အခန်း ၁၂၂၁
Vol. 82 Ch. 1221
အပိုင်း ( 1221 ) သူတော်စင်တစ်ပိုင်းအဆင့် ဆေးပင်။
၎င်းက သစ်ပင်အမြစ်နှင့်တူပြီး ရွှေရောင်အဆင်းရှိသည့် ရွှေကဲ့သို့ အရာတစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်းထံမှ စူးရှသော ဆေးရနံ့များ ထွက်ပေါ်နေခဲ့၏။
မြေဧကရာဇ်အနှစ်သာရ၊ ၎င်းက နိဗ္ဗာနဆေးကိုသန့်စင်ရန်အတွက် အဓိက ပါဝင်ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ လုမင်သည် ၎င်းကို ရှေးဟောင်းမိုင်းတစ်ခုတွင် အမှန်တကယ် တွေ့ရမည်ဟု မထင်ထားခဲ့ပေ။
လုမင် အလွန်ဝမ်းသာသွားသည်။
ဤမြေဧကရာဇ်အနှစ်သာရကို ရရှိပြီးနောက် နိဗ္ဗာနဆေးလုံးကို ဖော်စပ်ရန်အတွက် အဓိက ပါဝင်ပစ္စည်း ခုနစ်ပါးထဲမှ တစ်ခုသာ လိုတော့သည်။ အဓိကပါဝင်ပစ္စည်း ခုနစ်ခုကို စုဆောင်းနိုင်သရွေ့ အခြား အရန်ပစ္စည်းများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် နိဗ္ဗာနဆေးလုံးကို စတင်သန့်စင်နိုင်လိမ့်မည်။
"ဒါက မြေဧကရာဇ်အနှစ်သာရပဲ"
"ဒါဟာ တကယ်ကို မြေဧကရာဇ်အနှစ်သာရ အစိတ်အပိုင်းတစ်ခုပဲဟ။ ဒါကြီးကတော့ တကယ်ကို အမြတ်ကြမ်းတာပဲ။ မြေဧကရာဇ်အနှစ်သာရတစ်ခုက ကျောက်ကြမ်းသန်းနဲ့ချီပြီး တန်ဖိုးရှိတယ်"
"သူက ကံကိုကောင်းလွန်းပါတယ်ကွာ။ ပထမမိုင်းမှာပဲ တနာတစ်ခုကို တွေ့နေပြီ"
ရင်ပြင်တစ်ဝိုက်တွင် မြေဧကရာဇ်အနှစ်သာရကို အသိအမှတ်ပြုပြီးနောက် မနာလိုစွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
'ချီးပဲ၊ ဒီကောင်လုမင်က ဘယ်လိုတောင် ကံကောင်းတာလဲ။ ပထမတစ်ခုမှာတင် ရတနာကို ရခဲ့တယ်'
မုကြွယ်၏မျက်နှာက သုန်မှုန်ပြီး မျက်လုံးများလည်း အေးစက်သွားခဲ့သည်။
ဤရှေးဟောင်းမိုင်း တစ်ခုစီတိုင်းကို မုသားစု၏ ကျွမ်းကျင်သူများက ဂရုတစိုက် စစ်ဆေးထားခဲ့ပြီး ဖြစ်သည်။ ရတနာတစ်ခုခုကို ရှာတွေ့နိုင်ခြေရှိသရွေ့ မုမိသားစုက သိမ်းဆည်းထားလိမ့်မည်။
