အခန်း ၃၃၅
Vol. 29 Ch. 335
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၃၅) - ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး
ဘာသာပြန် - အားသစ်
လောင်ဘီသမ်တစ်ယောက် လင်းဖုန်း၏ ဆက်သွယ်ရေးစက်အတွင်းမှ ပေါ်ထွက်လာသည်။ သူ့ပုံစံက အနည်းငယ် တုံ့ဆိုင်းနေပုံရ၏။
“လောင်ဘီသမ်... ငါက အခု တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းတောင် လုပ်ပြီးပြီလေ။ ဒါတောင် မလုံလောက်သေးဘူးဆိုရင်လည်း ငါ ဖျက်ဆီးခြင်းလှံတံကို အကြမ်းဖျင်း ပေါင်းစပ်ပြီးပြီပဲ။ ဒီလောက်ဆိုရင်တော့ လုံလောက်သင့်ပြီ မဟုတ်လား။ ငါ့ကိုပြောစမ်းပါ... ကမ္ဘာပျက်ကပ်က ဘာလဲ။ ပြီးတော့ အဲဒါက ဘယ်သူလဲ”
လင်းဖုန်း၏ မျက်နှာအမူအရာက အလွန်ပင် လေးနက်တည်ကြည်နေ၏။ သူသည် တုန်ဖန်းရှန်၏ နောက်ဆုံးစကားများကို တရားလွန် ပြောဆိုသွားသည်ဟု မထင်ချေ။
လောင်ဘီသမ်က လင်းဖုန်းကို ရှုပ်ထွေးလှသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။ အတိတ်ကာလကဆိုလျှင် သူ လင်းဖုန်းကို မဆိုင်းမတွ ငြင်းပယ်ခဲ့မည်သာ။ သို့သော်လည်း လင်းဖုန်းတွင် သူ့သခင်၏ တပည့်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေးရှိကြောင်း ခံစားမိသည့်အချိန်မှစ၍ သူ့သဘောထားက အနည်းငယ် ပြောင်းလဲသွားခဲ့လေပြီ။
ယခုအခါ သူ လင်းဖုန်းကို ပြောပြသင့် မပြောပြသင့် တုံ့ဆိုင်းနေ၏။
လင်းဖုန်းက လောင်ဘီသမ်ကို အတင်းအကျပ် မတိုက်တွန်းဘဲ ခပ်အေးအေးသာ စောင့်ဆိုင်းနေသည်။
“လင်းဖုန်း... ငါက မင်း သခင့်ရဲ့အမွေအနှစ်ကို ရရှိပြီးတော့ သခင့်ရဲ့ တပည့်အစစ် ဖြစ်လာတဲ့အချိန်ကျမှ ကမ္ဘာပျက်ကပ်အကြောင်းကို ပြောပြဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ မင်းက အခု ဖျက်ဆီးခြင်းလှံတံကိုတောင် ပေါင်းစပ်နိုင်နေပြီဆိုတော့ မင်းကို အခု ပြောပြလိုက်လည်း ဘာမှမဖြစ်ပါဘူး။
ငါ ဒီကမ္ဘာမြေကို စရောက်ခါစတုန်းက မင်းတို့ကမ္ဘာကြီးက ဒုတိယမြောက် ယဉ်ကျေးမှုခေတ်ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ။ ဒုတိယယဉ်ကျေးမှုခေတ်က ဘယ်လောက်တောင် အားကောင်းခဲ့သလဲဆိုတာ မင်း စိတ်ကူးမိမှာတောင် မဟုတ်ဘူး။ ပထမယဉ်ကျေးမှုခေတ်က ချန်ရစ်ထားခဲ့တဲ့ ရတနာတချို့ကြောင့် ဒုတိယယဉ်ကျေးမှုရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းကို ကြောက်စရာကောင်းခဲ့တာပေါ့။ အဲဒီအချိန်တုန်းက လူသားတွေက ဒီကမ္ဘာကြီးရဲ့ အကြွင်းမဲ့အုပ်စိုးသူတွေပဲ။ ရှုပ်ထွေးပွေလီနေတဲ့ နတ်ဆိုးသားရဲတွေဆိုတာ လုံးဝမရှိဘူး။ အခြေခံအားဖြင့် လူတိုင်းက အရွယ်ရောက်တာနဲ့ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း တစ်ကြိမ်ကို သဘာဝအတိုင်း ပြီးမြောက်နိုင်ကြတယ်။
