အခန်း ၃၃၃
Vol. 29 Ch. 333
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၃၃) - အဲ့ဒါ နိုးထလာတော့မယ်
ဘာသာပြန် - အားသစ်
ဘုန်း
ရုတ်တရက် မဟာပထဝီမြေကြီးတစ်ခုလုံး တုန်ခါသွားသည်။ လင်းဖုန်း၏ ဧရာမခြေဖဝါးကြီး နင်းချလိုက်သည်နှင့်တစ်ပြိုင်နက် တုန်ဖန်းရှန်တစ်ယောက် ခြေဖဝါးအောက်၌ ပျောက်ကွယ်သွားတော့သည်။
လင်းဖုန်း သူ့ဧရာမခြေဖဝါးကြီးကို တဖြည်းဖြည်းချင်းကြွကာ ကြည့်လိုက်သည်။ လူတိုင်းလည်း တုန်လှုပ်ခြောက်ချားများစွာဖြင့် စောင့်ကြည့်နေကြ၏။ အနန္တလမ်းစဉ်အကယ်ဒမီ ရင်ပြင်ထက်တွင် လင်းဖုန်း၏ နင်းခြေမှုတစ်ခုကြောင့် ဧရာမတွင်းကြီးတစ်တွင်း ဖြစ်သွားသည်။
တုန်ဖန်းရှန်ကရော…
သူ့ကို လင်းဖုန်းက မြေကြီးထဲသို့ ယခင်ကတည်းက နင်းခြေပစ်လိုက်လေပြီ။
“ကမ္ဘာပျက်ကပ် ဟုတ်လား။ မင်းကိုယ်မင်း အဲလို လုပ်နိုင်စွမ်းရှိတယ်လို့ ဘာကများ ယုံကြည်ချက်တွေ ပေးနေတာလဲ”
လင်းဖုန်းသည်ကား ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း သုံးကြိမ် လုပ်ဆောင်ထားနိုင်ခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် သူနှင့်ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်တစ်ဦးကို ရှာမတွေ့နိုင် ဖြစ်နေရုံသာ ရှိသေး၏။ ယခုအခါ သူ ညမိစ္ဆာအဖွဲ့အစည်း၏ တည်ထောင်သူကို ရှာဖွေတွေ့ရှိလေပြီ။ ယင်းက မည်သို့သောသွေဖည်မှုမျိုး ဖြစ်သည်ကို သူ မသိသော်လည်း ထိုပုဂ္ဂိုလ်က ခြေလှမ်းတိုင်းတွင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်နေ၏။
ယခုအခါ ထိုသူ့ကို လင်းဖုန်းက ခြေတစ်ဖက်တည်းဖြင့် နင်းခြေပစ်လိုက်လေပြီ။ ထိုသူအနေဖြင့် စောစောကကဲ့သို့ မောက်မာရိုင်းစိုင်းဟန် မပြုနိုင်တော့ချေ။
“လင်းဖုန်း”
တုန်ဖန်းရှန် ရုတ်တရက် ထိုဧရာမတွင်းကြီးထဲမှ ပြေးထွက်လာသည်။ သူ့ပုံစံက အလွန်ပင် ဖရိုဖရဲဖြစ်နေ၏။ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားသော လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က မည်မျှအထိ အားကောင်းလှမည်နည်း။ တုန်ဖန်းရှန်က ပုံမှန်မဟုတ်သည့် သွေဖည်မှုတစ်ခု ဖြစ်နေသော်လည်း ယခုလက်ရှိအချိန်တွင် သူ အလွန်သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေရသည်။
တုန်ဖန်းရှန်၏ ကျယ်လောင်လှသော အော်ဟစ်ကြုံးဝါးသံနှင့်အတူ သူ့ခန္ဓာကိုယ်က အလျင်အမြန် ပြောင်းလဲလာသည်။ ရုတ်တရက် တုန်ဖန်းရှန်၏ ခန္ဓာကိုယ်က အဆမတန် စတင်ကြီးထွားလာ၏။ သူ့တွင် ဆန်းပြားလှသော နတ်ဘုရားနိုင်ငံတော်များ ရှိမနေတော့ဘဲ လင်းဖုန်းအတွက် အနည်းငယ် ရင်းနှီးနေသယောင် ခံစားရစေသည့် စွမ်းအားအရိပ်အယောင်တစ်ခုသာ ထွက်ပေါ်နေတော့သည်။
