အခန်း ၁၂၀၇
Vol. 81 Ch. 1207
အပိုင်း ( 1207 ) နတ်ဘုရားအပျက်အယွင်းသို့ ဝင်ရောက်ခြင်း။
"စစ်ဦးစီးချူပ်၊ ငါတို့ နတ်ဘုရားအပျက်အယွင်းကို သွားကြည့်ကြမလား"
ထိုပါ့ရှီက ပြောသည်။
"ကောင်းတာပေါ့၊ နတ်ဘုရားအပျက်အယွင်းက ရှန်းရွှီတိုက်ကြီးမှာ အကျော်ကြားဆုံး နေရာတစ်ခုပဲ။ ငါတို့က ဒီကိုတောင် ရောက်လာမှတော့ မသွားလို့ ဘယ်ဖြစ်ပါ့မလဲ။ သွားကြရအောင်"
လုမင် ပြုံးလျက် ပြောလိုက်၏။
ချက်ခြင်းပင် လုမင်၊ ရှဲ့နျန်ချင်းနှင့် ထိုပါ့ရှီတို့လည်း အရှေ့ဘက်သို့ ပျံသန်းသွားတော့သည်။
လမ်းတစ်လျှောက်တွင် အရှေ့အရပ်သို့ ပျံသန်းနေသော လူများစွာကို တွေ့လိုက်ရသည်။
ဥပမာအားဖြင့် လုံချန်နှင့် ရှမ်းဟွမ်တိုက်ကြီးမှ မင်ကျစ်တို့ကို မြင်ခဲ့ရ၏။
ရှန်းရွှီတိုက်ကြီးတွင် နတ်ဘုရားအပျက်အယွင်း အများအပြားရှိပြီး ၎င်းတို့အားလုံးကလည်း အလွန်ကျော်ကြားသည်။
တောင်ပိုင်းနတ်နနန်းတော် အနီးနားမှာတော့ တစ်ခုသာ ရှိ၏။ ၎င်းက တောင်ပိုင်းနတ်နန်းတော် အရှေ့ဘက် မိုင်ငါးသောင်းကျော် အကွာမှ အပျက်အယွင်း ဖြစ်သည်။
မိုင်ငါးသောင်းကျော် အကွာအဝေးက သူတို့အတွက်တော့ မကြာခင် ရောက်နိုင်ခဲ့၏။
"ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ"
လုမင်နှင့် အခြားသူများလည်း လေထဲတွင်ရပ်ကာ အံ့အားမှုအပြည့်ဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။
ဤအခိုက်တွင် သူတို့မျက်လုံးထဲကို ဝင်လာသည်က အဆုံးမဲ့ အပျက်အစီးများပင်။
ဟုတ်သည်၊ ၎င်းက တကယ့် အပျက်အစီးများပင်။
အဆုံးမဲ့ကျောက်တုံးများ၊ အဆုံးမဲ့ ပျက်စီးယိုယွင်းနေသော နန်းတော်များ၊ ပြိုကျနေသော တောင်များနှင့် အဆောက်အဦပျက်များက အကန့်အသတ်မဲ့ ကျယ်ပြောသော မြေပေါ်တွင် ပြန့်ကျဲနေခဲ့သည်။
၎င်းက စည်ကားသော တိုင်းပြည်တစ်ခု ကောင်းကင်ယံမှ ပြုတ်ကျလာကာ ပျက်စီးသွားသကဲ့သို့ပင်။
"တချို့က နတ်ဘုရားအပျက်အယွင်းကို အခြားကမ္ဘာတစ်ခုလို့ ပြောကြတယ်။ အရမ်းပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်သွားလို့သာ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ဒီနေရာကို ပြုတ်ကျလာခဲ့တာ"
ထိုပါ့ရှီက ပြောလိုက်သည်။
'အခြားကမ္ဘာလား၊ ဒါက ကောင်းကင်ဘုံများလား'
လုမင်၏ရင်ထဲတွင် တစ်ချက်ခုန်လှုပ်သွား၏။
တစ်ချိန်က သူသည် ကောင်းကင်ကမ္ဘာရှိ ကျွန်းငယ်လေးတစ်ကျွန်းသို့ ရောက်ခဲ့ဖူးပြီး မသိဖူးသော လျှို့ဝှက်ချက်အချို့ကို လေ့လာခဲ့ရသည်။
