အခန်း ၁၂၀၂
Vol. 81 Ch. 1202
အပိုင်း ( 1202 ) အပြိုင်ဈေးပေးကြခြင်း။
"ရှန်ရွှီရှေးဟောင်းသတ္တုလား"
လုမင်၏ အမူအရာက ပြောင်းလဲသွားပြီး စူးစမ်းလိုစိတ်တို့ ဖြစ်ပေါ်လာသည်။
ယခင်က၊ သူတို့သည် ပင်လယ်ကူးလေဟာနယ်သင်္ဘောနှင့် ရှန်းရွီတိုက်ကြီးသို့ သွားရာလမ်းမှာ တစ်လကြာခဲ့သည်။ ဤအတောအတွင်း၌ ရှန်းရွှီတိုက်ကြီးအကြောင်းကို အနည်းနှင့်အများ သိခဲ့ကြရ၏။
ရှန်းရွှီတိုက်ကြီးကို နတ်ဘုရားအပျက်အယွင်းတိုက်ကြီးဟု ခေါ်ဆိုရသည့် အကြောင်းရင်းက၊ နတ်ဘုရားအပျက်အယွင်းများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။
၎င်းတို့သည် အတွင်းပိုင်းတွင် အလွန်အန္တရာယ်များသော်လည်း အဆုံးမဲ့ ရတနာများ၊ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်လျက်ရှိ၏။ ထို့ကြောင့်ပင် ၎င်းကို နတ်ဘုရားအပျက်အယွင်းများဟု ခေါ်တွင်ခဲ့ကြသည်။
ဒဏ္ဍာရီများအရတော့ ရှေးဦးကာလတွင် နတ်ဘုရားအပျက်အယွင်းများ မရှိပေ။ လွန်ခဲ့သည့်နှစ်ပေါင်း မရေတွက်နိုင်သောနှစ်များအတွင်းမှ ကောင်းကင်ကြီးက ကွဲအက်ကာ မရေမတွက်နိုင်သော အရာမျိုးစုံ ပြုတ်ကျလာခဲ့သည်။ ၎င်းတို့က တိုက်တစ်ခုလုံး ကျဲပြန့်ပြီး နတ်ဘုရားများ၏အပျက်အယွင်းများ ဖြစ်ပေါ်လာခဲ့ရပေသည်။
နတ်ဘုရားအပျက်အယွင်းများမှ ရှန်းရွှီရှေးဟောင်းသတ္တဟုခေါ်သည့် သတ္တုရိုင်းအမျိုးအစားများကို တူးဖော်ရနိုင်သည်။ တခါတရံ ထိုသတ္တုရိုင်းများ၌ အဓိပဓိရတနာများ ပါဝင်တတ်လေသည်။
အချို့လူများက အဓိပဓိရတနာများ ရရှိကြပြီး အချို့ကလည်း ထိပ်တန်း လျှို့ဝှက်ကျင့်စဉ်များကို ရရှိခဲ့ကြသည်။ အချို့ကျပြန်တော့ အရိုးများ၊ သွေးအနှစ်သာရစသည်ဖြင့် တန်ခိုးရှင်အကြွင်းအကျန်များကို ရရှိခဲ့၏။ ၎င်းတို့အားလုံးက အဓိပဓိရတနာများ ဖြစ်ကြသည်။
ဟုတ်ပေသည်၊ သတ္တုအတွင်းပိုင်းတွင် ဘာမျှမရှိတာက ပိုများသည်။
ထိုအတွက် အတန်ကြာသည်အထိ မည်သူမျှ စကားမပြောကြပေ။
ရှန်းရွှီသတ္တုကို ဝယ်ယူခြင်းက အလောင်းအစားနှင့် ဆင်တူသည်။ အတွင်းမှအရာကို မမြင်နိုင်၍ ဘာကိုမျှ အတပ်မပြောနိုင်ပေ။ ထို့ပြင် ရှေးဟောင်းသတ္တုအတွင်းမှ ရတနာရရှိရန် အခွင့်အလမ်းက အလွန်နည်းပါးသည်။
"ဒါက…"