လက်ရှိတုန်ဖန်းရှန်သည် ဧရာမဦးခေါင်းကြီးတစ်လုံး ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အနီဖျော့ဖျော့ အကြေးခွံများ ဖုံးလွှမ်းထားသည့် ကြောက်မက်ဖွယ်ရာ နတ်ဆိုးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်က နှစ်ကီလိုမီတာ သုံးကီလိုမီတာခန့် ရှည်လျားပြီး သူ့ကျောပြင်ပေါ်တွင်မူ သွေးရောင်အလား ရဲရဲနီနေသော မျက်လုံးများစွာ ဖုံးလွှမ်းနေ၏။ ယင်းက အလွန်ပင် ကြည့်ရဆိုးပြီး ထူးဆန်းကာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
“ဒါက တကယ်ပဲ ပုံမှန်မဟုတ်တဲ့ သွေဖည်မှုတစ်ခုပဲ”
တုန်ဖန်းရှန် ကြောက်မက်ဖွယ်ရာ နတ်ဆိုးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း၏ နှလုံးအိမ်အတွင်း တုန်လှုပ်ခြောက်ချားမှုများဖြင့် ပြည့်နှက်သွားရတော့သည်။
အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းသားများကို စောစောကတည်းက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားခြင်းက မည်သို့လျှင် အသုံးဝင်ပါမည်နည်း။ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပွားလာပြီဆိုလျှင် ဒယ်တာမြို့တော်တစ်ခုလုံးပင်လျှင် လုံဝဥဿုံ ဖျက်ဆီးခြင်းခံရနိုင်ပေသည်။ ဤမြို့က လူသားမျိုးနွယ်၏ ဗဟိုချက်နေရာ ဖြစ်ပြီး လူဦးရေ အလွန်တရာ ထူထပ်လှသော မြို့တော်ကြီးတစ်ခုပင်။
ဝုန်း
တုန်ဖန်းရှန် သူ့အမြီးကို အနည်းငယ် လွှဲယမ်းလိုက်ရာ အနန္တလမ်းစဉ်အကယ်ဒမီရှိ အဆောက်အအုံများစွာ ချက်ချင်း ပြိုကျပျက်စီးသွားရသည်။ အချိန်မီ မဆုတ်ခွာနိုင်ခဲ့ကြသော ကံဆိုးလှသည့် ကျောင်းသားတချို့မှာ တိုက်ရိုက်ပင် ဖိခြေသတ်ဖြတ်ခြင်း ခံလိုက်ရ၏။
တချို့သော ကျောက်တုံးကြီးများက အနန္တလမ်းစဉ်အကယ်ဒမီအပြင်ဘက်သို့ လွင့်စင်သွားပြီး လမ်းမများပေါ်ရှိ လူများစွာကို သေကျေပျက်စီးသွားစေခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် လူပေါင်းရာနှင့်ချီ၍ သေသူသေ ဒဏ်ရာရသူရနှင့် အရာအားလုံး ကသောင်းကနင်းဖြစ်ကုန်၏။
“တိုက်ခိုက်ကြ”
သူတော်စင်ခန်း အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ တုန်ဖန်းရှန်၏ အဆင်အခြင်မဲ့ သတ်ဖြတ်မှုများကို လုံးဝ သည်းမခံနိုင်ချေ။
ထို့ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အပါအဝင် သူတော်စင်ရှစ်ပါးလုံး သူတော်စင်ခန်းနှင့်အတူ ပူးပေါင်းလိုက်ကြသည်။ နတ်ဘုရားနယ်မြေ ရှစ်ခုလုံးက တုန်ဖန်းရှန်၏ ဧရာမခန္ဓာကိုယ်ကြီးအပေါ်သို့ ကောင်းကင်ကြီးပြိုကျလာသည့်အလား ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ ကျရောက်လာတော့သည်။
