အခန်း ၃၃၁
Vol. 29 Ch. 331
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၃၁) - မင်းက တုန်ဖန်းရှန်မဟုတ်ဘူး
ဘာသာပြန် - အားသစ်
“ဒါက...”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည်ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အေးမြမြ လေပြေညင်းလေးတစ်ချက် ဖြတ်တိုက်ကျီစယ်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားသယောင် ခံစားလိုက်ရသည်။
သူ လင်းဖုန်း မည်သည့်နည်းလမ်းကို အသုံးပြုနေသည်ကို မသိသော်လည်း လင်းဖုန်းကို နှောင့်ယှက်ခြင်း မပြုခဲ့ချေ။
ကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအားများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ လင်းဖုန်း၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် အနန္တလမ်းစဉ်အကယ်ဒမီကို မဆိုထားနှင့် ဒယ်တာမြို့တစ်ခုလုံးကိုပင် အလွယ်တကူ လွှမ်းခြုံဆန်းစစ်နိုင်သည်။
လင်းဖုန်း၏ စိတ်ဝိညာဉ်စွမ်းအားက ရင်ပြင်ကြီးကို ဖြတ်သန်းစစ်ဆေးလိုက်သည်။ ထိုသာမန်ကျောင်းသားများက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်း မရှိကြသေးသဖြင့် မည်သည့်အရာကိုမျှ မခံစားလိုက်ရချေ။ သူတို့အားလုံး စိတ်အားထက်သန်မှုအပြည့် ရှိနေကြဆဲပင်။ ရံဖန်ရံခါတွင် ထက်သန်လှသော လက်ခုပ်ဩဘာသံများလည်း ထွက်ပေါ်နေ၏။
အခြားတစ်ဖက်တွင်မူ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်ရှိ သိုင်းသမားများမှာ ခပ်ဝါးဝါး အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရ၏။ သို့သော်လည်း သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်မိကြပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြရုံမျှသာ ပြုလုပ်ခဲ့ပြီး သိပ်ပြီး အာရုံမစိုက်မိခဲ့ကြချေ။
ထိုအေးမြသော လေပြေညင်းက ရင်ပြင်တစ်ခွင်လုံးကို ဖြတ်သန်းတိုက်ခတ်သွားပြီး အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ စင်မြင့်ပေါ်တွင်မူ တုန်ဖန်းရှန်သည် မျက်နှာအမူအရာ အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် မိန့်ခွန်းကို ဆက်လက်ပြောကြားနေဆဲပင်။
အရာအားလုံးက တည်ငြိမ်နေ၏။ အရာအားလုံးက ပုံမှန်အတိုင်းပင်။ မည်သည့် ပုံမှန်မဟုတ်သောအရာမျှ ရှိမနေခဲ့ချေ။
ဟူး
လင်းဖုန်း သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့အကြည့်က ရုတ်တရက် ရင်ပြင်ကြီးဆီသို့ ကျရောက်သွား၏။
“လင်းဖုန်း... ဘယ့်နှယ်လဲ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စတွင် သူ၏ အနန္တလမ်းစဉ်အကယ်ဒမီ ပါဝင်ပတ်သက်နေသောကြောင့်ပင်။ သူက သူတော်စင်တစ်ပါး ဖြစ်သော်လည်း အလွန်စိုးရိမ်ပူပန်နေရဆဲပင်။
လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာကာ အေးဆေးတည်ကြည်စွာ ပြောလိုက်သည်။
“ထူးထူးခြားခြား ပုံမှန်မဟုတ်တာမျိုး ဘာမှရှာမတွေ့ဘူး။ အရာအားလုံးက အရမ်းတည်ငြိမ်နေတယ်။ ဒါပေမဲ့ အဲ့ဒါကပဲ တကယ့ပြဿနာပဲ။ ဒါက... အရမ်းအရမ်း တည်ငြိမ်လွန်းနေတယ်...”
