အခန်း ၁၂၂၂
Vol. 82 Ch. 1222
အပိုင်း ( 1222 ) နေနတ်ဘုရားကျောက်။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး"
လုမင်၏ လက်ထဲမှ သူတော်စင်တစ်ပိုင်း ဆေးကိုကြည့်ရင်း မုကြွယ်မျက်လုံး ကျွတ်ကျလုမတတ် ပြူးကျယ်သွားသည်။ ထိုသူတော်စင်တစ်ပိုင်းဆေးကို ချက်ချင်းယူပြီး ဝါးမျိုပစ်ရန် သူ မစောင့်နိုင်တော့ပေ။
မုမိသားစုမှ အခြားအဖွဲ့ဝင်များ၏ အမူအရာမှာလည်း ပိုမိုကောင်းမွန်ခြင်းမရှိပါ။
သူတို့၏ အူ၊ နှလုံး၊ အသည်းနှင့် အဆုတ်များမှ နာကျင်ခြင်းကို ခံစားလိုက်ရသည်။
ဤအရာသည် မူလက ၎င်းတို့မုမိသားစု၏ ရတနာတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ အပြင်လူ လုမင်၏ ရတနာတစ်ခု ဖြစ်လာပြီ။
ဤမျှရွေးချယ်ထားသော ရှေးဟောင်းမိုင်းတစ်ခုတွင် ထိုသို့သောရတနာတစ်ခု အမှန်တကယ် ရှိနေသည်။ စောစောကသာ ကြိုသိပါက ဘယ်တော့မှ ထုတ်ရောင်းလိမ့်မည် မဟုတ်ပေ။
"သူတော်စင်တစ်ပိုင်းဆေး"
သူတော်စင်တစ်ပိုင်းဆေးကို စိုက်ကြည့်ရင်း တန်တန်၏ မျက်လုံးများက တောက်ပလာသည်။ သူ့မျက်လုံးများက တောက်ပလာသလို ပါးစပ်မှလည်း သွားရေတမြားမြားကျလာတော့သည်။
"ငါ့ကိုပေး၊ ငါ့ကိုပေး"
တန်တန်က တတွတ်တွတ်ပြောလိုက်သည်။
'မင်းကို အခုပေးလိုက်ရင် ဖြုန်းတီးရာကျမှာပေါ့။ အရင်သိမ်းထားပြီး ရွှမ်းဟွမ်ဆီလီကာမြေသားမှာ စိုက်ထားလိုက်မယ်။ ဆေးပင် ပြန်ကောင်းလာတဲ့အခါ သူ့ရဲ့တန်ဖိုးက ပိုပြီးမြင့်မားလာပြီပေါ့'
လုမင်က တန်တန်ကို အသံပို့လွှတ်၍ပြောပြီး ဂရုတစိုက် သိမ်းဆည်းခဲ့လေသည်။
ဤသူတော်စင်တစ်ပိုင်းဆေးသည် ၎င်း၏ ဝိညာဉ်စွမ်းအင်အများစုကို ဆုံးရှုံးခဲ့ရသော်လည်း လုမင်ထံ၌ လျှို့ဝှက်ဆန်းကြယ်သော ရွှမ်ဟွမ်ဆီလီကာမြေဆီလွှာကဲ့သို့ ရတနာတစ်ခုရှိသည်။ သူက ပြန်ပြီး စိုက်ပျိုးထားနိုင်လိမ့်မည်။
"ငါလည်း စမ်းကြည့်ချင်တယ်"
"ရတနာတွေ အများကြီးပဲ၊ အံ့သြစရာကောင်းလိုက်တာ"
အခြားသူများ စိတ်လှုပ်ရှားသွားခဲ့ကြသည်။ လူဒါဇင်ချီက တောက်ပသောမျက်လုံးများနှင့် ရှေ့သို့လှမ်းကာ ရှေးဟောင်းမိုင်းများကို ရွေးချယ်လိုက်၏။
လူဒါဇင်ချီသောလူများက ကျောက်ကြမ်းတစ်သိန်းစီပေးကာ ရှေးဟောင်းမိုင်းများကို ဝယ်ယူခဲ့ကြသည်။ သို့သော်လည်း မုကြွယ်နှင့် မုမိသားစုဝင်များ၏ ရင်ထဲမှဒဏ်ရာက မသက်သာသေးပါ။
လူဒါဇင်ချီကာ ကျောက်ကြမ်း သန်းအနည်းငယ်အထိသာ ရခဲ့သည်။ ၎င်းတို့ကို လုမင်ရရှိသွားသော ရတနာများနှင့် နှိုင်းယှဉ်၍ မရပေ။
လုမင်က ရတနာသုံးခုကို ရရှိခဲ့သည်။ ရတနာ တစ်ခုစီကလည်း အခြားထက် ပို၍ တန်ဖိုးကြီး၏။ ၎င်းတို့က အနည်းဆုံး သန်းပေါင်း ဆယ်နှင့်ချီကာ အဖိုးတန်ကြသည်။