ထိုနတ်ဘုရားနယ်မြေရှစ်ခုက သူတော်စင်ရှစ်ပါး၏ စိတ်နှလုံးအတွင်းရှိ သိုင်းပညာများကို ဖော်ကြူးနေ၏။ တစ်နည်းအားဖြင့် သူတော်စင်ရှစ်ပါး၏ ကိုယ်ပိုင်ယုံကြည်ချက်များကို ကိုယ်စားပြုနေသည်။
တစ်ဒင်္ဂအတွင်း နတ်ဘုရားနယ်မြေများအားလုံး စုပြုံကျရောက်လာပြီး ကြောက်မက်ဖွယ်ရာ နဂါးတစ်ကောင်အလားရှိနေသော တုန်ဖန်းရှန်ကို ချက်ချင်း ကန့်သတ်ချုပ်နှောင်ထားလိုက်သည်။ တုန်းဖန်းရှန်တစ်ယောက် မည်သို့မှမတက်နိုင်ဘဲ တစ်ခဏအတွင်း အမှန်တကယ် ချုပ်နှောင်ခံလိုက်ရ၏။
“သေစမ်း”
လင်းဖုန်း အသံကုန်ဟစ်လိုက်သည်။ သူ တွေဝေတုံ့ဆိုင်းမှု စိုးစိမျှပင်မရှိဘဲ လက်သီးကိုမြှောက်ကာ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တော့သည်။
သူ၏ သုံးကီလိုမီတာအမြင့်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ ထရီလီယံချီသော ဆဲလ်များထံမှ ထွက်ပေါ်လာသည့် စွမ်းအားအားလုံးကို ဤလက်သီးချက်တစ်ချက်အတွင်း စုစည်းထားခြင်း ဖြစ်ပေသည်။
ဘုန်း
ဥက္ကာခဲတစ်ခဲ မြေပြင်ပေါ်သို့ ရိုက်ခတ်မိသည့်အလား လင်းဖုန်း သူ့လက်သီးကို အားကုန်ထိုးချလိုက်သည်။ တုန်ဖန်းရှန်တစ်ယောက် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြေးခွံများအားလုံး တစ်လက်မချင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားရပြီး သူ့ဧရာမခန္ဓာကိုယ်ကြီးသည်လည်း ချက်ချင်း မြေကြီးထဲသို့ နစ်မြုပ်သွားတော့သည်။
“အားနည်းတယ်... အားနည်းလွန်းတယ်... အရမ်းအားနည်းလွန်းတာပဲ။ မင်းက ဒီလောက်တောင် ပျော့ဖတ်နေတာကို ဘယ်လိုလုပ် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်မှာလဲ”
လင်းဖုန်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။ သူ အစွမ်းကုန် အသုံးပြုကာ တိုက်ခိုက်ရမည့် ရန်သူတစ်ဦးနှင့် ဆုံတွေ့ရရန်မှာ သူ့အတွက် မလွယ်ကူလှချေ။ သူ အကြိတ်အနယ် တိုက်ခိုက်ရမည်ဟု ထင်မှတ်ထား၏။ သို့သော်လည်း ဤတုန်ဖန်းရှန်၏ စွမ်းရည်က သူ့ကို အကြီးအကျယ် စိတ်ပျက်သွားစေသည်။
“အား... လူသားတွေ… အောက်တန်းစားသက်ရှိတွေ... ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်ကွ”
တုန်ဖန်းရှန် လုံးဝသွေးရူးသွေးတန်း ဖြစ်သွားသည်။ သူ မြေကြီးထဲမှ တဟုန်ထိုး ပြေးထွက်လာပြီး လင်းဖုန်းကို အမြီးဖြင့် လျှပ်တစ်ပြတ် ရိုက်ချလိုက်၏။ တစ်ချိန်တည်းတွင်ပင် သူတော်စင်ရှစ်ပါးကလည်း နတ်ဘုရားနယ်မြေရှစ်ခုကို ထပ်မံထုတ်ဖော်လိုက်ကြကာ တုန်ဖန်းရှန်အပေါ်သို့ ဧရာမတောင်ကြီးများအလား ဖိနှိပ်ချလိုက်ကြသည်။