ဝှစ်
လင်းဖုန်း၏ ခန္ဓာကိုယ်က လျှပ်စီးလက်သည့်အလား ရွေ့လျားသွားပြီး ဝေဟင်ထက်မှ ရင်ပြင်ဆီသို့ ခြေတစ်လှမ်းချင်းလျှောက်ကာ ဆင်းသက်သွားသည်။
လက်ရှိအချိန်တွင် ရင်ပြင်အတွင်းရှိ မရေမတွက်နိုင်သော လူများက မိန့်ခွန်းကို အာရုံစိုက်ကာ နားထောင်နေကြသည်။ တုန်ဖန်းရှန်၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုက အလွန်ပင် နက်နဲလှ၏။ ကျယ်ပြန့်လှသော ဗဟုသုတအရင်းအမြစ်များမှ ကိုးကားပြောဆိုသွားခြင်း ဖြစ်သည်။ သူ၏ မိန့်ခွန်းကလည်း ရိုးရှင်းပြီး နားလည်လွယ်လှသဖြင့် လူများစွာမှာ စိတ်ဝိညာဉ်တစ်ခုလုံးပင် စီးမျောသွားရ၏။
သို့သော်လည်း လင်းဖုန်း ပေါ်ထွက်လာခြင်းကို လူတချို့က သတိပြုမိသွားခဲ့ကြဆဲသာ။ ဝေဟင်ထက်တွင် လမ်းလျှောက်နေသူဟူသည် အလွန်ပင် သိသာထင်ရှားလှသည် မဟုတ်ပါလား။
သို့သော်လည်း ထိုသူက သူတော်စင်လင်းဖုန်း ဖြစ်နေပြီး သူ့နောက်ကွယ်တွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပါ လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။
“သူတော်စင်လင်းဖုန်း... အဲဒါ တကယ်ကြီး သူတော်စင်လင်းဖုန်းပဲ”
“သူတော်စင်လင်းဖုန်းလည်း မိခင်ကျောင်းတော်ဆီကို ပြန်လာတာလား”
“ကျောင်းအုပ်ကြီးက သူတော်စင်လင်းဖုန်းကို ကိုယ်တိုင် ဖိတ်ခဲ့တာများလား”
“ငါတို့ရဲ့ စီနီယာတွေထဲက တစ်ယောက်က သူတော်စင်တစ်ပါးတောင် ဖြစ်နေပြီလို့ ဘယ်သူက ထင်ထားမှာလဲကွာ”
“ဒီနေ့က ဘာနေ့မို့လို့လဲ။ စီနီယာတုန်ဖန်းရှန်လည်း မိခင်ကျောင်းတော်ဆီ ပြန်လာသလို အခု သူတော်စင်လင်းဖုန်းလည်း မိခင်ကျောင်းတော်ဆီကို ပြန်ရောက်လာပြီ”
လင်းဖုန်း ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများအတွင်း၌ အားကျမှု၊ တောင့်တမှုနှင့် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေကြသည်။
သံသယဖြစ်ဖွယ်မရှိ လင်းဖုန်း ရောက်ရှိလာသည့် ခဏ၌ သူ တုန်ဖန်းရှန်၏ အာရုံစိုက်မှုကို လုယူသွားခဲ့သည်။ လူတိုင်းက လင်းဖုန်း ရောက်ရှိလာခြင်းကို ဆွေးနွေးနေကြပြီး ထိုအကြောင်းတွင်သာ ဂရုပြုနေကြတော့သည်။ အခြားတစ်ဖက်တွင်မူ တုန်ဖန်းရှန်မှာ လျစ်လျူရှုခံလိုက်ရပုံရပေသည်။
သို့သော်လည်း တုန်ဖန်းရှန်ကမူ အလွန်ပင် တည်ငြိမ်နေဆဲပင်။
ဝှစ်
လင်းဖုန်း လေဟာနယ်ကို ဖြတ်သန်းကာ စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်သည်။
စင်မြင့်ပေါ်ရှိ ဒုကျောင်းအုပ်ကြီးနှင့် တုန်ဖန်းရှန်အပါအဝင် လူတိုင်းက အလျင်အမြန် မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်ကြသည်။
ဒုကျောင်းအုပ်ကြီးက ရိုရိုသေသေဖြင့် စကားဆိုလိုက်၏။ “သူတော်စင်လင်းဖုန်း... မိခင်ကျောင်းတော်ဆီ ပြန်လာမှာကို ကျွန်တော်တို့ကို ကြိုပြီးတော့တော့ အကြောင်းမကြားဘူးဗျာ။ အခုလိုမျိုး လျစ်လျူရှုထားသလို ဖြစ်သွားတဲ့အတွက် ကျွန်တော် တကယ်ကို အားနာမိပါတယ်...”