ကောင်းကင်ဘုံနှင့် အချုပ်ကမ္ဘာသည် အမွှာကမ္ဘာဖြစ်၏။ ဤကမ္ဘာနှစ်ခုအပြင် အခြားကမ္ဘာများကို သူမကြားဖူးပေ။
ထို့အပြင်၊ ကောင်းကင်ဘုံ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ရှိခဲ့ပုံရသည်။
"ဝှစ် ဝှစ် ဝှစ်"
ဤအခိုက်တွင် ပုံရိပ်များစွာက နတ်ဘုရားအပျက်အယွင်းအတွင်းသို့ ဆက်တိုက် ပြေးဝင်သွားခဲ့သည်။
"ဝင်ကြည့်ရအောင်"
လုမင် ပြောလိုက်၏။
သူတို့ သုံးယောက်သည်လည်း နတ်ဘုရားအပျက်အယွင်းများထဲသို့ ပြေးသွားကြတော့သည်။
နတ်ဘုရားအပျက်အယွင်းသည် အလွန်ကျယ်ပြောပြီး အကန့်အသတ်မဲ့ကြီးမားသော ဧရိယာကို လွှမ်းမိုးထားခဲ့သည်။
ယခုအချိန်တွင်၊ သူတို့က နတ်ဘုရားအပျက်အယွင်း၏ အစွန်အဖျားတွင်သာ ရှိသေးသည်။
အရှေ့သို့ ကြည့်လိုက်သောအခါ ရှေးကျသော အငွေ့အသက်များ ပြည်ါနှက်နေသည့် နန်းတော်အပျက်ယွင်းတစ်ခုကို တွေ့လိုက်ရသည်။
အလွန်တရာ ယိုယွင်းပျက်စီးနေသော ရှေးဟောင်းမြို့တော်ကြီးကိုလည်း မြင်ကြရ၏။
"ဟိုးအရင်တုန်းက နတ်ဘုရားအပျက်အယွင်းရဲ့ အပြင်စက်ဝိုင်းမှာ ရှန်းရွှီရှေးဟောင်းမိုင်းတွေ အများကြီးရှိတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ နတ်ဘုရားအပျက်အယွင်းရဲ့ အပြင်ဘက်စက်ဝိုင်းမှာ ရှေးဟောင်းမိုင်းတွေ တူးဖော်ကြလို့ ကုန်သလောက်ဖြစ်သွားပြီ။ ဒါပေမဲ့ အတွင်းစက်ဝိုင်းမှာတော့ ရှေးဟောင်းမိုင်းတွေ ရှိနေတုန်းပဲ"
ထိုပါ့ရှီက ပြောလိုက်သည်။
လုမင်နှင့် ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြလိုက်၏။ သူတို့ သုံးယောက်သား မရပ်နားဘဲ ရှေ့ကို ဆက်လက် ပျံသန်းသွားလေသည်။ ခဏအကြာတွင်၊ သူတို့သုံးဦးစလုံး နတ်ဘုရားအပျက်အယွင်း အတွင်းပိုင်းသို့ ရောက်လာခဲ့ကြသည်။
ထိုအချိန်တွင် သူတို့သုံးဦးက ကောင်းကင်ယံမှ ပျံသန်းမသွားတော့ပါ။
အကြောင်းမှာ အတွင်းစက်ဝိုင်းက အန္တရာယ်များနှင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် လေထဲ၌ ပျံသန်းနေချိန်တွင် အန္တရာယ် ပို၍များပေသည်။ ပျံသန်းမှုအရှိန်က မြန်လွန်းသဖြင့် အန္တရာယ်နှင့် ကြုံရသောအခါ ရှောင်တိမ်းနိုင်ရန် ခက်ခဲသည်။
ထို့အပြင်၊ လုမင်က ရှန်းရွှီရှေးဟောင်းမိုင်းများကို ရှာတွေ့နိုင်မလား ကြည့်ချင်ပါသေးသည်။
"ငါ ဘာဖြစ်လို့ ဒီနေရာနဲ့ အတော်ရင်းနှီးနေရတာလဲ။ ငါ အရင်က မြင်ဖူးသလိုပဲ"
