အခန်း ၁၂၁၄
Vol. 81 Ch. 1214
အပိုင်း ( 1214 ) ဦးခေါင်းမဲ့အစစ်အမှန်နဂါးနှင့် ဦးခေါင်းမဲ့ နဂါးစီးစစ်သူရဲ။
"ဝှူး ဝှူး..."
လေပြင်းတစ်ချက် တိုက်ခတ်သွားကာ သွေးရောင်မြူများ လှုပ်သွားခဲ့သည်။ မည်မျှကြာအောင် လျှောက်လာကြပြီးပြီ မသိသော်လည်း မထွက်နိုင်သေးပေ။ ထိုအစား သူတို့ပတ်ဝန်းကျင်မှ သွေးရောင်မြူများက ပို၍ ထူထဲလာခဲ့သည်။
"တန်တန်၊ ငါတို့ အပြင်ထွက်လို့ရဦးမှာလား"
လုမင် မေးလိုက်သည်။
"အဟမ်း အဟမ်း၊ ဆန္ဒမစောပါနဲ့။ ငါ့ကိုယုံ"
တန်တန်က ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်ပြီး ပြော၏။
တန်တန်၏ ချောင်းဟန့်သံက လုမင်ကို ပို၍ပင် မသေချာသလို ခံစားရစေခဲ့သည်။ ဤအကောင် ချောင်းဆိုးပါက သေချာပေါက် ကောင်းသောအရာ မဖြစ်နိုင်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင်၊ အတန်ကြာအောင် လျှောက်ပြီးသော်လည်း အပြင်ထွက်မည့်အရိပ်အယောင် လုံးဝမရှိသေးပါ။ ထိုအစား၊ ၎င်းတို့ပတ်ဝန်းကျင်တွင် အပျက်အယွင်းများက ပို၍ပို၍ များပြားလာပြီး ဝင်္ကပါများ ပိုမိုအားကောင်းလာခဲ့သည်။ ထိုအတွက်၊ လုမင်လည်း ပို၍ သတိထားလာရတော့သည်။
"ရှေ့မှာ နန်းတော်တစ်ခု ရှိနေတယ်"
ရုတ်တရက် ရှဲ့နျန်ချင်းက ပြောလိုက်သည်။
လုမင်နှင့် လုံချန်လည်း လှမ်းကြည့်ပြီးနောက်တွင် အံ့ဩသွား၏။
သူတို့ရှေ့တွင် ပြီးပြည့်စုံသော အနက်ရောင် နန်းတော်ကြီးတစ်ခု ပေါ်လာသည်။ အနက်ရောင်နန်းတော်က တုနှိုင်းမရလောက်အောင် အလွန်တရာ ကြီးမား၏။ ၎င်းက မီတာထောင်ချီ မြင့်မားပြီး ရှေးခေတ်ဟောင်း၏ အငွေ့အသက်တို့ ပြည့်နေခဲ့ပေသည်။
နတ်ဘုရားအပျက်အယွင်းထဲကို ဝင်ပြီးကတည်းက ပြီးပြည့်စုံသော နန်းတော်မပြောနှင့်၊ ပြီးပြည့်စုံသော အဆောက်အဦတစ်ခုကိုပင် ရှာမတွေ့ခဲ့ပေ။ သို့ရာတွင်၊ ဤနေရာမှာတော့ အကောင်းပကတိဖြစ်သော နန်းတော်ကြီးတစ်ခု ရှိနေခဲ့သည်။
"ပြီးပြည့်စုံတဲ့ နန်းတော်ကြီးပဲ၊ အတွင်းထဲမှာ ရတနာတွေ ရှိရမယ်"
တန်တန်၏ မျက်လုံးများက တောက်ပလာသည်။
"ရတနာတွေရှိရင် အန္တရာယ်ပိုများလိမ့်မယ်"
လုမင် ပြောလိုက်၏။
နောက်ဆုံးတွင်၊ တိုင်ပင်ဆွေးနွေးကြပြီးနောက် စူးစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့က ဤနေရာအထိပင် ရောက်လာပြီးမှ မစူးစမ်းလျှင် နောင်တရစရာ ဖြစ်လိမ့်မည်။
လူသုံးယောက်နှင့် လိပ်တစ်ကောင်လည်း ကြီးမားသော နန်းတော်ဆီသို့ ဂရုတစိုက် ချဉ်းကပ်လာခဲ့သည်။
နန်းတော်အလယ်တွင် ကြီးမားသော တံခါးကြီးတစ်ခု ရှိနေသည်ကို သူတို့ တွေ့မြင်ကြရသည်။ တံခါးဖွင့်ထားသော်လည်း အတွင်းပိုင်းက မှောင်နေကာ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"ဒုန်း ဒုန်း ဒုန်း"
ထိုအချိန်တွင်၊ ဧရာမဘီလူးကြီး လမ်းလျှောက်နေသကဲ့သို့ နန်းတော်အတွင်းမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့သည်။
"ကြည့်ရတာ တစ်ခုခုထွက်လာနေပြီ"
လုမင်လည်း ခပ်တိုးတိုးရေရွတ်ရင်း မျက်လုံးများ လေးနက်လာခဲ့၏။
"ငါတို့ အရင်ပြန်ဆုတ်ကြရအောင်"
