အခန်း ၁၂၁၉
Vol. 82 Ch. 1219
အပိုင်း ( 1219 ) တောင်ပိုင်းနတ်နန်းတော်သို့အပြန်။
ဟုတ်ပေသည်၊ လုမင်၏ အမြတ်အစွန်းများက ပို၍ပင် ထိတ်လန့်စရာကောင်းခဲ့သည်။
သူ၏ တာအိုငါးခုတွင် မီးတာအို၊ မိုးကြိုးတာအိုနှင့် လေတာအိုတို့က အဆင့်လေး ပြီးပြည့်စုံခြင်းသို့ ဖြတ်ကျော်သွားခဲ့သည်။
ရေတာအိုကတော့ စတုတ္ထအဆင့် ကြီးမားသောအောင်မြင်ခြင်း အထွတ်အထိပ်ကို ရောက်ရှိသွား၏။ ငါးခုထဲ၌ လေ့ကျင့်ရန် အခက်ခဲဆုံးဖြစ်သော မြေတာအိုသည်လည်း စတုတ္ထအဆင့်၏ ကြီးမားသောအောင်မြင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သူ၏ တာအိုငါးခုစလုံး ခုန်ပျံတိုးတက်ခြင်းက ကြီးမားသော တိုးတက်မှုဟု ဆိုနိုင်ပေသည်။
ပုံမှန်အတိုင်း လေ့ကျင့်ပါက အနည်းဆုံး နှစ်အနည်းငယ် အချိန်ယူရသောအရာကို ယခုတော့ တစ်လကျော်ခန့်သာ ကြာခဲ့သည်။
အကယ်၍ အချိန်မရှိခြင်းကြောင့်သာ မဟုတ်ပါက၊ လုမင်သည် ဤနေရာ၌ တာအိုငါးခုစလုံးကို စတုတ္ထအဆင့်၏ ပြီးပြည့်စုံခြင်းသို့ မြှင့်တင်လိုခဲ့သည်။
ယခုအခါ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိနေသေးဆဲဖြစ်သော်လည်း တာအိုအမျိုးမျိုး တိုးတက်ခြင်းက ပို၍အကျိုးများခဲ့သည်။ လုမင်အတွက် ကျောက်ကြမ်းများကို ဝါးမျိုသန့်စင်နေသရွေ့ ကျင့်ကြံခြင်းအခြေခံကလည်း ခုန်ပျံပြီး တိုးတက်လာလိမ့်မည်။
လုမင်အတွက်တော့ တာအိုများ တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်သည်။ သူ့တွင် ကျောက်ကြမ်းများ ရှိနေသရွေ့ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း အမြန်ဆုံး တိုးတက်လာနိုင်သည်။
ထိုအရာများထက် လုမင်၏ အကြီးမားဆုံး ကံကောင်းခြင်းမှာ အချိန်ဟင်းလင်းပြင် ဝိညာဥ်ကြွက်ကို ရရှိလိုက်ခြင်းပင်။ ယခုဆိုလျှင် အချိန်ဟင်းလင်းပြင် ဝိညာဥ်ကြွက်က လုမင်အနားမှာပဲ အမြဲရှိနေပြီ ဖြစ်သည်။
"ချစ်စရာကောင်းလိုက်တဲ့ ဝိညာဉ်ကြွက်ကလေး"
အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကိုမြင်တော့ ရှဲ့နျန်ချင်း၏ မျက်လုံးများက တောက်ပလာသည်။ ဖြူဖြူလုံးလုံးလေးဖြစ်နေသော ဝိညာဉ်ကြွက်ဖြူလေးကိူ သူမ အမှန်တကယ် ပွေ့ဖက်ချင်မိ၏။
သို့သော်လည်း အချိန်ဟင်းလင်းပြင်ကြွက်က သူစိမ်းများနှင့် ထိတွေ့ရန်ကို တွန့်ဆုတ်နေပုံရသည်။ ၎င်းက လုမင်၏ခန္ဓာကိုယ်တွင် အသေကပ်နေပြီး ရှဲ့နျန်ချင်းအား ပွေ့ဖက်ခွင့်မပေးပေ။ ဤသည်က ရှဲ့နျန်ချင်းကို နှုတ်ခမ်းစူသွားစေခဲ့သည်။
"ဟားဟားဟား၊ ဒီကောင်စုတ်လေး..."
