အခန်း ၁၂၂၃
Vol. 82 Ch. 1223
အပိုင်း ( 1223 ) အားလုံးက အမှိုက်မိုင်းတွေ။
"တကယ်ကို နေနတ်ဘုရားကျောက်ပဲ"
လုမင်ကိုယ်တိုင်ပင် အလွန် အံ့အားသင့်ပြီး တုန်လှုပ်သွားခဲ့သည်။
ဒဏ္ဍာရီများအရ နေနတ်ဘုရားကျောက်သည် နေ၏အူတိုင်မှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ တစ်ခုမွေးဖွားလာရန် နှစ်ပေါင်းများစွာ ကြာမြင့်၏။ ၎င်း၏တန်ဖိုးက တိုင်းတာ၍ မရပေ။ မှန်ကန်စွာအသုံးပြုနိုင်ပါက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။
လုမင်သည် ရှန်းရွှီရှေးဟောင်းမိုင်းအတွင်း၌ ဤသို့သောရတနာကို ရှာတွေ့လိမ့်မည်ဟု မထင်ခဲ့ပေ။
"ဘယ်လိုလဲကောင်လေး၊ ရတနာရှိတယ်လို့ ငါပြောသားပဲ။ ငါက ဘာဖြစ်လို့ လိမ်ရမှာလဲ။ ငါကိုယ်တော်က ဒီနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး အမှားလုပ်မိမှာလဲ"
တန်တန်က လွန်စွာ ဂုဏ်ယူဝံ့ကြွားပြီး ကောင်းကင်သို့ ထိုးတက်တော့မည်ကဲ့သို့ မျက်နှာကို မိုးမော့လိုက်သည်။
လူအုပ်ထဲမှ ရှဲ့နျန်ချင်းက ပြုံးလိုက်ပြီး လုံချန်ကတော့ အံ့အားသင့်သွားခဲ့လေသည်။
လုမင်ကို မမြင်နိုင်တော့ကြောင်း သူ သဘောပေါက်သွားသည်။
"နေနတ်ဘုရားကျောက်၊ အဲဒါ တကယ်ကို နေနတ်ဘုရားကျောက်ပဲ"
ကြောင်တက်တက်ဖြင့် ရေရွတ်ရင်း မုကြွယ်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ ခဏအကြာမှာတော့ သူ့မျက်လုံးများက မီးတောက်များ တောက်လောင်လာတော့သည်။
"လုမင်၊ ငါ့ကို နေနတ်ဘုရားကျောက် မြန်မြန်လွှဲပေးစမ်း"
မုကြွယ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ နေနတ်ဘုရားကျောက်ကို တောင်နှင့်မြစ်ပန်းချီကားထဲတွင် သိမ်းဆည်းလိုက်၏။ ထို့နောက်တွင်၊ သူက အရူးတစ်ယောက်အား ကြည့်နေသကဲ့သို့ မူကြွယ်ကို ကြည့်လိုက်သည်။
"မင်းကို လွှဲပေးရမှာလား။ ဒါက ငါ့ဥစ္စာပဲ၊ မင်းကို လွှဲပေးရမှာလဲ။ မင်းက ဝယ်ချင်တယ်ဆိုရင်တောင်... စိတ်တော့မကောင်းပါဘူး၊ ငါမရောင်းဘူး"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဒါက မင်းဥစ္စာဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒါက ငါ့မုမိသားစုရဲ့ ရတနာဆိုတာ အသိသာကြီးပဲ။ မင်း ငါ့မုမိသားစုရဲ့ ရတနာကို ယူဝံ့တယ်လား။ အခု မြန်မြန် လွှဲပေးလိုက်စမ်း"
မုကြွယ် အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများကလည်း အခိုးအငွေ့များ ထွက်လာမတတ် ပူလောင်နေတော့သည်။
"ဘယ်လိုအရူးပါလိမ့်။ မင်းတို့ မုမိသားစုရဲ့ဟာလား။ အရင်ကတော့ ဟုတ်လိမ့်မယ်၊ ဒါပေမဲ့ အခု ငါဝယ်လိုက်ပြီမို့လို့ ငါ့ဥစ္စာပဲ။ မင်းက အခြားသူတွေကို ဘာမှမမြင်ရတဲ့ မျက်မမြင်တွေထင်လို့လား"
လုမင်က လှောင်ပြောင်လိုက်သည်။
"ရယ်စရာပဲ၊ ငါပြောထားပြီးပြီ၊ မင်းကို ရှေးဟောင်းမိုင်းတွေ ထပ်မကောက်ဖို့ ငါပြောခဲ့တယ်။ မင်းဘာသာမင်း အတင်းယူခဲ့တာ၊ ငါ သဘောမတူခဲ့တဲ့အတွက် ဒီနေနတ်ဘုရားကျောက်က ငါ့မုမိသားစုရဲ့ ပိုင်ဆိုင်မှုပဲ"
မုကြွယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ဒါဆိုရင် မင်းငါ့ရဲ့ ကျောက်ကြမ်းတစ်သိန်းကို ဘာဖြစ်လို့ လက်ခံထားတာလဲ။ ငါ့ရဲ့ ကျောက်ကြမ်းတွေကို ယူလိုက်တဲ့အတွက် ဒါက ငါ့ဥစ္စာဖြစ်သွားပြီ"
လုမင် လှောင်ပြောင်ပြောဆိုလိုက်သည်။
"ငါ ဂရုမစိုက်ဘူး။ ငါသဘောမတူဘူးကွ။ မြန်မြန် နေနတ်ဘုရားကျောက်ကို လွှဲပေးလိုက်စမ်း။ ဒီလို ရတနာမျိုးကို မင်း နောက်ထပ် ဝါးမျိုလို့မရဘူး"
မုကြွယ် အော်လိုက်၏။ သူ့လေသံက အေးစက် ခက်ထန်ပြီး ပြင်းထန်သော ခြိမ်းခြောက်မှုတို့ ထင်ရှားလာတော့သည်။
"ဟားဟားဟား၊ မင်းက လူတွေနဲ့လောင်းကစားဖို့ ရှေးဟောင်းမိုင်းတွေအများကြီးကို ထုတ်ခဲ့တယ်။ နောက်ပြီးတော့ တစ်ခုကို တစ်သောင်းနဲ့တောင် ရောင်းချလိုက်သေးတယ်။ အခု အခြားသူက ရတနာတွေ ရသွားတာကိုမြင်မှ အရှက်မရှိ ပြန်ယူဖို့ အတင်းအကြပ်လုပ်ချင်တယ်လား"
"ကောင်းပြီ၊ မင်းကို ငါပြန်ပေးမယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကျင်းပခဲ့တဲ့ တရားမျှတမှုမရှိတဲ့ ကျောက်လောင်းကစားပွဲမှာ မင်းတို့ မုမိသားစုရဲ့ အမှိုက်မိုင်းတွေအတွက် လူဘယ်နှစ်ယောက်လောက် ငွေကုန်သွားကြပြီလဲ။ သူတို့တွေကို မင်းပြန်ပေးမယ်ဆိုရင် ငါလည်း မင်းကို လွှဲပေးမယ်"
လုမင်က လှောင်ပြောင်ရယ်မောလိုက်သည်။
"မင်း၊ မင်း..."
မုကြွယ် စကားမပြောနိုင်ဘဲ သူ့မျက်နှာ နီမြန်းသွား၏။
မုမိသားစုက ဤကျောက်လောင်းကစားပွဲကို ကျင်းပခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ နှစ်အတော်ကြာပြီးနောက် ၎င်းတို့ရရှိခဲ့သော ကျောက်ကြမ်းမည်မျှရှိသည်ကို တွက်ချက်ရန်ပင် မဖြစ်နိုင်ပေ။ သူတို့ကို မည်သို့ ပြန်ပေးနိုင်မည်နည်း။
"သူတစ်ပါး မင်းဆီကနေ နည်းနည်းပါးပါး အမြတ်ရသွားရင် မင်းနှလုံးသားက နာကျင်ရတယ်။ ဒါဆိုရင် မင်းအနိုင်ပိုင်းယူထားတဲ့ ငွေပိုင်ရှင်တွေကိုကော ဘာဖြစ်လို့ မတွေးပေးတာလဲ။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"
"ငါပြောလိုက်မယ်၊ မင်းတို့မုမိသားစုက အစွမ်းထက်ပေမဲ့ တောင်ပိုင်းနတ်နန်းတော်က မင်းတို့မိသားစုမဟုတ်ဘူး။ မင်းက ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးထားချင်ရင် ဒီမှာရှိတဲ့ လူတိုင်းကို သဘောတူမတူ အရင် မေးရလိမ့်မယ်"
လုမင်က လှောင်ပြောင်လိုက်သည်။ ထို့နောက် သူကလှည့်ပြီး ရှဲ့နျန်ချင်းတို့ဆီကို ပျံသန်းသွား၏။
"ရပ်လိုက်စမ်း"
မုမိသားစု၏ ကျွမ်းကျင်သူနှစ်ယောက်က လုမင်အရှေ့တွင် ပေါ်လာခဲ့သည်။ သူတို့က လုမင်ကို လက်သည်းများနှင့် ကုပ်ဆွဲလိုက်၏။ သူတို့နှစ်ဦးစလုံးက အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင် ရှိကြသည်။
"ထွက်သွား"
