အခန်း ၁၂၁၃
Vol. 81 Ch. 1213
အပိုင်း ( 1213 ) အကျပ်အတည်း။
ထိုကျောက်တုံးပြာကြီးထဲတွင် လျှို့ဝှက်ဝင်္ကပါတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုဝင်္ကပါကို တန်တန်သည်ပင် သတိမပြုမိခဲ့ပေ။
"ချွမ် ချွမ်"
မီးတောက်သံကြိုးများက လုံချန်ကို ရစ်ပတ်လိုက်ကြသည်။
"ပျက်စီးစမ်း"
လုံချန် ဒေါသတကြီး အော်ဟစ်ပြီး လက်နှစ်ဖက်လုံးနှင့် ရုန်းကန်လိုက်၏။
"ဝုန်း ဝုန်း"
လက်သီးနှစ်လုံးက အားကောင်းပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သို့သော်၊ မီးသံကြိုးများ အလွန်ခိုင်ခံ့မှုရှိ၏။ လုံချန်၏ လက်သီးချက်က မီးတောက်သံကြိုးများကို တုန်ခါသွားစေခဲ့သော်လည်း မပျက်စီးခဲ့ပေ။
"ချွမ် ချွမ်"
ကျောက်တုံးပြာက ပို၍ တောက်ပလာကာ မီးတောက်သံကြိုးများလည်း ထွက်ပေါ်လာပြန်သည်။
လုံချန် ဒေါသတကြီး ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပလာပြီး သူ့လက်များကလည်း ပို၍ တုပ်ခိုင်လာခဲ့၏။ သူ့လက်နှစ်ဖက်စလုံး၌ အကြေးခွံအလွှာတစ်ခု ပေါ်လာကာ လက်သီးချက် ထုတ်ဖော်လိုက်တော့သည်။
"ချွမ်း"
နောက်ဆုံးတွင် မီးတောက်သံကြိုးတစ်ချောင်း ပြတ်တောက်သွားခဲ့သည်။
သို့သော်လည်း မီးတောက်သံကြိုးများက ထပ်ပေါ်လာခဲ့၏။ ယခုအခါ မီးတောက်သံကြိးနှစ်ချောင်းက သူ့ခန္ဓာကိုယ်အား ရစ်ပတ်ပြီးသွားပြီ။
"ချွမ် ချွမ်"
လုံချန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော သံကြိုးများက အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။
ဤမီးတောက်သံကြိုးများက အလွန်ကြောက်စရာကောင်းသည်။ ၎င်းက လုံချန်၏ အကာကွယ်များကို လျစ်လျူရှူပြီး သူ့ခန္ဓာကိုယ်အား တိုက်ရိုက် တိုက်စားခဲ့၏။
လုံချန်၏ အရေပြားပေါ်၌ အကြေးခွံအလွှာတစ်ခု ပေါ်လာခဲ့သည်။ ၎င်းက ရှေးဦးနဂါးဆင်၏ အကြေးခွံများနှင့် မခြားပေ။
"ချွမ် ချွမ်"
သံကြိုးများက အကြေးခွံများပေါ်တွင် ဆူညံသံများနှင့် လှုပ်ရှားလာခဲ့သည်။ ထိုသံကြိုးများ ပြတ်တော့မည့်ပုံရသည်။
"ပျက်စီးစမ်း"
လုံချန်၏ကြွက်သားများက ဖောင်းကြွလာပြီး သံကြိုးနှစ်ချောင်းကို ဆွဲကိုင်လိုက်။ သူ အစွမ်းကုန် ရုန်းကန်ခဲ့ပြီး နောက်ဆုံးမှာတော့ သံကြိုးနှစ်ချောင်းကို ချိုးဖြတ်လိုက်၏။ သို့သော်လည်း ပတ်ဝန်းကျင်၌ နောက်ထပ် သံကြိုးများပေါ်လာကာ လုံချန်ကို ဖုံးအုပ်သွားတော့သည်။