လုမင် သဘောကျစွာ ရယ်မောလိုက်၏။ ယင်းက ရှဲ့နျန်ချင်း၏ နှုတ်ခမ်းဖူးဖူးကို ပို၍ပို၍ စူလာစေခဲ့သည်။
"တန်တန်၊ မင်းထွက်လမ်းရှာနိုင်မလား"
လုမင်က တန်တန်ကို မေးလိုက်သည်။
"အဟမ်း... အဟမ်း၊ မင်းစမ်းကြည့်လို့ရတယ်"
တန်တန်က ချောင်းဟန့်ပြီး လုမင်၏ ပခုံးပေါ်သို့ ပျံတက်သွားသည်။
'ဒီကောင် ချောင်းဟန့်လာပြန်ပြီ'
လုမင်၏ နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ပေါ်လာသည်။ ဤအကောင် ချောင်းဟန့်ခြင်းက သူ့မှာ ယုံကြည်မှုမရှိသော အဓိပ္ပာယ်ပင်။
"ခွပ်"
ထိုအခိုက်တွင်၊ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က တန်တန်၏ မျက်နှာကိုကန်ပြီး လုမင်၏ပခုံးပေါ်မှ ပြုတ်ကျသွားစေခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို တွန့်ကွေးကာ လုမင်ပခုံးပေါ်တွင် လဲလျောင်းလိုက်၏။ သူ၏ မျက်လုံးများကတော့ တန်တန်ကို စိုက်ကြည့်နေဆဲပင်။
သူ့ပုံစံမှာ ဤနယ်မြေက သူ့နယ်မြေဟု ပြောနေပုံရသည်။
"ချီးပဲ၊ အသေးလေး... မင်းကများ ဒီကိုယ်တော်ကို ကန်ဝံ့တယ်လား။ အတင့်ရဲတာ၊ ရိုင်းစိုင်းတာပဲ"
တန်တန်၏ ဒေါသက ကောင်းကင်သို့ပင် ထိုးတက်သွားသည်။
"ကျွီ ကျွီ"
အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကလေးကတော့ တကျွီကျွီအော်ရင်း အပြစ်ကင်းစင်ဟန်ဖြင့် တန်တန်ကို ပြန်ကြည့်လိုက်လေသည်။
လုမင်နှင့် ရှဲ့နျန်ချင်းလည်း သဘောကျစွာ ရယ်မောလိုက်ကြသည်။ ပုံမှန်အားဖြင့် တည်ငြိမ်သော လုံချန်ပင်လျှင် ထိုနှစ်ကောင်ကိုကြည့်ကာ ပြုံးနေတော့သည်။
ရုတ်တရက်၊ တစ်ခုခုကို တွေးမိဟန်ဖြင့် လုမင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ သူက အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကိုပွတ်သပ်ရင်း ပြုံးပြီး ပြောလိုက်၏။
"ကောင်လေး... မင်း ငါနဲ့ အပြင်ထွက်သွားဖို့ ဆန္ဒရှိလား"
"ကျွီ"
အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏နှာခေါင်းမှ ပူဖောင်းလေးတစ်ခု ထွက်ပေါ်လာကာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းထွက်လမ်းကိုသိလား၊ မင်း ငါတို့ကို ခေါ်ထုတ်ပေးနိုင်မလား “
လုမင်က ဆက်မေးသည်။
"ကျွီ"
အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်လေးက ထပ်မံ ခေါင်းညိတ်ပြလိုက်၏။
လုမင်လည်း အလွန်ဝမ်းသာသွားကာ ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် ငါတို့ကို လမ်းပြပေးပါ"
"ကျွီ"
အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်လေးက ၎င်း၏ လက်သေးသေးလေးကိုဆန့်ပြီး ဦးတည်ရာကို ညွှန်ပြလိုက်လေသည်။ လုမင်လည်း အလွန်ဝမ်းသာသွားသည်။ သူတို့လူစုလည်း အချိန်ဟင်းလင်းပြင်ကြွက်ဖြူလေး၏ လမ်းညွှန်ချက်အတိုင်း လျှောက်သွားကြတော့သည်။
ဦးခေါင်းမဲ့ နဂါးစီးသူရဲကတော့ လုံးဝ မလှုပ်ရှားပေ။
လျင်မြန်စွာပင် သူတို့အားလုံး နန်းတော်တွင်းမှ ထွက်ခွာသွားကြသည်။ လမ်းခရီးတွင်၊ အချိန်ဟင်းလင်းပြင်ကြွက်က သူတို့ကို လမ်းညွှန်ပေးသွားခဲ့၏။ သူတို့အားလုံး အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ လမ်းညွှန်မှုအတိုင်း ရှေ့သို့ လျှောက်သွားခဲ့ကြသည်။
ဤသို့ဖြင့် နေ့တစ်ဝက်ခန့်ကြာ လမ်းလျှောက်ခဲ့၏။
နေ့တစ်ဝက်ခန့်ကြာတော့ သူတို့ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူတို့အားလုံး ပင်မနယ်မြေမှထွက်ခွာပြီး နတ်ဘုရားအပျက်အယွင်း အတွင်းစက်ဝိုင်းသို့ ပြန်ရောက်ပြီဖြစ်ကြောင်း တွေ့ရှိခဲ့ပေသည်။
နတ်ဘုရားအပျက်အယွင်း၏ ပင်မစက်ဝိုင်းမှ အမှန်တကယ် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"ကောင်စုတ်လေး၊ မင်းက တကယ်ကို အံ့ဩစရာပဲ"
လုမင်က အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ကျွီ"
အချိန်ဟင်းလင်ပြင် ဝိညာဉ်ကြွက်လည်း မျက်လုံးကိုမှိတ်ပြီး လုံးလုံးတုတ်တုတ် သူ့ခန္ဓာကိုယ်ကို ပို၍ကွေးလိုက်၏။ သူ့နှာခေါင်းမှလည်း ပူဖောင်းအကြီးတစ်ခုနှင့် အသေးနှစ်ခု တပြိုင်နက်တည်း ထွက်ပေါ်လာကာ ရယ်စရာကောင်း၊ ချစ်စရာလည်း ဖြစ်နေတော့သည်။
"ချစ်စရာကောင်းလိုက်တာ"
ရှဲ့နျန်ချင်း၏ မျက်လုံးများက အလင်းရောင်များ ပြည့်လာသည်။ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကိုကြည့်ရင်း ချက်ချင်းပွေ့ဖက်ဖို့ သူ မစောင့်နိုင်တော့ပေ။
"လုမင်၊ ဒီဝိညာဉ်ကြွက်ကလေးက နင့်ရဲ့လိပ်ကလေးထက် အများကြီး ပိုစိတ်ချရတယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"ဘာကွ၊ ကောင်မလေး... မင်း ဘာပြောလိုက်တာလဲ။ ဒီအသေးလေးက ဒီကိုယ်တော်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။ မင်း... မင်း…"
အလွန်တရာ ဒေါသဖြစ်ဟန်ဖြင့် တန်တန်၏ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားသည်။ သူက လုမင်၏ အခြားပခုံးပေါ်သို့ ခုန်တက်ကာ ရှဲ့နျန်ချင်းကို စိုက်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကလေးကို သတိထားကာ ကြည့်လိုက်သည်။ ထိုကြွက်ကလေးမှ သူ့အား နောက်တစ်ကြိမ် ကန်ချခံရမည်ကို စိုးရိမ်ခဲ့ပေသည်။
"မဟုတ်လို့လား"
