အခန်း ၁၂၁၁
Vol. 81 Ch. 1211
အပိုင်း ( 1211 ) ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်ခြင်း။
ကြယ်နှစ်စင်း တိုက်မိသကဲ့သကို့ ငရဲဖိနှိပ်ကျောက်စာချပ်နှင့် ဥက္ကာခဲက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျများကလည်း အရပ်ရပ်သို့ လွင့်စဥ်သွား၏။ ဤစွမ်းအင်လှိုင်းများကြောင့် မရေမတွက်နိုင်သော ကျောက်စာတိုင်များ အမှုန့်ဖြစ်သွားကြတော့သည်။
"ဝုန်း"
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မီးတောက်များနှင့် ဥက္ကာခဲကြီးကတော့ အောက်ဘက်ကို ပြုတ်ကျသွား၏။ မြေပြင်တွင် မီးတောင်ဝကဲ့သို့ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။
ပြီးပြည့်စုံသေ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက လုမင်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူဟာ အကြွင်းမဲ့ အရေးနိမ့်သော အနေအထားသို့ ကျရောက်သွားခဲ့သည်။
မနီးမဝေးမှ မုကြွယ်လည်း ဤမြင်ကွင်းကိုကြည့်ကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။ ယင်းက ကြောက်စရာကောင်းလွန်းသည်။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ပေ။ ယင်းက ဘယ်လိုခွန်အားမျိုး ဖြစ်သနည်း။
"ဖိနှိပ်"
ငရဲဖိနှိပ် ကျောက်စာချပ်အတွင်းမှ အေးစက်ပြီး မထူးမခြားနားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ဧရာမ ဥက္ကာခဲကြီးကို ဆက်လက် ဖိနှိပ်လိုက်၏။
"ဝုန်း"
ဤအခိုက်တွင် ကြီးမားလှသော လက်ဝါးကြီးတစ်ခုက ဘေးဘက်မှ ပေါက်ကွဲထွက်ကာ ငရဲဖိနှိပ်ကျောက်စာချပ်ကို တားဆီးလိုက်သည်။ ၎င်းက နောက်ထပ် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်ပင်။
"ဝုန်း"
ဤအခွင့်အရေးကိုဆုပ်ကိုင်ကာ ဧရာမဥက္ကာခဲကြီးက မြေပြင်မှ ပျံထွက်သွားပြီး အခြား ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှင့် ပေါင်းလိုက်သည်။
"အတူတူတိုက်ခိုက်ကြရအောင်။ ဒီကောင်လေးက မကောင်းဆိုရွားပဲ"
ဧရာမ ဥက္ကာခဲကြီးအတွင်းမှ အံ့ဩထိတ်လန့်နေသော အသံတစ်ခု ထွက်လာခဲ့သည်။
"တိုက်ခိုက်"
အခြား ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားလည်း အော်ဟစ်လိုက်၏။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှစ်ပါးက လုမင်ကို ပူးပေါင်းတိုက်ခိုက်လိုက်တော့သည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားထက် အဆများစွာ အားကောင်းပြီး အလွန်ကြောက်စရာကောင်းသည်။
တစ်နည်းအားဖြင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားသည် ဝိညာဉ်နတ်ဘုရားနယ်ပယ်တို့၏ အထွတ်အထိပ်တွင်ရှိပြီး ရပ်တည်နေသောသူများပင်။