သို့ရာတွင်၊ ဤနေရာ၌ ရှေးဟောင်းမိုင်းများ ထောင်ချီကာရှိ၍ ပိုက်ကွန်ထဲမှလွတ်သော ငါးများရှိနိုင်သည်။ သို့သော်လည်း ၎င်းတို့က အရေအတွက် လွန်စွာ နည်းပါးလှပေသည်။ ထိုအတွက် ရှေးဟောင်းမိုင်း ထောင်ချီကြားတွင် ရတနာရနိုင်ချေက ပို၍နည်းသွားသည်။
သို့သော်လည်း လုမင်က ပထမဆုံး ရှေးဟောင်းမိုင်းမှာပင် သန်းချီကာ တန်ကြေးရှိသော ရတနာများအား ရရှိနိုင်ခဲ့သည်။ မုကြွယ်လည်း အနည်းငယ် ရင်နာသွားလေသည်။ သူသည် ရှေးဟောင်းမိုင်း ဒါဇင်ချီကာ ရောင်းချခဲ့သော်လည်း ကျောက်ကြမ် သန်းအနည်းငယ်သာ ရရှိခဲ့သည်။
လုမင်က ပျော်ရွှင်စွာဖြင့် မြေဧကရာဇ်အနှစ်သာရကို သိမ်းဆည်းလိုက်သည်။ ထို့နောက် တောက်ပသော မျက်လုံးများနှင့် အခြား ရှေးဟောင်းမိုင်းများကို ကြည့်ရှုလိုက်၏။ တစ်ချိန်တည်းမှာပင် သူက ရယ်မောရင်းဖြင့် ပြောလိုက်သည်။
"ဟားဟားဟား၊ ဒီနေ့ ငါ့ကံက တကယ်ကောင်းတာပဲ။ ကြည့်ရတာ နောက်တစ်ခုကို ရွေးရတော့မယ် ထင်တယ်"
ထိုသို့ပြောပြီးနောက် ရှေးဟောင်းမိုင်းများကို ကြည့်ရှုလိုက်လေသည်။
'ဟမ့်၊ မင်းက ကံကောင်းရုံသက်သက်ပဲ။ မင်းရွေးချင်ရင် ရွေးလိုက်၊ နောက်ထပ်တစ်ခု ရှာနိုင်မယ်လို့တော့ မယုံဘူး'
မုကြွယ်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
အချိန်အတော်ကြာ စူးစမ်းနေပြီးနောက် လုမင်က ရှေးဟောင်းမိုင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်၏။
"ဒီတစ်ခုပဲ"
၎င်းကို ယူငင်ပြီးနောက် မုမိသားစုထံသွားကာ ကျောက်ကြမ်းတစ်သိန်း ပေးလိုက်သည်။
"ဖွင့်ကြည့်လိုက်ပါဦး"
တစ်စုံတစ်ယောက်က လှမ်းအော်လိုက်၏။
ယခုလေးတင်၊ လုမင်က တစ်ကြိမ်တည်းဖြင့် ရတနာတစ်ခု ရခဲ့သည်။ ထို့ကြောင့် ဒုတိယတစ်ခုမှာလည်း ရတနာတစ်ခုခု ရနိုင်မလားဆိုတာ လူများစွာက အလွန်သိချင်နေလေသည်။
"ကောင်းပြီ!"
