← Chapters

အခန်း ၃၃၂

Vol. 29 Ch. 332

အခန်း ၃၃၂

Vol. 29 Ch. 332

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၃၂) - ကမ္ဘာပျက်ကပ်

ဘာသာပြန် - အားသစ်

“ဟုတ်တာပေါ့။ မင်း ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ ပြီးပြည့်စုံအောင် ဖုံးကွယ်ထားခဲ့တာပဲ။ ဘယ်သူက မင်းကို တကယ် ရှာတွေ့နိုင်မှာလဲ”

“တကယ်တော့ ငါလည်း မင်းကို တကယ်ရှာတွေ့ရှိခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက အရမ်းအရမ်းကို ပြီးပြည့်စုံလွန်းနေတယ်လေ။ ငါ့ရဲ့ စိတ်ဝိညာဉ်မုန်တိုင်းက သာမန်လူတွေအပေါ် ဘာသက်ရောက်မှုမှ မရှိဘူး။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားနိုင်တဲ့ သိုင်းသမားတွေပဲ ခံစားမိနိုင်တာ။ ဒါပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်မုန်တိုင်းအောက်မှာ မင်းက နည်းနည်းမှ အမူအရာ မပြောင်းသွားဘူး”

“ဒါက ဘာကို ဆိုလိုတာလဲ သိသာပါတယ်။ ဒါက ဖုံးကွယ်ထားရုံ သက်သက်ပဲလေ။ မင်းလို စွမ်းအားကြီးတဲ့ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်က ဘာဖြစ်လို့ တခြားသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေထက် စွမ်းအားပိုင်းမှာ နိမ့်ကျနေရမှာလဲ”

လင်းဖုန်း တုန်ဖန်းရှန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများအတွင်း၌ အေးစက်လှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

“အော်... ဒါဆိုလည်း ဟုတ်ပါပြီ... ဒါပေမဲ့ မင်းကိုယ်တိုင်လည်း သေချာရေရာမှု မရှိခဲ့ဘူးမလား။ အဲဒါကြောင့်ပဲ မင်းက တိုက်ရိုက်တိုက်ခိုက်ခဲ့တာပဲ။ တကယ်လို့ မင်းသာ မှားယွင်းသွားရင် ဘယ်လိုလုပ်မလဲ”

“မှားသွားခဲ့ရင်လည်း ဘယ်တတ်နိုင်မလဲ။ ငါ့အပြစ်ပဲပေါ့။ သူတော်စင်တစ်ယောက်အနေနဲ့ သေချာပေါက် ဖြေရှင်းချက်ပေးရမှာပေါ့။ ဒါပေမဲ့ ငါမမှားဘူးဆိုတာ သေချာသလောက်ပါပဲ။ ဘာပဲဖြစ်လာပါစေ အဲဒီအကျိုးဆက်ကို ငါ တောင့်ခံနိုင်တယ်။ ဒါပေမဲ့ မင်းကရော တောင့်ခံနိုင်ပါ့မလား”

တုန်ဖန်းရှန် ရယ်မောလိုက်သည်။ မှန်ပေ၏။ ဤသည်က မူလကတည်းက မမျှတလှချေ။ သူ မည်သို့မျှ လောင်းကြေးမထပ်နိုင်ပေ။

“ကောင်းပြီ... မင်း နိုင်ပါတယ်”

စကားဆုံးသည်နှင့် တုန်ဖန်းရှန် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လိုက်သည်။ လင်းဖုန်း၏ လက်ဝါးက ရေခဲတုံးတစ်တုံးအလား တစ်လက်မချင်း အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားတော့သည်။ ဤသည်က လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ဖြစ်ကြောင်း သိထားရပေမည်။ သူ သုံးကီလိုမီတာခွဲခန့် ကြီးမားလှသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်ထားခြင်း မရှိသေးသော်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအား၊ လင်းဖုန်း၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် သူတော်စင်တစ်ပါး ဖြစ်နေလျှင်ပင် သူ့လက်တစ်ဖက်ကို ဤမျှအလွယ်တကူ ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ချေ။