အခြားတစ်ဖက်တွင်၊ အဓိပဓိက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားမှ သိုင်းအုပ်ချုပ်သူ ဖြစ်လာရန်အတွက် အသွင်ကူးပြောင်းရေး အဆင့်တစ်ခုမျှသာ ဖြစ်သည်။
သိုင်းအုပ်ချုပ်သူတစ်ပါးသည် သူ၏တာအိုကို နယ်မြေပိုင်နက်အဖြစ် ပြောင်းလဲထားနိုင်သည်။ အဓိပဓိကတော့ နယ်မြေသဏ္ဍာန်ကို နားလည်ထားပြီးဖြစ်သည့်တိုင် တာအိုနယ်မြေအဖြစ်သို့ လုံးလုံးမပြောင်းလဲနိုင်သေးပေ။
"သတ်"
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှစ်ပါးကို ရင်ဆိုင်နေရသော်လည်း လုမင်၏ သတ်ဖြတ်လိုစိတ်က ကောင်းကင်ထိ ထိုးတက်နေဆဲပင်။ ငရဲဖိနှိပ်ကျောက်စာချပ်က အလင်းရောင်တဖျတ်ဖျတ်လက်ကာ ၎င်းတို့နှစ်ဦးကို ဖိချလိုက်သည်။
"ဒုန်း ဒုန်း"
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှစ်ပါးလည်း အစွမ်းကုန် တွန်းလှန်ရန် တွန်းလှန်တိုက်ခိုက်လိုက်၏။ သို့သော်လည်း၊ ရလဒ်မှာ လုမင်မှ ၎င်းတို့အား အပြတ်ဖိနှိပ်ပြီး အထပ်ထပ် နောက်ကိုဆုတ်သွားစေတော့သည်။
၎င်းတို့နှစ်ဦးက ပူးပေါင်းခဲ့ကြသော်လည်း အရေးနိမ့်နေဆဲ ဖြစ်သည်။
"ကောင်းကင်ခွင်းမဲ့နဂါးဆင်"
တစ်ဖက်တွင်၊ ရှေးဦးနဂါးဆင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်က ဖောင်းကြွလာပြီး ထူထဲသော အကြေးခွံများကလည်း တကိုယ်လုံးကို ဖုံးအုပ်သွား၏။ ၎င်းက မီတာသုံးသောင်းမြင့်မားပြီး တောင်နှင့်မြစ်များကိုပင် နင်းချေဖျက်ဆီးပစ်နိုင်ပုံရသည်။
လုံချန်သည်လည်း ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှစ်ပါးကို ရင်ဆိုင်လျက်ရှိ၏။ ဤအခိုက်အတန့်တွင် ရှေးဦးနဂါးဆင်က ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို အထင်အရှား ပြသခဲ့သည်။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှစ်ပါးကို ရင်ဆိုင်နေရသော်လည်း သူက လုံးဝ အရေးမနိမ့်ပေ။ ထို့ပြင်၊ အပြည့်အဝ အသာစီးယူထားနိုင်ခဲ့သည်။
'ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက တစ်ကောင်ရဲ့ ပြီးပြည့်စုံတဲ့ သွေးမျိုးဆက်... သူ့ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတယ်'
လုမင်လည်း ထိုအခြေအနေကို သတိထားမိပြီး တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လုမင်သည်လည်း နဝမနဂါးသွေးမျိုးဆက်ကို မျှော်လင့်ခဲ့မိ၏။
ယခုအချိန်တွင်၊ နဝမနဂါးသွေးမျိုးဆက်က နတ်ဘုရားအဆင့်ရှစ်မှာပဲ ရှိနေသေးကာ ပြီးပြည့်စုံခြင်းသို့ မရောက်သေးပေ။ သို့သော်လည်း နဝမနဂါးသွေးမျိုးဆက်က ပြီးပြည့်စုံသည်နှင့် တပြိုင်နက် ပိုအားကောင်းလာကာ ကိုးခုမြောက် နဂါးစွမ်းအားကို မွေးဖွားပေးမည်မှာ သေချာသည်။ ထိုအခါ၊ သူ့စွမ်းအားက ပို၍ ကြောက်စရာကောင်းလာပေလိမ့်မည်။
