲ”
“ငါ ပရိုဂရမ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီပရိုဂရမ်အသေးစားလေးက ကာကွယ်သူစက်ရုပ်ရဲ့ အသိဉာဏ်ထိန်းချုပ်မှုဗဟိုချက်ကို သိမ်းပိုက်ခဲ့တာပဲ။ မင်းတို့ရဲ့ လက်ရှိနည်းပညာအဆင့်အတန်းနဲ့ဆိုရင် ဘယ်သူမှ ဒီပရိုဂရမ်ကို တီထွင်ဖန်တီးနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ အင်း… သေချာစဉ်းစားကြည့်ရအောင်... တကယ်လို့ ငါ မမှားဘူးဆိုရင် ဒါက တတိယမြောက်ယဉ်ကျေးမှုရဲ့ ပရိုဂရမ်တစ်ခုပဲ ဖြစ်ရမယ်”
“တတိယယဉ်ကျေးမှုလား”
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ ကာကွယ်သူစက်ရုပ်က တတိယယဉ်ကျေးမှု၏ ထုတ်ကုန်တစ်ခုဖြစ်၏။ တတိယယဉ်ကျေးမှုမှ ဖန်တီးခဲ့သည့် စစ်ပွဲသုံးစက်ရုပ်ကြီးပင်။ ထို့ကြောင့် သဘာဝကျစွာပင် တတိယယဉ်ကျေးမှု၏ ပရိုဂရမ်ကို အသုံးပြုကာ ကာကွယ်သူစက်ရုပ်ကို ထိန်းချုပ်နိုင်ပေသည်။
သို့သော်လည်း မည်သူကများ တတိယယဉ်ကျေးမှု၏ ပရိုဂရမ်ကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါမည်နည်း။
ထိုနည်းပညာကို လူသားသိပ္ပံပညာရှင်များ၏ ရှေ့မှောက်တွင် ချထားပေးပြီး ဆယ်နှစ်တိုင်တိုင် သုတေသနပြုခိုင်းလျှင်ပင် အသေအချာ နားလည်သဘောပေါက်ရန် မဖြစ်နိုင်ချေ။ ကာကွယ်သူစက်ရုပ်ကို ထိန်းချုပ်ရန် အသုံးပြုဖို့ရာကား ပို၍ပင် မဖြစ်နိုင်ချေ။
တစ်ဖက်လူက တတိယယဉ်ကျေးမှုမှ သက်ရှိတစ်ဦး ဖြစ်နေမှသာ ဖြစ်နိုင်ပေလိမ့်မည်။
“လောင်ဘီသမ်... တတိယယဉ်ကျေးမှုက တချို့သက်ရှိတွေက အထူးနည်းလမ်းတွေကနေတစ်ဆင့် လက်ရှိအချိန်အထိ အသက်ရှင်ကျန်ရစ်နေဖို့ ဖြစ်နိုင်ပါ့မလား”
“မဖြစ်နိုင်ဘူး”
လောင်ဘီသမ်၏ လေသံက ပြတ်သားလှသည်။
“ယဉ်ကျေးမှုတစ်ခု ပျက်စီးတယ်ဆိုတာ မင်း စိတ်ကူးထားသလို ရိုးရှင်းမနေဘူးကွ။ အတိုချုပ်ပြောရရင် တတိယယဉ်ကျေးမှု ပျက်စီးသွားခဲ့ပြီဆိုရင် အဲ့ဒါက လုံးဝပျက်သုဉ်းသွားလို့ပဲ။ ဘယ်သက်ရှိမှ လက်ရှိအချိန်အထိ အသက်ရှင်ကျန်ရစ်နေဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါ မင်းအတွက် ဒီလျှို့ဝှက်ဆန်းကြယ်သူကို သေချာပေါက် ရှာဖွေပေးမယ်။ အဲဒီအချိန်ကျရင်တော့ အမှန်တရားက သဘာဝအတိုင်း ပေါ်လာလိမ့်မယ်”
လောင်ဘီသမ်က ယောင်ဝါးဝါးသာ ပြောဆိုခဲ့ပြီး ယဉ်ကျေးမှုပျက်စီးရခြင်း အကြောင်းရင်းကိုမူ ပြောပြရန် ငြင်းဆန်နေဆဲပင်။ သူ တစ်ခုခုကို စိုးရိမ်ထိတ်လန့်နေပုံရသည်။
ထို့နောက် လောင်ဘီသမ် ဆက်သွယ်ရေးစက်အတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူ သတင်းစကား ပေးပို့ခဲ့သည့် တည်နေရာကို ဆန်းစစ်ထောက်လှမ်းလိုက်၏။
လူသားတို့၏ နည်းပညာဆိုင်ရာ နည်းလမ်းများဖြင့်ဆိုလျှင် လိပ်စာအလွတ်တစ်ခုကိုသာ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သော်လည်း လောင်ဘီသမ်မှာ အဆင့်မြင့်နည်းပညာယဉ်ကျေးမှုမှ စက်မှုသက်ရှိတစ်မျိုး ဖြစ်ပေသည်။ နည်းပညာယဉ်ကျေးမှုအတွင်း၌ သူ နားမလည်နိုင်သောအရာဟူ၍ အလွန်ရှားပါးလှ၏။
