အခန်း ၃၃၀
Vol. 29 Ch. 330
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၃၀) - ဟိုးယခင်ကတည်းက လေးစားအားကျခဲ့ရသူ
ဘာသာပြန် - အားသစ်
“အနန္တလမ်းစဉ်အကယ်ဒမီ ဟုတ်လား...”
လင်းဖုန်း ချက်ချင်းပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ယနေ့တစ်နေ့လုံး လင်းဖုန်းဘေးနားတွင်သာ ရှိနေခဲ့သည်။ သို့ဖြစ်ရာ သူက မည်သို့နှယ် ထိုလျှို့ဝှက်ဆန်းကြယ်သူ ဖြစ်နိုင်ပါမည်နည်း။
“လောင်ဘီသမ်... မင်း အမှားအယွင်း လုံးဝမရှိဘူးဆိုတာ သေချာရဲ့လား”
“မှားစရာ အကြောင်းမရှိဘူး။ ဒီကောင်က အရမ်းသိုသိုဝှက်ဝှက် လုပ်ဆောင်ခဲ့ပြီးတော့ တတိယယဉ်ကျေးမှုရဲ့ တချို့နည်းပညာတွေကိုတောင် အသုံးပြုထားခဲ့တယ် ဆိုပေမဲ့ ငါ့မျက်စိထဲမှာတော့ ဒီဖုံးကွယ်မှုပိစိလေးက ဘာမှမဟုတ်ပါဘူး။ တိုက်ခိုက်ရေးစွမ်းအားပိုင်းမှာ ငါ မင်းကို မယှဉ်နိုင်တာ မှန်ပေမဲ့ နည်းပညာပိုင်းမှာတော့ ဒီကမ္ဘာပေါ်မှာ ငါ့ထက် ပိုအားကောင်းတဲ့သူ ရှိလိမ့်မယ်လို့ ငါ မထင်ဘူး”
လောင်ဘီသမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ အဆင့်မြင့်နည်းပညာယဉ်ကျေးမှုမှ စက်မှုသက်ရှိတစ်ခုအနေဖြင့် သူ့တွင် ဤကဲ့သို့သော ယုံကြည်မှုမျိုး အပြည့်အဝ ရှိပေသည်။
“အနန္တလမ်းစဉ်အကယ်ဒမီ...”
လင်းဖုန်း ချက်ချင်းပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို အကြောင်းကြားလိုက်သည်။
“ကျောင်းအုပ်ကြီး... ကျွန်တော် ရှာတွေ့ပြီ”
“ရှာတွေ့ပြီ ဟုတ်လား။ ဘယ်နေရာမှာလဲ”
“အနန္တလမ်းစဉ်အကယ်ဒမီထဲမှာ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်နှာအမူအရာကလည်း ချက်ချင်း တောင့်တင်းသွားတော့သည်။
…
“မြန်မြန်လုပ်ကြ။ ဆယ်မိနစ်အတွင်း ဟောပြောပွဲ စတော့မယ်”
“မြန်မြန်... မြန်မြန်လုပ်။ ဒါက ငါတို့တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးဟ။ ငါတို့အနန္တလမ်းစဉ်အကယ်ဒမီရဲ့ ဂန္ထဝင်သိုင်းပညာရှင်ကြီး မိခင်ကျောင်းတော်ဆီကို ပြန်လာတာ ရှားတယ်။ ဒီလို ဟောပြောပွဲမျိုးကို နားထောင်ခွင့်ရဖို့ဆိုတာ တကယ်ကို မလွယ်ဘူးကွ”
“ဒါပေါ့...စီနီယာအဆင့်အတန်းက ဘယ်လောက်တောင် ဂုဏ်သရေရှိလိုက်သလဲ။ ဒုကျောင်းအုပ်ကြီးတောင် သူ့ဘေးနားမှာဆို ရိုရိုကျိုးကျိုး နေရတာ”
အနန္တလမ်းစဉ်အကယ်ဒမီအတွင်းရှိ ကျောင်းသားများစွာမှာ အကယ်ဒမီဝင်းအတွင်းရှိ ရင်ပြင်ကြီးဆီသို့ အပြေးအလွှား သွားနေကြသည်။
ကျောင်းသားအားလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်ကြီးသော အရိပ်အယောင်များ ပေါ်ထွက်နေကြ၏။
အနန္တလမ်းစဉ်အကယ်ဒမီသည် ယနေ့တွင် အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးကို ကြိုဆိုရမည်ဖြစ်သည်။ ထိုသူမှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ သမိုင်းတစ်လျှောက်တွင် အလွန်အရေးပါလှသော သိုင်းပညာရှင်ကြီးတစ်ဦးဖြစ်၏။ ထိုသူကား တုန်ဖန်းရှန်ပင်တည်း။
