အခန်း ၁၂၂၉
Vol. 82 Ch. 1229
အပိုင်း ( 1229 ) သွေးရောင်သော့။
သို့သော်လည်း အနက်ရောင်ဝတ်လူငယ်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်တွင်သာရှိသည်။ သူ့ခွန်အားက ပြိုင်ဘက်ထက် များစွာ အားနည်း၏။ ထို့ပြင် အမှတ်တမဲ့ဖြစ်၍ တိုက်ခိုက်မှုကို လုံးဝမတားဆီးနိုင်တော့ပေ။
"ရွှပ်"
အနက်ရောင်ဝတ်လူငယ်၏ ဦးခေါင်းက လေထဲသို့ လွင့်စဉ်သွားခဲ့သည်။ သွေးများက လေထဲကို ငေါက်ငေါက်ပန်းထွက်လာခဲ့၏။ သူ၏ ဝိညာဉ်နတ်ဘုရားပင်လျှင် မလွတ်မြောက်ဘဲ ပိုင်းဖြတ်ခံလိုက်ရသည်။
"မင်းရဲ့သော့ကို ငါသိမ်းနိုင်ရင် လူကိုးယောက် မလိုတော့ဘူးပေါ့"
ဝိညာဉ်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့်ရှိ လူငယ်က အေးစက်စက်ဖြင့် ပြုံးလိုက်သည်။
ထို့နောက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ အနက်ရောင်ဝတ်လူငယ်၏ ကျောရိုးရှိ သွေးစွမ်းအင်များက သွေးရောင်သော့ဆီသို့ စတင်ရောက်ရှိသွား၏။ သွေးစွမ်းအင်များက သွေးရောင်သော့ကို လွှမ်းခြုံသွားကာ ပို၍ တောက်ပလာတော့သည်။ ထို့နောက်တွင် သွေးရောင်သော့က ဝိညာဉ်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့်ရှိ လူငယ်ဆီသို့ ပျံသန်းသွားပြီး ထိုသူ၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။
ဆဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် လူငယ်၏ ဦးခေါင်းထက်တွင် သွေးရောင်သော့နှစ်ချောင်း ပေါ်လာခဲ့ပေပြီ။
"ဟာဟားဟား၊ အဲဒါက မှန်းဆချက်တစ်ခုဖြစ်ပေမဲ့ တကယ်ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သော့ကိုးခုကို စုဆောင်းထားသရွေ့ ဒီနန်းတော်ကို ငါ့ဘာသာဖွင့်ပြီး စည်းစိမ်ဥစ္စာတွေ ရနိုင်လိမ့်မယ်"
ဆဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် လူငယ်လေးက ရယ်မောလိုက်သည်။ ထို့နောက် လုမင်ကို အေးစက်စက်ဖြင့် လှမ်းကြည့်လိုက်၏။
"အခွင့်အရေးရှိခဲ့တာတောင် မင်းက ထွက်မပြေးဘူး။ အခု မင်းက ငါ့သော့ဖြစ်သွားပြီ"
လူငယ်က အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ကို ထုတ်ဖော်လိုက်သည်။
"တကယ်ကို ဒါက သွေးမျိုးဆက်စွမ်းအင်ကနေ ပေါင်းစပ်ထားတဲ့ သွေးရောင်သော့တစ်ခုပဲ။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ"
လုမင်က စူးစမ်းလိုစိတ်ဖြင့် ရေရွတ်လိုက်သည်။ သူက လူငယ်ကို သတိပင်မပြုမိပေ။
"ကောင်လေး၊ သေစမ်း"
လုမင်က သူ့ကို တိုက်ရိုက် လျစ်လျူရှုထားကြောင်း မြင်ရပြီးနောက် လူငယ်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပြည့်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်၏။ ဓားအလင်းက လုမင်၏ လည်ပင်းဆီသို့ လှစ်ခနဲ တိုးဝင်လာတော့သည်။
ယခုလေးတင်ပဲ၊ အနက်ရောင်ဝတ်လူငယ်ကို ဤဓားချက်နှင့် သတ်လိုက်ခြင်း ဖြစ်သည်။ ယခုအခါ ဤဓားချက်၏စွမ်းအားက ယခင်ဓားချက်ထက် ပို၍ ပြင်းထန်လာခဲ့ပြီ။
ဓါးအလင်းက လုမင်၏လည်ပင်းကို ဖြတ်သွားခဲ့သည်။
"သော့သုံးချောင်း"
သော့သုံးချောင်းရနေပြီဟု တွေးရင်း လူငယ်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
သို့သော်လည်း နောက်အခိုက်အတွင် သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။ တချိန်တည်းမှာပင် ကြောက်ရွံ့တုန်လှုပ်မှုတို့ ပေါ်လာတော့သည်။
မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိရသော လှံအလင်းတစ်ခုက သူ၏ ဒန်တျန်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို ထက်ပိုင်းဖြတ်ပြီး သူ၏ ဝိညာဉ်နတ်ဘုရားကိုပင် အပိုင်းပိုင်းပိုင်းဖြတ်လိုက်ပေသည်။
မြန်လွန်းသည်။ လှံအလင်းက အလွန်မြန်ဆန်ပြီး စွမ်းအားကလည်း ကြောက်စရာကောင်းလွန်း၏။ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် စွမ်းအင်အကာအကွယ်က စက္ကူကဲ့သို့ အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။
"မဟုတ်..."