တန်တန်၏ မျက်လုံးများက ဝိုင်းစက်သွားကာ ရေရွတ်လိုက်သည်။
"တကယ်မြင်ဖူးတာလား"
လုမင်လည်း မျက်လုံးအရောင်လက်သွားပြီး တန်တန်ကို အသံပို့လွှတ်၍ မေးလိုက်၏။
"ငါ အရင်က မြင်ဖူးတယ်ထင်တယ်၊ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။ နောက်ပြီးတော့၊ ထူးဆန်းတာက... ပိုပြီး အရေးကြီးတာတွေဆိုရင် ပိုလို့တောင် မမှတ်မိတော့ဘူး"
တန်တန်က သေသေချာချာ စဉ်းစားနေဟန်ဖြင့် ပြောလိုက်သည်။
လုမင်လည်း ဘာပြောရမည်မှန်း မသိတော့ပေ။ ဤအကောင်တန်တန်က အရေးကြီးပြီဆိုလျှင် အမြဲထဖောက်သည်။
သူတို့သုံးယောက်လည်း အရှိန်လျှော့ပြီး တဖြည်းဖြည်း ဆင်းသက်ခဲ့လေသည်။ သူတို့က ရှန်းရွှီရှေးဟောင်းမိုင်းများကို အာရုံခံကြည့်ရင်း ခပ်ဖြေးဖြေး ဆက်လာခဲ့ကြသည်။
"ကြီးမားလိုက်တဲ့ နန်းတော်ကြီးပါလား"
ရှဲ့နျန်ချင်းက အရှေ့ကိုကြည့်ရင်း အံ့အားသင့်မှု အရိပ်အယောင်များကို လှစ်ဟလာခဲ့၏။
သူတို့ရှေ့တွင် မြေပြင်ပေါ်သို့ ပြိုကျပျက်စီးနေသော ဧရာမ နန်းတော်ကြီးတစ်ခု ရှိနေသည်။ ၎င်းက ပျက်စီးသွားသော်လည်း မူလနန်းတော်မှာ အလွန်မြင့်မားပြီး ခံ့ညားထည်ဝါခဲ့ကြောင်း တွေ့မြင်နိုင်သေးသည်။
"လုမင်၊ ဒီမှာ ရှန်းရွှီရှေးဟောင်းမိုင်းတစ်ခု ရှိနေတယ်လို့ ငါခံစားရတယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"သွားကြည့်ရအောင်"
လုမင် ခေါင်းညိတ်လိုက်သည်။
သူတို့သုံးယောက်က နန်းတော် အပျက်အစီးများထဲသို့ ပြေးဝင်သွားကာ ဂရုတစိုက်စစ်ဆေးလိုက်၏။ နောက်ဆုံးမှာတော့ သူတို့သုံးယောက်ဟာ အဝေးတစ်နေရာသို့ ရောက်လာကြတော့သည်။
ဤထောင့်မှမြေပြင်အောက်တွင် သူမနှင့် ပဲ့တင်ထပ်နေသော အရာတစ်ခုခု ရှိနေလေကြောင်း ရှဲ့နျန်ချင်း သတိပြုမိသည်။
"ငါ တူးလိုက်မယ်"
ထိုပါ့ရှီက စွမ်းအင်ပုဆိန်တစ်လက်ကို ဖန်တီးကာ မြေပြင်အား စတင် တူးဆွလိုက်သည်။ သို့ရာတွင်၊ အပျက်အယွင်းများမှ မြေဆီလွှာသည် အလွန်မာကျော၏။ ထိုပါ့ရှီအတွက်ပင် တူးထုတ်ရန် အလွန်ခက်ခဲနေသေးသည်။ ထိုအတွက် လုမင်နှင့် ရှဲ့နျန်ချင်းလည်း တူးဖော်မှုတွင် ပါဝင်ခဲ့ကြသည်။ ၎င်းတို့သုံးဦးက အတူတကွ ကြိုးစားလုပ်ဆောင်ကာ မီတာဒါဇင်များစွာနက်သော တွင်းကြီးတစ်ခုကို တူးဖော်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ သူတို့က တွင်းကြီးထဲတွင် ရှန်းရွှီရှေးဟောင်းမိုင်းတချို့ကို တွေ့ရှိခဲ့ရသည်။