မုဖုန်းအနားမှ မြင့်မြတ်သူ သခင်လေး၏ မျက်လုံးများက အရောင်လက်သွားသည်။ တစ်စုံတစ်ခုကို ခံစားလိုက်မိဟန်ဖြင့် သတ္တုတုံးများထဲက တစ်ခုကို စိုက်ကြည့်လိုက်၏။
"လုမင်၊ အဲဒီအထဲက သတ္တုရိုင်းတစ်ခုမှာ ကောင်းတာတစ်ခုခုရှိနေတယ်။ မင်းဝယ်ဖို့ ငါ အကြံပေးချင်တယ်၊ အဲဒါက မင်းအတွက် အထောက်အကူတစ်ခု ဖြစ်နိုင်တယ်"
ထိုအချိန်တွင် တန်တန်၏အသံ ထွက်ပေါ်လာသည်။
တန်တန်သည် ရတနာလဲလှယ်ခြင်းမျှော်စင်အတွင်းသို့ ဝင်ရောက်လာပြီးကတည်းက အသံမထွက်ဘဲ လုမင်၏ ပခုံးပေါ်တွင် လဲလျောင်းနေခဲ့သည်။ ယခုတော့ သူသည် ရုတ်တရက် လုမင်အား အသံပို့လွှတ်လာခဲ့ပြီ။
"ရှန်းရွှီရှေးဟောင်းသတ္တုအထဲက အရာတွေကို မင်း အာရုံခံစားနိုင်တာလား"
လုမင် အံ့သြသွား၏။
ရှန်းရွှီရှေးဟောင်းသတ္တု၏ အပြင်ပန်း အဝါရောင် အဝါရောင်သတ္တုရိုင်းအလွှာဟာ အလွန်ထူးဆန်းသည်ဟု ဆိုကြသည်။ ၎င်းက ဝိညာဉ်အသိနှင့် စစ်ဆေးခြင်းကိုပင် ပိတ်ဆို့နိုင်စွမ်း ရှိ၏။ ရှေးဟောင်းသတ္တုရိုင်းကို မဖွင့်ပါက အတွင်းမှာ ဘာရှိမလဲဆိုတာ ကြိုတင်မသိနိုင်ပေ။
အလွန်ရှားပါးသော အခြေအနေများတွင်သာ တစ်စုံတစ်ခုကို ခံစားသိရှိနိုင်မည် ဖြစ်သည်။
သာဓကအားဖြင့်၊ မြင့်မြတ်သောသခင်လေး၏ သွေးမျိုးဆက်က ပဲ့တင်ထပ်နေသည်။ ရှေးဟောင်းသတ္တုရိုင်းအတွင်းတွင် သူ့သွေးမျိုးဆက်နှင့် အလွန်လိုက်ဖက်သော အရာတစ်ခု ရှိနေသလို သူ ခံစားမိခဲ့၏။ ထို့ကြောင့်ပင် သူ အနည်းငယ် လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။
"ဒီရှေးဟောင်းမိုင်းဟာ ငါ့ဥစ္စာပဲ"
သခင်လေး၏ မျက်လုံးများက တောက်ပလာကာ ပြောလိုက်သည်။
"ငါ့ကံစမ်းဖို့အတွက် ကျောက်ကြမ်းတစ်သိန်းကို ပေးမယ်"
ကျောက်ကြမ်းတစ်သိန်းက များပြားသည် မဟုတ်သော်လည်း မနည်းပေ။
အကယ်၍ ရှေးဟောင်းမိုင်းသုံးခုစလုံးသာ လွတ်သွားပါက ကျောက်ကြမ်းတစ်သိန်းကို အချည်းနှီး ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
"ဟားဟားဟား၊ မုကြွယ်၊ မင်းက တကယ်ချမ်းသာတာပဲ။ ကျောက်ကြမ်းတစ်သိန်းက မင်းအတွက်တော့ သမုဒ္ဒရာထဲက တစ်စက်လောက်ပဲဖြစ်မှာ၊ ငါက မင်းလောက်မချမ်းသာပါဘူး။ ဒါကြောင့် မင်းနဲ့ လောင်းကြေးထပ်မှာ မဟုတ်ဘူး"
"ငါရောပဲ"
ဘေးနားမှ အခြားလူငယ်များလည်း ရယ်မောလိုက်ကြသည်။