လုမင်က ငေါက်ငမ်းပြီး လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။ သူ၏ လက်ဝါးရိုက်ချက်က မုမိသားစုမှ ကျွမ်းကျင်သူနှစ်ယောက်ကို လွင့်စဉ်သွားစေခဲ့တော့သည်။
"ဘာလဲ၊ အင်အားသုံးချင်တာလား။ မင်းရဲ့ မိသားစု အလုပ်လုပ်ပုံက ဒီလိုလား။ ဒါဆိုရင် နောင်မှာ မင်းရဲ့ မိသားစုနဲ့ တခြားသူတွေ စီးပွားရေးလုပ်တော့မယ်လို့ မထင်ဘူး"
လုမင် အော်ပြောလိုက်သည်။
အခြားသူများလည်း မုမိသားစုမှလူများကို အပြောင်းအလဲမရှိသော မျက်လုံးများနှင့် ကြည့်လိုက်ကြ၏။
မုမိသားစုက ဤသို့စီးပွားရေးလုပ်ပြီး တခြားသူ၏ ရတနာများကို လုယူတတ်လျှင် နောင်အခါ ၎င်းတို့နှင့် မည်သူက စီးပွားရေးလုပ်မည်နည်း။ မုမိသားစုက ကျောက်လောင်းကစားပွဲ ကျင်းပလျှင်ပင် မည်သူက ပါဝင်ဦးမည်နည်း။
သူတို့လည်း လုမင်ကဲ့သို့ ရတနာကောင်းတစ်ခု ရရှိခဲ့လျှင် မုမိသားစုမှ ပြန်လည်လုယူခံရနိုင်သည်။
'ချီးပဲ'
မုကြွယ် သူ့စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ဤအခိုက်တွင် အင်အားသုံးပြီး လုမင်ကို အပိုင်းပိုင်းဖြတ်ချင်သော်လည်း မလုပ်ဝံ့တော့ပေ။ သူ တကယ်လုပ်ပါက မုမိသားစု နာမည်ပျက်သွားမည် ဖြစ်သည်။
ထို့ကြောင့် လုမင် ထွက်သွားတာကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"သွားကြမယ်"
လုမင်က ရှဲ့နျန်ချင်းနှင့် လုံချန်အနားသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက်တွင် သုံးယောက်သား လေထဲသို့တက်ပြီး စစ်သူကြီးတောင်ထိပ်ဆီသို့ ပျံသန်းသွား၏။ ခဏကြာ ပျံသန်းသွားပြီးနောက် လုမင်က ရပ်တန့်လိုက်သည်။ သူ့အသံက အဝေးသို့ ပျံ့လွင့်သွားလေသည်။
"လူတိုင်းပဲ၊ ရှန်းရွှီရှေးဟောင်းမိုင်းရဲ့ အခြေအနေကို ငါတကယ်နားလည်နိုင်ပါတယ်။ အဲဒီမှာ ကျန်ရှိနေတဲ့ ရှေးဟောင်းမိုင်းတွေက အမှိုက်တွေချည်းပဲ၊ ရတနာ မရှိတော့ဘူး"
ထို့နောက် လုမင်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။ သူက ရှဲ့နျန်ချင်း၊ လုံချန်တို့နှင့်အတူ ထွက်ခွာသွားပြီး ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။
မုကြွယ် အံကြိတ်ပြီး လုမင်၏အမည်ကို စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွား၏။ လုမင်ကို အပိုင်းပိုင်းဖြတ်ရန် သူ မစောင့်နိုင်တော့ပေ။
လုမင်၏ စကားများကို ကြားရပြီးမှ မည်သူက ရှေးဟောင်းမိုင်းများ ရွေးဦးတော့မှာလဲ။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ရင်ပြင်တဝိုက်တွင် ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာသည်။
"မရှိတော့ဘူးတဲ့၊ ကျန်တာ အကုန်လုံးက အမှိုက်တွေ"
"လုမင်က ရှေးဟောင်းမိုင်းထဲက အခြေအနေကို အမှန်တကယ်သိနိုင်တယ်။ သူက မရှိတော့ဘူးဆိုရင် တကယ်မရှိတော့လို့ပဲ။ ဒီလောက် ရှေးဟောင်းမိုင်းထောင်ချီမှာ ရတနာက လေးခုပဲရှိတယ်။ မုမိသားစုက တကယ်ကို လူလိမ်တွေပဲ"
"သွားကြစို့။ ဒါတွေအားလုံးက အမှိုက်တွေဆိုမှတော့ ဘာကို ရွေးရမှာလဲ"
