← Chapters

အခန်း ၃၃၄

Vol. 29 Ch. 334

အခန်း ၃၃၄

Vol. 29 Ch. 334

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၃၄) - လျှို့ဝှက်ဆန်းကြယ်မှု

ဘာသာပြန် - အားသစ်

“သူ သေသွားပြီ”

လင်းဖုန်း ခြောက်ကပ်နေသော အလောင်းကောင်အဖြစ် ပြောင်းလဲသွားသည့် တုန်ဖန်းရှန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤသည်က သူ၏ အစစ်အမှန် ခန္ဓာကိုယ်အရွယ်အစားပင် ဖြစ်လိမ့်မည်။ တုန်ဖန်းရှန်အသွင် ဖန်တီးထားခြင်းကမူ လင်းဖုန်း ကျင့်ကြံထားသည့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကဲ့သို့ ဆန်းကြယ်လှသော ပုံသဏ္ဌာန်ပြောင်းလဲခြင်း နည်းစနစ်တစ်ခုခု ဖြစ်နိုင်ပေသည်။ အကယ်၍ ဆဲလ်တည်ဆောက်ပုံကို သေသေချာချာ လေ့လာမည်ဆိုလျှင် အခြားလူတစ်ဦးအသွင်သို့ ပြောင်းလဲရန်က ထိုမျှအထိ ခက်ခဲလှသည် မဟုတ်ချေ။

“သူတော်စင်လင်းဖုန်း... ဒီတုန်ဖန်းရှန်က ဘယ်လိုထူးဆန်းတဲ့ သတ္တဝါမျိုးများလဲ”

သူတော်စင်ခန်း လင်းဖုန်းထံ လျှောက်လှမ်းလာရင်း မေးမြန်းလိုက်သည်။ သူနှင့် အခြားသူတော်စင်ခုနစ်ပါးတို့၏ နတ်ဘုရားနယ်မြေများ ဆုတ်ဖြဲခံခဲ့ရသော်လည်း အဆုံးသတ်တွင်မူ သူတို့အားလုံး အသက်အန္တရာယ် မရှိကြချေ။ အချိန်အတန်ကြာ အနားယူပြီးနောက် ပြန်လည်သက်သာလာပေလိမ့်မည်။

သို့သော်လည်း သူတော်စင်ရှစ်ပါးစလုံး တုန်ဖန်းရှန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော သတ္တဝါဆန်းနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ထိတ်လန့်နေကြဆဲပင်။

အကယ်၍ လင်းဖုန်းသာ မရှိခဲ့လျှင် အကျိုးဆက်က မည်သို့မျှ တွေးဝံ့စရာ ရှိလိမ့်မည် မဟုတ်ချေ။

“ကျွန်တော်လည်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ သူက တကယ့် သက်ရှိစစ်စစ်တစ်ယောက်ပဲ။ လူသားမျိုးနွယ်စုက မဟုတ်တာတော့ သေချာတယ်။ နတ်ဆိုးဧကရာဇ်တွေထက် အဆပေါင်းများစွာ သာလွန်တဲ့ မဟာနတ်ဆိုးကြီးတစ်ကောင်နဲ့ နည်းနည်းဆင်တူတယ်”

လင်းဖုန်းလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤတုန်ဖန်းရှန်က အလွန်တရာ အားကောင်းလွန်းလှသဖြင့် ယုတ္တိမတန်သလိုပင် ခံစားရစေ၏။ အကယ်၍ အမှန်တကယ် နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်လုပ်ဆောင်ထားသူများသာလျှင် သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

လင်းဖုန်းတွင် ဖျက်ဆီးခြင်းလှံတံ ရှိမနေဘဲ အတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားကို ယာယီ ထုတ်ဖော်အသုံးမပြုနိုင်ခဲ့လျှင် မည်သူ အနိုင်ရရှိသွားမည်ကို တကယ် ခန့်မှန်းရခက်လှသည်။