ယခင်က နတ်ဆိုးဘုရင်ဟု လူသိများခဲ့သော တုန်ဖန်းရှန်သည် အနန္တလမ်းစဉ်အကယ်ဒမီ၌ အမြဲတမ်း ဂန္ထဝင်တစ်ဦး ဖြစ်ခဲ့၏။ လက်ရှိအချိန်အထိပင် နတ်ဆိုးဘုရင် တုန်ဖန်းရှန်နှင့်ပတ်သက်သည့် ဂန္ထဝင်ပုံပြင်များက အနန္တလမ်းစဉ်အကယ်ဒမီအတွင်း၌ ပျံ့နှံ့နေဆဲပင်။
အကယ်၍ နောက်ပိုင်းတွင် အနန္တလမ်းစဉ်အကယ်ဒမီ၌ ပိုမိုပြင်းထန်အားကောင်းလှသော စီနီယာလင်းဖုန်းသာ ပေါ်ထွက်မလာခဲ့ပါက နတ်ဆိုးဘုရင်၏ ဂန္ထဝင်ပုံပြင်က အနန္တလမ်းစဉ်အကယ်ဒမီ၌ ဆက်လက်ကြီးစိုးနေဦးမည်သာဖြစ်သည်။
တုန်ဖန်းရှန်သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ထားနိုင်သည့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးအဖြစ် မိခင်ကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက သဘာဝကျကျပင် အာရုံစိုက်ခံရပြီး အနန္တလမ်းစဉ်အကယ်ဒမီရှိ မျိုးဆက်သစ်လူငယ်များ၏ ထက်သန်လှသော ရိုသေလေးစားမှုကို ရရှိနေခဲ့သည်။
သိုင်းသမားအများစုအနေဖြင့် အသက်အရွယ် ငယ်ရွယ်နုပျိုလှသော သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမားတစ်ဦး၏ မိန့်ခွန်းကို နားထောင်ခွင့်ရမည့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝ လက်လွတ်ခံကြမည် မဟုတ်ချေ။
ယခုလက်ရှိအချိန်တွင် အနန္တလမ်းစဉ်အကယ်ဒမီ၏ ရင်ပြင်ကြီးတစ်ခုလုံးက လူများဖြင့် ပြည့်နှက်နေလေပြီ။ အနန္တလမ်းစဉ်အကယ်ဒမီရှိ ကျောင်းသားများစွာက ရင်ပြင်ကြီးတစ်ခုလုံးကို ပြွတ်သိပ်ပြည့်လျှံသွားစေခဲ့၏။
ဤကျောင်းသားများအားလုံးက ပရော်ဖက်ရှင်နယ်သိုင်းသမားများ ဖြစ်ကြသည်။ သို့သော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားနိုင်သည့် ဆရာတချို့ပင် ဤရင်ပြင်ကြီးသို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့က တုန်ဖန်းရှန်ထက် အသက်အရွယ် ပိုကြီးရင့်ကြသော်လည်း သိုင်းတာအိုလမ်းစဉ်တွင်မူ ပိုမိုအောင်မြင်ပေါက်မြောက်သူကသာ စီနီယာဖြစ်ပေသည်။ သူတို့သည်လည်း သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမားတစ်ဦး၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုကို နားထောင်လိုကြသည်။
ရင်ပြင်စင်မြင့်ပေါ်ရှိ ထိုင်ခုံများကလည်း လူများစွာဖြင့် ပြည့်နှက်နေ၏။ သူတို့အားလုံးက အနန္တလမ်းစဉ်အကယ်ဒမီ၏ ခေါင်းဆောင်အဆင့်ဆင့် ဖြစ်ကြ၏။ အလယ်ဗဟိုတွင် ဒုကျောင်းအုပ်ကြီးရှိနေပြီး သူ့ဘေးနားတွင်မူ အလွန်ပင် ငယ်ရွယ်နုပျိုပုံရသော သိုင်းသမားတစ်ဦး ရှိနေသည်။
ထိုသူက ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် အလွန်အမင်း ထွားကျိုင်းလှသည်တော့ မဟုတ်ချေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထံမှ လွန်ကဲလှသော စွမ်းအားအရိပ်အယောင်များ ထွက်ပေါ်နေသည်။