"ဖြတ်ကြည့်ရအောင်"
မိန်းကလေးတစ်ယောက်က သူရွေးချယ်ထားသော ရှေးဟောင်းမိုင်းကို အလျင်အမြန်ဖြတ်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ အတွင်းထဲမှာ ဘာမှ မရှိခဲ့ပေ။ ထို့နောက်တွင် တခြားသူများပါ ဖွင့်ကြည့်ကြသော်လည်း မည်သူမျှ မရရှိခဲ့ကြပေ။
နောက်ဆုံးမှာတော့ လူဒါဇင်ချီတွင် တစ်ဦးတစ်ယောက်မျှ ရတနာများ မရရှိခဲ့ချေ။
"ဘာတွေဖြစ်နေတာလဲ၊ ငါတို့က ဒါဇင်နဲ့ချီတဲ့ ရှေးဟောင်းမိုင်းတွေကို ရွေးချယ်ထားပြီးပြီ၊ ဒါပေမဲ့ ဘာမှမရဘူး။ လုမင်ကျတော့ တစ်ခုဆိုတစ်ခု ထီပေါက်သလိုပဲ။ ကွာခြားချက်က ကြီးလွန်းတယ်"
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။
"ရှေးဟောင်းမိုင်းထဲက အခြေအနေကို သူနားလည်နိုင်လို့များလား။ မဟုတ်ရင် သူ ဘယ်လိုလုပ်ပြီး ထီပေါက်နိုင်မှာလဲ"
တစ်ယောက်က ခန့်မှန်းပြောဆိုလိုက်၏။
ထိုစကားများ ထွက်လာသည်နှင့် လူတော်တော်များများ အံ့သြသွားကြသည်။
ဟုတ်ပေသည်၊ လုမင်က သုံးကြိမ်ဆက်တိုက် ရွေးချယ်နိုင်ခဲ့သည်။ ယင်းက အံ့သြစရာကောင်းလွန်းလှပေသည်။
ပထမအကြိမ်က ဖြစ်နိုင်သည်။ ဒုတိယအကြိမ်ဖြစ်လျှင်ပင် နားလည်နိုင်သေး၏။ တတိယအကြိမ်ကတော့ ဖြစ်နိုင်ချေ နည်းပါးလွန်းလှသည်။
လုမင်က ရှေးဟောင်းမိုင်းအတွင်းမှ အခြေအနေကို ကောင်းစွာခံစားနိုင်ဖွယ်ရှိပေသည်။
အားလုံး၏ မျက်လုံးများက လုမင်ကို စိုက်ကြည့်လိုက်ကြသည်။
လုမင်ကတော့ ပြုံးရုံပြုံးပြီး ဘာမျှမပြောပေ။ သူက ရှေးဟောင်းမိုင်းတခွင်ကို တစ်ဖန် လွှမ်းခြုံကြည့်လိုက်ပြန်သည်။
"လုမင်၊ ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
မုကြွယ်က ရုတ်တရက် ထပြောကာ လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။
"လုံလောက်ပြီလား၊ သခင်လေးမု... မင်း ဘာကိုဆိုလိုတာလဲ ငါနားမလည်ဘူး"
လုမင်က မသိဟန်ဆောင်ကာ ပြောလိုက်သည်။
"ဒီနေ့ မင်းက ရတနာသုံးခုကိုတောင် ဆက်တိုက်ဖြတ်ပြီးပြီပဲ၊ ရပ်လိုက်ဖို့ အချိန်တန်ပြီ"
မုကြွယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ရပ်ရမှာလား၊ ဟားဟားဟား... ဒါက ဘယ်လိုဟာသကြီးလဲ။ ဒါက စီးပွားရေးလုပ်ဖို့ တံခါးဖွင့်ထားတာလား။ ရတနာနည်းနည်းလောက် ရသွားတာကိုမြင်တာနဲ့ နောက်ထပ် ခွင့်မပြုတော့ဘူး။ ဒါဆိုရင် အခြားသူတွေကိုတော့ ရတနာမရှာအောင် ဘာဖြစ်လို့ မတားဆီးရတာလဲ"
“စီးပွားရေးလုပ်တဲ့အခါမှာ အရှုံးမရှိဘဲ အမြတ်ရနိုင်ပါ့မလား။ ဒီအတိုင်းဆိုရင် နောင်ကို မင်းတို့မုမိသားစုနဲ့ တခြားသူတွေ စီးပွားရေးလုပ်စရာ မလိုတော့ဘူး"
လုမင်က လှောင်ပြောင်လိုက်သည်။
"မင်း... မင်း မဟုတ်တာ လျှောက်မပြောနဲ့"