သို့သော်လည်း တုန်ဖန်းရှန်က လင်းဖုန်းမှတစ်ပါး အခြားသူများနှင့်ယှဉ်လျှင် ပြိုင်ဘက်ကင်းကာ အင်အားကြီးမားလှ၏။ သို့တစေ သူက ကမ္ဘာကြီးကို ဖျက်ဆီးမည့် ဘေးဒုက္ခဆိုးကြီးကို ဖန်တီးလိုလျှင်မူ ဤမျှအင်အားက လုံလောက်မှု မရှိသေးချေ။

ကမ္ဘာပျက်ကပ်ဟူသည် အဘယ်သို့နည်း။

ယင်းက ကမ္ဘာကြီးတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း အလုံးစုံ ဖျက်ဆီးပစ်ခြင်း ဖြစ်၏။ တုန်ဖန်းရှန်အနေဖြင့် တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်း၌ လူသားမျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းပစ်ရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် တုန်ဖန်းရှန်တွင် ကမ္ဘာပျက် ကပ်ဘေးဒုက္ခဆိုးကြီးကို စတင်နိုင်မည့် စွမ်းရည်မျိုး လုံးဝရှိမနေချေ။

“တုန်ဖန်းရှန်ရဲ့ နောက်ဆုံးစကားတွေကို ငါ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ”

ရုတ်တရက် သူတော်စင်ယွမ်ယီ၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်တည်ကြည်သွားပြီး တစ်ခုခုကို သေသေချာချာ ပြန်လည်တွေးတောနေပုံရသည်။

“မင်း ကြားဖူးတယ်လား”

လင်းဖုန်းအပါအဝင် သူတော်စင်အားလုံးက သူတော်စင်ယွမ်ယီထံသို့ အကြည့်များ စုပြုံရောက်ရှိသွားကြသည်။

“ကမ္ဘာပျက်ကပ်ရဲ့ ခရုသင်းသံက မြည်ဟီးလို့နေပြီ။ ယဉ်ကျေးမှုရဲ့ နောက်ဆုံးနေ့ရက်ကလည်း မကြာခင် ရောက်ရှိလာတော့မယ်… အင်း... ဒီစာသားတွေပဲ။ ငါ ဒါတွေကို သေချာပေါက် မြင်ဖူးတယ်။ သူတော်စင်ခန်း... မင်းလည်း မြင်ဖူးရမယ်။ မှတ်မိသေးလား... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက ငါတို့တွေ အတူတူ လေနက်ချောက်ကို သွားပြီး စုံစမ်းစစ်ဆေးခဲ့ကြတုန်းက ရှေးဟောင်းကျောက်စာတိုင်တစ်ခုကို တွေ့ခဲ့ဖူးတယ်လေ။ အဲဒီပေါ်က ပျက်စီးယိုယွင်းနေတဲ့ စာသားတွေက အဲ့လိုပြောထားတယ် မဟုတ်ဘူးလား”

“လေနက်ချောက်ထဲက စာသားတွေ ဟုတ်လား”

သူတော်စင်ခန်း မယုံနိုင်ဖြစ်သွားသည့်အလား မျက်လုံးများ ပြူးကျယ်သွားရသည်။

“အေး…ဟုတ်တယ်။ အဲဒါက လမ်းခုလတ်မှာ ငါတို့တွေ့ခဲ့တဲ့ ကျောက်စာတိုင်တစ်ခုကဆိုတာ ငါ မှတ်မိတယ်။ အဲ့ပေါ်က စာသားတွေက တစ်ချိန်တုန်းက ငါတို့ ရှာတွေ့ခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုရဲ့ စာသားတွေလေ။ ဘာသာပြန်လိုက်ရင် ဒီစာကြောင်းအတိုင်း တစ်ထေရာတည်းပဲ။ ဒီသတ္တဝါဆန်းက လေနက်ချောက်နဲ့ ပတ်သက်ဆက်နွှယ်နေတာများလား”