ရှဲ့နျန်ချင်းက နှုတ်ခမ်းမဲ့ပြပြီးနောက် လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"လုမင်၊ နင် သူ့ကို နာမည်ပေးလိုက်ပြီလား။ ငါ့အမြင်တော့ သူ့ကို ပူဖောင်းလေးလို့ ခေါ်သင့်တယ်။ သူက ချစ်စရာလေး"
ရှဲ့နျန်ချင်းက ဂရုတစိုက်ချဉ်းကပ်ပြီး အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကို လှမ်းထိလိုက်သည်။
"ပူဖောင်းလေး၊ ငါနင့်ကို ပွေ့ဖက်ပါရစေ"
ရှဲ့နျန်ချင်းက အလွန်ညင်သာစွာ ပွတ်သပ်ရင်း တိုးတိုးပြောလိုက်၏။
ဤတစ်ကြိမ်မှာတော့ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်လေးက မငြင်းဆန်တော့ပေ။
ရှဲ့နျန်ချင်းလည်း ပူဖောင်းလေး၏ကျောပြင်ကို ပွတ်သပ်နေပြီးနောက် ပျော်ရွှင်စွာဖြင့် ခေါ်ယူပွေ့ဖက်လိုက်သည်။
"ပူဖောင်းလေး၊ အဲဒါက တော်တော် သင့်လျော်တယ်"
လုမင် ပြုံးလိုက်၏။
လူတိုင်း၏ အာရုံစိုက်မှုက ပူဖောင်းလေးအပေါ်တွင် ရှိနေခြင်းမှာ တန်တန်ကို ဒေါသတကြီး ဖြစ်စေခဲ့သည်။
"တောင်ပိုင်းနတ်နန်းတော်သို့ ပြန်ကြစို့။ မူကြွယ်၊ မုမိသားစု... ဒီအကြွေးကို အနှေးနှင့်အမြန် ဖြေရှင်းမယ်"
လုမင်၏ မျက်လုံးများက အေးစက်စက် အရိပ်အယောင်များဖြင့် တောက်ပလာခဲ့သည်။
မုမိသားစုက ၎င်းတို့နှင့်ဆက်ဆံရန်လူများကို တိတ်တဆိတ်သာ စေလွှတ်နိုင်သည်။ လူသိရှင်ကြား မလုပ်ဝံ့ပေ။ မဟုတ်၍ အခြားတိုက်ကြီးမှ ပါရမီရှင်လူငယ်များသိလျှင် မည်သို့ ထင်မြင်ကြမည်နည်း။
ထို့ကြောင့် ၎င်းတို့အတွက် တောင်ပိုင်းနတ်နန်းတော်ကို ရင်ကော့ပြီး ပြောင်ပြောင်တင်းတင်း ပြန်လာနိုင်သည်။
တစ်နာရီမပြည့်မီတွင် တောင်ပိုင်းနတ်နန်းတော်သို့ သူတို့ ပြန်ရောက်လာခဲ့ကြသည်။
ယခုအခါ၊ တောင်ပိုင်းနတ်နန်းတော်က လူများစွာ လာရောက် လည်ပတ်သဖြင့် ပို၍ပင် အသက်ဝင်နေသေးသည်။
ရှန်းရွှီတိုက်ကြီး၏ တောင်ဘက်ခြမ်းရှိ တိုက်ကြီးကိုးခုမှ ပါရမီရှင်လူငယ်တို့အားလုံး ရောက်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့အားလုံး တိတ်တဆိတ်လေ့ကျင့်ခြင်းကို အဆုံးသတ်၍ လမ်းမများပေါ်၌ လှည့်လည်သွားလာနေခဲ့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ရွေးချယ်မှုတွင် ပါဝင်ရန်အတွက် ရှေးဟောင်းမြို့တော်သို့ မထွက်ခွာမီ နှစ်ရက်သာ ကျန်ရှိတော့သောကြောင့် လူတိုင်းက အနားယူရန်အလို့ငှာ ထွက်လာကြခြင်း ဖြစ်ချေသည်။
"မုမိသားစုက ရှေးဟောင်းမိုင်းလောင်းကစားပွဲကို ကျင်းပနေတယ်တဲ့"
"ဟုတ်လား၊ သွားကြည့်ရအောင်"
ထိုစဉ်၊ လမ်းမပေါ်၌ တစ်ယောက်ယောက်က အော်လိုက်သည်။ ခဏချင်းပင် လူအတော်များများက လမ်းကြောင်းတစ်ခုသို့ စုရုံးသွားကြလေတော့သည်။
