အခန်း ၃၃၆
Vol. 29 Ch. 336
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၃၆) - အရေးတကြီးလိုအပ်ချက်
ဘာသာပြန် - အားသစ်
“လင်းဖုန်း... ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက လေနက်ချောက်ထဲမှာ အိပ်စက်နေတာတော့ အမှန်ပဲ။ မင်း ဘာလုပ်ဖို့ ကြံနေတာလဲ”
လောင်ဘီသမ် ထိတ်လန့်သွားသည်။ သူ့အနေဖြင့် လင်းဖုန်းက တခါတရံ မည်မျှအထိ မဆင်မခြင်လုပ်တတ်သည်ကို ကောင်းကောင်း သိထား၏။
“ဧရာမသားရဲကြီးက အိပ်စက်နေတာဆိုတော့... ငါ ဖျက်ဆီးခြင်းလှံတံကို သုံးပြီးတော့ အဲ့အကောင်ကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ ဖြစ်နိုင်မလား”
လင်းဖုန်း၏ မျက်ဝန်းများအတွင်း၌ စူးရှသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဖျက်ဆီးခြင်းလှံတံနဲ့ သတ်ပစ်မယ် ဟုတ်လား”
လောင်ဘီသမ်က ခေါင်းခါပြီး ပြောလိုက်သည်။
“လင်းဖုန်း... မင်း ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို တစ်ခါမှ မမြင်ဖူးသေးဘူး။ အဲ့ကောင် ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ပိုလို့တောင် မသိသေးဘူး။ အဲ့ကောင် မင်း စိတ်ကူးထားတာတွေထက် လုံးဝကို ကျော်လွန်နေပြီ။ စကြဝဠာကျင့်ကြံခြင်းစနစ်အရ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုနဲ့ ညီမျှတဲ့ စွမ်းအားရှိတဲ့ ဖြစ်တည်မှုမျိုး။ မင်းမှာ ဖျက်ဆီးခြင်းလှံတံ ရှိနေရင်တောင် မင်းရဲ့ လက်ရှိခွန်အားနဲ့ အဲ့ဒီဧရာမသားရဲကြီးကို သတ်ပစ်နိုင်မယ်လို့ ထင်နေတာလား။
တကယ်လို့ အဲ့ကောင်ကို သတ်ရတာ အဲ့လောက်ထိ လွယ်နေမယ်ဆိုရင် ဒုတိယယဉ်ကျေးမှုက ဒီလောက်ထိ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံခဲ့ရမှာ မဟုတ်ဘူး။ ဖျက်ဆီးခြင်းလှံတံဆိုတာ ဒုတိယယဉ်ကျေးမှုရဲ့ စေ့စပ်သေချာမှု အရှိဆုံး သုတေသနတစ်ခုဆိုတာ မင်း သိထားသင့်တယ်။ သူတို့ရဲ့ ဖျက်ဆီးခြင်းစွမ်းအား အသုံးပြုမှုက မင်းထက် မနိမ့်ကျခဲ့ဘူး။ တကယ်လို့ မင်းက လေနက်ချောက်ထဲကို မဆင်မခြင် ဇွတ်တိုးဝင်သွားပြီး ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို မသတ်နိုင်ဘဲနဲ့ သူ့ကို နိုးထလာအောင်ပဲ လုပ်လိုက်မိမယ်ဆိုရင် မင်းတို့ရဲ့ ကိုးခုမြောက် ယဉ်ကျေးမှုက အချိန်မတိုင်ခင် ကြိုပြီးတော့ ပျက်စီးသွားရလိမ့်မယ်”
လောင်ဘီသမ် လင်းဖုန်းကို တားဆီးရန်အတွက် အစွမ်းကုန် ကြိုးစားနေ၏။ ဤသည်က ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး လင်းဖုန်း၏ စိတ်ကူးထက် များစွာကျော်လွန်နေကြောင်း သက်သေပြနေခြင်းပင်။ ယင်းက လီဗိုင်ယာသန်၏ မှတ်ဉာဏ်အပိုင်းအစများထဲတွင် လီဗိုင်ယာသန်က ပြိုင်ဘက်ကင်းအစွမ်းထက်လှပြီး မည်သည့်စွမ်းအားကမျှ သူ့ကို မသတ်ဖြတ်နိုင်ခဲ့ပုံနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကမူ ဂြိုဟ်အဆင့်သက်ရှိအဖြစ် အလုံးစုံ အသွင်မပြောင်းရသေးသည့် လီဗိုင်ယာသန်တစ်ကောင်နှင့် အလားသဏ္ဌာန်တူပေလိမ့်မည်။