ထိုသို့တွေးလိုက်မိသည်နှင့် သူတော်စင်အားလုံး၏ မျက်နှာအမူအရာများက အလွန်ပင် လေးနက်တည်ကြည်သွားကြတော့သည်။

လေနက်ချောက်ကို တားမြစ်နယ်မြေကြီးလေးခုထဲတွင် အန္တရာယ်အရှိဆုံးနေရာအဖြစ် သတ်မှတ်ထားကြသည်။ မဟုတ်ပါက သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့နှစ်ယောက် ထိုနေရာကို ကိုယ်တိုင် သွားရောက်စောင့်ကြပ်နေကြမည် မဟုတ်ချေ။

သူတော်စင်ခန်း၏ တွက်ချက်မှုအရ လေနက်ချောက်ကြီးအတွင်း၌ နတ်ဆိုးဧကရာဇ်များပင် ဦးညွှတ်ရလောက်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ရှိနေသည်။ အကယ်၍ တုန်ဖန်းရှန်က လေနက်ချောက်ကြီးနှင့် အမှန်တကယ် ပတ်သက်နေလျှင် ဤမျှ စွမ်းအားကြီးမားနေခြင်းက နားလည်ရ မခက်လှတော့ချေ။

“လေနက်ချောက်...” လင်းဖုန်း ဤအမည်နာမကို မှတ်ဉာဏ်ထဲ၌ သေသေချာချာ မှတ်သားထားရင်း တီးတိုးရေရွတ်လိုက်မိသည်။

“တခြား လိုတာထက်ပိုတဲ့ ခန့်မှန်းချက်တွေ လုပ်နေဖို့ မလိုပါဘူး။ ဒီသတ္တဝါဆန်းက တုန်ဖန်းရှန် ငယ်ငယ်ကတည်းက သူ့အသွင်ကို အတုယူပြီး ပုန်းအောင်းနေခဲ့တာ ဖြစ်ရမယ်။ သူတော်စင်တို့... တုန်ဖန်းရှန် ငယ်ငယ်ကတည်းက ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ အသေးစိတ်ကို ကူပြီး စုံစမ်းစစ်ဆေးပေးကြပါ။ အဲဒါဆိုရင် ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုကို ရှာတွေ့နိုင်လိမ့်မယ် ထင်််တယ်”

လင်းဖုန်း၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများက တောက်ပသွားကြ၏။

“ဟုတ်တယ်။ ငါတို့ သေသေချာချာ စုံစမ်းစစ်ဆေးရမယ်”

“တုန်ဖန်းရှန် တစ်ယောက်တည်းတင် မဟုတ်ဘူး။ ညမိစ္ဆာအဖွဲ့အစည်းလည်း ရှိသေးတယ်။ တုန်ဖန်းရှန် သေသွားပြီဆိုပေမဲ့ ညမိစ္ဆာအဖွဲ့အစည်းက ပြန်ပြီး အသက်ဝင်လာနိုင်သေးတယ်။ ငါတို့ ချက်ချင်း အမြစ်ပြတ် ချေမှုန်းပစ်ရမယ်”

“ဒီတစ်ကြိမ်တော့ သူတော်စင်လင်းဖုန်းကိုပဲ အားကိုးလိုက်ရတာပဲ။ အရင်က ဘာတိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ငါတို့ သူတော်စင်လင်းဖုန်းအတွက် သေချာပေါက် ကျေနပ်လောက်မယ့် ရှင်းလင်းချက်တစ်ခု ပေးပါ့မယ်”

လက်ရှိအခြေအနေကို ဤအတိုင်း ဆက်ထား၍ မရတော့ပေ။ ထို့ကြောင့် သူတော်စင်အားလုံးလည်း ဆုံးဖြတ်ချက် ချက်ချင်း ချလိုက်ကြသည်။