မုကြွယ် ဒေါသတကြီး ထအော်လိုက်၏။
"အိုး၊ ငါက မဟုတ်တာ ပြောနေတာဆိုရင် ငါ့ကို မတားနဲ့တော့ပေါ့"
လုမင်က ရယ်မောပြီး ရှေ့သို့လျှောက်သွားသည်။ သူက ရှေးဟောင်းမိုင်းတစ်ခုကိုယူကာ ကျောက်ကြမ်းတစ်သိန်း ပေးချေလိုက်၏။
"ဖွင့်ကြည့်လိုက်စမ်း"
လူများစွာက မျက်လုံးများက တောက်ပလာကာ အော်လိုက်သည်။ သူက ရှေးဟောင်းမိုင်းအတွင်းမှ ရတနာများကို အမှန်တကယ် ခံစားသိရှိနိုင်သလော။ သို့ဆိုလျှင် ဤတစ်ခါ ဘယ်လိုရတနာမျိုးကို သူ ရနိုင်ပါမည်နည်း။
လူများစွာက ၎င်းကို စောင့်မျှော်ခဲ့ကြသည်။
တစ်ဖက်တွင်၊ မုကြွယ်၏ မျက်နှာက အေးစက်နေသော်လည်း သူ့ကို မတားသာတော့ပေ။
"ဝှစ် ဝှစ်"
လုမင်က စွမ်းအင်ဓားနှင့် ရှေးဟောင်းမိုင်းကို စတင်ဖြတ်တောက်ပစ်လိုက်သည်။
"ခလွပ်"
ရှေးဟောင်းမိုင်းက အက်ကွဲသွားသော်လည်း အလွှာတစ်ခု ရှိနေသေး၏။ ရှေးဟောင်းမိုင်း၏ အတွင်းပိုင်းက ရှေးဟောင်းမိုင်းတစ်ခု ဖြစ်နေပါသေးသည်။
"အယ်၊ ဒါက တကယ်ကြီး အခွံနှစ်ထပ်ပဲ"
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
လုမင်လည်း သိလိုစိတ်ဖြင့် ထပ်မံဖြတ်လိုက်သည်။ မကြာမီ နောက်ထပ်အလွှာ ကွဲသွားခဲ့၏။ သို့သော်လည်း အောက်ခြေတွင် အဝါရောင်အခွံတစ်ခုရှိနေဆဲပင်။
နောက်ထပ် အလွှာတစ်ခု ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲဟ၊ တကယ်ကြီး ဒါက သုံးလွှာပဲ။ ဒါက အမှိုက်မိုင်းပဲလား။ နောက်ဆုံးတော့ လုမင်လည်း မအောင်မြင်တော့ဘူးထင်တယ်"
"ဖြစ်နိုင်တယ်၊ ရတနာတွေကို အချိန်တိုင်းဖြတ်ဖို့ဆိုတာက ဘယ်ဖြစ်နိုင်ပါ့မလဲ"
လူအချို့က ဆွေးနွေးလိုက်ကြသည်။ မုကြွယ်နှင့် မုမိသားစုမှ အခြားသူများလည်း ဤတော့မှ သက်ပြင်းရှည်ကြီးချလိုက်မိတော့သည်။
"တန်တန်၊ အထဲမှာ တကယ်ပဲ ရတနာ ရှိတာလား"
လုမင်က တန်တန်ကို တိတ်တဆိတ် အသံလွှင့်၍ မေးလိုက်သည်။
"သေချာတာပေါ့ဟ၊ ငါက ဘယ်လိုဖြစ်တည်မှုမျိုးလဲ။ ငါက ဘယ်လိုမှားနိုင်မှာလဲ"
တန်တန်က ဂုဏ်ယူဝံ့ကြွားသော မျက်နှာဖြင့် ခေါင်းကိုမော့လိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြီး ဆက်လက် ဖြတ်တောက်လိုက်လေသည်။ သို့သော်လည်း ထိုအလွှာကို ဖောက်ထွင်းပြီးသည့်တိုင် အောက်တွင် အခွံအလွှာတစ်ခု ရှိနေဆဲ ဖြစ်သည်။
လုမင်က ဆက်လက်ဖြည်ထုတ်နေရာ ခုနစ်လွှာအထိ ဖြစ်လာတော့သည်။
လူတိုင်း ဆွံ့အသွားကြသည်။ ဘယ်လိုကျောက်မျိုးဖြစ်၍ အခွံလွှာများ ဤမျှရစ်ပတ်နေသနည်း။ အခြားရှေးဟောင်းမိုင်းများတွင် အလွှာတစ်ခုသာရှိပြီး အလွှာနှစ်ခုကိုပင် တွေ့ရခဲလှသည်။ သို့ရာတွင်၊ ဤတစ်ခါမှာတော့ အလွှာခုနစ်ခု ရှိနေပြီ ဖြစ်သည်။