သူကား အနန္တလမ်းစဉ်အကယ်ဒမီ၏ ဂုဏ်ဆောင် တုန်ဖန်းရှန်ပင်။
“စီနီယာတုန်ဖန်းရှန်က တကယ်ကို ခန့်ညားထည်ဝါတာပဲ”
“ဘယ်လောက်တောင် အားကောင်းတဲ့ စွမ်းအားလဲ။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ပီသပါပေတယ်”
“အကယ်ဒမီရဲ့ ဂုဏ်ဆောင်တစ်ယောက်အနေနဲ့ သူတော်စင်လင်းဖုန်းကလွဲရင် ကျန်တဲ့သူတွေ စီနီယာတုန်ဖန်းရှန်ကို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး မလား”
“ငါ့အမြင်တော့ စီနီယာတုန်ဖန်းရှန်ကလည်း သူတော်စင်လင်းဖုန်းပြီးရင် တို့အနန္တလမ်းစဉ်အကယ်ဒမီရဲ့ တတိယမြောက်သူတော်စင် ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်”
တုန်ဖန်းရှန်ကို ကြည့်ရင်း ကျောင်းသားအများအပြားက လေသံတိုးတိုးဖြင့် အားတက်သရော ဆွေးနွေးနေကြသည်။ အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းသားများအနေဖြင့် သူတို့သည်လည်း အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေကြ၏။
အတိတ်ကာလက ထိပ်သီးသိုင်းပညာအကယ်ဒမီသုံးခုအကြားတွင် ဝင်ရိုးစွန်းအကယ်ဒမီက သံသယဖြစ်ဖွယ်မရှိ အမြဲတစေ အသာစီးရခဲ့သည်။ သိုင်းပညာအကယ်ဒမီသုံးခုအကြား ထိပ်ဆုံးသို့ ရောက်ရှိလာမည့် အရိပ်အယောင်များပင် ပြသခဲ့ဖူးသည်။
သို့သော်လည်း လင်းဖုန်း သူတော်စင်တစ်ပါး ဖြစ်လာသည်နှင့် အနန္တလမ်းစဉ်အကယ်ဒမီ၏ ဂုဏ်သတင်းက အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ကျောင်းအပ်နှံမှုနှုန်းကလည်း အလွန်ပင် အားကောင်းလာခဲ့၏။
အကယ်၍တုန်ဖန်းရှန်သာ နောက်ထပ် သူတော်စင်တစ်ပါး ဖြစ်လာခဲ့မည်ဆိုလျှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် ပေါင်းလိုက်ပါက အနန္တလမ်းစဉ်အကယ်ဒမီတွင် သူတော်စင်သုံးပါး ရှိလာပေလိမ့်မည်။ ထိုအချိန်ကျလျှင် အနန္တလမ်းစဉ်အကယ်ဒမီ မည်မျှအထိ ကျော်ကြားထင်ရှားလာမည်နည်း။
“တုန်ဖန်းရှန်... မင်း အခု မိန့်ခွန်းစပြောလို့ ရပြီလား” ဒုကျောင်းအုပ်ကြီးက ပြုံး၍ မေးမြန်းလိုက်သည်။
“ဒါဆို ကျွန်တော် စပါတော့မယ်”
တုန်ဖန်းရှန်က အေးအေးဆေးဆေး ပြောလိုက်သည်။ သူ့လေသံမှာ အနည်းငယ် အေးစက်စက် ရှိနေသော်လည်း ယင်းက သိပ်ထူးဆန်းမနေချေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်ပုံမှန်ဖြစ်သည်ဟု ခံစားရစေ၏။ ပါရမီရှင်များဟူသည် ဤကဲ့သို့ ရှိကြရမည်သာ။
ထို့ကြောင့် တုန်ဖန်းရှန် မိန့်ခွန်းစတင်ပြောကြားလိုက်၏။ ရင်ပြင်ကြီးတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
…
ဝှစ်
ကြီးမားကျယ်ဝန်းလှသော အနန္တလမ်းစဉ်အကယ်ဒမီ၏ ကောင်းကင်ယံထံသို့ လေသင်္ဘောတစ်စင်း ရုတ်တရက် ပျံသန်းရောက်ရှိလာသည်။