ထို့ကြောင့် သူတော်စင်များ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။ သူတို့အနေဖြင့် နယ်မြေအသီးသီးကို ပြန်လည်စောင့်ကြပ်ရန် လိုသေးသည်။ သို့မဟုတ်ပါက နတ်ဆိုးဧကရာဇ်များသာ ဆူပူသောင်းကျန်းလာလျှင် ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။

သူတော်စင်များ ထွက်ခွာသွားပြီးနောက်တွင် အနန္တလမ်းစဉ်အကယ်ဒမီ၌ လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့နှစ်ဦးသာ ကျန်ရစ်ခဲ့တော့၏။

သူတို့ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲဖြစ်ကာ ရှုပ်ထွေးပွေလီနေသော အပျက်အစီးများကို လှမ်းကြည့်လိုက်သည်။ အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုတည်း ပျက်စီးသွားခဲ့ခြင်းမဟုတ်ပေ။ ပတ်ဝန်းကျင် ကီလိုမီတာအနည်းငယ်အထိပါ ပျက်စီးခြင်းအတိ ဖြစ်သွားခဲ့ရသည်။ သေဆုံးဒဏ်ရာရသူ အရေအတွက်ကလည်း တစ်သိန်းထက်မနည်း ရှိနေ၏။

သူတော်စင်များအကြား တိုက်ပွဲတွင် သိုင်းသမားဖြစ်စေ သာမန်လူဖြစ်စေ ပုရွက်ဆိတ်များအလား အဆမတန် သေးဖွဲသိမ်နုပ်လှသဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း လုံးဝမရှိကြချေ။

ဤသည်ကလည်း လင်းဖုန်း တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ခဲ့၍ ဖြစ်၏။ အကယ်၍သာ အချိန်ပိုမို ကြာမြင့်သွားခဲ့လျှင် သေဆုံးသူအရေအတွက်ကလည်း ဤထက်မက များပြားသွားပေလိမ့်မည်။

“ကျောင်းအုပ်ကြီး... အနန္တလမ်းစဉ်အကယ်ဒမီကတော့ ပျက်စီးသွားပြီ”

လင်းဖုန်းလည်း အနည်းငယ် အားနာမိသွားသည်။ သူနှင့် တုန်ဖန်းရှန်တို့၏ တိုက်ပွဲက အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် အခြားအရာများကို အာရုံမစိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုလုံး ပြာပုံအတိ ဖြစ်သွားခဲ့ရခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ကျောင်းသားအများစုကို အချိန်မီ ရွှေ့ပြောင်းပေးနိုင်သည်။ မဟုတ်ပါက ဆုံးရှုံးမှုများက ဤထက်မက ပိုမိုကြီးမားသွားပေလိမ့်မည်။

တုန်ဖန်းရှန်၏ ခန္ဓာကိုယ်ပေါ်မှ ဆက်သွယ်ရေးစက်တစ်ခုမှအပါး အသုံးဝင်သည့်အရာ တစ်ခုမှမတွေ့ချေ။ သူ နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း အဖိုးတန်သည့် သတင်းအချက်အလက်အားလုံးမှာ ဖျက်ဆီးခံထားရပြီး ဖြစ်သည်။ တုန်ဖန်းရှန်က ပဟေဠိတစ်ခုနှယ် ရှိနေဆဲပင်။ သူက ဘယ်ကနေ ရောက်လာမှန်းမသိ လူသားမျိုးနွယ်ကြားထဲတွင် ပုန်းအောင်းနေခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်ခဲ့၏။ သူတော်စင်ရှစ်ပါး ပေါင်းလျှင်ပင် သူ့ကို မယှဉ်နိုင်ခဲ့ကြချေ။

ဒွီ

ရုတ်တရက် လင်းဖုန်း၏ ဆက်သွယ်ရေးစက်ထံသို့ သတင်းစကားတစ်ခု ရောက်ရှိလာသည်။ သူ၏ ဆက်သွယ်ရေးစက်က ယခင်က သူတော်စင်ဘာတိုင်၏ ပစ္စညဖြစ်ပြီး လက်ရှိအချိန်တွင် သူ ယာယီအသုံးပြုနေခြင်း ဖြစ်၏။ ယခုအခါ အခြားသူတော်စင်ခုနစ်ပါးသာ ဤအကောင့်ကို သိကြသည်။