“သွားစမ်း”
တုန်ဖန်းရှန်၏ ကျောပြင်ပေါ်ရှိ သိပ်သည်းလှသော သွေးနီရောင်မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ ထိုမျက်လုံးများမှ သွေးနီရောင် လျှပ်စီးတန်းပေါင်း သောင်းနှင့်ချီ၍ ပစ်လွှတ်လာ၏။ ထိုသွေးနီရောင်လျှပ်စီးတန်းများက အလွန်ပင် ထိုးဖောက်နိုင်စွမ်း အားကောင်းပုံရပြီး သူတော်စင်ရှစ်ပါး၏ နတ်ဘုရားနယ်မြေများကို တစ်ဒင်္ဂအတွင်း ဆုတ်ဖြဲဖျက်ဆီးပစ်လိုက်သည်။
ဤသည်ကား သူတော်စင်ရှစ်ပါး၏ နတ်ဘုရားနယ်မြေများပင်။ ထိုနတ်ဘုရားနယ်မြေများအားလုံး သွေးနီရောင်လျှပ်စီးတန်းများ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံတစ်ခုလုံး သွေးရောင်အလား ချင်းချင်းနီသွားတော့၏။
နတ်ဘုရားနယ်မြေများ ပျက်စီးသွားသဖြင့် သူတော်စင်ရှစ်ပါးစလုံး အပြင်းအထန် ဒဏ်ရာရရှိသွားကြသည်။ ဤသည်ကား သူတို့၏ ကြယ်တာရာစွမ်းအားစက်ကွင်းများ ဆုတ်ဖြဲခံလိုက်ရခြင်းပင်။ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သူတို့အားလုံး တိုက်ခိုက်ရေးစွမ်းရည်များ ဆုံးရှုံးသွားကြရ၏။
“ဒါက ဘယ်လို သွေဖည်မှုမျိုးလဲ” သူတော်စင်ခန်း တွေးတောလိုက်မိသည်။
“ဒီကောင်က နတ်ဆိုးဧကရာဇ်တစ်ကောင်နဲ့ မတူဘူး။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်တွေထက် အများကြီး ပိုပြီးတော့ ကြောက်စရာကောင်းတယ်”
သူတော်စင်ယွမ်ယီ၏ မျက်နှာအမူအရာသည်လည်း အလွန်ပင် လေးနက်တည်ကြည်သွားသည်။ သူတို့က ဂုဏ်သတင်းကြီးမားလှသည့် သူတော်စင်များဖြစ်ကြသော်လည်း စင်စစ်တွင်မူ သူတို့အားလုံး အတူတကွ ပူးပေါင်းတိုက်ခိုက်သည့်ကြားကကပင် ရှုံးနိမ့်ခဲ့ကြရသည်။ ထိုမျှသာမက အလွန်ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ကြရခြင်းဖြစ်၏။ အကယ်၍ လင်းဖုန်းသာ ဤနေရာ၌ ရှိမနေခဲ့ပါက အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိချေ။
ဤသည်ကား အစစ်အမှန် ကပ်ဘေးကြီးပင်။
“ကံကောင်းတယ်... သူတော်စင်လင်းဖုန်း ဤနေရာမှာ ရှိနေလို့သာပဲ...”
သူတော်စင်ကလော့သည်လည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ သူသည်လည်း လင်းဖုန်းက သူတော်စင်ဘာတိုင်ကို သတ်ဖြတ်ခဲ့သည့် ကိစ္စကို သိရှိပြီး ဖြစ်သည်။ သို့သော်လည်း သူတော်စင်ဘာတိုင်က ညမိစ္ဆာအဖွဲ့ဝင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိခဲ့ချေ။
သူတော်စင်ကလော့သည် ကောင်းခြင်းနှင့်ဆိုးခြင်းကြား ကိစ္စရပ်ကြီးများတွင် သူတော်စင်ဘာတိုင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမျိုး လုံးဝမရှိခဲ့ချေ။
“သူတော်စင်လင်းဖုန်း...”