လင်းဖုန်း လက်ကို အနည်းငယ် ဝေ့ယမ်းလိုက်သော်လည်း သူ့အကြည့်ကမူ တုန်ဖန်းရှန်ထံ၌သာ စွဲမြဲနေသည်။
“မလိုပါဘူး။ ကျွန်တော်က တုန်ဖန်းရှန်ကိုပဲ အဓိက လာရှာတာပါ”
“တုန်ဖန်းရှန်ကို လာရှာတာ ဟုတ်လား”
ဒုကျောင်းအုပ်ကြီးက လင်းဖုန်းနှင့် တုန်ဖန်းရှန်တို့ကို လှမ်းကြည့်လိုက်မိသည်။ သူတို့နှစ်ယောက်အကြား မည်သည့်ဆက်ဆံရေးမျိုး ရှိနေသနည်းဟု သူ တွေးလိုက်မိ၏။
“တုန်ဖန်းရှန်... ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် လေးစားအားကျနေခဲ့ကြတာ ကြာပြီမဟုတ်လား” လင်းဖုန်း အေးအေးဆေးဆေး မေးမြန်းလိုက်သည်။
တုန်ဖန်းရှန်၏ မျက်နှာထက်တွင် ရိုသေလေးစားသော အမူအရာတစ်ခု ရှိနေပြီး နှိမ့်ချစွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။
“သူတော်စင်လင်းဖုန်း... အရှင်က ကျွန်တော့်ထက်အရင် သူတော်စင်ဖြစ်သွားတာလေ။ ကျွန်တော်က အရှင့်အောက် နိမ့်ကျပါတယ်ဗျာ”
အမှန်တကယ်ပင် မည်သို့ပင် ကြည့်စေကာမူ လက်ရှိအချိန်တွင် လင်းဖုန်းနှင့် တုန်ဖန်းရှန်အကြား၌ ကွာဟချက်အကြီးကြီးတစ်ခု ရှိနေလေပြီ။
“နိမ့်ကျတယ် ဟုတ်လား။ တုန်ဖန်းရှန်က တကယ်ပဲ ကျွန်တော့်ထက် နိမ့်ကျတာ မှန်ပေမဲ့ မင်းကတော့ ဒီလောက်ထိ နိမ့်ကျလှမှာ မဟုတ်ပါဘူး”
လင်းဖုန်း၏စကားများက အနည်းငယ်ထူးဆန်းနေ၏။ သူ့စကား၏ အဓိပ္ပာယ်က အနည်းငယ် ဇဝေဇဝါဖြစ်စရာ ကောင်းနေသည်။
“သူတော်စင်လင်းဖုန်း ဆိုလိုတာက”
တုန်ဖန်းရှန်သည်လည်း အနည်းငယ် သိလိုဟန်ဖြင့် စကားဆိုလိုက်သည်။
“ဘာလို့လဲဆိုတော့... မင်းက တုန်ဖန်းရှန်မဟုတ်လို့ပဲ”
တစ်ဒင်္ဂအတွင်း၌ပင် လင်းဖုန်း၏ မျက်နှာထားက အေးစက်သွားသည်။
ဘုန်း
လင်းဖုန်း စကားပြောပြီးသည်နှင့် လူတိုင်း ကြောင်အသွားကြ၏။ ဒုကျောင်းအုပ်ကြီးပင်လျှင် ဆွံ့အသွားသည်။
သူတို့ရှေ့မှောက်ရှိ လူက သိသာထင်ရှားစွာပင် တုန်ဖန်းရှန်ဖြစ်ပေသည်။ အကယ်၍ သူသာ တုန်ဖန်းရှန် မဟုတ်လျှင် စင်မြင့်ပေါ်တွင် ရပ်နေသူက မည်သူနည်း။
“လင်းဖုန်း... မင်း မှားနေပြီ။ သူက တကယ် တုန်ဖန်းရှန်ပါ။ ငါ သူ့ကို အရင်က မြင်ဖူးတယ်။ သူရဲ့ စွမ်းအားအငွေ့အသက်က နည်းနည်းမှ မပြောင်းဘူး”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည်လည်း စင်မြင့်ပေါ်သို့ ပျံသန်းရောက်ရှိလာပြီး မျက်မှောင်ကြုတ်ကာ စကားဆိုလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံး တုန်ဖန်းရှန်ကို အရင်က တွေ့ဖူးကြပါတယ်”
“တုန်ဖန်းရှန်က တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ ကျောင်းသား ဖြစ်ခဲ့တာလေ။ ကျွန်တော် သူ့ကို မှားစရာ အကြောင်းမရှိပါဘူး”
“သူတော်စင်လင်းဖုန်း အမှားအယွင်းတစ်ခုခု ရှိနေတာများလား”