“စိတ်မပူပါနဲ့။ ငါ့မှာ အကြွင်းမဲ့ ယုံကြည်မှုမရှိဘဲနဲ့ လေနက်ချောက်ထဲကို မဆင်မခြင် ဇွတ်တိုးဝင်သွားမှာ မဟုတ်ပါဘူး”
လင်းဖုန်း အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။ သူ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်ပြီးမြောက်ပြီးနောက် စိတ်အေးလက်အေး နေနိုင်ပြီဟု ထင်မှတ်ထားခဲ့၏။ နတ်ဆိုးသားရဲအားလုံးကိုပင် အလွယ်တကူ အမြစ်ပြတ်ချေမှုန်းနိုင်ပြီဟု ထင်ထားခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ နတ်ဆိုးများအပြင် ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးတစ်ကောင်လည်း ရှိနေသေးကြောင်း ရုတ်တရက် သိရှိလိုက်ရသည်။
စုစုပေါင်း ယဉ်ကျေးမှုကိုးခုအထိတိုင် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာအတွင်း၌ လည်ပတ်နေခဲ့ကြသည်။ ယဉ်ကျေးမှုခေတ်အားလုံး ဧရာမသားရဲကြီးကြောင့် ပျက်စီးခဲ့ရ၏။ လက်ရှိလူသားယဉ်ကျေးမှုသည်လည်း တစ်နေ့တွင် အတိတ်က ယဉ်ကျေးမှုရှစ်ခု၏ ခြေရာအတိုင်း လိုက်ပါသွားရမည်လော။
ယင်းက ပြောရန်ခက်ပေသည်။ အကယ်၍ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးသာ အမှန်တကယ် နိုးထလာပြီး ဂြိုဟ်အဆင့်သက်ရှိအဖြစ် အသွင်ပြောင်းသွားမည်ဆိုလျှင် ကမ္ဘာမြေကြီးတစ်ခုလုံး ဧရာမသားရဲကြီး အသွင်ပြောင်းရန်အတွက် စွမ်းအင်ဖြစ်သွားပေလိမ့်မည်။
“ငါ ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းတစ်ခု ရှာရမယ်...”
လင်းဖုန်း လေသင်္ဘောဆီသို့ ပြန်လည်ပျံသန်းလာပြီး ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို နှုတ်ဆက်ကာ ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ ပြန်လာခဲ့တော့သည်။
…
သူတော်စင်ဘာတိုင် ကျဆုံးသွားခဲ့ရပြီး အနန္တလမ်းစဉ်အကယ်ဒမီသည်လည်း ပျက်စီးခြင်းအတိ ဖြစ်သွားခဲ့ရသည်။
ဤကိစ္စရပ်နှစ်ခုလုံးက လူ့အဖွဲ့အစည်းအတွင်း အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သော်လည်း အဓိကအဖွဲ့အစည်းကြီးငါးခုကမူ အချိန်အတော်ကြာသည်အထိ မည်သည့် ရှင်းလင်းချက်မျှ ထုတ်ပြန်ခြင်း မရှိခဲ့ချေ။
သူတော်စင်များညီလာခံကို ထပ်မံကျင်းပခဲ့ပြီး လင်းဖုန်းလည်း ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အချက်သုံးချက်ကို အတည်ပြုနိုင်ခဲ့၏။ သူတော်စင်ဘာတိုင်က လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့်အတွက် သူတော်စင်လင်းဖုန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
နတ်ဆိုးဧကရာဇ်တစ်ကောင်က အနန္တလမ်းစဉ်အကယ်ဒမီအတွင်းသို့ ခိုးဝင်ပုန်းအောင်းနေခဲ့ပြီး ပြင်းထန်သော တိုက်ပွဲကြီးဖြစ်ပွားပြီးနောက် သူတော်စင်များ ပူးပေါင်းကာ သတ်ဖြတ်နိုင်ခဲ့သည်။