ယခုအခါ ရှေးဟောင်းမိုင်းက ကြက်ဥအရွယ်သာကျန်တော့၍ အထဲတွင် ရတနာတစ်ခုခု ရှိနေရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ပေ။
သို့ရာတွင် လုမင်၏ အကြည့်များက ခိုင်မာလာပြီး ဆက်လက် ဖြတ်တောက်သွားခဲ့သည်။
"ခလွပ်"
ရှေးဟောင်းမိုင်း အက်ကွဲသွားခဲ့သည်။ ဤတစ်ကြိမ်တွင် ရှေးဟောင်းမိုင်းတွင်းမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ တစ်ချိန်တည်းမှာပင်၊ ရှေးဟောင်းမိုင်းတွင်းမှ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားသော အပူချိန်တစ်ခု စိမ့်ထွက်လာ၍ ရင်ပြင်တစ်ခုလုံး၏ အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာတော့သည်။
သို့သော် အပူဒဏ်ကို မည်သူမျှ သတိမပြုမိကြပါ။ လူတိုင်းက လုမင်၏လက်ထဲမှ ကြက်ဥအရွယ် ရှေးဟောင်းမိုင်းကို မင်တက်စွာဖြင့် ကြည့်နေခဲ့ကြသည်။
ရတနာတစ်ခုပြီးတစ်ခု ဖြတ်တောက်ပစ်လိုက်ပြီ။ လုမင်က ရတနာများကို လေးကြိမ်ဆက်တိုက် ရရှိနိုင်ခဲ့သည်။
လူတိုင်း ထုံကျဉ်သွားခဲ့ကြလေသည်။
'ဟာကွာ၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချီးတဲ့မှပဲ'
မုကြွယ်လည်း သူ့စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ သူ့နှလုံးသားက သွေးယိုစီးလာကာ မျက်လုံးအစုံမှာလည်း နီမြန်းလာတော့သည်။
"ခလွပ်"
လုမင်က အင်အားအနည်းငယ် သုံးလိုက်သည်နှင့် ရှေးဟောင်းမိုင်း လုံးဝကွဲထွက်သွားခဲ့သည်။ ထိုအခါ အတွင်းမှ အနီရောင် ကျောက်တစ်လုံးကို ထုတ်ဖော်ပြသလာတော့သည်။
အနီရောင်အလင်းတန်းများ ဖြာထွက်လာပြီးနောက် အပူလှိုင်းများ အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။ ရင်ပြင်မှ အပူချိန်ကလည်း ကြောက်မက်ဖွယ်ကောင်းအောင် ထောင်ဂဏန်းအနည်းငယ် ဒီဂရီအထိ မြင့်တက်သွားတော့သည်။
"ပူတယ်ဟေ့၊ အသေပူတာပဲ"
"ဒါက ဘယ်လိုရတနာမျိုးလဲ၊ ပုံစံကြည့်ရတာတော့ နေလုံးသေးသေးလေးလိုပဲ"
ကြောက်စရာကောင်းသည့် ထိုအပူဒဏ်ကို ခံနိုင်ရည်ရှိရန် လူတော်တော်များများက ယွမ်ချီစွမ်းအင်များနှင့် ကာကွယ်လိုက်ရသည်။
"ဘုရားရေ၊ ဒါက နေနတ်ဘုရားကျောက်လား"
တစ်စုံတစ်ယောက်က မယုံနိုင်စွာ အော်ဟစ်လိုက်၏။
"နေဘုရားကျောက်၊ ဟုတ်တယ်... ဒါက နေနတ်ဘုရားကျောက်ပဲ။ ဒဏ္ဍာရီအရ နေနတ်ဘုရားကျောက်ကို နေဗဟိုချက်မှာပဲ မွေးဖွားနိုင်တယ်လို့ ရှေးစာအုပ်တွေမှာ ဖတ်ဖူးတယ်"
"ဟာ၊ ဒါကတော့ မဖြစ်နိုင်ဘူး၊ ဒါက တကယ်ပဲ နေနတ်ဘုရားကျောက် ဟုတ်ရဲ့လား"
"အထွတ်အမြတ်ရတနာကြီးပဲ"
မြင်ကွင်းက လုံးဝ ဆူပွက်သွားခဲ့သည်။ လူစုက ရုတ်ရုတ်သဲသဲဖြစ်ပြီး ပူလောင်သော မျက်လုံးများနှင့် လုမင်၏ရှေ့မှ နေနတ်ဘုရားကျောက်ကို ကြည့်နေကြတော့သည်။