သို့သော်လည်း ယင်းက လက်တစ်ဖက်မျှသာ ဖြစ်ပေ၏။ သူ ဆဲလ်တချို့သာ ဆုံးရှုံးခဲ့ရသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သွေးတစ်စက်မျှပင် ထွက်ပေါ်မလာဘဲ သူ့လက်မောင်းက မျက်စိတစ်မှိတ်အတွင်း ပြန်လည် ထွက်ပေါ်လာခဲ့သည်။

“ငါ အရမ်းသိချင်မိတယ်။ တကယ်ဆို မင်းက ဘယ်သူလဲ”

လင်းဖုန်းလည်း တုန်ဖန်းရှန်ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်သည်။ သူတို့ရှေ့မှောက်ရှိ ပုဂွဂိုလ်မှာ သူ၏စွမ်းအားအရိပ်အယောင်မျှကိုပင် ထုတ်ဖော်ထားခြင်း မရှိသော်လည်း လင်းဖုန်းကို ကြီးကြီးမားမား အန္တရာယ်ပြုနိုင်သည့် ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ အကယ်၍ လင်းဖုန်း သူ၏ လက်ရှိစွမ်းရည်ဖြင့်ပင် အန္တရာယ်ရှိသည်ဟု ခံစားရပါက ထိုသူမှာ သာမန်သူတော်စင်တစ်ပါးမျှသာ မဖြစ်နိုင်ချေ။

တုန်ဖန်းရှန် ဖြူဖွေးလှသော သွားများကို ပေါ်လွင်စေလျက် ပြုံးလိုက်ရင်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ငါ ဘယ်သူလဲဆိုတာ သိပြီးသားပဲ မဟုတ်လား။ မင်း ငါ့ကို ညမိစ္ဆာလို့ ခေါ်နိုင်သလို တုန်ဖန်းရှန်လို့လည်း ခေါ်နိုင်ပါတယ်။ ဒီလောက် နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါတုန်ဖန်းရှန်ဆိုတဲ့ နာမည်ကို အသုံးပြုရတာ အသားကျနေပါပြီ”

ဤစကားများ ထွက်ပေါ်လာသည်နှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အပါအဝင် လူတိုင်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူ့မျက်နှာထားက အနည်းငယ် ရှက်ရွံ့ဟန်ပင် ပေါ်နေ၏။ သူ စောစောကပင် လင်းဖုန်းအပေါ် သံသယဝင်ခဲ့သေးသည် မဟုတ်ပါလား။

သို့သော်လည်း ယခုအချိန်တွင် ရင်ပြင်ကြီးအတွင်းရှိ လူများအနေဖြင့် တုန်ဖန်းရှန်တွင် ပြဿနာကြီးကြီးမားမား ရှိနေကြောင်း မည်သို့လျှင် မသိဘဲနေမည်နည်း။

“မင်းတို့ လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုက တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ငါ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ပျက်စီးသွားခဲ့တဲ့ ယဉ်ကျေးမှုတွေအများကြီးကို မြင်ဖူးခဲ့ပေမဲ့ မင်းတို့လိုမျိုး ထူးဆန်းတဲ့ ယဉ်ကျေးမှုမျိုးတော့ တစ်ခုမှ မရှိခဲ့ဖူးဘူး။ ငါ မင်းတို့ရဲ့ ယဉ်ကျေးမှုကိုတောင် နည်းနည်း စွဲလမ်းမိနေပြီ။ ကံမကောင်းစွာနဲ့ပဲ ဘယ်လောက်ပဲ အားကောင်းတဲ့ လူ့ယဉ်ကျေးမှုကမ္ဘာ ဖြစ်ပါစေ နောက်ဆုံးမှာတော့ ပျက်စီးခြင်းကနေ မလွတ်မြောက်နိုင်ပါဘူး”

တုန်ဖန်းရှန် ရေရွတ်လိုက်မိသည်။ သူ လက်ရှိအချိန်တွင် မိမိကိုယ်ကိုယ် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေသည်ကိုပင် သတိမပြုမိသကဲ့သို့ ရှိနေ၏။

စင်မြင့်ပေါ်တွင်မူ လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့မှတစ်ပါး အခြားလူများအာစလုံး တိတ်တဆိတ် ဆုတ်ခွာသွားခဲ့ကြလေပြီ။ သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမားများပင်လျှင် ဤအဆင့် ထိပ်တိုက်ရင်ဆိုင်မှုနှင့် တိုက်ပွဲကို မတောင့်ခံနိုင်ကြချေ။