လောင်ဘီသမ် ဆက်သွယ်ရေးစက်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သူ၏ သတင်းအချက်အလက်များကို ပိုက်သိပ်တိုက် ဆက်လက်ထောက်လှမ်းနေခဲ့သည်။ သူ၏ ခြေရာခံနည်းလမ်းများက လူသားတို့၏ လက်ရှိနည်းပညာအဆင့်အတန်းထက် များစွာသာလွန်လှသည်။
“စိတ်ဝင်စားစရာပဲ။ တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲ။ ဖုံးကွယ်မှုနည်းလမ်းအမျိုးမျိုး သုံးထားပြီးတော့ သရုပ်သကန်အတုတွေကိုပါ လုပ်ထားလို့ ဒီကောင် သူ့ရဲ့သီးခြားလှိုင်းအချက်ပြမှုကို ကမ္ဘာ့အနှံ့က ထောင့်ပေါင်းစုံမှာ ဖုံးကွယ်ထားနိုင်တာပဲ။ ပုံရိပ်ယောင်ကွန်ရက်ရှိတဲ့ ဘယ်နေရာမဆို ဒီလျှို့ဝှက်ဆန်းကြယ်သူ ပုန်းအောင်းရာနေရာ ဖြစ်နေနိုင်တယ်။
ဒါက ဗဟိုပင်လယ်မြို့လား။ လျှိုမြို့၊ ကျင်းမြို့တော်နဲ့ နဂါးကျောက်တုံးမြို့တွေမှာလည်း ရှိနေသေးတယ်လား။
မဟုတ်ဘူး... တခြားပြင်ပနယ်မြေ အခြေစိုက်စခန်းတွေ အများကြီးမှာလည်း ရှိနေသေးတယ်။ ဒါက... အန္တိမစစ်သေနာပတိချုပ်များဌာနလား။ သူတော်စင်ညီလာခံလား”
လောင်ဘီသမ် အမည်တစ်ခုစီကို ရွတ်ဆိုလိုက်တိုင်း လင်းဖုန်း၏ မျက်နှာအမူအရာက ပိုမိုလေးနက်တည်ကြည်လာသည်။
“ဒါပေမဲ့ အဲ့ဒါတွေအားလုံးက သရုပ်သကန်ပြောင်းထားတာတွေပဲ။ မင်းရဲ့ လှိုင်းအချက်ပြမှု အရင်းအမြစ်အစစ်ကို ငါ ဘယ်လိုရှာပြမလဲဆိုတာ စောင့်ကြည့်နေလိုက်”
ဤကဲ့သို့သော ဖုံးကွယ်မှုနည်းလမ်းမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ ယင်းက ရှေးဟောင်းယဉ်ကျေးမှု၏ နည်းပညာဆိုင်ရာ နည်းလမ်းတစ်ခု ဖြစ်ပုံရသည်။ လူသားများအနေဖြင့် လုံးဝခြေရာမခံနိုင်ဘဲ ညမိစ္ဆာအဖွဲ့အစည်းကို မည်သို့မျှ မတတ်နိုင်ခဲ့ကြခြင်းမှာ မဆန်းတော့ချေ။
နည်းပညာပိုင်းဆိုင်ရာ ကွာဟချက်တစ်ခုတည်းနှင့်ပင် ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ နောက်ကောက်ကျနေရာ သူတို့ မည်သို့လျှင် ခြေရာခံနိုင်ပါမည်နည်း။
သို့သော်လည်း လောင်ဘီသမ်ကမူ ကွဲပြားခြားနားလှသည်။ သူက အဆင့်မြင့်နည်းပညားယဉ်ကျေးမှုမှ ရောက်လာခဲ့ခြင်းဖြစ်၏။ ထို့အပြင် သူက စက်မှုသက်ရှိတစ်မျိုးလည်း ဖြစ်သည်။ လှိုင်းအချက်ပြမှုကို ခြေရာခံခြင်းမှာ လောင်ဘီသမ်အတွက် ကလေးကစားစရာမျှသာ ဖြစ်ပေသည်။
“ရှာတွေ့ပြီ။ ဒါပေမဲ့... အဲ့ဒါက ဘာဖြစ်လို့ အဲဒီနေရာမှာ ရှိနေရတာလဲ”
ရုတ်တရက် လောင်ဘီသမ်၏ အသံက အနည်းငယ် ထူးဆန်းသွားသည်။
“ဘယ်နေရာမှာလဲ” လင်းဖုန်း အလျင်အမြန် မေးမြန်းလိုက်၏။
လောင်ဘီသမ် လင်းဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“လှိုင်းအချက်ပြမှုက... အနန္တလမ်းစဉ်အကယ်ဒမီထဲမှာ ပေါ်နေတာ”