လူငယ်က ကရုဏာကို တောင်းခံချင်သောစိတ်ဖြင့် ခက်ခက်ခဲခဲ ပါးစပ်ဟလိုက်သည်။
သို့သော်လည်း လှံအလင်းက တုန်ခါသွားသည်နှင့် ဆဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် လူငယ်၏ ခန္ဓာကိုယ် အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။
လူငယ်လေး သေဆုံးသွားသည်နှင့် တပြိုင်နက် သူ၏ သွေးမျိုးဆက်စွမ်းအားက သွေးရောင်သော့ဆီသို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးမှာတော့ သွေးရောင်သော့နှစ်ချောင်းက လုမင်၏ ဦးခေါင်းထက်တွင် လွင့်ပျံလာလေတော့သည်။
သူ့ကိုယ်ပိုင်ဟာအပါအဝင်၊ လုမင်၏ ဦးခေါင်းထက်တွင် သွေးရောင်သော့သုံးခု ဖြစ်လာခဲ့သည်။
"သော့သုံးခု... လူတစ်ယောက်ကို သတ်လိုက်တာက တခြားသူရဲ့သော့ကို ရနိုင်ပုံပေါ်တယ်။ သော့ကိုးခု စုဆောင်းနိုင်သရွေ့ နန်းတော်ကိုဖွင့်ပြီး စည်းစိမ်ဥစ္စာတွေ ယူနိုင်တော့မှာပေါ့"
"ဒါပေမဲ့ ဒီနန်းတော်တွေက အများကြီးရှိမရှိ ငါမသိဘူး။ အများကြီးရှိရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်"
လုမင် ရေရွတ်လိုက်သည်။
နန်းတော်အတွင်းရှိ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ချန်ရစ်ခဲ့သော အခွင့်အလမ်းများကို ရယူချင်လျှင်၊ ထိုပါရမီရှင်များက သော့များရရှိရန် အခြားသူများကို သတ်ပစ်မည် ဖြစ်သည်။
"ရှောင်ချင်း"
ရှဲ့နျန်ချင်းအတွက် လုမင် အနည်းငယ် စိတ်ပူသွားသည်။
"အရင်ဆုံး ရှောင်ချင်းကို လိုက်ရှာရမယ်"
လုမင် ဆုံးဖြတ်လိုက်၏။
"ဝှစ် ဝှစ်"
ထိုအချိန်တွင် မနီးမဝေးသို့ အလင်းတန်းနှစ်ခု ရောက်လာခဲ့သည်။
'ဒါက သူတို့ပဲ'
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
ထိုနှစ်ယောက်လုံးကို လုမင် သိ၏။ သူတို့နှစ်ဦးစလုံးက ကျန့်ပင်းတိုက်ကြီးမှ ပါရမီရှင်များ ဖြစ်သည်။ သူတို့ထဲတွင် တစ်ယောက်က နတ်ဘုရားအပျက်အယွင်းတွင် လုမင် အနိုင်ယူခဲ့သော လူများထဲမှ တစ်ယောက်ပင်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့်တွင် ဖြစ်သည်။
နောက်တစ်ယောက်ကတော့ ဆံပင်ဆံတိုနှင့် လူငယ်သည်ပင်။ ၎င်းက ကျန့်ပင်းတိုက်ကြီး၏ ဒုတိယအဆင့် ပါရမီရှင် လူချန်ကျိုး ဖြစ်သည်။
လူချန်ကျိုး၏ ဦးခေါင်းထက်တွင် သွေးရောင်သော့နှစ်ချောင်းရှိပြီး ကျန်တစ်ဦးကတော့ တစ်ခုသာရှိနေဆဲပင်။
၎င်းတို့က နန်းတော်ကို အရင်ကြည့်နေပြီးမှ လုမင်အား စိုက်ကြည့်လိုက်ကြသည်။
"ဒါက သူပဲ၊ ရှမ်းဟွမ်တိုက်ကြီးထဲက ကောင်လေး"
"သွေးရောင်သော့သုံးခုတောင်"
လုမင်ကိုမြင်သောအခါ သူတို့မျက်လုံးများက တောက်ပလာပြီး အလွန်ဝမ်းသာသွား၏။