လုမင်က ပြုံးပြီး ယွမ်ချီစွမ်းအင်ဓားနှင့် ရှေးဟောင်းမိုင်းကို ဖြတ်ထုတ်လိုက်သည်။
"ဒီတစ်ကြိမ်မှာ နောက်ထပ်ရတနာတစ်ခု ရဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ပထမတစ်ခုရတာက သူကံကောင်းလို့ပဲ။ ရတနာနှစ်ခုကို ဆက်တိုက်ရနိုင်အောင် ကံကောင်းတဲ့သူက အရမ်းနည်းတယ်"
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် ပါးစပ်အဟောင်းသားဖြစ်ပြီး ထိတ်လန့်သွား၏။
အကြောင်းမူကား လုမင်၏လက်ထဲမှ ရှေးဟောင်းမိုင်းက စူးရှသော ကြက်သွေးရောင်အလင်းများကို ထုတ်လွှတ်နေသောကြောင့်ပင် ဖြစ်တော့သည်။
လူများစွာလည်း အံ့အားသင့်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
"ရတနာ၊ နောက်ရတနာတစ်ခုရပြန်ပြီ"
"သူက ရတနာကို နှစ်ခါဆက်တိုက်ရခဲ့တာပဲ။ ဒီလူရဲ့ကံကောင်းမှုက ကောင်းကင်ကိုတောင် ဆန့်ကျင်နေပြီ"
"သွေးတစ်စက်၊ သွေးအနှစ်သာရတစ်စက်၊ အဲဒါက အစွမ်းထက်တဲ့ သွေးအနှစ်သာရ တစ်စက်ပဲ"
"တကယ်ကြီး ဒါက သွေးအနှစ်သာရ တစ်စက်ပဲ"
လုမင်ကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူက ရှေးဟောင်းမိုင်းကို ဂရုတစိုက် လှီးဖြတ်လိုက်သောအခါ ကြည်လင်သော သွေးကျောက်မျက်ကဲ့သို့ ကြည်လင်သည့် သွေးအနှစ်သာရတစ်စက် ပေါ်လာခဲ့သည်။ ၎င်းက အနှိုင်းမဲ့ကြွယ်ဝသော သွေးအနှစ်သာရ အငွေ့အသက်တို့ကို ထုတ်လွှတ်နေခဲ့ပေသည်။
ဤသည်မှာ သေချာပေါက် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု၏ သွေးအနှစ်သာရ ဖြစ်သည်။ သူသေဆုံးပြီးနောက်၊ သူ၏သွေးအနှစ်သာရကို ရှန်းရွှီရှေးဟောင်းမိုင်းအတွင်း၌ အမှတ်မထင် တံဆိပ်ခတ်မိခဲ့ပုံရသည်။ ၎င်း၏တန်ဖိုးက တိုင်းတာမရပေ။
၎င်းကို ဆေးဝါးအဖြစ် သန့်စင်အသုံးပြုပါက ကျင့်ကြံသူအတွက် များစွာ အထောက်အကူဖြစ်နိုင်သည်။
"တကယ်ကို ဒါက သွေးအနှစ်သာရ တစ်စက်ပဲ"
လုမင်၏ မျက်လုံးများက တောက်ပသွားလေသည်။
သူကိုယ်တိုင်လည်း လက်ရှိတွင် သူ၏ သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ရန်အတွက် သွေးအနှစ်သာရ လိုအပ်နေခဲ့သည်။ ဤသွေးအနှစ်သာရကို သန့်စင်ခြင်းဖြင့် သူ၏သွေးမျိုးဆက်က အလွန်တိုးတက်လာမည်ဟု လုမင် ခံစားလိုက်ရပေသည်။
'ဒါက ဘယ်လိုဖြစ်တာလဲ'
မုကြွယ်၏ မျက်လုံးများက ပြူးကျယ်လာကာ သူ့လက်ထဲမှ ခရမ်းရောင် ကျောက်စိမ်းလက်ဖက်ရည်ခွက်ကို အလိုအလျောက် ကြိတ်ချေလိုက်မိသည်။
'ချီးပဲ'
မုကြွယ် သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်၏။