လင်းဖုန်းနှင့် စိတ်ကူးစံနှုန်းချင်း ကွဲပြားခြားနားလှသော သူတော်စင်ခန်းပင်လျှင် ယခုအချိန်တွင် သူ့မျှော်လင့်ချက်အားလုံးကို လင်းဖုန်းထံ၌သာ ပုံအောထားလိုက်တော့သည်။
“အားနည်းတယ်... အရမ်း အားနည်းလွန်းတာပဲ”
လင်းဖုန်း သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ အကြိမ်ကြိမ် အရူးအမူး ထိုးနှက်ရိုက်ပုတ်နေတော့သည်။
ရုတ်တရက် တုန်ဖန်းရှန်က သူ့အမြီးဖြင့် လင်းဖုန်းကို လွှဲရိုက်လိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားများကြောင့် လင်းဖုန်း မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွား၏။ သို့သော်လည်း သူ ချက်ချင်း ပြန်ထရပ်ကာ ရှေ့တူရူသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။ လင်းဖုန်း တုန်ဖန်းရှန်၏ ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင် ဖမ်းဆုပ်လိုက်ပြီး မြေပြင်ပေါ်သို့ ရူးသွပ်ကြမ်းကြုတ်စွာဖြင့် ထပ်ခါတလဲလဲ ရိုက်နှက်ကိုက်ပေါက်တော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
လင်းဖုန်း အလွန်အင်မတန် စိတ်လွတ်လပ်မှုနှင့် အပူအပင်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီးကတည်းက ဤကဲ့သို့ ကျေနပ်အားရစရာကောင်းသည့် ခန္ဓာကိုယ်ချင်း ထိတွေ့တိုက်ခိုက်မှုမျိုး မပြုခဲ့ရသည်မှာ တကယ်ကို အချိန်အတော်ကြာခဲ့ချေပြီ။
လင်းဖုန်းက ကျေနပ်အားရနေခဲ့သော်လည်း တုန်ဖန်းရှန်၏ မျက်နှာအမူအရာကမူ အလွန်အမင်း နာကျင်မှုများဖြင့် ပြည့်နှက်နေရသည်။
အရမ်းအားကောင်းတယ်။ လင်းဖုန်းရဲ့ ရုပ်ခန္ဓာက ဘာဖြစ်လို့ ဒီလောက်ထိ အားကောင်းနေရတာလဲ။ လင်းဖုန်းသည်ကား မယုံကြည်နိုင်လောက်အောင် အားကောင်းလှပြီး နားလည်ရခက်လှပေသည်။
“ကမ္ဘာပျက်ကပ်ရဲ့ စွမ်းအား”
တုန်ဖန်းရှန် ဆက်လက် မတောင့်ခံနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ သူ အနီးကပ်တိုက်ခိုက်မှုတွင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို မယှဉ်နိုင်ချေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော သွေးနီရောင်မျက်လုံးများကို ရုတ်တရက် ပွင့်လာစေပြန်သည်။
မရေမတွက်နိုင်သော သွေးနီရောင်လျှပ်စီးတန်းများက မျက်စိတစ်မှိတ်အတွင်း လင်းဖုန်းထံသို့ ပစ်လွှတ်ရောက်ရှိသွားကြ၏။
ထိုအချိန်တွင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ချက်ချင်း အပေါက်ပေါင်းများစွာ ဖြစ်သွားတော့သည်။ ထိုလျှပ်စီးတန်းများမှ ထိုးဖောက်ဝင်ရောက်လာသည့် ထူးဆန်းသော စွမ်းအားများက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းသို့ တဟုန်ထိုး စီးဝင်သွား၏။ ထိုထူးဆန်းလှသည့် စွမ်းအားများက သူ့ဆဲလ်များစွာကို လှိုက်စားပျက်စီးသွားစေသည်။
သို့သော်လည်း လင်းဖုန်း ဤစွမ်းအားကို အလွန်ရင်းနှီးကျွမ်းဝင်နေသလ်ု ခံစားလိုက်ရ၏။
“ဖျက်စီးခြင်းစွမ်းအားလား။ ဒါက နည်းနည်း ဆင်တူပေမဲ့ သိပ်ပြီးတော့ မသန့်စင်လှဘူး” (ဇီဝိန်ချုပ်စွမ်းအား = ဖျက်စီးခြင်းစွမ်းအား)