"ဒီမီးတောက်နေတဲ့ သံကြိုးတွေက ကြောက်စရာကောင်းလွန်းတယ်။ သူ့ရဲ့ အစိမ်းရောင်အခိုးအငွေ့တွေကလည်း တိုက်စားနိုင်စွမ်းရှိပုံပဲ။ ဒီအတိုင်းဆိုရင် လုံချန် ကြာကြာခံနိုင်မှာ မဟုတ်ဘူး"
ရှဲ့နျန်ချင်းက လေးလေးနက်နက် ပြောလိုက်သည်။
လုမင်လည်း ကျောက်တုံးပြာနှင့် သံကြိုးများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်၏။
သူက ဝင်္ကပါကိုဖြတ်ရန် နည်းလမ်းရှာနေခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျောက်တုံးပြာက ပို၍ တောက်ပလာပြီး မီးတောက်သံကြိုးများလည်း များလာသည်။ လုံချန်သည်လည်း ပို၍ပင် ခက်ခဲလာခဲ့ရ၏။ သူ့ခန္ဓာကိုယ်၌ ဒဏ်ရာအနည်းငယ် ရှိနေပြီဖြစ်ကာ မီးတောက်သံကြိုးများ နစ်ဝင်ခြင်းကို ခံလာရတော့သည်။
"လုံချန်၊ ညာဘက်ကို နှစ်လှမ်းလှမ်းပြီး နောက်သုံးလှမ်းဆုတ်ပါ"
ရုတ်တရက် လုမင်၏ အသံကို ကြားလိုက်ရသည်။
လုံချန် အံ့ဩသွားသော်လည်း မဆိုင်းမတွဘဲ ပြောသည့်အတိုင်း လုပ်လိုက်၏။
သူသည် ညာဘက်သို့ နှစ်လှမ်းနှင့် နောက်သုံးလှမ်း ဆုတ်လိုက်သည်။ ထိုအခါ သံကြိုးတချို့က သူနှင့် လက်တစ်လုံးခြား ဖြတ်သွားခဲ့လေသည်။
"ညာဘက်ကို လေးလှမ်း၊ ရှေ့နှစ်လှမ်းတိုး၊ ဘယ်ဘက်ကို ငါးလှမ်းသွား..."
လုမင်၏ မျက်လုံးများက အရောင်လက်နေကာ အဆက်မပြတ် ညွှန်ပြလိုက်သည်။
ယခုအချိန်တွင် လုမင်၏ ဒုတိယခန္ဓာက မြင့်မြတ်အိမ်တော်လျှို့ဝှက်နယ်မြေရှိ ရွှမ်ထျန်သူတော်စင်၏ အမွေကို လက်ခံရရှိနေခဲ့ပြီ ဖြစ်သည်။ မူလအမွှာခန္ဓာက ဘာမျှမလုပ်ဘဲ ကမ္ပည်းတာအိုကိုသာ တချိန်လုံး လေ့ကျင့်နေခဲ့၏။ ထိုအတွက် ၎င်း၏ ကမ္ပည်းတာအို တိုးတက်မှုမှာ ကြောက်မက်ဖွယ်ပင် ဖြစ်တော့သည်။
လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ဒုတိယခန္ဓာက ကမ္ပည်းတာအိုတွင် တိုးတက်လာသည်နှင့်အမျှ၊ လုမင်၏ မြင်နိုင်စွမ်းမှာလည်း သဘာဝအတိုင်း အလွန်တိုးတက်ခဲ့ပေသည်။ သူ့တွင် ဝိညာဉ်မီးတောက်မရှိ၍ ကမ္ပည်းမရေးထိုးနိုင်သော်လည်း ဝင်္ကပါများ၏ အားနည်းချက်များကို မြင်နေရဆဲ ဖြစ်သည်။
လုံချန်လည်း လုမင်၏ ညွှန်ကြားချက်အတိုင်း လှုပ်ရှားခဲ့သည်။ တစ်ခါတစ်ရံ အရှေ့တိုးပြီး၊ တစ်ခါတစ်လေ နောက်ဆုတ်၏။ ထိုသို့ဖြင့် သံကြိုးများကိုရှောင်ရှားကာ ကျောက်တုံးပြာနှင့် ဝေးရာဆီသို့ တဖြည်းဖြည်း ထွက်လာတော့သည်။