ဤသွေးအနှစ်သာရတစ်စက်၏ တန်ဖိုးက မြေဧကရာဇ်အနှစ်သာရထက်ပင် ပို၍ ကြီးမားသည်။ ရုတ်တရက် အရှုံးကြီးရှုံးသွားသလို သူ ခံစားလိုက်ရ၏။ ၎င်းတို့ကို ကိုယ်တိုင် ဖြတ်လိုက်ရပါက ဘယ်လောက်ကောင်းမည်နည်း။
ယခုတော့ ၎င်းကို အခြားသူတစ်ဦးမှ ရွေးချယ်သွားခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ထိုလူက လုမင်ဖြစ်နေပေရာ မုကြွယ် ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်လိုက်တော့သည်။
လုမင်က အားပါးတရရယ်မောပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ သွေးအနှစ်သာရ ထည့်သိမ်းထားလိုက်သည်။
"ကံကောင်းတယ်၊ ကံကောင်းတာပဲဟေ့။ ဒီနေ့ တကယ်ကိုကံကောင်းနေတာ။ ဟားဟားဟား၊ ဆက်လုပ်ကြရအောင်"
လုမင်၏အကြည့်က ရှေးဟောင်းမိုင်းများပေါ်သို့ တစ်ဖန် ကျရောက်လာခဲ့သည်။
မုကြွယ်နှင့် မုမိသားစုမှလူများ အလိုအလျောက် ထိတ်လန့်တုန်လှုပ်သွား၏။ လုမင်က ရတနာပါရှိသော ရှေးဟောင်းမိုင်းများကို ရွေးချယ်မိဦးမည်အား သူတို့ အမှန်တကယ် စိုးရိမ်သွားကြသည်။
မုကြွယ်ဆိုလျှင် လုမင်ကို ဆက်လက်ရွေးချယ်ခြင်းမပြုရန် တားမြစ်ချင်နေပြီ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင် သူတို့က ပွင့်ပွင့်လင်းလင်း လောင်းကစားလုပ်နေခြင်း ဖြစ်၏။ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် လုမင်ကို ဆက်လက်ရွေးချယ်ခြင်းမပြုရန် မည်သို့ တားဆီးရမည်နည်း။
ထို့ကြောင့် လုမင်သည် နှစ်ကြိမ်ကံကောင်းခြင်းဖြစ်ပြီး နောက်ပိုင်း ဘာမျှ မရစေတော့ရန်သာ မျှော်လင့်ရတော့သည်။
ဤတစ်ခါ လုမင်က ပို၍မြန်လာသည်။ သူသည် ပေါ့ပေါ့ပါးပါး အနည်းငယ်ကြည့်ပြီးနောက် ရှေးဟောင်းမိုင်းတစ်လုံးကို ရွေးချယ်ကာ ကျောက်ကြမ်းတစ်သိန်း ပေးလိုက်၏။
"ဖြတ်... ဖြတ်ပြီးကြည့်စမ်း"
"ဟုတ်တယ်၊ ကြည့်ပါဦး"
လူအများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
လုမင်က ရတနာများကို နှစ်ကြိမ်ဆက်တိုက် ရခဲ့၏။ တတိယအကြိမ်မှာကော ရတနာများကို ရနိုင်ဦးမလား သိချင်သည်။
မုကြွယ်နှင့် မုမိသားစုမှလူများလည်း မျက်လုံးကိုပြူးပြဲကာ စိုက်ကြည့်နေတော့သည်။
'မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ ဒီမှာရှိတဲ့ ဘုရားရဲ့ရှေးဟောင်းမိုင်းတွေ ရတနာပါတာက အများကြီးမရှိဘူး'
မုကြွယ်လည်း စိတ်ထဲမှ ကြိတ်ဆုတောင်းလိုက်သည်။
"ချပ်"
လုမင်လည်း စွမ်းအင်ဓားနှင့် ရှေးဟောင်းမိုင်းကို ခွဲလိုက်သည်။ အကြိမ်ရေ အနည်းငယ် ဆက်တိုက် ခုတ်ထစ်ပြီးနောက်၊ ရှေးဟောင်းမိုင်း အက်ကွဲသွား၏။ ထို့နောက် မှိန်ဖျော့ဖျော့ အလင်းနှင့်အတူ အလွန်သိပ်သည်းသော ဆေးရနံ့တစ်ခု ပေါ်လာတော့သည်။