တန်တန်သည်လည်း အနည်းငယ် လန့်ဖျတ်သွားကာ တံတွေးတစ်လုပ် မျိုချလိုက်သည်။
သူတို့လူစုလည်း ကမန်းကတန်းပြန်ဆုတ်ရင်း ကျောက်တုံးကြီးအနောက်တွင် ဝင်ပုန်းလိုက်ကြသည်။ တန်တန်က ၎င်းတို့၏အရှိန်အဝါကို ဖုံးကွယ်ရန် ဝင်္ကပါများ ရေးထိုးလိုက်၏။ သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ပြီးနောက် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်လိုက်တော့သည်။
"ဒုန်း ဒုန်း ဒုန်း"
ဧရာမ ဘီလူးကြီး လျှောက်သွားနေသကဲ့သို့ အသံများကလည်း တဖြည်းဖြည်း ပို၍ ကျယ်လောင်လာခဲ့သည်။
"သူထွက်လာပြီ၊ ဟင်... အဲဒါ... နဂါးကြီး..."
ရှဲ့နျန်ချင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူ့လေသံမှာတော့ တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်လာခဲ့၏။
“ခေါင်းပြတ်နေတဲ့ နဂါးကြီးပါလား၊ နောက်ပြီးတော့...”
လုံချန် ပြောလိုက်သည်။ အမြဲတမ်းတည်ငြိမ်သော လုံချန်ကဲ့သို့သူပင် ဤအခိုက်တွင် အမူအရာ ပြောင်းသွားခဲ့၏။ သူ့လေသံက တုန်လှုပ်ချောက်ချားမှုတို့ ပြည့်သွားခဲ့လေသည်။
လုမင်၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားခဲ့သည်။
နောက်ဆုံးတွင်၊ နန်းတော်အဝင်ဝမှ ဧရာမဘီလူးကြီးက ၎င်း၏ခန္ဓာကို ထုတ်ဖော်လာတော့သည်။
၎င်းက ဝမ်းအောက်တွင် ခြေသည်းငါးချောင်းရှိသော နဂါးကြီး ဖြစ်သည်။ ခြေသည်းငါးချောင်းရှိသော နဂါးက အစစ်အမှန်နဂါးသည်ပင်။
သို့သော်လည်း၊ ထိတ်လန့်စရာအကောင်းဆုံးမှာ ဤအစစ်နဂါးက ဦးခေါင်းမရှိခြင်းပင် ဖြစ်သည်။ သူ့ဦးခေါင်းက ဖြတ်ခံထားရဟန်ဖြင့် တုံးတိဖြစ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကိုတော့ အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်နေတော့သည်။
ထို့ထက်၊ ပို၍ တုန်လှုပ်စရာကောင်းသည်က နဂါး၏ နောက်ကျောပေါ်တွင် စစ်သူရဲတစ်ဦး ထိုင်နေခြင်း ဖြစ်သည်။
အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သူရဲက မီတာများစွာရှည်သော နဂါးလှံကို ကိုင်ဆွဲထား၏။
အစစ်အမှန်နဂါးကဲ့သို့ပင်၊ ဤသံချပ်ကာဝတ် စစ်သူရဲမှာလည်း ဦးခေါင်းမရှိပေ။
ဦးခေါင်းမရှိသော အစစ်အမှန်နဂါးကို ဦးခေါင်းမရှိသော စစ်သူရဲကစီးပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ရင်း နန်းတော်အတွင်းမှ ထွက်လာခဲ့သည်။
လုမင်နှင့် အခြားသူများလည်း ကြက်သီးတဖြန်းဖြန်း ထသွားသလို ခံစားလိုက်ရ၏။
"ဂါး"
ဦးခေါင်းမပါသော အစစ်အမှန်နဂါးက မိုးမြေတုန်ခါစေသော နဂါးဟိန်းသံကို အမှန်တကယ် ထုတ်ဖော်လိုက်သည်။ ဤဟိန်းဟောက်သံက လုမင်တို့ကို နားထဲအူတက်သွားစေခဲ့လေသည်။
ထို့နောက်တွင် ဦးခေါင်းမရှိသော စစ်သူရဲက ဦးခေါင်းမဲ့ အစစ်အမှန်နဂါးကိုစီရင်း သူတို့ရှိရာသို့ အမှန်တကယ် လျှောက်လာခဲ့သည်။
အစစ်အမှန်နဂါးကြီး နီးကပ်လာသည်နှင့် မြေပြင်က ပို၍ပင် တုန်ခါလာတော့သည်။
"မကောင်းတော့ဘူး၊ သူတို့ ငါတို့ကို ရှာတွေ့သွားပြီ"
လုမင် မျက်နှာပျက်သွားသည်။
"ပြေး၊ မြန်မြန်ပြေး"
တန်တန်က အော်ဟစ်ပြီး ထွက်ပြေးရန် ခြေလှမ်းပြင်လိုက်သည်။
သို့သော်...