တောင်ပိုင်းနတ်နန်းတော်၏ အခြားနေရာများတွင်လည်း ရှန်းရွှီရှေးဟောင်းသတ္တုရိုင်း အများအပြားရှိခဲ့သည်။ ၎င်းတို့ ဝယ်ယူချင်လျှင် အချိန်မရွေး ဝယ်ယူ၍ရ၏။ ထို့ကြောင့် အခြားလူများ အားလုံးက ခေါင်းခါယမ်းကာ မလိုက်ခဲ့ကြပေ။
ဤသည်က မုကြွယ်၏အပြုံးကို ပိုမို တောက်ပစေခဲ့သည်။ အကယ်၍၊ ကျောက်ကြမ်းတစ်သိန်းနှင့် ရတနာကြီးကြီးမားမားပါရှိသော ရှေးဟောင်းသတ္တုရိုင်းကို ဝယ်ယူနိုင်လျှင် အမြတ်ကြီးကြီးရလိမ့်မည်။ ယင်းက သူ့ကို စိတ်လှုပ်ရှားစေသည်။
"ငါက နှစ်သိန်းပေးမယ်၊ ဒါက ငါ့အတွက် ရှန်းရွှီရှေးဟောင်းသတ္တုရိုင်းကို ပထမဆုံး မြင်ဖူးတာပဲလေ။ ဒါက စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ငါလည်း ကံစမ်းကြည့်တာပေါ့"
ထိုအခိုက်တွင် လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့စကားကြောင့် မုကြွယ်၏ မျက်လုံးများ အေးစက်သွား၏။
"သုံးသိန်း"
မုကြွယ်က ပြောသည်။
"ဒါဆို ငါက ငါးသိန်းပေးမယ်"
လုမင်က မတုံ့ဆိုင်းပေ။
ဤအရာက မုကြွယ်၏မျက်နှာကို ပို၍ပင် အကြည့်ရဆိုးသွားစေခဲ့သည်။
သူက လုမင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ကောင်လေး၊ မင်းက ဒီမှာလူသစ် မဟုတ်လား။ ဒါကြောင့် ရှန်းရွှီရှေးဟောင်းသတ္တရိုင်းတွေရဲ့ ပေါက်ဈေးကို မင်း သိနိုင်မှာမဟုတ်ဘူး။ ရှေးဟောင်းသတ္တုရိုင်းမှာ ရတနာတွေရှိတယ်လို့ ပြောကြပေမဲ့ ရတနာရဖို့ အလားအလာက အရည်းနည်းတယ်လေ။ ရှေးဟောင်းမိုင်းတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းက ဗလာတွေချည်းပါပဲ။ မသိနားမလည်ဘဲဝယ်ရင် အရှုံးပေါ်ဖို့များတယ်"
"အဲဒါက မင်း စိတ်ပူစရာ မလိုပါဘူး၊ နောက်ပြီး မင်းကော မဝယ်ချင်ဘူးလား"
လုမင်က အနည်းငယ်ပြုံးလိုက်၏။
"ဟမ့်"
မုကြွယ်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"ခြောက်သိန်း"
ထိုအချိန်တွင် အခြားသူများ၏ မျက်လုံးများလည်း အရောင်လက်သွား၏။
မုကြွယ်၏ အမူအရာကို ကြည့်လိုက်ပါက အလွန်လိုချင်နေပုံရသည်။ သူ့ပုံစံမှာ တစ်ခုခုကို ခံစားလိုက်ရပုံပင်။
"ဟားဟားဟား၊ ဒီနေ့ ကံကောင်းတယ်လို့ ခံစားရတယ်။ ငါလည်း ဝယ်မယ်ကွာ၊ ခုနစ်သိန်း ပေးမယ်"
"ဟုတ်လားကွ၊ ငါလည်း ဒီလိုပဲ ခံစားရတယ်။ ငါ ရှစ်သိန်း ပေးမယ်"
"ကိုးသိန်းပေးမယ်ဟေ့"
"...."