လူအုပ်ကြီး အံ့အားသင့်သွားသည်။ အချိန်အတော်ကြာပြီးနောက် အုတ်အော်သောင်းနင်း အော်သံများ ထွက်ပေါ်လာခဲ့၏။
သူက နောက်ရတနာကို ဖြတ်တောက်ခဲ့သည်။ ၎င်းက ရတနာတစ်ပါးကို အမှန်တကယ် ဖြတ်တောက်ခဲ့၏။ သုံးကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ဤသည်က တကယ်ကို အံ့ဩစရာပင်။
ဤအချိန်တွင် မုမိသားစုက အမှန်တကယ်ပင် အံကြိတ်ပြီး အရည်အသွေးမြင့် ရှေးဟောင်းမိုင်းများစွာကို ထုတ်ယူခဲ့ခြင်း ဖြစ်နိုင်ပါသလော။
လုမင်က ဆက်လက်ဖြတ်တောက်လိုက်သည်နှင့် ရှေးဟောင်းမိုင်းအတွင်းရှိ ရတနာမှာ ၎င်း၏ အစစ်အမှန်အရောင်ဝါများကို ထုတ်ဖော်ပြသလာခဲ့သည်။
ဝိညာဉ်ဆေးပင် ဖြစ်သည်။ ၎င်းက ခရမ်းရောင်ကြာပန်းကဲ့သို့ ဖြစ်၏။ ၎င်း၏ ဆေးရနံ့က ကြွယ်ဝပြီး ဖော်ပြ၍မရနိုင်သော အငွေ့အသက်တို့ကို ထုတ်လွှတ်နေခဲ့လေသည်။
"ဒါက သူတော်စင်ဆေးပဲလား"
ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
"သူတော်စင်ဆေးလား၊ အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဘုရားရေ၊ အဲဒါကတော့ မဖြစ်နိုင်ဘူးနော်"
အခြားသူများကလည်း မယုံကြည်နိုင်စွာ အော်ပြောလိုက်ကြ၏။
သူတော်စင်ဆေးဆိုသည်မှာ အဘယ်နည်း။ ၎င်းက အဆင့်ကိုး အုပ်ချုပ်သူဝိညာဥ်ဆေးပင်ထက် သာလွန်သော ရတနာတစ်ခု ဖြစ်သည်။ ထိုဝိညာဉ်ဆေးသည် သူတော်စင်များပင် အသုံးပြု၍ ရ၏။ သိုင်းအုပ်ချုပ်သူများပင်လျှင် အရူးအမူး တိုက်ခိုက်ကြလိမ့်မည်။
လုမင်၏လက်ထဲမှ ခရမ်းရောင်ကြာပန်းကို စိုက်ကြည့်ရင်း လူတော်တော်များများ၏ မျက်လုံးများက မီးခိုးများပင် ထွက်ပေါ်လာခဲ့သည်။
"မဟုတ်ဘူး၊ အဲဒါက သူတော်စင်ဆေးမဟုတ်ဘူး။ ဒါက လုံးလုံးမဖွံ့ဖြိုးသေးဘူးလေ၊ သူတော်စင်တစ်ပိုင်း ဝိညာဉ်ဆေးလို့ပဲ ပြောရမယ်။ နောက်ပြီးတော့ အဲဒါကို နှစ်ပေါင်းများစွာ တံဆိပ်ခတ်ထားတာကြောင့် သူ့ရဲ့ ဆေးစွမ်းအင်အနှစ်သာရ အများစုကို ဆုံးရှုံးသွားပြီ။ ဒီအတွက်တော့ နှမြောစရာပဲ"
ဆံပင်ဖြူ အဖိုးအိုက သေသေချာချာ ကြည့်ရှုပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါဆို သူတော်စင်ဆေး မဟုတ်ဘူးပေါ့"
လူအချို့က အသက်ပြင်းပြင်းရှူထုတ်လိုက်၏။ သို့သော်လည်း လူအများ၏ မျက်လုံးများက လင်းလက်နေသေးသည်။
၎င်းက သူတော်စင်ဆေးမဟုတ်ဘဲ ဆေးအနှစ်သာရအများစု ဆုံးရှုံးထားသည့် သူတော်စင်တစ်ပိုင်းဆေးဖြစ်လျှင်ပင် အနည်းဆုံး ကျောက်ကြမ်း သန်းတစ်ရာကျော်တန်ကြေးရှိသည့် ရတနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။