ထိုအချိန်တွင်၊ နဝမနဂါး သွေးမျိုးဆက်တစ်ခုတည်းနှင့် သူ့စွမ်းအားက လုံချန်ထက် အားနည်းတော့မည် မဟုတ်ပေ။
သူတို့နှစ်ဦးက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလေးဦးကို အပြင်းအထန် ဖိနှိပ်ခဲ့ကြသည်။
"ဒါက ဘယ်လိုဖြစ်တာလဲ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ“
မုကြွယ်၏ မျက်လုံးများက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားကာ သူ့ဘာသာသူ ရေရွတ်လိုက်သည်။
သန်မာလွန်းကြ၏၊ လုမင်နှင့် လုံချန်တို့၏ ခွန်အားက သူ့မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့ပြီ။
သူက လုမင်ကို လွန်လွန်ကဲကဲ ပိုတွက်ထားပြီးသား ဖြစ်သည်။ ထိုအတွက် အဆင့်ရှစ်၊ အဆင့်ကိုး ဝိညာဉ်နတ်ဘုရား ဆယ်ပါးနှင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ လေးဦးကို ဦးဆောင်ခဲ့၏။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့်ပင် လုံချန်နှင့် လုမင်ကို မသတ်နိုင်ခဲ့ဘဲ ဆိုးရွားသောအနေအထားသို့ ကျရောက်သွားခဲ့ရသည်။ ဤအခြေအအနေကို သူ ဘယ်တုန်းကမှ အိပ်မက်ပင် မမက်ခဲ့ဘူးပေ။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်က ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှစ်ပါးကို တုန်ယင်စေပြီး တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက်၊ ၎င်းက အလျားလိုက်ရွေ့လျားကာ အဆင့်ကိုး ဝိညာဥ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို သတ်ပစ်လိုက်၏။
ထို့နောက်မှာတော့ ငရဲဖိနှိပ်ကျောက်စာချပ်သည် လုံချန်နှင့် တိုက်ခိုက်နေသော ကျွမ်းကျင်သူအား သွားရောက်ဖိနှိပ်လိုက်တော့သည်။
ထိုကျွမ်းကျင်သူသည် လုမင်က သူ့ကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ဤအခိုက်တွင် သူက လုံချန်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သို့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်က သူ့ကို ရုတ်တရက် တိုက်ခိုက်လာခဲ့သည်။ အသံနက်ကြီးဖြင့် အော်သံနှင့်အတူ သူ့ခန္ဓာကိုယ်တစ်ပိုင်း ပေါက်ကွဲသွား၏။ မြေပြင်သို့ သူကျရောက်သွားသောအခါ အသက်ငွေ့ငွေ့သာ ကျန်တော့သည်။
"ပူးပေါင်းကြစို့"
လုမင် ပြောလိုက်သည်။
"ကောင်းပြီ"
လုံချန်လည်း မဆိုင်းမတွ ပြန်ဖြေလိုက်၏။ ၎င်းက သံရှည်ဆွဲကာ ဟိန်းဟောက်ပြီး ကောင်းကင်တိုင်ကဲ့သို့ ဆင်ခြေထောက်ကြီးနှင့် နင်းချလိုက်သည်။ နောက်ထပ် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သွေးအန်ရင်း ဆုတ်သွားခဲ့ရသည်။
"ဝုန်း"