တုန်ဖန်းရှန် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း လေဟာနယ်ကို ဖြတ်သန်းကာ ခြေလှမ်းတစ်လှမ်းချင်း လှမ်းလျှောက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားအငွေ့အသက်များက တဖြည်းဖြည်း မြင့်တက်လာ၏။

အသွင်ပြောင်းနယ်ပယ်၊ နတ်ဘုရားနယ်ပယ်၊ သာလွန်နတ်ဘုရားနယ်ပယ်

ဘုန်း

သာလွန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီးနောက် တုန်ဖန်းရှန် နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲထွက်လာပြန်ကာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့သည်။

“သူတော်စင်။ မင်းက တကယ်ပဲ သူတော်စင်တစ်ပါး ဖြစ်လာခဲ့တာပဲ။ ဘာဖြစ်လို့ ဘာအရိပ်အယောင်မှ မရှိရတာလဲ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ စိတ်အစဉ်မှာ တုန်လှုပ်ခြောက်ချားမှုကြီးစွာဖြင့် လွှမ်းမိုးခံလိုက်ရသည်။ ဤသည်က တကယ်ကို မယုံနိုင်စရာ ကောင်းလှပေ၏။

သိုင်းသမားတစ်ဦး စတုတ္ထအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်ပြီး သူတော်စင်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူတို့ ကြယ်တာရာစွမ်းအားများကို စုပ်ယူကြရမည် ဖြစ်ကြောင်း သိထားရပေမည်။ ထိုလှုပ်ရှားမှုက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလှပါမည်နည်း။ ယင်းကို မည်သူမျှ သတိမပြုမိဘဲနေရန် မဖြစ်နိုင်ချေ။

စကြာဝဠာကျင့်စဉ်စနစ်ကို ကျင့်ကြံထားသော လင်းဖုန်းပင်လျှင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်စဉ်အချိန်က ကြီးမားလှသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ရသည်။ အကယ်၍ မြို့ကြီးတစ်ခုအတွင်း၌သာ ဖြစ်ပါက ထိုလှုပ်ရှားမှုက ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေနိုင်ပေသည်။

သူတော်စင်နယ်ပယ်သို့ တက်လှမ်းမည့် လှုပ်ရှားမှုသည်ကား ပို၍ပင် ကြီးမားလှသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးက များပြားလှသော ကြယ်စွမ်းအားများကို စုပ်ယူပြီး ယင်းတို့ကို ကြယ်တာရာစွမ်းအားများအဖြစ်သို့ ပြောင်းလဲရမည် ဖြစ်သောကြောင့်ပင်။ ဤကဲ့သို့သော ကြီးမားလှသည့် လှုပ်ရှားမှုကို ဖုံးကွယ်ထားရန်မှာ လုံးဝမဖြစ်နိုင်ချေ။

“သူတော်စင် ဟုတ်လား။ မင်းတို့ လူသားတွေရဲ့ သိုင်းပညာက တကယ်ကို ထူးခြားတာပဲ။ မင်းတို့မှာ ကြီးမားလှတဲ့ စွမ်းအားမရှိကြပေမဲ့ တချို့ထူးဆန်းတဲ့ စွမ်းရည်တွေတော့ ရှိကြသားပဲ။ မဆိုးပါဘူး။ မင်း နတ်ဘုရားနယ်မြေအကြောင်းကို ပြောနေတာလား”

တုန်ဖန်းရှန် လက်နှစ်ဖက်ကို နောက်ပစ်ထားဆဲ ဖြစ်သည်။ သူ့အကြည့်က ပမာမခန့်ဟန်ရှိကာ မောက်မာလွန်းလှ၏။ သူက အနန္တတန်ခိုးရှင် နတ်ဘုရင်တစ်ပါး၊ စကြာဝဠာ၏ အုပ်စိုးရှင်တစ်ဦးအလား ရှိနေ၏။ သူ့ဆံပင်ရှည်များက လေမတိုက်ပဲ ဝေ့ဝဲနေသည်။ ထို့နောက် ပူပြင်းလှသော စွမ်းအားအရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