"ဟားဟားဟား၊ ဒီမှာ ရှန်းရွှီရှေးဟောင်းမိုင်းတွေ ရှိနေတာပဲ။ အဲဒါတွေကို အားထုတ်စရာမလိုဘဲ ရှာရတာ တကယ်လွယ်ကူတယ်"
ထိုအချိန်တွင် ကျယ်လောင်သော စကားသံ ထွက်ပေါ်လာသည်။
အလင်းရောင် တဖျတ်ဖျတ်လက်ပြီး ပုံရိပ်သုံးခု ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က တွင်းနက်ထဲမှ လုမင်တို့သုံးဦးကို ငုံ့ကြည့်လိုက်သည်။
သူတို့ သုံးဦးစလုံးက လူငယ်များ ဖြစ်သည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။ ၎င်းတို့၏ မျက်နှာများမှာလည်း မောက်မာမှုတို့ အထင်းသားပေါ်နေခဲ့ပေသည်။
"အခု၊ ဒီနေရာကို ငါတို့ပိုင်တယ်။ မင်းတို့သုံးယောက် သွားလို့ရပြီ"
ကတုံးနှင့်လူငယ်က အာဏာသံပါပါ ပြောလိုက်သည်။
"မင်းတို့ သုံးယောက်၊ ငါတို့က ဒီနေရာကို အရင်ရှာတွေ့ပြီး ကိုယ်တိုင်လည်း ကြိုးစားတူးဖော်ခဲ့ရတာ။ မင်းတို့က နောက်မှရောက်လာပြီး ငါတို့ကိုထွက်သွားဖို့ ပြောတာကတော့ မလွန်ဘူးလား"
ထိုပါ့ရှီက ပြောလိုက်၏။
သူတို့သုံးယောက်က လမ်းတစ်ဝက်မှ လုယက်ချင်နေတာ သိသာထင်ရှားသည်။
"လွန်လွန်းတာလား၊ မင်းတို့အသက်ကို မယူဘဲနဲ့ လွှတ်ပေးလိုက်တာကတင် ကြီးမားတဲ့ဂရုဏာတရား ဖြစ်နေပြီ။ ထွက်သွားစမ်းပါ၊ ငါတို့မှာ မင်းတို့နဲ့ဖြုန်းဖို့ အချိန်မရှိဘူး။ ဒီရှေးဟောင်းမိုင်းတွေကို တူးဖော်ပြီးရသ် အခြား နေရာတွေကို သွားရဦးမယ်"
ကတုံးလေးက အေးစက်စက်ဖြင့် အော်လိုက်သည်။
ထိုပါ့ရှီ၏ မျက်နှာက သုန်မှုန်သွား၏။
"မင်းက ငါတို့ကို လေတိုက်ပြီး ထွက်သွားစေချင်နေတာလား။ ဟာသပဲ"
"ဟေ့ကောင်၊ မင်းက အတော်စကားများပါလား။ အခုထွက်သွားစရာ မလိုတော့ဘူး"
"ဝုန်း"
ကတုံးလေးက ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ၎င်းက သားကောင်ကို သုတ်ချီသော လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ထိုပါ့ရှီထံ ထိုးဆင်းသွား၏။ တစ်ချိန်တည်းမှာပင်၊ ၎င်းက ထိုပါ့ရှီကို လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
"မင်းကို ကြောက်တယ်ထင်လို့လား"
ထိုပါ့ရှီ အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် တင်းပုတ်ကြီးတစ်ခု ပေါ်လာခဲ့၏။ သူ့ထံမှ အစွမ်းထက်အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာကာ ကတုံးလေးကို ထုနှက်လိုက်တော့သည်။
စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား...