မကြာမီ တခြားလူငယ်များလည်း ပါဝင်လာခဲ့ကြသည်။
သူတို့ကဲ့သို့ ပါရမီရှင်များအတွက် ကျောက်ကြမ်းသိန်းဂဏန်းမှာ ဘာမျှမဟုတ်ပေ။ ထိုအစား၊ ရှန်းရွှီရှေးဟောင်းမိုင်းတွင်း၌သာ ရတနာများ အမှန်တကယ် ရှိခဲ့ပါက ကြွယ်ဝချမ်းသာမည် ဖြစ်သည်။
များမကြာမီတွင် ရှေးဟောင်းသတ္တုရိုင်းဈေးက ဆယ့်ငါးသိန်းအထိ မြင့်တက်လာခဲ့သည်။
ဤအရာက မုဖုန်း၏မျက်နှာကို ပို၍ပင် အကြည့်ရဆိုးသွားစေတော့သည်။
ဤအရာအားလုံးက လုမင်ကြောင့် ဖြစ်သည်။ လုမင်သာ သူနှင့်ယှဉ်ပြိုင်ပြီး ဈေးမပေးခဲ့ပါက ကျောက်ကြမ်းတစ်သိန်းလောက်နှင့် ဝယ်ယူရနိုင်မည် ဖြစ်သည်။ ယခုတော့ နှစ်သန်းနှင့်ပင် မရနိုင်လောက်တော့ပေ။
မုကြွယ်က ကျောက်ကြမ်း တစ်သန်း၊ နှစ်သန်းကို ဂရုမစိုက်သော်လည်း ကျောက်ကြမ်းများစွာကို သုံးစွဲရသည့်အတွက် လွန်စွာ စိတ်မချမ်းမသာ ဖြစ်သွားသည်။
"ကျောက်ကြမ်းနှစ်သန်း"
မုကြွယ်က အံကြိတ်ပြီး အော်လိုက်သည်။
'ဒီကောင်က ဒီလောက်ဈေးကြီးကြီးပေးနေတယ်၊ တကယ်ပဲ တစ်ခုခုကို သူခံစားမိလိုက်လို့များလား'
တခြားသူများ၏ မျက်လုံးများလည်း အရောင်လက်သွားကာ ဆက်လက် ဈေးပေးလိုက်ကြသည်။
မကြာမီ၊ ဈေးက သုံးသိန်းအထိ တက်လာခဲ့၏။
"လုမင်၊ မေ့လိုက်ပါတော့... အထဲမှာ ရတနာတွေရှိပေမယ့် တန်ကြေးက အများဆုံး သုံးသန်းပဲ။ အဲဒါထက်ပိုများရင် မင်း ဆုံးရှုံးရလိမ့်မယ်"
တန်တန်က ပြောလိုက်သည်။
လုမင် အတော်အံ့ဩသွားသည်။ တန်တန်က အတွင်းမှ သီးခြားအရာများကို အမှန်တကယ် ခံစားသိရှိနိုင်ပုံရ၏။ မဟုတ်ပါက စျေးနှုန်းကို မည်သို့ တွက်ချက်နိုင်မည်နည်း။
ထိုအချိန်တွင် လုမင်က လေလံဆွဲခြင်းကို ရပ်လိုက်သည်။
တစ်ဖက်တွင်မူ မူကြွယ်နှင့် အခြားလူငယ်များက လေလံဆွဲနေကြဆဲပင်။ နောက်ဆုံးတွင်၊ ကျောက်ကြမ်း ငါးသန်းအထိ ဈေးတက်လာပြီး မုကြွယ်မှ ဝယ်ယူသွားခဲ့သည်။
"ချီးပဲ"
မုကြွယ်က လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များလည်း ပေါ်လာခဲ့၏။
တစ်ဖက်မှာတော့ မုဖုန်းက စိတ်လှုပ်ရှားသွားသည်။
'ဒီလုမင်က တကယ်ကို သတ္တိကောင်းနေတာပဲ၊ သူက မုကြွယ်ကိုတောင် စော်ကားဝံ့တယ်။ ကြည့်ရတာ သူ့ကိုကိုင်တွယ်ရအောင် တစ်ယောက်ယောက် ရှာဖို့ မလိုဘူးထင်တယ်'