ဤသတင်းစကားက သူတော်စင်ခန်းထံမှ ပေးပို့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုမှ ရရှိလာသော တုန်ဖန်းရှန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်နေသည်။

အဓိကအဖွဲ့အစည်းငါးခု၏ သြဇာအာဏာက လူသားမျိုးနွယ်တစ်ခုလုံးကို လွှမ်းမိုးထား၏။ အစပိုင်းတွင် သူတို့၌ ရည်မှန်းချက်တိတိကျကျ မရှိခဲ့ပေ။ သို့သော်လည်း ယခုအခါ တုန်ဖန်းရှန်တွင် ပြဿနာရှိနေကြောင်း အတည်ပြုပြီးနောက် တုန်ဖန်းရှန် ငယ်စဉ်ကတည်းက ရှိခဲ့ဖူးသမျှ သတင်းအချက်အလက်အားလုံးကို အသေးစိတ် ပိုက်စိပ်တိုက် စုံစမ်းစစ်ဆေးခဲ့ကြသည်။

လင်းဖုန်း သတင်းအချက်အလက်တစ်ခုတစ်လေကိုမျှ လက်လွတ်မခံဘဲ သေသေချာချာ စီစီစစ်စစ် ဖတ်ရှုလိုက်သည်။

တုန်ဖန်းရှန် မွေးဖွားချိန်မှစ၍ အသက်သုံးနှစ်အရွယ်အထိ မည်သည့် ပုံမှန်မဟုတ်သော အရာမျှ ရှိမနေခဲ့ချေ။ သို့သော်လည်း အသက်သုံးနှစ်နောက်ပိုင်းတွင်မူ လင်းဖုန်း အသေးအဖွဲ အချက်လေးတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

တုန်ဖန်းရှန် အသက်သုံးနှစ်ခွဲခန့်အရွယ်တွင် သူ မိဘများနှင့်အတူ ကစားကွင်းသို့ သွားရောက်ခဲ့၏။ ထိုစဉ် မိနစ်သုံးဆယ်ခန့် ပျောက်ဆုံးသွားခဲ့ဖူးသည်။

နောက်ဆုံးတွင်မူ သူတို့က မုန့်ဆိုင်တန်းရှေ့၌ ရေခဲမုန့်စားချင်သဖြင့် မတ်တပ်ရပ်နေသော တုန်ဖန်းရှန်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြသည်။

လူများစွာက ဤကိစ္စကို သိပ်ပြီး အာရုံမစိုက်မိခဲ့ကြချေ။ မိနစ်သုံးဆယ်မျှသာ ကြာမြင့်ခဲ့ခြင်း မဟုတ်ပါလား။ ကလေးတစ်ယောက် လူအုပ်ကြားထဲ ခဏတဖြုတ် လမ်းပျောက်သွားခြင်းက ပုံမှန်သာ မဟုတ်ပါလား။

သို့သော်လည်း ဤအချက်ကပင် အလွန် ပုံမှန်မဟုတ်ဆုံးအရာ ဖြစ်နေသည်။ တုန်ဖန်းရှန်၏ မိဘနှစ်ပါးလုံးက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားနိုင်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင်။ သူတို့က လူအုပ်ကြီးကြားထဲတွင် တုန်ဖန်းရှန်ကို မိနစ်သုံးဆယ်အထိ ကြာအောင် မည်သို့နှယ် မျက်စိအောက်က အပျောက်ခံပါမည်နည်း။

ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်းတွင် တုန်ဖန်းရှန်က တဖြည်းဖြည်းနှင့် ထူးချွန်ထက်မြက်လာခဲ့သည်။ သူက မွေးရာပါစွမ်းရည်တချို့ကိုပင် နိုးထလာစေခဲ့သဖြင့် တုန်ဖန်းရှန်၏ မိဘများကို အလွန်အံ့အားသင့်သွားစေခဲ့၏။ ထိုအချိန်မှစ၍ သူ၏ လမ်းစဉ်တစ်ခုလုံးက အဆင်ပြေချောမွေ့ခဲ့ပြီး ပါရမီရှင်သိုင်းသမားတစ်ဦး ဖြစ်လာခဲ့တော့သည်။

လင်းဖုန်း တုန်ဖန်းရှန် အသက်သုံးနှစ်အရွယ်တွင် လမ်းပျောက်ခဲ့သည့် ထိုမိနစ်သုံးဆယ်အတွင်း၌ ထိုသတ္တဝါဆန်းနှင့် အစားထိုးခံလိုက်ရသည်ဟု တပ်အပ်ကောက်ချက်ချလိုက်သည်။ တုန်ဖန်းရှန်အစစ်ကမူ ဟိုးယခင်ကတည်းက သေဆုံးသွားခဲ့ဖို့ အလွန်ဖြစ်နိုင်ချေများလှ၏။

ထို့နောက် ထိုသတ္တဝါဆန်းက တုန်ဖန်းရှန်အသွင်ဖြင့် အစားထိုးကာ တုန်ဖန်းရှန်ဟူသောအမည်ဖြင့် နေထိုင်ခဲ့သည်။ ဤကာလအတွင်း သူက လူသားမျိုးနွယ်စု၏ သတင်းအချက်အလက်များကို အဆက်မပြတ် စုဆောင်းရန်အတွက် ညမိစ္ဆာအဖွဲ့အစည်းကိုပင် တည်ထောင်ခဲ့သေးသည်။

သို့သော်လည်း လင်းဖုန်း သေသေချာချာ သိနေသည်မှာ ထိုသတ္တဝါဆန်း၏ စွမ်းအားက လူသားသူတော်စင်များထက် များစွာသာလွန်လှ၏။ အကယ်၍ သူသာ လူသားမျိုးနွယ်ကို ဖျက်ဆီးလိုလျှင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း သူတော်စင်အားလုံးကို သတ်ဖြတ်ပြီး လူသားမြို့ပြများကို တဖြည်းဖြည်း ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

သူ ဘာလို့ အဲလို မလုပ်ခဲ့ရတာလဲ။

လင်းဖုန်း ထိုသတ္တဝါဆန်းကို ရှာမတွေ့ခင် အချိန်အထိ သူက ကမ္ဘာပျက်ကပ်ကို စတင်မည့် မည်သည့် အရိပ်အယောင်မျိုးကိုမျှ ပြသခဲ့ခြင်းမရှိချေ။

ဤအရာအားလုံးက တုန်ဖန်းရှန်၏ သေဆုံးမှုနှင့်အတူ ခက်ခဲနက်နဲလှသော ပဟေဠိတစ်ခု ဖြစ်သွားခဲ့ရလေပြီ။

“လောင်ဘီသမ်... မင်း ငါ့ကို ပြောစရာစကားတစ်ခုခု ရှိမနေဘူးလား”

လင်းဖုန်း မျက်လုံးအစုံကို ခပ်ဖွဖွ မှိတ်လိုက်ရင်း စိတ်ထဲမှ မေးမြန်းလိုက်သည်။ အတွေးအမျိုးမျိုးက သူ့စိတ်အစဉ်ထဲတွင် ဖြတ်ပြေးသွား၏။

နောက်ဆုံးတွင်မူ လင်းဖုန်း လောင်ဘီသမ်ထံ၌သာ အာရုံစိုက်လိုက်တော့သည်။ အခြားလူများတွင် မည်သည့် သဲလွန်စမျှ ရှိမနေသော်လည်း လောင်ဘီသမ်ကမူ တစ်ခုခုကို သေချာပေါက် သိနေပေလိမ့်မည်။

All Chapters