ဒါကြောင့်မို့လို့ ဒုတိယယဉ်ကျေးမှုခေတ်က လူသားအားလုံးက ပထမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ကြပြီး သုံးကြိမ် ဒါမှမဟုတ် လေးကြိမ်အထိ အသွင်ပြောင်းလဲနိုင်တဲ့သူတွေကလည်း မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ ငါးကြိမ်အထိ အသွင်ပြောင်းလဲနိုင်တဲ့သူတွေကပဲ အရမ်းရှားတာ။ သူတို့ ရှိ မရှိကိုတော့ ငါလည်း သေသေချာချာ မသိဘူး။ နောက်ဆုံးတော့ ဒုတိယယဉ်ကျေးမှုက နိဂုံးပိုင်းကို ရောက်နေပြီလေ။ အဲဒီအချိန်တုန်းက ဒုတိယယဉ်ကျေးမှုက ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေခဲ့ရတာ။ ဘာလို့လဲဆိုတော့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး ရှိနေခဲ့လို့ပဲ။
ဒီကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး ပေါ်ထွက်လာတာနဲ့ ဒုတိယယဉ်ကျေးမှုက ချက်ချင်း ချေမှုန်းဖျက်ဆီးခံလိုက်ရတယ်။ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက ဘယ်လောက်တောင် စွမ်းအားကြီးသလဲဆိုတာ မင်း စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး။ သူက ဖျက်ဆီးဖို့အတွက် ကမ္ဘာကြီးကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် မွေးဖွားလာတာ။ စကြဝဠာကျင့်ကြံခြင်းစနစ်အရဆိုရင် အဲ့ဒီဧရာမသားရဲကြီးက ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုရဲ့ အထွတ်အထိပ်မှာ ရှိနေရမယ်။ ဒါက မင်းတို့ ကျင့်ကြံတဲ့ သိုင်းပညာအဆင့်အတန်းအရ မဟုတ်ဘူးနော်။ စကြဝဠာကျင့်ကြံခြင်းစနစ်ရဲ့ စံနှုန်းအရ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်နဲ့ ညီမျှတာကို ပြောတာ။
ဒီကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ အဲဒီဖျက်ဆီးခြင်းကနေတစ်ဆင့် ဖျက်ဆီးခြင်းစွမ်းအားတွေကို ရယူပြီးတော့ ဂြိုဟ်အဆင့်သက်ရှိအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ အကြိမ်တိုင်း ကျရှုံးခဲ့ရတယ်။ သူက ယဉ်ကျေးမှုခေတ်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကြီးကိုတော့ လုံးဝဥဿုံ မချေမှုန်းနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ယဉ်ကျေးမှုရဲ့ မီးစပွားလေးတွေက ကမ္ဘာပေါ်မှာ ကျန်ရစ်နေခဲ့လို့ပဲ။ အဲဒီနောက်မှာ ယဉ်ကျေးမှုက တဖြည်းဖြည်းနဲ့ ပြန်လည်မွေးဖွားလာခဲ့တာ။ ဒီလိုနဲ့ တတိယ၊ စတုတ္ထ၊ ပဉ္စမကနေ အခု မင်းတို့ရဲ့ ကိုးခုမြောက် ယဉ်ကျေးမှုအထိ ရောက်လာခဲ့တာပဲ။
တကယ်လို့ အဲ့ဒီဧရာမသားရဲကြီးက ကမ္ဘာပျက်ကပ်ကို စတင်ပြီးတဲ့နောက်မှာ အသွင်ပြောင်းလဲမှု မလုပ်ဆောင်နိုင်ခဲ့ရင် သူက အားနည်းတဲ့ ကာလတစ်ခုကို ဖြတ်သန်းရပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတတ်တယ်။ သူ နိုးထလာတဲ့အခါကျရင်တော့ ကမ္ဘာပျက်ကပ်ကို ထပ်ပြီး စတင်ဦးမှာပဲ။ မင်းတို့ရဲ့ ကိုးခုမြောက် ယဉ်ကျေးမှုက မွေးဖွားလာတာ မကြာသေးဘူး။ အချိန်ကာလအရဆိုရင် ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး နိုးထလာဖို့အတွက် အချိန်တွေအများကြီး လိုပါသေးတယ်။ ဒါကြောင့်မို့လို့ တုန်ဖန်းရှန် ပြောသွားတဲ့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး နိုးထတော့မယ်ဆိုတဲ့အချက်ကို ငါ သိပ်ပြီးမယုံဘူး။ မျှော်လင့်မထားတဲ့ အပြောင်းအလဲတစ်ခုခုဖြစ်သွားပြီးတော့ အဲ့ဒီဧရာမသားရဲကြီးကို အချိန်မတိုင်ခင် နိုးထလာအောင် လုပ်လိုက်တာမျိုး မဟုတ်ရင်ပေါ့”
လောင်ဘီသမ်က သူ ရေငုံနှုတ်ပိတ်ခဲ့သော လျှို့ဝှက်ချက်အားလုံးကို တစ်ပြိုင်နက်တည်း ဖွင့်ဟပြောကြားလိုက်တော့သည်။
လင်းဖုန်းသည် အတွေ့အကြုံနှင့် ဗဟုသုတ ကြွယ်ဝလှပြီး လူသားမျိုးနွယ်စု၏ အထွတ်အထိပ်တွင် ရပ်တည်ကာ သူတော်စင်များကိုပင် ကျော်လွန်သည့် အောင်မြင်မှုများ ရရှိထားသော်လည်း လောင်ဘီသမ်၏ စကားကြောင့် အသက်ရှူပင် မှားသွားရသည်။ သူ့နှလုံးအိမ်အတွင်းမှ တုန်လှုပ်ခြောက်ချားမှုများကို အချိန်အတော်ကြာအောင် ငြိမ်းသတ်၍ မရနိုင်ခဲ့ချေ။
ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး ဟုတ်လား...
ဂြိုဟ်အဆင့်သက်ရှိဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ဒီလိုကြောက်စရာကောင်းတဲ့ ဧရာမသားရဲကြီးတစ်ကောင်က ဒီကမ္ဘာပေါ်မှာ တကယ်ကြီး ရှိနေတာလား။
သူက ကမ္ဘာပျက်ကပ်ကနေ ဖျက်ဆီးခြင်းစွမ်းအားတွေကို ရယူပြီးတော့ အသွင်ပြောင်းလဲမှာတဲ့လား။
လင်းဖုန်း သူ ရရှိခဲ့ဖူးသော လီဗိုင်ယာသန်၏ မှတ်ဉာဏ်များကို တွေးတောလိုက်မိသည်။ ထိုလီဗိုင်ယာသန်သည် အစပိုင်းတွင် ကမ္ဘာတစ်ခု၏ အရှင်သခင်အဆင့် ဧရာမသားရဲကြီးတစ်ကောင် ဖြစ်ပုံရ၏။ သို့သော်လည်း နောက်ဆုံး အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်သည့်အခါတွင်မူ လီဗိုင်ယာသန်က သူ့ဗီဇစိတ်အရ မိခင်ကမ္ဘာမြေကြီးကို မတုံ့မဆိုင်း ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်။
ကမ္ဘာမြေတစ်ခုလုံးကို ဝါးမြိုပြီးနောက်မှသာ လီဗိုင်ယာသန်က နောက်ဆုံး အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်အောင်မြင်ခဲ့ပြီး ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာခဲ့၏။ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကလည်း ဤကဲ့သို့ပင် ဖြစ်နေမည်လော။
ဒုတိယယဉ်ကျေးမှုမှ သတ္တမယဉ်ကျေးမှုအထိ အလွန်အင်မတန် အင်အားကြီးမားလှသော ယဉ်ကျေးမှုခေတ်ကြီးများအားလုံး အကြိမ်ကြိမ် ဖျက်ဆီးခြင်း ခံခဲ့ရသည်။ အမှန်တရားက ဖုံးကွယ်နေခဲ့သော်လည်း ယနေ့တွင်မှ လင်းဖုန်းအနေဖြင့် ဤအရာအားလုံးက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကြောင့် ဖြစ်ကြောင်း သိရှိလိုက်ရခြင်း ဖြစ်ပေ၏။