"ဝမ်..."
ဦးခေါင်းမဲ့ စစ်သူရဲထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျများ ထွက်ပေါ်လာခဲ့သည်။ ဤဖိအားသည် လုမင် ကြုံတွေ့ခဲ့ရသော မည်သည့်ဧကရာဇ်များထက်မဆို ပို၍အားကောင်း၏။ သူတို့ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က အေးခဲသွားခဲ့ပုံရသည်။ သူတို့ခန္ဓာကိုယ်များကို ဟင်းလင်းပြင်က ဖိနှိပ်ထားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
လုမင်တို့ အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အသုံးမဝင်တော့ပါ။
ဦးခေါင်းမဲ့သော စစ်သူရဲက ကြောက်စရာကောင်းလွန်းသည်။
"တန်တန်၊ လိပ်စုတ်... မင်း ဒီတစ်ခါတော့ ပြဿနာအကြီးကြီးရှာလိုက်တာပဲ"
လုမင် အော်ဟစ်လိုက်သည်။
"ငါ...ငါလည်းမသိဘူးလေ"
တန်တန်လည်း ပြေးလွှားနေသော ကိုယ်ဟန်အနေအထားအတိုင်း လေထဲတွင် မလှုပ်ရှားတော့ပေ။ သူ၏ နှုတ်ခမ်းများသာ တွန့်ကွေးလှုပ်ရှားသွားခဲ့သည်။
"ဒုန်း ဒုန်း"
ဦးခေါင်းမရှိသော အစစ်အမှန်နဂါးနှင့် စစ်သူရဲကလည်း သူတို့နှင့် ပို၍ နီးကပ်လာသည်။ ၎င်းထံမှ ပြင်းထန်သောဖိအားက သူတို့ရှေ့ရှိ ကျောက်တုံးများကို ကွဲကြေစေခဲ့ပေသည်။ ထိုအခါ အကာအကွယ်မရှိတော့ဘဲ ဦးခေါင်းမဲ့စစ်သူရဲနှင့် ထိပ်တိုက်တွေ့ခဲ့ကြရသည်။
"ကျူးကျော်သူတွေ၊ သေလိုက်ကြတော့"
ဦးခေါင်းမဲ့ စစ်သူရဲထံမှ အေးစက်ပြီး ခံစားချက်မဲ့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ရှောင်ချင်း..."
လုမင်က ရှဲ့နျန်ချင်းကို ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် ၎င်းတို့ ကံကောင်းဦးတော့မည် မထင်ပေ။
"လုမင်... နင်နဲ့ အတူရှိနေခဲ့သရွေ့ ငါသေရရင်တောင် ဘာမှမဖြစ်ပါဘူး"
ရှဲ့နျန်ချင်းလည်း ချစ်မြတ်နိးမှု ပြည့်နှက်နေသောလေသံဖြင့် လုမင်ကိုကြည့်ကာ ပြောလိုက်လေသည်။
"မဟုတ်ဘူး၊ အဲဒီတုန်းက စစ်ပွဲကြီးမှာတောင် ငါမသေခဲ့ဘူး။ မဖြစ်ဘူး၊ မဟုတ်ဘူး..."