ထို့နောက်တွင်၊ လုမင်က ၎င်းကပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ဖိနှိပ်သတ်ဖြတ်လိုက်၏။
"မကောင်းတော့ဘူး၊ သခင်လေး... နောက်ဆုတ်"
အစောပိုင်းက၊ လုမင်နှင့် တိုက်ခိုက်ခဲ့သော ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦး မျက်နှာပျက်သွားခဲ့ကြသည်။ လုမင်က ရုတ်တရက် နည်းလမ်းပြောင်းကာ လုံချန်နှင့် ပူးပေါင်းလိုက်သည်။ သူတို့က ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို ခဏချင်း သတ်ပစ်ခဲ့၏။ ထိုအတွက် သူတို့ကူညီပေးချင်သော်လည်း များစွာ နောက်ကျသွားခဲ့ပြီ ဖြစ်သ်ည။
ယခုတော့၊ သူတို့ လုပ်သမျှမှာ လွတ်မြောက်ရန်ပင် ဖြစ်တော့သည်။
"ပြေး၊ ပြေး၊ ပြေး"
မုကြွယ် အော်ဟစ်ပြီး နောက်လှည့်မကြည့်တော့ဘဲ တချိုးတည်း ထွက်ပြေးလိုက်သည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ဦးလည်း သူ့နောက်ကို အနီးကပ် ပြေးလိုက်သွား၏။ ကျန်သော အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်လည်း တဟုန်ထိုး ပြေးထွက်သွားတော့သည်။
"သတ်"
သို့ရာတွင်၊ လုမင်က မုကြွယ်အား မည်သို့ လွယ်လွယ်အလွတ်ပေးနိုင်မည်နည်း။ ငရဲဖိနှိပ်ကျောက်စာချပ်က ဟင်းလင်းပြင်ကိုဖြတ်ကျော်ကာ မုကြွယ်အနောက်သို့ လိုက်သွားသည်။
"ဒုန်း ဒုန်း"
နဂါးဆင်ကလည်း မုကြွယ်အနောက်ကို ပြေးလိုက်သွား၏။ ကြီးမားသော သူ့ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့သည်။
နှစ်ဘက်ကြားမှ အကွာအဝေးက တစ်စတစ်စ ပို၍ နီးကပ်လာသည်။
"ပြေး... ပြေး။ မင်းငါ့ကိုခေါ်သွားပြီး မြန်မြန်ပြေး။ မင်းတို့တွေက ဟန့်တားထားကြ"
မုကြွယ်က ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို သူ့ကိုခေါ်ဆောင်ပြီး ထွက်ပြေးရန် အမိန့်ပေးခဲ့သည်။ တချိန်တည်းမှာပင်၊ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားများအား လုမင်တို့ကို တားဆီးရန် အမိန့်ပေးလိုက်၏။
ကျန်သော အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့ မျက်နှာမျက်နှာပျက်သွားခဲ့ကြသည်။ လုမင်တို့နှစ်ယောက်ကို တားဆီးရန် တောင်းဆိုနေသလော။ ယင်းက သေတွင်းထဲသို့ တွန်းပို့နေခြင်း မဟုတ်ပါလား။
ထိုအတွက်၊ သဘာဝအတိုင်း မည်သူမျှ မသွားချင်ကြပေ။
"မင်းတို့ မသွားရင် ငါပြန်ရောက်တဲ့အခါ အဖေနဲတိုင်မယ်၊ ဒါဆိုရင် မင်းတို့လည်း သေရလိမ့်မယ်"
မုကြွယ်က ဒေါသတကြီးအော်လိုက်သည်။
သူဟာ မုမိသားစု၏ သခင်လေး ဖြစ်သည်။ ထို့အပြင်၊ သူက အလွန်ထက်မြက်ပြီး အနာဂတ်တွင် သိုင်းအုပ်ချုပ်သူဖြစ်လာရန် သေချာသူ ဖြစ်၏။ ထို့ကြောင့်၊ သူ့တွင် လုပ်ပိုင်ခွင့်များ အများကြီးရှိခဲ့သည်။
အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် နှစ်ဖက်ခွဲကာ ရုတ်တရက် ပျံသန်းသွား၏။ ၎င်းတို့က မတုံ့ဆိုင်းဘဲ တိုက်ရိုက်ထွက်ပြေးသွားတော့သည်။
လုမင်တို့ကို တားဆီးပါက သူတို့ သေရမည် ဖြစ်သည်။ ပြန်လိုက်သွားလျှင်လည်း သေကြရလိမ့်မည်။ ထိုအတွက် ထွက်ပြေးသွားသည်က အကောင်းဆုံး ဖြစ်သည်။
"ချီးပဲ၊ သစ္စာဖောက်ကောင်တွေ"
မုကြွယ် ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးလည်း မုကြွယ်ကိုခေါ်ပြီး အရှိန်တင်ကာ ဆက်ပြေးလိုက်၏။ သို့သော်လည်း၊ လုမင်နှင့် လုံချန်တို့က ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
"မကောင်းတော့ဘူး လုမင်၊ အဓိပဓိနယ်ပယ် တန်ခိုးရှင်တစ်ဦး နီးကပ်လာနေတယ်။ အဲဒါက မုမိသားစုရဲ့ အဓိပဓိဖြစ်နိင်တယ်"
တန်တန်က ရုတ်တရက် အသံပို့လွှတ်ကာ အော်လိုက်သည်။
'အဓိပဓိလား'
လုမင်လည်း မျက်နှာအမူအရာ ပြောင်းလဲသွား၏။
သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံဖြင့် အဓိပဓိကို ဆန့်ကျင်မည်ဆိုလျှင် သေလမ်းတစ်ခုသာ ရှိသည်။
အဓိပဓိက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ခြေလှမ်းတစ်ဝက် ရောက်ရှိနေခဲ့ပြီ။ ၎င်းက တာအိုနယ်မြေ သန္ဓေသားပုံစံကို ဖွဲတည်ထားပြီးပြီဖြစ်ရာ မည်သူက သူနှင့်ယှဉ်ပြိုင်နိုင်ပါမည်နည်း။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားများပင်လျှင် အလွယ်တကူ အသတ်ခံရမည်ဖြစ်ရာ လုမင်တို့အဖွဲ့မှ လုံးဝ ယှဉ်နိုင်ကြမည် မဟုတ်ပေ။
"လုမင်၊ မြန်မြန်ပြန်ဆုတ်တော့၊ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်။ အဓိပဓိက ဟင်းလင်းပြင်ကိုခုန်ကျော်ပြီး သွားလာနိုင်တယ်"
တန်တန်က စိုးရိမ်တကြီးဖြင့် ထပ်မံအော်လိုက်သည်။
လုမင် မျက်နှာပျက်သွားခဲ့၏။
"လုံချန်၊ သွားတော့"
ထိုစကားကို ပြောပြီးသည်နှင့် လုမင်က ချာခနဲလှည့်ကာ ထွက်ပြေးသွားတော့သည်။
မုကြွယ်ကို သတ်ချင်ပါက အနာဂတ်တွင် အခွင့်အလမ်းများစွာ ရှိနိုင်သည်။ ထို့ပြင်၊ ယခုအချိန်တွင် သူနှင့်အတူ ရှဲ့နျန်ချင်းကို သယ်ဆောင်ထား၏။ ရှဲ့နျန်ချင်းကို ခေါ်ဆောင်ပြီး အန္တရာယ်ထဲသို့ သူ မတိုးဝင်လိုပေ။
လုမင်၏ လှုပ်ရှားမှုကိုမြင်တော့ လုံချန် အံ့ဩသွားသည်။ သို့သော်လည်း တစ်စုံတစ်ခုကို တွေ့ရှိသွားမှန်း သူ သဘောပေါက်လိုက်၏။ ထို့ကြောင့် လုမင်နောက်ကို မဆိုင်းမတွ ပြေးလိုက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နှစ်ယောက်က အဝေးသို့ ရောက်ရှိသွားခဲ့သည်။
"ဟင်"
မုကြွယ်နှင့် ပြီးပြည့်စုံသော ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူနှစ်ယောက် အနည်းငယ်မှင်တက်သွား၏။ လုမင်တို့က ဘာကြောင့် ရုတ်တရက် ထွက်ပြေးသွားမှန်း သူတို့ နားမလည်နိုင်တော့ပေ။