"ကျောက်လောင်းကစားပွဲလား"
လုမင်တို့အားလုံး အံ့အားသင့်သွားကြသည်။ လူတစ်ယောက်ကို တိတ်တဆိတ်ဆွဲခေါ်ပြီး မေးကြည့်မှ အခြေအနေကို သိလိုက်ရ၏။
ရှန်းရွှီတိုက်ကြီးသည် ရှန်းရွှီရှေးဟောင်းမိုင်းများ ပေါများသောတိုက်ကြီးတစ်ခု ဖြစ်သည်။
ရှန်းရွှီရှေးဟောင်းမိုင်းများတွင် အထူးရတနာများကို တံဆိပ်ခတ်ထားတတ်သောကြောင့်လည်း လူများစွာကို ဆွဲဆောင်နိုင်ပေသည်။ သို့ရာတွင်၊ ရှန်းရွှီရှေးဟောင်းမိုင်းအားလုံးက ရတနာများ မရှိကြဘဲ ဖြစ်နိုင်ချေ အလွန်နည်းပါးသည်။
ထို့ကြောင့် တခါတရံတွင်၊ တောင်ပိုင်းနတ်နန်းတော်၏ အဓိကအင်အားစုများက အလိုရှိရာကို ရွေးချယ်ယူနိုင်ရန် ရှေးဟောင်းမိုင်းများစွာကို ထုတ်ပြပေးတတ်သည်။ ဟုတ်ပေသည်၊ ကျောက်တန်ဖိုးကို ကျောက်ကြမ်းများနှင့် ပေးဆောင်ကြရပေသည်။
"မုမိသားစု"
လုမင်၏ နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ ထို့နောက်၊ ရှဲ့နျန်ချင်း၊ လုံချန်တို့နှင့်အတူ လူအုပ်ကြီးနောက်သို့ လိုက်ပါသွားတော့သည်။
ခဏကြာတော့ လူစည်ကားသော ရင်ပြင်ကျယ်ကြီးတစ်ခုဆီသို့ ရောက်သွားခဲ့ကြ၏။ ထိုအချိန်တွင် ရင်ပြင်ကို လူပင်လယ်ကြီးဖြင့် ဝန်းရံထားခဲ့ပြီ။
ရင်ပြင်တွင် စင်များစွာရှိပြီး စင်ပေါ်မှာလည်း ရှန်းရွှီရှေးဟောင်းမိုင်းများ ရှိနေသည်။ တစ်ချက်ကြည့်လိုက်ပါက ထောင်နှင့်ချီပြီး ရှိပေသည်။
ထောင်ချီသော ရှေးဟောင်းမိုင်းများသည် အလွန်များပြားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဘာမျှမထူးဆန်းပေ။
အဓိက အင်အားစုများက လူသူအင်အား ကြီးမားသည်။ လူအများအပြားက နတ်ဘုရားအပျက်အယွင်းကို အမြဲသွလာနေခဲ့ကြ၏။ ထိုအတွက် နှစ်အနည်းငယ်ကြာပြီးနောက်၊ ရှန်းရွှီရှေးဟောင်းမိုင်းများ ထောင်နှင့်ချီပြီး ရှိနေခြင်းမှာ ပုံမှန် ဖြစ်သည်။
စင်၏ အခြားတစ်ဖက်မှာတော့ မုမိသားစု၏ ကျွမ်းကျင်သူတချို့ထိုင်နေသည့် စင်မြင့်တစ်ခု ရှိနေသည်။ မုကြွယ်ကတော့ လူစုအလယ်တွင် ထိုင်နေခဲ့ပေသည်။
အမှန်အတိုင်းပြောရလျှင်၊ ဤအတောအတွင်း၌ လုမင်နှင့် လုံချန်တို့ကြောင့် မုမိသားစုက အခြေအနေပျက်ပြီး ကျွမ်းကျင်သူများစွာကို ဆုံးရှုံးခဲ့ရသည်။ ထိုအတွက်၊ လွန်ခဲ့အတောအတွင်း သူ့အဖေက သူ့အပြစ်ကိုဆင်ခြင်ရန် အပြစ်ပေးခဲ့ပေသည်။ လွန်ခဲ့သောရက်အနည်းငယ်မှ သူ ပြန်ထွက်လာရခြင်း ဖြစ်သည်။ သို့သော်လည်း အပြစ်ကို လုံးဝ ခွင့်မလွှတ်သေးပေ။ ထို့ကြောင့် ယနေ့ မုမိသားစု၏ ကျောက်အလောင်းအစားကို သူ့အား ဦးစီးကျင်းပစေခဲ့ခြင်း ဖြစ်သည်။