မီးလျှံနတ်ဘုရားနယ်မြေ

နှင်းခဲနတ်ဘုရားနယ်မြေ

ငရဲဘုံနတ်ဘုရားနယ်မြေ

သေခြင်းနတ်ဘုရားနယ်မြေ

တုန်ဖန်းရှန် နတ်ဘုရားနယ်မြေများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်၏။ မီးတောက်များ၊ ရေခဲများနှင့် ပြင်းထန်လှသော လေမုန်တိုင်းများက အပြန်အလှန် ရောယှက်ကာ ဖျက်ဆီးနေကြသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မူလတုန်လှုပ်မှုများမှာ တဖြည်းဖြည်းနှင့် ထုံထိုင်းမှုအဖြစ်သို့ ပြောင်းလဲသွားရတော့သည်။

သူ အမှန်ပင် ထုံထိုင်းသွားသည်။ မည်သည့်အချိန်ကစ၍ နတ်ဘုရားနယ်မြေများကို အဆုံးမရှိ တစ်ခုပြီးတစ်ခု ထုတ်ဖော်နိုင်သွားရသနည်း။

ဤအရာများကို နတ်ဘုရားနယ်မြေဟု ယူဆနိုင်ပါဦးမည်လော။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် နတ်ဘုရားနယ်မြေအကြောင်းကို သဘာဝအတိုင်း အလွန်ကောင်းမွန်စွာ သိရှိနားလည်ထားပေသည်။ ထိုစွမ်းအားအငွေ့အသက်ကို သူ ထင်ထင်ရှားရှား ခံစားမိ၏။ ယင်းက သေချာပေါက် နတ်ဘုရားနယ်မြေပင်။ သူ မှားစရာ အကြောင်းမရှိချေ။ သို့သော်လည်း တုန်ဖန်းရှန်တွင် မည်သည့်အတွက်ကြောင့် ဤမျှများပြားလှသော နတ်ဘုရားနယ်မြေများ ရှိနေရသနည်း။

“ဟမ့်... ဒါတွေအားလုံးက ကြယ်တာရာစွမ်းအားစက်ကွင်းတွေကို အတုယူထားရုံ သက်သက်ပဲလေ။ လှည့်ကွက်သေးသေးတစ်ခုပါပဲ”

လင်းဖုန်း ဆက်လက်၍ ထိန်းချုပ်မထားတော့ချေ။ တုန်ဖန်းရှန်ကို ဖမ်းဆီးပြီးနောက်တွင် အမှန်တရားက သဘာဝကျကျ ပေါ်ထွက်လာပေလိမ့်မည်။

ဝုန်း

လင်းဖုန်း၏ ခန္ဓာကိုယ်က စတင်ကြီးမားလာသည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် သုံးကီလိုမီတာခွဲခန့်အထိ ကြီးမားလာ၏။

သူ့ခြေထောက်နှစ်ဖက်က ဧရာမတောင်ကြီးနှစ်လုံးအလား ရှိနေသည်။ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ဒယ်တာမြို့တစ်ခုလုံး တုန်ခါသွားရ၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးထံမှ စွမ်းအားအရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို မြင်ဖူးထားပြီးဖြစ်သော ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်လျှင် မသိမသာ အသက်ရှူကျပ်သည့်အလား ခံစားလိုက်ရသည်။

သူ ရုတ်တရက် လက်ရှိအခြေအနေကို သတိပြုမိသွား၏။ ဂုဏ်သရေရှိလှသည့် သူတော်စင်တစ်ပါးဖြစ်သော သူသည်ပင် ဤတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် အရည်အချင်း မရှိတော့ကြောင်း သိမြင်လိုက်ရသည်။

ဝှစ်... ဝှစ်... ဝှစ်...