ညမိစ္ဆာအဖွဲ့အစည်းက တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ သုံးလတာ ကာလအတွင်း ညမိစ္ဆာအဖွဲ့ဝင်များအနေဖြင့် မိမိဆန္ဒအလိုအလျောက် လာရောက်ဝန်ခံမည်ဆိုပါက ပြစ်ဒဏ်များကို လျှော့ပေါ့ပေးမည် ဖြစ်သည်။ အကယ်၍ မည်သည့်ရာဇဝတ်မှုမျှ ကျူးလွန်ထားခြင်းမရှိပါက ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး အမှားအယွင်းတချို့ ရှိခဲ့လျှင်ပင် သက်သက်ညှာညှာ ကိုင်တွယ်ဖြေရှင်းပေးမည် ဖြစ်သည်။
သို့သော်လည်း သုံးလတာ ကာလပြည့်မြောက်ပြီးနောက်တွင်မူ ညမိစ္ဆာအဖွဲ့ဝင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူခံရမည်။
ဤအချက်သုံးချက်ကို ကြေညာလိုက်သည်နှင့် လူသားမျိုးနွယ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ယခင်ကမူ သူတော်စင်ဘာတိုင် သေဆုံးသွားခဲ့ပြီဟူသော ကောလာဟလတချို့ ရှိခဲ့သော်လည်း ကောလာဟလမျှသာ ဖြစ်သဖြင့် လူအနည်းငယ်သာ ယုံကြည်ခဲ့ကြသည်။
ရွှေတောင်မြို့၌ သူတော်စင်ဘာတိုင်၏ သေဆုံးမှုကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရသူများမှတစ်ပါး အခြားသူများက မယုံကြည်ခဲ့ကြချေ။ သို့သော်လည်း မြင်တွေ့ခဲ့ရသူ အရေအတွက်ကလည်း မများလှချေ။ ထို့အပြင် အဓိကအဖွဲ့အစည်းကြီးငါးခုက သတင်းအချက်အလက်များကို ထိန်းချုပ်ထားသဖြင့် သူတော်စင်ဘာတိုင်နှင့် ပတ်သက်သည့် ဗီဒီယိုအားလုံး တိုက်ရိုက်ဖျက်ဆီးခံခဲ့ရ၏။
လူသားမျိုးနွယ်စု၏ သူတော်စင်တစ်ပါးက အမှန်တကယ်ပင် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံရပြီး သူတော်စင်လင်းဖုန်း၏ လက်ချက်ဖြင့် ထိုနေရာ၌ပင် အသက်ပျောက်ခဲ့ရသည်။ ဤသတင်းက မည်မျှအထိ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလိုက်သနည်း။
ဤသည်ကား ကာကွယ်သူအဖွဲ့အပါအဝင် အဓိကအဖွဲ့အစည်းကြီးခြောက်ခုတို့ ပူးပေါင်း၍ တရားဝင်ထုတ်ပြန်လိုက်သော သတင်းစကားပင်။
သူတော်စင်များ စတင်မွေးဖွားလာခဲ့သည့် အချိန်မှစ၍ မည်သည့်သူတော်စင်မျှ ကျဆုံးခြင်းမရှိခဲ့ဖူးချေ။ ယခုအခါတွင်မူ သူတော်စင်တစ်ပါး ကျဆုံးသွားခဲ့ရလေပြီ။ ထို့အပြင် ယင်းက နတ်ဆိုးသားရဲများ၏ လက်ချက်ကြောင့်မဟုတ်ဘဲ အခြားသူတော်စင်တစ်ပါး၏ လက်ချက်ကြောင့် ဖြစ်ပေ၏။
လူများစွာမှာ မုန်တိုင်းတစ်ခု လာတော့မည့်အလား ခံစားလိုက်ရသည်။
သူတော်စင်ဘာတိုင်၏ ဖြစ်ရပ်အပြင် အခြားဖြစ်ရပ်နှစ်ခုကလည်း အလွန်တရာ ထိတ်လန့်စရာ ကောင်းလှပေသည်။
အနန္တလမ်းစဉ်အကယ်ဒမီတစ်ခုလုံး မြေလှန်ဖျက်ဆီးခံလိုက်ရသည်ကို လူတိုင်းသိကြ၏။ ယင်းက အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်တစ်ကောင် လူသားမျိုးနွယ်အတွင်းသို့ ခိုးဝင်ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ဤသည်ကား ထူးဆန်းသော နတ်ဆိုးသားရဲတချို့က လူသားမျိုးနွယ်အတွင်းသို့ မသိမသာ ခိုးဝင်နိုင်စွမ်း ရှိနေပြီဟု ဆိုလိုခြင်းလော။