လေသင်္ဘောအတွင်းမှ လူရိပ်နှစ်ခု ပျံသန်းထွက်ပေါ်လာသည်။ သူတို့က လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ပင်။ သို့သော်လည်း ထူးဆန်းလှသည်မှာ ဤကဲ့သို့သော ကြီးမားလှသည့် လေသင်္ဘောကြီး ဆိုက်ရောက်လာပြီး လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ ပေါ်ထွက်လာသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့ကို လာရောက်ကြိုဆိုခြင်း မရှိခဲ့ချေ။
“ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် မျက်မှောင်ကြုတ်လိုက်မိသည်။
လင်းဖုန်း အနန္တလမ်းစဉ်အကယ်ဒမီ၏ ဝင်ပေါက်တွင် ချိတ်ဆွဲထားသော စာတန်းကြီးတစ်ခုကို လက်ညှိုးညွှန်ပြလိုက်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“ကြည့်ရတာ ကျွန်တော်တို့ ဒီနေ့လာတာ အချိန်မမှန်ဘူး ထင်တယ်”
“တုန်ဖန်းရှန်လား”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် ထိုစာတန်းကြီးက တုန်ဖန်းရှန်ကို ကြိုဆိုနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
တုန်ဖန်းရှန်သည် မိခင်ကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပြီး သူက ဤနေရာ၌ မိန့်ခွန်းပြောကြားရန် ရှိနေ၏။ အနန္တလမ်းစဉ်အကယ်ဒမီ၏ ဒဏ္ဍာရီတစ်ဦးအနေဖြင့် သဘာဝကျကျပင် လူများစွာ သူ့ကို တခဲနက် ကြိုဆိုကြသည်။ ထို့ကြောင့် လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို မည်သူမျှ လာရောက်မကြိုဆိုကြခြင်း ဖြစ်ပေ၏။
လင်းဖုန်းသည် တုန်ဖန်းရှန်ကို ဟိုးယခင်ကတည်းက လေးစားအားကျခဲ့ရသည်။
သူ အနန္တလမ်းစဉ်အကယ်ဒမီသို့ စတင်ဝင်ရောက်ခဲ့စဉ်အချိန်ကတည်းက နတ်ဆိုးဘုရင် တုန်ဖန်းရှန်၏ ဒဏ္ဍာရီဆန်လှသော လုပ်ရပ်များကို မကြာခဏ ကြားသိခဲ့ရ၏။ ထို့နောက် ပုံရိပ်ယောင်တိုက်ပွဲအခန်းအတွင်း၌ လင်းဖုန်း တုန်ဖန်းရှန်ကို တစ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသေးသည်။
နောက်ပိုင်းတွင်မူ လင်းဖုန်းက တုန်ဖန်းရှန်ကို အနိုင်ယူခဲ့ပြီး ပုံရိပ်ယောင်တိုက်ပွဲအခန်း၏ ပထမနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ လက်ရှိအချိန်အထိပင် လင်းဖုန်း ပုံရိပ်ယောင်တိုက်ပွဲအခန်း၌ ချန်ရစ်ထားခဲ့သော ပုံရိပ်ကို မည်သူမျှ လာရောက်စိန်ခေါ်နိုင်ခြင်း မရှိသေးချေ။
မျိုးရိုးဗီဇကန့်သတ်ချက်မှုကို ချိုးဖျက်ပြီးနောက်တွင်လည်း သူ့ကို တုန်ဖန်းရှန်နှင့် နှိုင်းယှဉ်ပြောဆိုသူများ အမြဲတမ်း ရှိနေခဲ့သည်။ တချို့လူများက လင်းဖုန်းကို ဒုတိယတုန်ဖန်းရှန်ဟုပင် ခေါ်ဆိုခဲ့ကြ၏။ လွန်ခဲ့သည့် အချိန်အတန်ကြာက တုန်ဖန်းရှန်တစ်ယောက် တတိယအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ခဲ့ပြီး သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမားတစ်ဦး ဖြစ်လာခဲ့သည်။ သူတော်စင်များကပင် တုန်ဖန်းရှန်ကို သူတော်စင်အသစ်တစ်ပါး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ချက်ကြီးကြီး ထားခဲ့ကြသည်။