"တန်တန်၊ ငါ မင်းရဲ့အကူအညီလိုတယ်"
ကျောက်တုံးပြာ၏အစွန်းကို လုံချန် ရောက်ရှိလာကြောင်း မြင်ရပြီးနောက် လုမင်က တန်တန်ကိုပြောလိုက်သည်။
"စိတ်ချပါ၊ ငါ့ကိုကြည့်ထား"
တန်တန်က ပြေးထွက်သွားပြီး သူ့လက်သေးသေးလေးများကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော ကမ္ပည်းစာလုံးများ ပေါ်လာပြီးနောက ဝင်္ကပါကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ဝင်္ကပါက ကျောက်တုံးပြာဆီသို့ လွင့်မျောသွားတော့သည်။
"လုံချန်၊ ပြေးထွက်ခဲ့တော့"
လုမင် အော်ပြောလိုက်သည်။
လုံချန်လည်း မတုံ့ဆိုင်းတော့ဘဲ အမြန်ပြေးထွက်လိုက်၏။ တန်တန် ရေးထိုးထားသော ဝင်္ကပါက မီးတောက်သံကြိုးများကို ခဏတာ တုံ့ဆိုင်းစေခဲ့သည်။ သို့သော်လည်း၊ နောက်အခိုက်မှာတော့ ကမ္ပည်းစာလုံးများ တစ်ခုပြီးတစ်ခု ပြိုကျသွားတော့သည်။
သို့ရာတွင်၊ လုံချန်အတွက်တော့ ဤအချိန်ခဏက လုံလောက်သည်။ သူက ကျောက်တုံးပြာ စက်ဝိုင်းအပြင်သို့ အမြန်ပြေးထွက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။
"ငါ့ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုလု"
လုံချန်က လုမင်ကို လက်ယှက်ပြီး ပြောလိုက်သည်။
"ယဉ်ကျေးလွန်းပါပြီ၊ ဒါက ဘာမှမဟုတ်ဘူး"
လုမင် ပြုံးလိုက်၏။
"ငါ လုံချန်က ကြင်နာမှုနဲ့ မုန်းတီးမှုကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်ပါတယ်။ ငါလုံချန်... ဒီတစ်ကြိမ် ငါ့အသက်ကို ကယ်တင်ခဲ့တာ မှတ်ထားမယ်"
လုံချန်က လေးလေးနက်နက် ပြောလိုက်သည်။
လုမင်လည်း ပြုံးရုံပြုံးပြီး ဘာမျှမပြောတော့ပေ။
"ဒီနေရာမှာ မင်းတို့ သတိထားရမယ်။ ဒါက ယိုယွင်းနေပုံရပေမဲ့ ဝင်္ကပါတွေ၊ အန္တရာယ်ထောင်ချောက်တွေ ရှိနေကြတုန်းပဲ။ နှစ်တွေမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပေမဲ့ အစွမ်းထက်နေကြသေးတယ်"
တန်တန်က သတိပေးလိုက်သည်။
"တန်တန်၊ ဘယ်လိုထွက်ရမယ်ဆိုတာ မင်းသိလား"
လုမင်က မေး၏။
"ငါ အစွမ်းကုန် ကြိုးစားမှာ၊ ငါ့နောက်ကိုသာ လိုက်ခဲ့"
တန်တန်က ပျံသန်းသွားပြီး ဧရိယာတဝိုက်တွင် လှည့်ပတ်ကာ ဂရုတစိုက် ကြည့်လိုက်သည်။
"ဒီဘက်..."