ညမိစ္ဆာအဖွဲ့အစည်းနှင့် ပတ်သက်၍လည်း အသွင်ပြောင်းနယ်ပယ်အထက်ရှိ သိုင်းသမားများအတွက်မူ ဤသည်ကား သံသယဖြစ်ဖွယ်မရှိ အလွန်တရာ ပြင်းထန်သော သတင်းစကားတစ်ခု ဖြစ်ပေသည်။
အဓိကအဖွဲ့အစည်းကြီးခြောက်ခု ပူးပေါင်းပြီး ညမိစ္ဆာအဖွဲ့အစည်းက တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။ အတိတ်ကာလက အဖွဲ့အစည်းကြီးငါးခုသည် ညမိစ္ဆာအဖွဲ့အစည်းကို စုံစမ်းစစ်ဆေးခဲ့ဖူးသော်လည်း လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိခဲ့ချေ။
ယခုတစ်ကြိမ်တွင်မူ အဖွဲ့အစည်းကြီးခြောက်ခုနှင့် သူတော်စင်များအားလုံး ညမိစ္ဆာအဖွဲ့အစည်းကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားကြောင်း သိသာထင်ရှားလှပေသည်။
ထို့ကြောင့် သိုင်းသမားတချို့က ကောင်းကျိုးဆိုးပြစ်ကို ချိန်ဆပြီးနောက် နောက်ဆုံးတွင် သူတို့၏ ညမိစ္ဆာအဖွဲ့ဝင် အထောက်အထားများကို လာရောက်ဝန်ခံခဲ့ကြတော့သည်။
သဘာဝကျကျပင် လူသားမျိုးနွယ်အတွင်းရှိ မငြိမ်မသက်မှုများကို အခြားသူတော်စင်များက ကိုင်တွယ်ဖြေရှင်းနိုင်ကြ၏။ လက်ရှိအချိန်တွင် လင်းဖုန်း ကာကွယ်သူအဖွဲ့ချုပ်အတွင်း၌ ရှိနေပြီး သူ့ပတ်ဝန်းကျင်က အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။
လင်းဖုန်း သူ့စိတ်ထဲရှိ လီဗိုင်ယာသန်၏ မှတ်ဉာဏ်များကို ဖြည်းဖြည်းချင်း စီစစ်နေသည်။
နှစ်ပေါင်းဘီလီယံချီ မှတ်ဉာဏ်များ ရှိသည်ဆိုသော်လည်း အများစုက မှတ်ဉာဏ်အပိုင်းအစမျှသာဖြစ်ပြီး ဆက်စပ်မှုမရှိချေ။ ထို့အပြင် လင်းဖုန်း ထိုမှတ်ဉာဏ်အချို့ကို သေသေချာချာ ချေဖျက်ရန် လိုနေသေးသည်။
ဤမှတ်ဉာဏ်အပိုင်းအစများကို အားကိုးပြီး လင်းဖုန်း တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်ခဲ့ကာ ဖျက်ဆီးခြင်းမူလအမြစ်ကိုပင် စုစည်းနိုင်ခဲ့သည်။ ဖျက်ဆီးခြင်းလှံတံကိုလည်း ယာယီအားဖြင့် အကြမ်းဖျင်း ထိန်းချုပ်နိုင်ခဲ့သည်။
အကယ်၍ လင်းဖုန်းအနေဖြင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် သို့မဟုတ် ငါးကြိမ်အထိ အလျင်အမြန် ပြီးမြောက်လိုပါက လီဗိုင်ယာသန်၏ မှတ်ဉာဏ်များနှင့် အသက်အမြုတေမှ စတင်ရမည် ဖြစ်ပေသည်။
“လောင်ဘီသမ်... ငါ ရခဲ့တဲ့ အသက်အမြုတေက တစ်ရာခိုင်နှုန်းပဲ ရှိတာလေ။ တကယ်လို့ ငါသာ ဒီထက်ပိုပြီး ရနိုင်မယ်ဆိုရင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်ကနေ ငါးကြိမ်အထိ ပြီးမြောက်ဖို့ အခွင့်အရေးရှိတယ်မလား”
“အင်း…အဲဒါ တကယ်ကောင်းတဲ့ အကြံပဲ။ ဂြိုဟ်အဆင့်သက်ရှိရဲ့ အသက်အမြုတေက ဘယ်လောက်တောင် ကြီးမားလိုက်မလဲ။ ဒါပေမဲ့ တခြားအသက်အမြုတေ အပိုင်းအစတွေ ရှိနေသေးတယ်ဆိုတာ မင်း သေချာလို့လား”