“ဖျက်ဆီးခြင်းစွမ်းအား... ဟုတ်သားပဲ။ ငါ အရင်က တုန်ဖန်းရှန်နဲ့ တိုက်ခိုက်နေတုန်းက တုန်ဖန်းရှန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခုကို ခံစားခဲ့ရတယ်။ အဲဒါက ငါ့ရဲ့ တိုက်ခိုက်ရေးခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်ဆီးပစ်နိုင်တဲ့ ဖျက်ဆီးခြင်းစွမ်းအားပဲ။ ဒါပေမဲ့ အဲဒီစွမ်းအားက ဖျက်ဆီးခြင်းလှံတံရဲ့ ဖျက်ဆီးခြင်းစွမ်းအားနဲ့ ယှဉ်ရင်တော့ အဝေးကြီး လိုပါသေးတယ်”
လောင်ဘီသမ်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ “မှန်တယ်... အဲဒါက ဖျက်ဆီးခြင်းစွမ်းအားပဲ။ ဒါပေမဲ့ မင်းရဲ့ ဖျက်ဆီးခြင်းလှံတံက မူလဇစ်မြစ်လက်နက်တစ်ခုလေ။ ဖျက်ဆီးခြင်းမူလဇစ်မြစ်ဆိုတာ ကြယ်တစ်ပွင့် ပြိုလဲပျက်စီးရာကနေ ထုတ်ယူထားတဲ့ ဖျက်ဆီးခြင်းစွမ်းအား ပဲ။ တုန်ဖန်းရှန်ရဲ့ ဖျက်ဆီးခြင်းစွမ်းအားကတော့ မင်းတို့ကမ္ဘာပေါ်က ဖျက်ဆီးခြင်းစွမ်းအားလောက်ပဲ ရှိတာ။ အဲဒီနှစ်ခုက တစ်တန်းတည်းထားလို့တောင် မရဘူး”
“ဒါဆိုရင်... တုန်ဖန်းရှန်က ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးလား”
လင်းဖုန်း၏ နှလုံးခုန်သံက မြန်ဆန်သွားပြီး သူ့စိတ်ထဲတွင် ရဲရင့်သော အတွေးတစ်ခု ပေါ်လာသည်။
“မဟုတ်ဘူး... တုန်ဖန်းရှန်က ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲ လုံးဝမဟုတ်ဘူး။ တကယ်လို့ သူကသာ တကယ့်ဧရာမသားရဲကြီးဆိုရင် မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်နိုင်တယ်။ မင်း ဖျက်ဆီးခြင်းလှံတံကို ကိုင်ထားရင်တောင် မင်း အသက်ရှင်မှာ မဟုတ်ဘူး။ ငါအထင်မမှားဘူးဆိုရင် တုန်ဖန်းရှန်က ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးနဲ့အတူ မွေးဖွားလာခဲ့ပြီးတော့ ဖျက်ဆီးခြင်းစွမ်းအားတွေရဲ့ ကူးစက်ခြင်းကို ခံထားရတဲ့ အထူးသက်ရှိတစ်မျိုးပဲ ဖြစ်ရမယ်”
လင်းဖုန်း တဖြည်းဖြည်း တည်ငြိမ်သွားသည်။
အကယ်၍ လောင်ဘီသမ်ပြောသည်က အမှန်ဆိုလျှင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးနှင့်အတူ မွေးဖွားလာခဲ့သည့် သတ္တဝါဆန်းတစ်ကောင်ကပင် လင်းဖုန်း၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်လုပ်ဆောင်ထားသော တိုက်ခိုက်ရေးခန္ဓာကိုယ်ထက် မနိမ့်ကျသည့် အင်အားကို ပိုင်ဆိုင်ထား၏။ ထိုသို့ဆိုလျှင် အစစ်အမှန် ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက မည်မျှအထိတိုင် အစွမ်းထက်လိုက်မည်နည်း။
အမှန်တကယ်ပင် ကမ္ဘာပျက်ကပ်ဟူသော အမည်နှင့် ထိုက်တန်လှပေ၏။
“တုန်ဖန်းရှန်က အယောင်ဆောင်တစ်ခုပဲ။ မင်းမှာ ဖျက်ဆီးခြင်းလှံတံ ရှိနေလို့သာ သူက မင်းရဲ့ ပြိုင်ဘက် မဖြစ်ခဲ့တာ။ ဒါပေမဲ့ မင်းက ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ယှဉ်ပြိုင်ဖို့ဆိုရင်တော့ အဝေးကြီး လိုပါသေးတယ်”