တုန်ဖန်းရှန်သည်လည်း အပြစ်ကင်းစင်သော မျက်နှာအမူအရာဖြင့်သာ ရှိနေ၏။ သူက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။
“သူတော်စင်လင်းဖုန်း... တကယ်လို့ ကျွန်တော်က တုန်ဖန်းရှန် မဟုတ်ရင် ကျွန်တော်က ဘယ်သူဖြစ်ရမှာလဲဗျ”
လင်းဖုန်းက သူတော်စင်တစ်ပါး ဖြစ်နေသော်လည်း လင်းဖုန်း၏ အယူအဆကို မည်သူမျှ ထောက်ခံခြင်း မရှိခဲ့ကြချေ။
လူတိုင်းက အမှန်တရားကိုသာ ယုံကြည်ကြခြင်း ဖြစ်ပေသည်။
“ငါက မင်းကို တုန်ဖန်းရှန် မဟုတ်ဘူးလို့ ပြောရင်... မင်း မဟုတ်လို့ပဲ”
လင်းဖုန်း ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဝါးက မျက်စိတစ်မှိတ်အတွင်း အလွန်တရာ ကြီးမားသွားပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
“မလုပ်ပါနဲ့... သူတော်စင်လင်းဖုန်း... မင်း…”
“သူတော်စင်လင်းဖုန်း... ဒါက နားလည်မှုလွဲတာပါ”
“သူက တုန်ဖန်းရှန်ပါ၊ သူက တကယ်တုန်ဖန်းရှန်ပါ”
လူတိုင်း စိုးရိမ်တကြီး ဖြစ်သွားကြသည်။ လင်းဖုန်းက မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ လူအများရှေ့မှောက်တွင် ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ထိုဧရာမလက်ဝါးကြီးအတွင်း၌ အသက်ရှူကျပ်မတတ် ဖြစ်စေသော စွမ်းအားအရိပ်အယောင်များ ပါဝင်နေသည်။ စင်မြင့်ပေါ်ရှိ ဒုကျောင်းအုပ်ကြီးနှင့် အခြားသူများမှာ နတ်ဘုရားနယ်ပယ် သို့မဟုတ် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်ကြသော်လည်း လှုပ်ရှားရန်အတွက်ပင် သတ္တိမရှိကြချေ။
လှုပ်ရှားနိုင်သည့် တစ်ဦးတည်းသောလူမှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သာ ဖြစ်သည်။ သူလည်း အလွန်ပင် တုန်လှုပ်ခြောက်ချားသွားရ၏။ သို့ပေသော်ငြား လင်းဖုန်း၏ တိုက်ခိုက်မှုက အလွန်တရာ မြန်ဆန်လှပေသည်။ သူပင်လျှင် အချိန်မီ တားဆီးနိုင်ခြင်း မရှိချေ။
ဘုန်း
လင်းဖုန်း၏ ဧရာမလက်ဝါးကြီး ကျရောက်လာပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံကာ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်တော့သည်။
လင်းဖုန်း၏ လက်ဝါးအလယ်ဗဟိုတွင် ရှိနေသော တုန်ဖန်းရှန်မှာမူ သူ၏ ကြယ်တာရာစွမ်းအားကိုပင် ထုတ်ဖော်ခွင့်မရဘဲ ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များအကြားတွင် နစ်မြုပ်သွားလေတော့သည်။
“လင်းဖုန်း... မင်း ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို စိတ်ရှိသလို သတ်ဖြတ်ပစ်ရတာလဲ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည်လည်း အနည်းငယ် ဒေါသထွက်လာ၏။ လင်းဖုန်းတွင် သတ်ဖြတ်လိုစိတ် ရှိနေသည်ကို သူ သိသော်လည်း လူတစ်ယောက်ကို သံသယရှိရုံမျှဖြင့် မဆင်မခြင် တိုက်ရိုက် သတ်ဖြတ်ပစ်ခြင်းမျိုး မလုပ်သင့်ပေ။