ခဏအကြာတွင် တန်တန်က ဦးတည်ချက်တစ်ခုကို ညွှန်ပြလိုက်၏။
"ဒီဘက်လား၊ ဒါက ငါတို့လာတဲ့လမ်း... နတ်ဘုရားအပျက်အယွင်းရဲ့ အမြုတေနေရာကို ဦးတည်နေတာ မဟုတ်လား"
လုမင် အံ့ဩသွားမိသည်။
ရှဲ့နျန်ချင်းနှင့် လုံချန်လည်း တန်တန်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။
"မင်းတို့ဘာကြည့်တာလဲ၊ ငါ့ကိုမယုံရင် ကိုယ်တိုင်ရှာကြည့်ကြ"
တန်တန်က နှုတ်ခမ်းကိုတွန့်ကွေးပြီး ရှေ့မှ ထွက်သွားခဲ့လေသည်။
လုမင် ဆွံ့အသွားခဲ့သည်။ သို့သော်လည်း သူ့ကို အားကိုးရဦးမည်ဖြစ်ရာ ဘာမျှမပြောတော့ဘဲ တန်တန်အနောက်သို့ ဂရုတစိုက် လိုက်သွားကြတော့သည်။
တန်တန်က ဂရုတစိုက်ကြည့်နေသလို လုမင်ကလည်း မျက်ခြေပြတ်မခံခဲ့ပေ။ လမ်းတစ်လျှောက်တွင် ကမ္ပည်းဝင်္ကပါများစွာကို ရှောင်ရှားခဲ့ပြီး ရှေ့သို့ ဆက်လာခဲ့ကြသည်။
"ရှေ့မှာ ရှန်းရွှီရှေးဟောင်းမိုင်းတစ်ခု"
ထိုအချိန်တွင်၊ မလှမ်းမကမ်းမှ တစ်နေရာကိုကြည့်ရင်း ရှဲ့နျန်ချင်း၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
နတ်ဘုရားအပျက်အယွင်း၏ ပင်မစက်ဝိုင်းသည် အန္တရာယ်များလွန်း၍ မည်သူမျှ မ၀င်ရောက်ဝံ့ပေ။ ထိုအတွက် သဘာဝအတိုင်း ရတနာသိုက်တစ်ခုအဖြစ် ဆက်ရှိနေခဲ့သည်။
"အဲဒီမှာ ဝင်္ကပါတွေမရှိဘူး။ ငါတို့ ယူလို့ရတယ်"
လုမင်က ယွမ်ချီစွမ်းအင်ပို့လွှတ်ပြီး ရှန်းရွှီရှေးဟောင်းမိုင်းတချို့ကို ဆွဲယူလိုက်၏။
"အပျက်အယွင်းတချို့က အင်မတန် အားကောင်းတယ်ဆိုတာ မင်းတို သိထားကြသင့်တယ်။ တကယ်လို့ ဝင်ရောက်မိရင် သိုင်းအုပ်ချုပ်သူတွေတောင် သေကြရမှာပဲ။ ဒါကြောင့် ရှန်းရွှီရှေးဟောင်းမိုင်းကို မြင်ရရင်တောင် အလောတကြီး မယူမိကြလေနဲ့။ လောဘကြောင့် မျက်စိကွယ်နိုင်တယ်။ ဆန္ဒကို သိက္ခာနဲ့ထိန်းကြပါ"
တန်တန်က လူတိုင်းကို ကြင်နာဟန်ဖြင့် သတိပေးလိုက်သည်။ ထိုသို့ပြောနေစဉ်မှာလည်း သူ့မျက်လုံးထဲတွင် တည်ငြိမ်ရင့်ကျက်သော အရိပ်အယောင်တို့ ဖြစ်ပေါ်နေခဲ့၏။
သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ ညာဘက်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများက တောက်ပသွားခဲ့သည်။
"အဆင့်ကိုး ဝိညာဉ်ဆေးပင်"
ထို့နောက် အလျင်အမြန်ပြေးကာ ဆေးပင်ကိုယူပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
"ဝမ်"