ဤသည်က လောင်ဘီသမ် လင်းဖုန်းကို ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးအကြောင်း ပြောပြရန် အချိန်အတော်ကြာအောင် ဆွဲထားခဲ့ရသည့် အကြောင်းရင်းမှန်ပင်။ ကွာဟချက်က ကြီးမားလွန်းလှသဖြင့် လင်းဖုန်း၏ ယုံကြည်ချက်ကိုပင် ထိခိုက်စေနိုင်၏။ ကျင့်ကြံသူတစ်ဦး ယုံကြည်ချက် ပြိုလဲသွားပါက နောက်ထပ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်ရန်က အခြေခံအားဖြင့် မဖြစ်နိုင်တော့ကြောင်း သိထားရပေမည်။
“ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက ဒီလောက်တောင် စွမ်းအားကြီးနေတာ။ သူ့ကို ရင်ဆိုင်နိုင်မယ့် စွမ်းအားမျိုးရော ရှိရဲ့လား”
“သေချာပေါက် ရှိတာပေါ့။ ဥပမာအနေနဲ့ မင်း ပိုင်ဆိုင်ထားတဲ့ ဖျက်ဆီးခြင်းလှံတံရဲ့ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မယ်ဆိုရင် အဲ့ဒီဧရာမသားရဲကြီးကို ရင်ဆိုင်နိုင်လိမ့်မယ်။ ပြီးတော့ မင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်ပြီးမြောက်ပြီးတော့ အရှင့်ရဲ့ အမွေအနှစ်ကို ရမယ်ဆိုရင်လည်း အဲ့ဒီဧရာမသားရဲကြီးကို ရင်ဆိုင်နိုင်လိမ့်မယ်”
လင်းဖုန်း ခေါင်းခါလိုက်မိသည်။ ဤနည်းလမ်းနှစ်ခုလုံးက ပြောသလောက် မလွယ်လှချေ။
လင်းဖုန်းသည် ဖျက်ဆီးခြင်းလှံတံကို မည်သို့ အလုံးစုံ ပေါင်းစပ်ရမည်ကို သဲလွန်စပင် မရှိသေးချေ။ လက်ရှိအချိန်တွင် သူ ဖျက်ဆီးခြင်းမူလအမြစ်ကို အသုံးပြု၍ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားကို အနည်းငယ်မျှသာ လှုံ့ဆော်အသုံးပြုနိုင်ခြင်း ဖြစ်သည်။
လင်းဖုန်း လှံတံ၏စွမ်းအား တစ်ရာခိုင်နှုန်းခန့်ကိုသာ ထုတ်ဖော်နိုင်သေး၏။ နောက်ဆုံးတွင် အစစ်အမှန် ဖျက်ဆီးခြင်းလှံတံဟူသည် ကြယ်တစ်ပွင့်၏ ဖျက်ဆီးခြင်းမူလဇစ်မြစ် ပါဝင်သည့် မူလဇစ်မြစ်လက်နက်တစ်ခု ဖြစ်ပေသည်။ အကယ်၍ ထိုလက်နက်၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မည်ဆိုလျှင် ဂြိုဟ်အဆင့်သက်ရှိများကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခြင်း သို့တည်းမဟုတ် သုတ်သင်သတ်ဖြတ်ပစ်နိုင်စွမ်းပင် ရှိပေသည်။
ဖျက်ဆီးခြင်းလှံတံကို အလုံးစုံ ပေါင်းစပ်နိုင်မည့်နည်းလမ်းက မရေမရာ ဖြစ်နေဆဲပင်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်ဆိုသည်မှာမူ ဤထက်မက ပိုမိုခက်ခဲလှပေသည်။
လင်းဖုန်းအနေဖြင့် အချိန်တိုအတွင်း၌ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်ကို ပြီးမြောက်ခဲ့သော်လည်း အကြိမ်တိုင်းတွင် သူ ကံကောင်းထောက်မစွာ အခွင့်အရေးများနှင့် ကြုံခဲ့ရ၏။ ကြီးမားလှသော ဒုက္ခသုက္ခများကို ဖြတ်သန်းပြီးမှသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
“ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက လေနက်ချောက်ထဲမှာ အိပ်စက်နေတာလား”
လင်းဖုန်း ခေါင်းမော့လိုက်ပြီး သူ့မျက်ဝန်းများအတွင်း၌ ထက်ရှသော အရိပ်အယောင်များ လင်းလက်သွားသည်။ သူ့စိတ်ထဲတွင် အတင့်ရဲသည့် အတွေးတစ်ခု ပေါ်ထွက်လာ၏။