ထိုအချိန်တွင် အဝေးတစ်နေရာမှ လေသင်္ဘောခုနစ်စင်း ပျံသန်းရောက်ရှိလာသည်။

သူတော်စင်ခန်း၊ သူတော်စင်ယွမ်ယီ၊ သူတော်စင်ကလော့၊ သူတော်စင်ကျိုးထျန်းချီ၊ သူတော်စင်ပါမန်၊ သူတော်စင်မပင်းယုနှင့် သူတော်စင်ကက် စုစုပေါင်း သူတော်စင်ခုနစ်ပါးဖြစ်၏။ သူတို့အားလုံးက လက်ရှိ လူသားမျိုးနွယ်စု၏ သူတော်စင်များ ဖြစ်ကြသည်။

လင်းဖုန်း အပါအဝင် လင်းဖုန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သူတော်စင်ဘာတိုင်မှလွဲ၍ လူသားမျိုးနွယ်စု၏ သူတော်စင်အားလုံး ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

သူတော်စင်ကိုးပါးလုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းဖြစ်ပြီး သူတို့ ကာကွယ်စောင့်ရှောက်ထားသော တားမြစ်နယ်မြေများကိုပင် ယာယီ စွန့်ခွာခဲ့ကြသည်။ အကယ်၍ နတ်ဆိုးဧကရာဇ်များသာ လက်ရှိအချိန်တွင် ခံစစ်စည်းကို လာရောက်တိုက်ခိုက်ကြမည်ဆိုလျှင် လူသားမျိုးနွယ်စုအနေဖြင့် ကြီးမားလှသော ဆုံးရှုံးမှုများကို သေချာပေါက် ခံစားရပေလိမ့်မည်။

သို့သော်လည်း သူတို့ မလာဘဲလည်း မနေနိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် တုန်ဖန်းရှန်က ထိုနတ်ဆိုးဧကရာဇ်များထက် များစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ပင်။

သဘာဝကျစွာပင် ဤသူတော်စင်များကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ စိတ်ကူးစံနှုန်းများ ကွဲပြားခြားနားနိုင်ကြသော်လည်း လူသားမျိုးနွယ်၏ ဘုံရန်သူနှင့် ရင်ဆိုင်ရချိန်တွင်မူ သူတို့အားလုံး အမြင်ချင်း တူကြပေသည်။

“တုန်ဖန်းရှန်... မင်း ဘယ်သူပဲဖြစ်ဖြစ်... လူသားမျိုးနွယ်စုကြားထဲကို ဒီလောက်ထိ အကြာကြီး ထိုးဖောက်ဝင်ရောက်ပြီး ရာဇဝတ်မှုတွေအများကြီး ကျူးလွန်ခဲ့တယ်။ မင်း သေဒဏ်နဲ့ ထိုက်တန်တယ်” သူတော်စင်ခန်း အော်ဟစ်ကြုံးဝါးလိုက်၏ယ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ တဟုန်ထိုး မြင့်တက်လာသည်။

သူ လုံးဝ ခွင့်မလွှတ်နိုင်ဆုံးအရာက ပုံမှန်မဟုတ်သည့် သွေဖည်မှုပင်။ ဤတုန်ဖန်းရှန်က လူသားတစ်ဦးအသွင် ရှိနေသော်လည်း လက်တွေ့တွင်မူ သူက လူသားမဟုတ်ချေ။ သူက သေချာပေါက် သွေဖည်မှုတစ်ခု ဖြစ်ရမည်။

သူတော်စင်ခန်းတွင် သွေဖည်မှုများအတွက် စကားလုံးတစ်လုံးတည်းသာ ရှိ၏။ သတ်…

“အရမ်းကောင်းတယ်။ သူတော်စင်ကိုးပါးလုံး ဒီနေရာကို ရောက်လာကြပြီပဲ။ ထားလိုက်ပါတော့...ငါလည်း လူသားတွေရဲ့ ဘဝကို ငြီးငွေ့နေပါပြီ။ ငါ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတချို့ကို လုပ်ဆောင်ဖို့ ပြင်ထားတာကွာ။ ဒါပေမဲ့ အခုတော့ မင်းတို့က ငါ့ကို ရှာတွေ့ရှိသွားခဲ့ပြီဆိုတော့... ငါ ကမ္ဘာပျက်ကပ်ကို ကြိုပြီးတော့ စလိုက်ရုံပေါ့...”

လက်ရှိအချိန်တွင် တုန်ဖန်းရှန်၏ အကြည့်များက အလွန်တရာ အေးစက်ပြီး စိမ်းသက်လွန်းလှသည်။

All Chapters