လူချန်ကျိုးက ရယ်မောရင်း မျက်လုံးများ တောက်ပလာကာ ပြောလိုက်သည်။
"တကယ်ကို ဒီကောင်က ကျန့်ပင်းတိုက်ကြီးထဲက လူတွေကို ထိခိုက်စေဝံ့တယ်။ ဟားဟားဟား၊ အခု မင်းရဲ့သော့တွေ ငါ့ကိုပေးစမ်း"
လူချန်ကျိုးက လုမင် လွတ်မြောက်သွားမည်ကို စိုးရိမ်ဟန်ဖြင့် ချက်ချင်းလှုပ်ရှားပြီး လုမင်ကို တိုက်ခိုက်လာတော့သည်။
"ဝှစ်"
လူချန်ကျိုး၏ လက်ထဲတွင် ဓားမော့တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ လတစ်စင်းကဲ့သို့ ဓားမော့အလင်းက လုမင် ဦးခေါင်းကို ဦးတည်ဖြတ်သန်းလာခဲ့၏။
လုမင်က ခြေတစ်ချက်လှမ်းပြီး ဓားမော့အလင်းကို ရှောင်တိမ်းပေးလိုက်သည်။
"ကောင်လေး၊ ပြေးဖို့ မစဉ်းစားနဲ့"
လူချန်ကျိုးက အေးစက်စက်ဖြင့် အော်သည်။
"ပြေးမှာလား၊ မင်းတို့ ထွက်ပြေးမှာကို ငါကြောက်တာ"
လုမင် လှောင်ပြောင်လိုက်၏။
"ဝှစ်"
လုမင်က ခြေတစ်ချက်လှမ်းပြီး ကျန့်ပင်းတိုက်ကြီးမှ အခြားလူငယ်တစ်ဦးထံသို့ ရုတ်ချည်း ချဉ်းကပ်သွားခဲ့သည်။
"မင်း...ထွက်သွား"
ထိုလူငယ် အလန့်တကြားဖြင့် အော်လိုက်သည်။ သူသည် လုမင်ကို တားဆီးရန် သူ၏ အသန်မာဆုံး တိုက်ခိုက်မှုကိုထုတ်ဖော်ရင်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကိုပင် တိုက်ရိုက် ထုတ်ဖော်ခဲ့၏။
ထိုစဉ်က သူက လုမင်ကို မယှဉ်နိုင်သော်လည်း တိုက်ကွက်အနည်းငယ်တော့ ရင်ဆိုင်နိုင်သေးသည်။ ယခုလည်း လုမင်ကို ဟန့်တားနိုင်မည်ဟု သူယုံကြည်နေသည်။
"ဒုန်း"
လုမင်က လူငယ်လေး၏ သွေးမျိုးဆက်ကို လက်သီးနှင့် ထိုးချရိုက်ချလိုက်သည်။ လူငယ်၏ သွေးမျိုးဆက်က ပေါက်ကွဲသွား၏။ သူ့ခန္ဓာကိုယ်သည်ပင် ဖုန်မှုန့်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားတော့သည်။
လူငယ်၏ သွေးမျိုးဆက်စွမ်းအားက သူ့ဦးခေါင်းအထက်ရှိ သွေးရောင်သော့ပေါ်တွင် စုရုံးသွားကာ လုမင်ထံသို့ ရောက်ရှိသွားခဲ့သည်။
ယခုအခါ လုမင်၏ ဦးခေါင်းထက်၌ စုစုပေါင်း သွေးရောင်သော့လေးခု ရှိခဲ့ပြီ။
လူချန်ကျိုး၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ လုမင်၏ တိုက်ခိုက်မှုက သူ့ကိုပင် ထိတ်လန့်သွားစေခဲ့၏။
သို့သော်လည်း လုမင်ကို အနိုင်ယူနိုင်မည်ဟု သူယုံကြည်နေဆဲပင်။
"ရှမ်းဟွမ်တိုက်ကြီးမှာ မင်းလိုပါရမီရှင်တစ်ယောက် ရှိနေပုံထောက်ရင် မဆိုးပါဘူး၊ ဒါပေမဲ့ မင်းသေရလိမ့်မယ်။ သတ်"
လူချန်ကျိုးက အော်ဟစ်လိုက်သည်။ သူ၏ဓားမော့အလင်းက ဟင်းလင်းပြင်ကို ဖြိုခွဲကာ ထွက်ပေါ်လာခဲ့၏။
"ရွှစ်"
စူးရှသော ဓားမော့အလင်းက လုမင်၏ လည်မြိုဆီသို့ တည့်တည့်တိုးဝင်သွားခဲ့သည်။