ဖုန်မှုန့်များ ဖုံးလွှမ်းနေသော စင်မြင့်ပျက်စီးရာနေရာကို ကြည့်လိုက်သည်။ သူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုအောက်တွင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်လုပ်ဆောင်ပြီး သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမား ဖြစ်လာခါစ တုန်ဖန်းရှန်ကို မဆိုထားနှင့် ဝါရင့်သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် လင်းဖုန်း၏ လက်ဝါးတစ်ချက်ကို မတောင့်ခံနိုင်ကြချေ။
တုန်ဖန်းရှန်တစ်ယောက် အကြောင်းမဲ့ သေဆုံးသွားခဲ့ရလေပြီ။ ထိုအခိုက်အတန့်တွင် ရင်ပြင်အတွင်းရှိ လူမျာစအားလုံး အသက်ပင် ရဲရဲမရှူရဲကြတော့ပေ။ လူများစွာ၏ နှလုံးအိမ်အတွင်း၌မူ အမျက်ဒေါသများ စတင်သန္ဓေတည်လာတော့သည်။
သူတော်စင်တစ်ပါး ဖြစ်နေသည်က စိတ်အလိုကျ လူသတ်ပိုင်ခွင့် ရှိနေခြင်းကို ဆိုလိုသလော။
“စီနီယာတုန်ဖန်းရှန်ရဲ့ သေဆုံးမှုက လုံးဝမတရားဘူး”
“ဘယ်လောက်တောင် ကြီးမားတဲ့ ရန်ငြိုးမို့လို့ သူတော်စင်လင်းဖုန်းက ကိုယ်တိုင် လာတိုက်ခိုက်ရတာလဲ”
“အရင်က စီနီယာတုန်ဖန်းရှန်မှာ သူတော်စင်တစ်ပါး ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိနေတာလေ။ ဒါပေမဲ့ အခု သူတော်စင်လင်းဖုန်းက အဲဒီအရာအားလုံးကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ပြီ။ ဘာလို့လဲ”
လူအများအပြား ဇဝေဇဝါ ဖြစ်နေကြသည်။ လင်းဖုန်းက မည်သည့်အတွက်ကြောင့် ဤမျှအထိ အတ္တဆန်ဆန် ဆုံးဖြတ်ပြီး လူတစ်ဦးကို တိုက်ရိုက်သတ်ဖြတ်ပစ်ရသနည်း။
သို့သော်လည်း လင်းဖုန်းကမူ မလှုပ်မယှက် ရှိနေသည်။ သူ့အကြည့်က ဖုန်မှုန့်များ ဖုံးလွှမ်းနေသော စင်မြင့်ပျက်စီးရာနေရာထံ၌သာ စွဲမြဲနေ၏။
ရုတ်တရက် လူတိုင်း၏ မငြိမ်မသက်မှုများက တစ်ပြိုင်နက်တည်း လည်ပင်းညှစ်ခံလိုက်ရသည့်အလားဖြစ်သွားပြီး ချက်ချင်း ရပ်တန့်သွားရတော့သည်။
အပျက်အစီးများအကြားတွင် ဝတ်စုံဖြူ ဆင်ယင်ထားသော လူရိပ်တစ်ခုမှာ အမှန်တကယ်ပင် အထိအခိုက်မရှိ ရပ်နေဆဲပင်။ သူက လက်တစ်ဖက်ကိုသာ ဆန့်ထုတ်ထားပြီး လင်းဖုန်း၏ ဧရာမလက်ဝါးကြီးကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားသည်။
“ငါ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ ပြီးပြည့်စုံအောင် ဖုံးကွယ်ထားတာလေ။ ဒါတောင် မင်း ငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ”
တုန်ဖန်းရှန်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိချေ။ သူ့အကြည့်က ဓားသွားတစ်ခုအလား စူးရှလှပြီး လင်းဖုန်းကို တည့်တည့်စိုက်ကြည့်နေသည်။