သို့သော်လည်း လင်းဖုန်းက ခြေတစ်လှမ်းဦးသွားပြီး လူသားမျိုးနွယ်စု၏ ဒဿမမြောက်သူတော်စင် ဖြစ်လာခဲ့၏။ ထိုအခါမှသာ သူ တုန်ဖန်းရှန်ကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု ယူဆနိုင်တော့သည်။
လင်းဖုန်း အနန္တလမ်းစဉ်အကယ်ဒမီသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်ခန့် ရှိချေပြီ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း လင်းဖုန်းအနေဖြင့် တုန်ဖန်းရှန်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ သို့သော်လည်း အခြားသူများထံမှ တုန်ဖန်းရှန်၏ လုပ်ရပ်များကို နားနှင့်မဆန့အောင် ကြားသိခဲ့ရသည်။ သူ တုန်ဖန်းရှန်ကို ဟိုးယခင်ကတည်းက လေးစားအားကျခဲ့ရခြင်း ဖြစ်ပေ၏။
သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ လင်းဖုန်း တုန်ဖန်းရှန်နှင့် တစ်ခါမျှ ဆုံတွေ့ခွင့် မရရှိခဲ့ဖူးခြင်းပင်။
“လောင်ဘီသမ်... လှိုင်းအချက်ပြမှုရဲ့ တည်နေရာအတိအကျကို မင်း အတည်ပြုနိုင်ပြီလား”
လင်းဖုန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ အကယ်ဒမီအတွင်းရှိ လူတိုင်းက တုန်ဖန်းရှန်၏ ဟောပြောပွဲဆီသို့ သွားကြသဖြင့် ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိချေ။
“လိပ်စာအတိအကျကိုတော့ ငါ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ အဲ့ကောင်က အနန္တလမ်းစဉ်အကယ်ဒမီ ထဲမှာ ရှိနေခဲ့တာတော့ သေချာတယ်။ သူက အခု အနန္တလမ်းစဉ်အကယ်ဒမီကနေ ထွက်ခွာသွားပြီလား ဆိုတာကိုတော့ ငါလည်းတပ်အပ်မပြောနိုင်ဘူး”
လောင်ဘီသမ်က လင်းဖုန်းအတွက် လှိုင်းအချက်ပြမှု၏ တည်နေရာအတိအကျကို အတည်ပြုမပေးနိုင်ခဲ့ချေ။ ကြီးမားကျယ်ဝန်းလှသော အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုလုံးကို လိုက်လံရှာဖွေနေပါက အလွန် အကျိုးမဲ့အချည်းနှီးသာဖြစ်လိမ့်မည်။ ထိုမျှသာမက ရန်သူကိုလည်း သတိပေးလိုက်သလို ဖြစ်သွားဖို့ အလွန်တရာ ဖြစ်နိုင်ချေများ၏။
အကယ်၍ လင်းဖုန်း ထိုလျှို့ဝှက်ဆန်းကြယ်သူကို ရှာဖွေလိုပါက သာမန်နည်းလမ်းများကို အသုံးပြုနေ၍ မရချေ။ ထိုသူ အနန္တလမ်းစဉ်အကယ်ဒမီအတွင်း ရှိနေကြောင်း အတည်ပြုပြီးဖြစ်ရာ လင်းဖုန်းတွင် သဘာဝကျကျပင် ဖြေရှင်းနည်းတစ်ခု ရှိနေသည်။
“ကျောင်းအုပ်ကြီး... ကျွန်တော့်ကို ခွင့်ပြုပါ”
စကားဆုံးသည်နှင့် လင်းဖုန်း သူ့မျက်လုံးအစုံကို မှိတ်လိုက်၏။ သူ့စိတ်အစဉ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားစက်လုံးက ရုတ်တရက် တုန်ခါသွားတော့သည်။
ဘုန်း
မျက်စိတစ်မှိတ်အတွင်း လင်းဖုန်း၏ ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဉ်စွမ်းအားများက မုန်တိုင်းတစ်ခုအလား အရပ်မျက်နှာအနှံ့သို့ တိုးဝေ့တိုက်ခတ်သွားတော့သည်။