လောင်ဘီသမ်က သံသယများဖြင့် မေးမြန်းလိုက်သည်။
ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ ဂြိုဟ်အဆင့်သက်ရှိများကို ကြီးမြတ်လှသော သက်ရှိများအဖြစ် သတ်မှတ်ထားကြသည်။ သူတို့က စကြဝဠာအတွင်း လှည့်လည်သွားလာနိုင်ကြကာ သတ်ဖြတ်ရန် အလွန်အင်မတန် ခက်ခဲလှ၏။ အသက်အမြုတေကို ရရှိရန်က ပို၍ပင် ခက်ခဲလှပေသည်။
လောင်ဘီသမ်ကိုယ်တိုင်ပင်လျှင် ဂြိုဟ်အဆင့်သက်ရှိ၏ အသက်အမြုတေကို အပြင်တွင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ သတင်းအချက်အလက် အရင်းအမြစ်တချို့မှတစ်ဆင့်သာ မြင်တွေ့ဖူးခြင်းဖြစ်သည်။
သို့သော်လည်း ဂြိုဟ်အဆင့်သက်ရှိများ၏ အသက်အမြုတေက ဤကမ္ဘာပေါ်တွင် အမှန်တကယ် တည်ရှိနေခြင်း ဖြစ်ပေ၏။ ဤသည်ကား ရိုးရိုးသားသား ပြောရလျှင် ယုံနိုင်စရာပင် မရှိချေ။ လောင်ဘီသမ်ကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဖြစ်ရသည်။
လင်းဖုန်း မျက်လုံးများကို မှိတ်လိုက်သည်။ သူ့စိတ်ထဲမှ မှတ်ဉာဏ်အပိုင်းအစများကို သေသေချာချာ ပြန်လည်တွေးတောလိုက်၏။
ဂလက်ဆီတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်သည့် ဧရာမ လက်ဝါးကြီးတစ်ချက်က ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ လီဗိုင်ယာသန်အနေဖြင့် စကြဝဠာအတွင်း၌ မည်သည့် ခုခံနိုင်စွမ်းမျှမရှိဘဲ အစအနမကျန် ပျက်စီးသွားခဲ့ရ၏။
နှစ်ဖက်အကြား ကွာဟချက်က ကြီးမားလွန်းလှသည်။
“ငါ သေချာပေါက် ပြောနိုင်တာကတော့ အဲဒီဂြိုဟ်အဆင့်သက်ရှိ လီဗိုင်ယာသန်ရဲ့ အသက်အမြုတေက ပြည့်ပြည့်စုံစုံ ရှိနေခဲ့တာပဲ။ အခု အပိုင်းအစသေးသေးလေးတွေပဲ ကျန်ရစ်ခဲ့တာဆိုတော့ သေချာပေါက် တခြားအသက်အမြုတေ အပိုင်းအစတွေက ဒီကမ္ဘာပေါ်မှာ ပျံ့ကျဲနေတာပဲ ဖြစ်ရမယ်။ ငါသာ အဲဒီအသက်အမြုတေ အပိုင်းအစတွေကို ရှာတွေ့နိုင်မယ်ဆိုရင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ငါးကြိမ်အထိ ပြီးမြောက်ဖို့က မျှော်လင့်ချက် လုံးဝမရှိတာတော့ မဟုတ်ဘူး”
လင်းဖုန်းလည်း ယခုလက်ရှိတွင် အရေးတကြီး အလျင်စလိုဖြစ်နေ၏။
သူ့အနေဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး မည်သည့်အချိန်တွင် နိုးထလာမည်ကို မသိချေ။ ယင်းက နှစ်ပေါင်း တစ်သောင်း၊ နှစ်ပေါင်း တစ်ထောင်၊ နှစ်ပေါင်း တစ်ရာ... သို့တည်းမဟုတ် မနက်ဖြန်တွင်ပင် နိုးထလာသည်က လုံးဝမဖြစ်နိုင်တာ မဟုတ်ချေ။
ထို့ကြောင့် လင်းဖုန်း သူ့အင်အားကို မြှင့်တင်ရန်အတွက် အချိန်လုရပေမည်။ မဟုတ်ပါက ကပ်ဆိုးကြီး အမှန်တကယ် ကျရောက်လာသည့်အခါတွင် လူသားမျိုးနွယ်စုတစ်ခုလုံး ခုခံနိုင်စွမ်း လုံးဝရှိကြမည် မဟုတ်ချေ။
လင်းဖုန်းအနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို လုံးဝမမြင်တွေ့လိုချေ။