တန်တန်ကပါ လက်မခံနိုင်ဟန်ဖြင့် အော်လိုက်သည်။
"ဝမ်"
ဦးခေါင်းမဲ့စစ်သူရဲက သူတို့ရှေ့တွင်ရပ်ကာ လှံနှင့် ချိန်ရွယ်လိုက်၏။ အေးစက်စက် သတ်ဖြတ်ချင်စိတ်က သူတို့ကို လွှမ်းခြုံသွားတော့သည်။
"သတ်"
မည်သို့မည်ပုံ ပြောဆိုလိုက်မှန်း မသိသော်လည်း၊ ဦးခေါင်းမဲ့ စစ်သူရဲထံမှ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။
သို့သော် ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု တောက်ပလာသည်။ လုမင်ထံမှ ခရမ်းရွှေရောင် တံဆိပ်ပြားတစ်ခု လွင့်ပျံလာခဲ့၏။
ဟွင်းယွမ်တံဆိပ်ပြား။
ဤသည်မှာ ကမ္မတိုက်ပွဲတွင်း၌ လုမင်ရရှိခဲ့သော ဟွင်းယွမ်တံဆိပ်ပြား ဖြစ်သည်။ ယခင်က လုမင်သည် ဘယ်လိုသုံးရမှန်း မသိသော်လည်း ယခုတော့ သူ့ဘာသာသူ အလိုအလျောက် ထွက်လာပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ အခြားတစ်ဖက်မှ လုံချန်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ခရမ်းရွှေရောင် တံဆိပ်ပြားတစ်ခု ပေါ်လာသည်။ ၎င်းကလည်း ဟွင်းယွမ်တံဆိပ်ပြားတစ်ခုပင်။
လုံချန်သည်လည်း ကမ္မတိုက်ပွဲတွင် ပါဝင်စဉ်က ဟွင်းယွမ်တံဆိပ်ပြားကို ရရှိခဲ့သည်။
ဟွင်းယွမ်တံဆိပ်ပြားနှစ်ခုက ပေါ်လာပြီးနောက် စူးရှတောက်ပသော အလင်းရောင်တစ်ခုကို ထုတ်ဖော်လာခဲ့၏။
ဦးခေါင်းမရှိသော စစ်သူရဲလည်း ဟွင်းယွမ်တံဆိပ်ပြားနှစ်ခုကို ကြည့်နေဟန်ဖြင့် ချက်ချင်း ရပ်တန့်သွားတော့သည်။
"ဟွင်းယွမ်တံဆိပ်ပြား၊ မင်းက ဟွင်းယွမ်ဂိုဏ်းရဲ့ တပည့်တွေပဲ။ နှစ်တွေ မရေမတွက်နိုင်အောင် ရှိသွားပြီ။ ဒီမှာ ဟွင်းယွမ်ဂိုဏ်းရဲ့ တပည့်တွေကို ထပ်တွေ့ဖို့ မမျှော်လင့်ထားဘူး။ မင်းတို့က ဟွင်းယွမ်ဂိုဏ်းရဲ့ တပည့်တွေဆိုမှတော့ ငါတို့ထဲက တစ်ယောက်ပါပဲ။ လာကြ"
ဦးခေါင်းမဲ့ နဂါးစီးသူရဲထံမှ အေးစက်ပြီး ခြောက်ကပ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လုမင်နှင့် အခြားသူများအပေါ်မှ ဖိအားများလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့၏။ ဤတော့မှ သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာတော့သည်။
"ရှောင်ချင်း"
လုမင်က ရှဲ့နျန်ချင်း၏ လက်ကလေးတစ်ဖက်ကိုဆုပ်ကိုင်ရင်း ဦးခေါင်းမဲ့ စစ်သူရဲကို သတိထားကာ ကြည့်လိုက်သည်။
"ဟွင်းယွမ်ဂိုဏ်းရဲ့ တပည့်တွေကို တွေ့ခဲ့ရတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ ဟွင်းယွမ်ဂိုဏ်းကော ဘယ်လိုနေလဲ၊ ခုခံနေတုန်းလား၊ ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရပြီလား"
ဦးခေါင်းမဲ့ နဂါးစီးစစ်သူရဲက တစ်ယောက်တည်း ရေရွတ်နေသလို ခပ်တိုးတိုး ပြောလိုက်သည်။
ထို့နောက်တွင် ဦးခေါင်းမဲ့စစ်သူရဲက နောက်ပြန်လှည့်သွားခဲ့၏။ ခြေတစ်လှမ်းပြီး တစ်လှမ်း၊ မှောင်မိုက်နေသော နန်းတော်ထဲသို့ လျှောက်သွားကာ အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားတော့သည်။
"ဝင်ခဲ့ကြပါ၊ ဘယ်လိုအခွင့်အရေးတွေ ရနိုင်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ ကံတရားအပေါ် မူတည်တယ်"
ဦးခေါင်းမဲ့ နဂါးစီးစစ်သူရဲ၏အသံက နန်းတော်တွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လုံးဝ တိတ်ဆိတ်သွားပြန်တော့သည်။
"ဒါ..."
လုမင်၊ ရှဲ့နျန်ချင်းနှင့် လုံချန်လည်း အနည်းငယ် အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးသွားသည်။
လုမင်နှင့် လုံချန်တို့၏ ဟွင်းယွမ်တံဆိပ်ပြားကို မြင်လိုက်သည်နှင့် ဦးခေါင်းမဲ့စစ်သူရဲ၏ သဘောထားက သိသိသာသာ ပြောင်းလဲသွား၏။ ၎င်းက တိုက်ရိုက် လှည့်ထွက်သွားပြီး သူတို့ကိုပင် နန်းတော်ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။