ရုတ်တရက်၊ ကမ္ပည်းစာလုံးများ တောက်ပလာကာ ကြောက်မက်ဖွယ်အလင်းများကို တန်တန်ဆီသို့ ပစ်လွှတ်လာတော့သည်။
တန်တန်လည်း ထိတ်လန့်တကြားဖြင့် ထခုန်လိုက်သည်။ အနည်းဆုံးတွင်၊ ၎င်း၏ ခိုင်မာသော ခံစစ်စွမ်းအားနှင့် ကမ္ပည်းစွမ်းရည်များကို အားကိုးကာ မနည်းပြေးခဲ့ရလေသည်။
လုမင်နှင့် အခြားသူများလည်း ဆွံ့အသွားမိသည်။ ၎င်းက ယခုလေးတင် သူတို့ကို သတိပေးနေသော်လည်း ဝိညာဉ်ဆေးပင်ကို မြင်ရသည်နှင့် ချက်ချင်း ပြေးသွားသည်။
သို့သော်လည်း စိတ်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွား၏။ ယခုလေးတင် တန်တန်ရရှိခဲ့သော ဝိညာဉ်ဆေးပင်က အမှန်တကယ် အဆင့်ကိုး ဖြစ်သည်။
ဤနေရာက တကယ့်ကို ရတနာသိုက်တစ်ခုပင်။
သူတို့လူစုလည်း ဂရုတစိုက် ရှေ့ကို ဆက်သွားခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ရတနာများစွာကို အမှန်တကယ် တွေ့ခဲ့ရ၏။ အများအားဖြင့် ရှန်းရွှီရှေးဟောင်းမိုင်းများနှင့် ဝိညာဉ်ဆေးပင်များ ဖြစ်ချေသည်။
ဆေးပင်အများစုကတော့ တန်တန်ဆီသို့ ရောက်ရှိသွား၏။ ရှန်းရွှီရှေးဟောင်းမိုင်းနှင့် အခြားအရာများကိုသာ လုမင်၊ ရှဲ့နျန်ချင်းနှင့် လုံချန်တို့က အညီအမျှ ခွဲဝေခဲ့ကြသည်။
ဟုတ်ပေသည်၊ အန္တရာယ်နေရာတချို့တွင် ရှန်းရွှီရှေးဟောင်းမိုင်းနှင့် ဆေးပင်တချို့ကို တွေ့ရလျှင်တော့ မယူဘဲ တိုက်ရိုက် လက်လျှော့ခဲ့ကြသည်။
"ဒါက ကျိုးယဲ့ကျောက်ပဲ"
ထိုအချိန်တွင်၊ အရွက်ကိုးရွက်ပါသော ဆေးပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ဆေးပင်သည် ကြည်လင်ပြီး မွှေးပျံ့သောရနံ့ ရှိ၏။ ၎င်းက နိဗ္ဗာနဆေးလုံး သန့်စင်ရာတွင် အဓိက ပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သော ကျိုးယဲ့ကျောက်ပင် ဖြစ်တော့သည်။
လုမင်လည်း အလွန်ဝမ်းသာသွားသည်။ ဤနေရာတွင် ကျိုးယဲ့ကျောက်ဆေးပင်ကို တွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း ဤကျိုးယဲ့ကျောက် ပေါက်ရောက်နေသောနေရာတွင် အန္တရာယ်များ ရှိနေသည်။ နောက်ဆုံးတွင် လုမင်နှင့် တန်တန်တို့ ပူးပေါင်းကြပြီး ကျိုးယဲ့ကျောက်ကိုရရှိရန် အပြင်းအထန် ကြိုးပမ်းခဲ့ရလေသည်။ ထိုအတွက်၊ တန်တန်သည်လည်း သွေးအန်ကာ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရကြောင်း အော်ဟစ်ခဲ့မိသည်။
တစ်ဖက်မှာတော့ ကျိုးယဲ့ကျောက်ကို ရရှိခဲ့သောလုမင်မှာ ခံစားချက်ကောင်းမွန်နေတော့သည်။