"ကျန့်ပင်းတိုက်ကြီးရဲ့ ဒုတိယ အသန်မာဆုံး ပါရမီရှင်က ငါ့ကို သတ်ချင်တယ်ပေါ့။ မင်းဘာတတ်နိုင်မလဲ ကြည့်ရအောင်"
လုမင်က နဂါးစွမ်းအားရှစ်ခုကို ပေါက်ကွဲလိုက်သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်လိုက်၏။
လုမင်၏ လက်သီးချက်အောက်တွင် မိုင်တစ်ထောင်အကွာအဝေးအတွင်း ဟင်းလင်းပြင်က ပြင်းပြင်းထန်ထန် တုန်ခါပြီး လှိုင်းဂယက်များစွာကို ဖြစ်ပေါ်လာစေခဲ့သည်။
"ဝုန်း"
လက်သီးချက်က လူချန်ကျိုး၏ ဓားအလင်းနှင့် တိုက်မိသွားခဲ့သည်။ လူချန်ကျိုး၏ခန္ဓာက အမြောက်ကျည်ကဲ့သို့ လွင့်စဉ်သွား၏။ လူချန်ကျိုး၏ပါးစပ်မှ သွေးများ အန်ထွက်လာကာ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
"သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားပဲ၊ ဒါပေမဲ့ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားက ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းထက်နိုင်မှာလဲ"
လူချန်ကျိုး အော်ဟစ်လိုက်သည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းတွင် ရှိနေကြောင်း သူ ခံစားမိ၏။ ရှမ်းဟွမ်တိုက်ကြီးမှာ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ပါရမီရှင် ရှိနေခြင်းကပင် သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သို့သော်၊ သူ၏ ကျင့်ကြံခြင်းအခြေခံက လုမင်ထက် ပိုမိုမြင့်မား၏။ သူက သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့် ဖြစ်သည်။ သို့တိုင် တစ်ဖက်လူ၏ လက်သီးချက်တစ်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားသည်မှာ မယုံနိုင်စရာပင်။
သူ့စိတ်ထဲတွင် ကြောက်ရွံ့လာခဲ့သည်။
'ဒီကောင်က လူမဟုတ်ဘူး၊ ပြေး'
"ဝှစ်"
လူချန်ကျိုးက ချက်ချင်းလှည့်ပြီး အသည်းအသန် ပြေးသွားသည်။
"အခုထွက်သွားချင်ရင် နောက်ကျနေပြီ"
လုမင်က နဝမနဂါးခြေလှမ်းကို အသုံးပြုလိုက်သည်။ ခြေလှမ်းအနည်းငယ်နှင့် လူချန်ကျိုးအနောက်ကို လိုက်သွားခဲ့၏။
အသက်ရှူချိန် အနည်းငယ်အတွင်း လူချန်ကျိုးအနီးသို့ သူရောက်လာတော့သည်။
"ငါ မင်းနဲ့ သေတဲ့အထိ တိုက်မယ်ကွ"
လူချန်ကျိုးက ဓားမော့သွေးမျိုးဆက်အဖြစ် ပြောင်းလဲကာ အော်ဟစ်လိုက်သည်။
ဓားမော့က စူးရှသောအလင်းရောင်ကို ထုတ်လွှတ်ရင်း လုမင်ကို ခုတ်ချလိုက်၏။
"ထန်"
သို့သော်... လုမင်က လက်သီးနှင့် ထိုးချလိုက်ရာ ဓားမော့က ပြင်းပြင်းထန်ထန်တုန်ခါပြီး လွင့်စဉ်သွားတော့သည်။
"ဝုန်း"
လုမင်က လက်သီးနှင့် ထပ်မံထိုးချလိုက်၏။
ဤတစ်ခါတော့ ဓားမော့က တိုက်ရိုက်ပေါက်ကွဲသွားတော့သည်။