လွန်ခဲ့သည့်လတွင်း၌ ထိုပါ့ရှီ၏ ကျင့်ကြံခြင်းအခြေခံမှာ အဆင့်တက်ခဲ့ပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
"ဝုန်း"
ကတုံးလေး၏ လက်သီးနှင့် ထိုပါ့ရှီ၏ တင်းပုတ်တို့မှာ ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ထိုပါ့ရှီ၏အမူအရာ သိသိသာသာ ပြောင်းလဲသွား၏။ ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့် သူ၏ကျင့်ကြံခြင်းအခြေခံဖြင့်ပင် ခုခံနိုင်ရန် ခက်ခဲသည်။ ပေါက်ကွဲသံနှင့်အတူ အနောက်ဆုတ်သွားရင်း သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
"သေ"
ကတုံးလေး၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက ထိုပါ့ရှီ၏ရင်ဝကိုရွယ်ကာ လက်သီးဖြင့် ထိုးသည်။
"ကောင်းကင်နတ်ဆိုးပိုင်နက်"
ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စွမ်းအားပိုင်နက်တစ်ခုက ကတုံးလေးကို ဖုံးလွှမ်းသွားကာ သူ့အရှိန်ကို သိသိသာသာ လျော့ကျသွားစေခဲ့၏။ တစ်ချိန်တည်းမှာပင်၊ ရှဲ့နျန်ချင်းက ခုန်ထွက်လာပြီး ကတုံးလေး၏လက်သီးကို လက်ဝါးနှင့် ရိုက်ချလိုက်တော့သည်။
ပေါက်ကွဲသံနှင့်အတူ ရှဲ့နျန်ချင်းကော ကတုံးလေးပါ တပြိုင်နက်တည်း နောက်ဆုတ်သွားရသည်။
"ရှောင်ချင်း၊ မင်းအဆင်ပြေရဲ့လား"
လုမင်က ရှဲ့နျန်ချင်းကို ဖေးမလိုက်၏။
ကတုံးလေး၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းက ရှဲ့နျန်ချင်းထက် အနည်းငယ်ပို၍ အားကောင်းခဲ့ပေသည်။
သို့သော်လည်း ရှဲ့နျန်ချင်း၏ တိုက်ခိုက်နိုင်စွမ်းက အလွန် အားကောင်းသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက အနည်းငယ် နိမ့်ကျသော်လည်း ကတုံးလေးကို တွန်းလှန်နိုင်ဆဲပင်။
"ငါဘာမှမဖြစ်ပါဘူး"
ရှဲ့နျန်ချင်းက ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"လုမင်၊ အဲဒီလူကို ငါ့ဆီထားခဲ့လိုက်ပါ။ ဟိုနှစ်ယောက်ကိုတော့ နင် သတိထားရမယ်"
တစ်ဖက်တွင် လူသုံးယောက် ရှိ၏။ အခြားနှစ်ယောက်ကတော့ မလှုပ်ရှားသေးပေ။ သို့ရာတွင်၊ ၎င်းတို့က လူများကို ပို၍ အန္တရာယ်များသည့် ခံစားချက်အား ပေးစွမ်းသည်။