မုဖုန်းက သူ့နှလုံးသားထဲမှ လှောင်ရယ်လိုက်လေသည်။
ထိုလူငယ်က ရှန်းရွီရှေးဟောင်းသတ္တုရိုင်းများကို ရောင်းချပြီးနောက် ပြန်ဆင်းသွားခဲ့သည်။ ထို့နောက် အခြားသူတစ်ဦး တက်လာပြီး ရတနာများကို လဲလှယ်ခဲ့၏။
လူအချို့က ရတနာများ လဲလှယ်ရာတွင် အောင်မြင်ခဲ့ကာ အချို့ကတော့ စိတ်ပျက်လက်ပျက်နှင့် ပြန်ဆုတ်ခဲ့ရသည်။
လူများ တစ်ယောက်ပြီးတစ်ယောက် လဲလှယ်နေသော်လည်း လုမင်နှင့် ရှဲ့နျန်ချင်းတို့ လိုချင်သောအရာကိုတော့ မတွေ့ရသေးပေ။ နှစ်ယောက်သား စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်ကြသည်။ သူတို့လိုအပ်တာကို ရှာတွေ့ရန်က လွယ်ကူမည့်ပုံမပေါ်ပေ။
"အားလုံးပဲ၊ ငါ့မှာ မီးဝိညာဉ်အမြစ်ရှိတယ်။ အဲဒါကို ဓားသဏ္ဍာန်ကျောက်နဲ့ လဲလှယ်ချင်ပါတယ်။ ဘယ်သူ့မှာ ဓားသဏ္ဍာန်ကျောက်ရှိမလဲ မသိဘူး၊ ငါ့အတွက်တော့ တစ်ခုရှိရင် လုံလောက်ပါပြီ"
ရုတ်တရက် အသံတစ်ခု ထွက်လာခဲ့၏။
"ဘာလဲ၊ မီးဝိညာဉ်အမြစ်လား"
လုမင်၏ မျက်လုံးများ တောက်ပသွားသည်။
မီးဝိညာဉ်အမြစ်က နိဗ္ဗာနဆေးလုံးကို သန့်စင်ရန်အတွက် အဓိကပါဝင်ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။
နောက်ဆုံးမှာတော့ သူလိုအပ်သောအရာတစ်ခုကို ရှာတွေ့ခဲ့ပြီ။
"မီးဝိညာဉ်အမြစ်၊ အဲဒါက တကယ်ကို မီးဝိညာဉ်အမြစ်ပဲ။ ဒီတစ်ခါတော့ ဖန်းယွမ် တကယ်ကို အဖိုးတန်ရတနာတစ်ခု ထုတ်ယူလာခဲ့ပြီ"
ပတ်ဝန်းကျင်မှ အသံများ ထွက်ပေါ်လာခဲ့သည်။
မီးဝိညာဉ်အမြစ်သည် အဆင့်ကိုး ရတနာတစ်ခု ဖြစ်၏။ ၎င်းက အလွန်တရာရှားကာ လူများစွာ သွေးဆောင်ခံခဲ့ရသည်။
သို့သော်လည်း ဓားသဏ္ဍာန်ကျောက်က...
လူတော်တော်များများ မျက်မှောင်ကြုတ်သွားသည်။ ဓားသဏ္ဍာန်ကျောက်ကလည်း မီးဝိညာဉ်အမြစ်နှင့် အဆင့်တူသော ရတနာတစ်ခုဖြစ်၏။ ၎င်းကလည်း အလွန်ရှားပါးသည်။ ထိုရတနာမျိုးက ဘယ်သူဆီမှာ ရှိမည်နည်း။
"ဒါက မီးဝိညာဉ် အမြစ်ပဲ"
မုကြွယ်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာပြန်သည်။ သူ့မျက်လုံးအကြည့်က ပူလောင်ပြီး လောဘအရိပ်အယောင်များ ပေါ်လာခဲ့၏။
သူ၏ သွေးမျိုးဆက်က မီးဝိညာဉ်အမြစ်နှင့် အလွန်လိုက်ဖက်သည်။ မီးဝိညာဉ်အမြစ်ကို သန့်စင်နိုင်ပါက သူ၏ ကျင့်ကြံခြင်းအခြေခံမှာ သိသိသာသာ တိုးတက်ပေလိမ့်မည်။