ရင်ပြင်ရှိလူများက ခေါင်းယမ်းပြီးနောက် အရပ်ရပ်သို့ ပျံသန်းသွားကြသည်။ ခဏကြာတော့ ရင်ပြင်တွင် မုမိသားစုမှလူများအပြင် မည်သူမျှ မကျန်ခဲ့တော့ပေ။
"အား"
မုကြွယ် ဒေါသပေါက်ကွဲသွားပြီး အော်ဟစ်လိုက်သည်။
ယခုတစ်ကြိမ်တွင်၊ မုမိသားစု၏ ကျောက်လောင်းကစားပွဲက လုံးဝပျက်စီးသွားခဲ့သည်။
လုမင်က ရတနာလေးခုကို ရွေးယူလိုက်၏။ ထို့အပြင် မည်သူမျှ ၎င်းတို့ကို နောက်ထပ် မဝယ်တော့ပါ။ ဤတစ်ကြိမ်တွင် ဆုံးရှုံးမှုက ဆိုးရွားလွန်းလှသည်။
'လုမင် သေရမှာပဲ၊ ငါသူ့ကိုသတ်ဖို့ နည်းလမ်းရှာရမယ်'
မုကြွယ်က သူ့နှလုံးသားထဲတွင် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။
တစ်ဖက်တွင်၊ လုမင်၏ စိတ်ခံစားချက်က ဆန့်ကျင်ဘက်ဖြစ်ပြီး အလွန်ပျော်ရွှင်နေခဲ့သည်။
ရတနာလေးခုတွင် တစ်ခုစီက နောက်ဆုံးတစ်ခုထက် တန်ဖိုးပိုကြီး၏။ အထူးသဖြင့် နောက်ဆုံးတွင် နတ်နတ်ဘုရားကျောက်သည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သည်။
ဤကဲ့သို့သော အဖိုးတန်ရတနာလေးပါးကို ရရှိရန် စုစုပေါင်း ကျောက်ကြမ်းလေးသိန်းကို အသုံးပြုခဲ့ရ၏။ အမြတ်အစွန်း ကြီးမားလွန်းပေသည်။
များမကြာမီ သူတို့သုံးဦးက စစ်သူကြီးတောင်ထိပ်သို့ ပြန်လာခဲ့ကြသည်။
"ဟင်"
စစ်သူကြီးတောင်ထိပ်သို့ ရောက်သောအခါ ရှဲ့နျန်ချင်း၏ မျက်လုံးများက ရှေ့ကို စိုက်ကြည့်လိုက်သည်။
သူတို့ရှေ့တွင် နှင်းဖြူဝတ်စုံနှင့် ရှဲ့နျန်ကျွင်း ရှိနေခဲ့၏။ သူမက ကောင်းကင်ဘုံမှ သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်သည်။
ရှဲ့နျန်ကျွင်း၏အနားမှာလည်း အဖြူရောင်ဝတ် လူငယ်တစ်ယောက် ရှိနေပါသေးသည်။ ထိုလူငယ်က ချောမောခန့်ညားသည်။ လူအုပ်ကြီးထဲသို့ နေရာချထားလျှင်ပင် သတိပြုမိစေနိုင်သူ ဖြစ်၏။ ၎င်းက မြင့်မားပြီး အရှိန်အဝါကြီးစွာဖြင့် မွေးဖွားလာသူဖြစ်ကာ လူတိုင်း သူ့ကိုမော့ကြည့်ကြရပုံရှိသည်။
၎င်းက ထူးခြားသော လူငယ်တစ်ဦးပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူငယ်ထံမှ ပြင်းထန်သောဖိအား၊ အန္တရာယ်ရှိသော ဖိအားတစ်ကို လုမင် ခံစားလိုက်ရသည်။
"ဟမ့်"
ရှဲ့နျန်ကျွင်းက ရှဲ့နျန်ချင်းနှင့် လုမင်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် အနည်းငယ် အထင်သေးပြီး ရန်ငြိုးဖွဲ့မှုတို့ဖြင့် နှာခေါင်းရှုံ့လိုက်၏။
"အဲ့ကောင်မလေးက မင်းရဲ့ ညီမလား"
အဖြူရောင်ဝတ်လူငယ်က ရှဲ့နျန်ချင်းကိုကြည့်ရင်း ရှဲ့နျန်ကျွင်းကို မေးလိုက်သည်။ သူ အနည်းငယ် အံ့သြသွား၏။
"မရင်းနှီးတဲ့သူပါပဲ၊ သူ့ကို ဂရုမစိုက်နဲ့"
ရှဲ့နျန်ကျွင်းက ပြောလိုက်သည်။ ထို့နောက်မှာတော့ အဖြူရောင်ဝတ် လူငယ်နှင့်အတူ စစ်သူကြီးတောင်ထိပ်မှ ထွက်ခွာသွားတော့သည်။
"ဟမ့်"
ရှဲ့နျန်ချင်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ မျက်လုံးများကလည်း အလွန် အေးစက်သွားပေသည်။