လင်းဖုန်း ဖျက်စီးခြင်းအမြစ်ကို လှုံ့ဆော်လိုက်သည်။ ချက်ချင်းပင် ဝေလငါး ရေကို စုပ်ယူလိုက်သည့်အလား သူ့ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အတိုင်းအဆမဲ့လှသော ထူးဆန်းသည့် စွမ်းအားများမှာ ဖျက်ဆီးခြင်းအမြစ်အတွင်းသို့ လုံးဝဥဿုံ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ဤသည်ကား အမှန်တကယ်ပင် ဖျက်စီးခြင်းစွမ်းအား ဖြစ်သော်လည်း အရည်အသွေးကမူ များစွာနိမ့်ကျလှသည်။ အကယ်၍ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားက အနှိုင်းမဲ့သန့်စင်လှသော သဘာဝရေစင် ဖြစ်မည်ဆိုလျှင် တုန်ဖန်းရှန် ထုတ်ဖော်လိုက်သည့် ကမ္ဘာပျက်ကပ်၏ အလင်းတန်းကမူ ညစ်ထေးနေသော မြောင်းပုပ်ရေမျှသာ ဖြစ်ပေလိမ့်မည်။
ယင်းတို့နှစ်ခုလုံးက ရေဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီးနှယ် ကွာဟချက်တစ်ခု ရှိနေသည်။
“မင်း ဖျက်ဆီးခြင်းလှံတံကို လိုချင်နေတာ မလား”
လင်းဖုန်း ရုတ်တရက် သူ့ရင်ဘတ်အတွင်းသို့ လက်လှမ်းကာ အသာအယာ ဆုပ်ကိုင်လိုက်သည်။
ရှေးဆန်ကာ နက်မှောင်လှသော လှံရှည်ကြီးတစ်စင်း လင်းဖုန်း၏ လက်ထဲ၌ ပေါ်ထွက်လာ၏။
“မင်းက တကယ်ကြီး ဖျက်ဆီးခြင်းလှံတံကို ပေါင်းစပ်နိုင်ခဲ့တာလား။ မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ကမ္ဘာပျက်ကပ်ရဲ့ စွမ်းအား ရှိတဲ့သူတွေပဲ ဖျက်ဆီးခြင်းလှံတံကို ပိုင်ဆိုင်နိုင်တာလေ...”
“သေစမ်း”
လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို မြင့်မြင့်မြှောက်ကာ ရုတ်တရက် အောက်သို့ ထိုးစိုက်ချလိုက်သည်။
ရွှစ်
ဖျက်ဆီးခြင်းလှံတံက မျက်စိတစ်မှိတ်အတွင်း တုန်ဖန်းရှန်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။
တုန်ဖန်းရှန်၏ မူလဧရာမခန္ဓာကိုယ်ကြီးက မိုးပျံပူဖောင်းတစ်လုံး လေလျော့သွားသည့်အလား ချက်ချင်း တွန့်ရှုံ့သွားတော့သည်။ လင်းဖုန်းအနေဖြင့် တုန်ဖန်းရှန်၏ ကမ္ဘာပျက်ကပ်စွမ်းအားများက ဖျက်ဆီးခြင်းလှံတံ၏ ဝါးမြိုခြင်းကို အဆက်မပြတ် ခံနေရကြောင်း ထင်ထင်ရှားရှား ခံစားမိသည်။
ထိုစွမ်းအားသည်ကား တုန်ဖန်းရှန်၏ အခြေခံအုတ်မြစ်ပင်။
တုန်ဖန်းရှန်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ရှုံ့တွသွားပြီး သူ့ခန္ဓာကိုယ်အတွင်း၌ မည်သည့် သက်စောင့်စွမ်းအားမျှ ကျန်ရှိမနေတော့ချေ။ သို့သော်လည်း တုန်ဖန်းရှန်၏ နှုတ်ခမ်းထောင့်တွင်မူ ထူးဆန်းလှသော အပြုံးတစ်ခု ဆင်မြန်းထားဆဲပင်။
“ကမ္ဘာပျက်ကပ်ရဲ့ ခရုသင်းသံက မြည်ဟည်းသွားခဲ့ပြီ။ လူ့ယဉ်ကျေးမှုရဲ့ ပျက်စီးခြင်းက လက်တစ်ကမ်းအကွာမှာ ရှိနေပြီ။ မင်းတို့ စိတ်တိုင်းကျ ပျော်နိုင်ပါသေးတယ်။ ဟီးဟီးဟီး… အဲ့ဒါက... နိုးထလာတော့မယ်...”
ရွှစ်
လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ပြန်လည် နုတ်ယူလိုက်၏။ တုန်ဖန်းရှန်၏ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း တွန့်လိမ်ရှုံ့တွသွားသည်။ နောက်ဆုံးတွင်မူ ဆွေးမြည့်နေသော မံမီရုပ်အလောင်းတစ်ခုအလား မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲပြိုကျသွားတော့၏။