အခန်း ၁၂၃၂
Vol. 83 Ch. 1232
အပိုင်း ( 1232 ) ရေခဲနဂါးနှင့် တိုက်ပွဲ။
"မဆိုးဘူး၊ မင်းက ငါ့ရဲ့ တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ပြီးတော့ ခြေသုံးလှမ်းပဲ ဆုတ်သွားခဲ့ရတယ်။ မင်းရဲ့ခွန်အားက မဆိုးဘူး"
ရေခဲနဂါးက တည်ငြိမ်သောအမူအရာဖြင့် တစ်လှမ်းချင်းဆင်းလာကာ အေးအေးဆေးဆေး ပြောလိုက်သည်။
သူသည် လုမင်က ငွေတောင်ပံနှင့် မန်ဖုန်းတို့ကို သတ်ဖြတ်လိုက်သည်အား မြင်ခဲ့ရသော်လည်း ယုံကြည်မှုအပြည့်ရှိနေဆဲပင်။
ကောင်းကင်တိုင် သုံးဆယ့်ခြောက်ခုကို တက်လှမ်းခြင်းက သူ့အတွက်ကတော့ အဓိပ္ပာယ်မရှိပါ။
"မင်းက ငါ့သော့ကို လိုချင်တာလား"
လုမင်က ရေခဲနဂါးကိုကြည့်ပြီး မေးလိုက်သည်။
"ဟားဟားဟား၊ ဒီအခွင့်အရေးကို ငါ ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မှာလဲ။ ကံဆိုးလွန်းတဲ့အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ်"
လုမင် ရှုံးနိမ့်မည်ကို သေချာသကဲ့သို့ ရေခဲနဂါးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မင်းက ဒီလောက်ယုံနေတာလား။ ငွေတောင်ပံနဲ့ မန်ဖုန်းတို့လည်း မင်းလိုပဲ ယုံကြည်မှုရှိခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငါ့ကို သော့တွေပေးလိုက်ရတာပဲ"
လုမင် အနည်းငယ် ပြုံးလိုက်၏။
"အဲ့ဒီအမှိုက်နှစ်ကောင်နဲ့ ငါ့ကိုမနှိုင်းယှဉ်စမ်းနဲ့။ မဟုတ်ရင် မင်းအမှားကြီးမှားသွားပြီဆိုတာ သိရလိမ့်မယ်"
ရေခဲနဂါးကလည်း ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်သည်။
ပြောနေရင်းမှလည်း လုမင်ဆီကို တစ်လှမ်းချင်း လျှောက်လာခဲ့၏။ သူ့ထံမှ ကြောက်မက်ဖွယ်ရာ အအေးဓာတ်တစ်ခုကလည်း ပျံ့နှံ့ထွက်ပေါ်လာတော့သည်။
လုမင်လည်း ယွမ်ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်။
"မင်းက သေတဲ့အထိ တိုက်ခိုက်ချင်ပုံရတယ်။ မင်းအဖြစ်က ရထားကိုတးဆီးဖို့ ကြိုးစားနေတဲ့ နှံကောင်တစ်ကောင်လိုပဲ"
ရေခဲနဂါး၏ အသံက အေးစက်သွားခဲ့သည်။ မရေမတွက်နိုင်သော ရေခဲဆူးချွန်များ သူ့ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့၏။
၎င်းက လေထဲမှ ရေငွေ့များကို သိပ်သည်းထားလိုက်ခြင်း ဖြစ်သည်။ ရေခဲနဂါး၏ ပတ်ဝန်းကျင်က လေထုပင်လျှင် အေးခဲသွားခဲ့ရပေသည်။
"ဝှစ်"
ရေခဲနဂါးက လက်ညိုးညွှန်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ အအေးလှိုင်းမှာ လုမင်ဆီသို့ ပစ်လွင့်လာခဲ့သည်။
အအေးဓာတ်က သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို အေးခဲသွားစေပုံရ၏။
"ဝုန်း"
လုမင်၏ ခန္ဓာတွင်းမှ ယွမ်ချီစွမ်းအင်က ပေါက်ကွဲထွက်ကာ တာအိုငါးခုသည်လည်း ပျံ့နှံ့သွားခဲ့သည်။ တာအိုများက လက်သီးပေါ်တွင် ငါးရောင်ခြယ်လက်အိတ်သဖွယ် ဖြစ်လာခဲ့၏။ သူက ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တော့သည်။
"ဒုန်း"
ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင် အေးစက်မှု စွမ်းအင်လှိုင်းလုံးများက နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ဤအခိုက်တွင် ၎င်းတို့ကို ဗဟိုပြုပြီး မိုင်ထောင်ချီအတွင်း လေဟာပြင်အတွင်း၌ မရေမတွက်နိုင်သော အဖြူရောင် ရေခဲသလင်းခဲများ ပေါ်လာတော့သည်။
လုမင်၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ ခြေနှစ်လှမ်း နောက်ပြန်ဆုတ်သွားခဲ့ရသည်။
'အေးလွန်းတယ်'
ဤတစ်ကြိမ်တွင် လုမင်၏ လက်သီးများသာမကဘဲ သူ့ခန္ဓာကိုယ်ကိုပါ အဖြူရောင်ရေခဲအလွှာများက ဖုံးအုပ်သွားခဲ့သည်။
"ဟင်"
ရေခဲနဂါးသည် မျက်ခုံးပင့်လိုက်သည်။ လုမင်က သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည့်အတွက် အံ့အားသင့်သွား၏။
ငွေတောင်ပံနှင့် မန်ဖုန်းကဲ့သို့ ပါရမီရှင်များကိုပင် ဤလက်ချောင်းတစ်ခုတည်းဖြင့် သတ်ပစ်နိုင်မည်ဟု သူယုံကြည်ခဲ့သည်။
"မိုင်တစ်ထောင်ရေခဲပြင်"
ရေခဲနဂါး၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အအေးဓာတ်က ပို၍ အေးစက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် လက်ချောင်းမှ လက်ဝါးအဖြစ် ပြောင်းသွားခဲ့၏။ လက်ဝါးရိုက်သံနှင့်အတူ အေးစက်စက် အငွေ့အသက်များက လုမင်အပါအဝင် ကောင်းကင်ကိုပင် လွှမ်းခြုံသွားတော့သည်။
ထိုအချိန်တွင် ဟင်းလင်းပြင်က အေးခဲသွားခဲ့ပုံရ၏။ လုမင်သည်လည်း သူ့ခန္ဓာကိုယ်သည် ရွှံ့နွံထဲတွင် နစ်မြုပ်သွားသည့်နှယ် မလှုပ်ရှားနိုင်တော့သလို ခံစားလိုက်ရသည်။
"သေလိုက်တော့၊ ငါ့ရဲ့ ဒီလှုပ်ရှားမှုကြောင့် သေရတာဟာ မင်းအတွက် ဂုဏ်ယူလို့ရပြီ"
ရေခဲနဂါး၏ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။
"တကယ်လား။ ဒီလိုဆိုရင် ငါ့ရဲ့ နဝမမြောက် နဂါးအင်အားကို စမ်းကြည့်ရအောင်"
လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။ နဝမမြောက် နဂါးအင်အား ထွက်ပေါ်လာခဲ့ပြီ။
ထိုအချိန်တွင်၊ လုမင်၏ ခန္ဓာကိုယ်က ခရမ်းရောင် အလင်းရောင်အလွှာတစ်ခုဖြင့် ပြည့်နေသည်။ သူ့ကြွက်သားများပင်လျှင် အနည်းငယ် ရုန်းကြွလာခဲ့၏။
"ဒါက နဝမမြောက် နဂါးအင်အားလား"
ဤအခိုက်တွင် လုမင်က နဝမနဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံရသည်။ သူ့ခန္ဓာကိုယ်အတွင်း၌ နဂါးစွမ်းအားများ ဆူပွက်နေကာ အဆုံးမဲ့ စွမ်းအားများဖြင့် ပြည့်နေတော့သည်။
"ဝုန်း"
လုမင်က လက်သီးချက်ထုတ်ဖော်လိုက်သည်။ ဤအခိုက်တွင် လုမင်ကို ဗဟိုပြုပြီး ဆယ်မိုင်အချင်းဝက်အတွင်း ဟင်းလင်းပြင်က ပျက်သုဉ်းသွားခဲ့၏။ အရိုးကွဲမတတ် အေးစိမ့်သည့် ခံစားချက်ကလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။
"ဝုန်း"
ထို့နောက်တွင်၊ လုမင်က နောက်ထပ် လက်သီးတစ်ချက် ထုတ်ဖော်ပြီး ရေခဲနဂါး၏လက်ဝါးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
"ဒီစွမ်းအား..."
လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့မိပြီးနောက် ရေခဲနဂါး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ သူ့ရှေ့မှ ရေခဲအလွှာကိုးခု ထွက်ပေါ်လာသလို တစ်ချိန်တည်းမှာပင် အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
"ဝုန်း ဝုန်း"
လုမင်၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ရေခဲအလွှာကိုးခုက အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရေခဲအလွှာများတွင် အဆုံးမဲ့ အအေးဓာတ်တို့ ရှိ၏။ ၎င်းတို့က လုမင်ကို အေးခဲချင်သော်လည်း အားလုံး ဖျက်ဆီးခံခဲ့ရပေသည်။
'ဒီအေးစက်တဲ့ အငွေ့အသက်က ရေခဲတာအို ဖြစ်ပုံရတယ်၊ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်စရာကောင်းရတာလဲ။ အေးစက်လွန်းတယ်'
လုမင် အနည်းငယ် အံ့သြသွားသည်။
သူသည်လည်း ယခင်က ရေခဲတာအို ကျွမ်းကျင်သူများကို ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသည်။ သို့ရာတွင် ၎င်းတို့ထဲမှ မည်သူမှ ဤမျှအားမကောင်းပေ။
ရေခဲနဂါး၏ ရေခဲတာအိုကတော့ အစွမ်းထက်လွန်းသည်။
လုမင် အံ့ဩသွားချိန်တွင် ရေခဲနဂါး၏ နှလုံးသားကလည်း လှုပ်ရှားသွားခဲ့လေသည်။
လုမင်၏အင်အားက သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေပြီး ကြောက်စရာကောင်းလွန်းသည်။
"အရင်က မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားပုံရတယ်။ မင်းရဲ့ခွန်အားက တကယ်ကို ထိတ်လန့်စရာပါပဲ။ ဒါပေမဲ့... ငါနဲ့တိုက်ခိုက်ချင်ရင်တော့ နုလွန်းသေးတယ်"
ရေခဲနဂါး၏အသံက ပို၍ အေးစက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များကလည်း ပိုမိုအားကောင်းလာပြီး အေးစက်လာတော့သည်။
အဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်...
၎င်းက ရေခဲနဂါး၏ ကျင့်ကြံခြင်းအခြေခံပင်။
ရေခဲနဂါးသည် ဤမျှ အသက်ငယ်ငယ်နှင့် ထိုသို့သော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ သူ၏ ကြောက်စရာကောင်းသော ရေခဲတာအိုကို ပေါင်းလိုက်ပါက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်ရန်မှာ ရေခဲနဂါးအတွက် လွယ်ကူလွန်းပေသည်။
"တာအိုသိုင်းပညာ၊ အကြွင်းမဲ့ သုည"
"ဟူး ဟူး..."
ဤအခိုက်တွင်၊ ရေခဲနဂါးက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး ရေခဲဓားအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ၏ ဓားအလင်းက ပို၍ ကြောက်စရာကောင်းလာခဲ့၏။
ဤဓားအလင်းပေါ်လာသည်နှင့် ကမ္ဘာပေါ်ရှိ အရာအားလုံး ရပ်တန့်သွားခဲ့ပုံရသည်။ ဤအခိုက်တွင် ကမ္ဘာတစ်ခုလုံး၌ ထိုဓားအလင်းသာ ရှိ တော့သည်။
ရေခဲဓားက လုမင်ကို ခုတ်ပိုင်းချလိုက်သည်။
ထိုအချိန်တွင် လုမင်၏ မျက်လုံးများက လေးနက်လာခဲ့၏။
ရေခဲနဂါး၏ ကျင့်ကြံခြင်းအခြေခံသည် မူလကတည်းက သူ့ထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရေခဲတာအိုနှင့်အတူ၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန် ကြောက်စရာကောင်းသွား၏။
ရေခဲနဂါးတွင် အမှန်တကယ် မာနကြီးပိုင်ခွင့် ရှိသည်။ ငွေတောင်ပံနှင့် မန်ဖုန်းတို့ကဲ့သို့ လူများက ရေခဲနဂါး၏ ဖိနပ်ကိုသယ်ရန်ပင် မထိုက်တန်ပေ။ ၎င်းတို့ကြား ကွာဟမှုက ကြီးမားလွန်း၍ အလွယ်တကူ သတ်နိုင်သည်။
"ဂါး"
လုမင်၏ ခေါင်းထက်တွင် နဝမနဂါးသွေးမျိုးဆက် ပေါ်လာသည်။ လုမင်သည်လည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ နဝမနဂါးအဖြစ် ပြောင်းလဲခဲ့၏။
"သတ်"
နဝမနဂါးက လေထဲသို့လှမ်းဝင်ကာ ရေခဲဓားဆီသို့ ဦးတည်သွားတော့သည်။ သူတို့နှစ်ဦးက တိုက်ပွဲကြီးတစ်ခုကို စတင်ခဲ့သည်။
"ဝုန်း ဝုန်း ဝုန်း"
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်နှင့် အဆုံးမဲ့စွမ်းအင်များက မိုးနှင့်မြေကို ဖျက်ဆီးလိုက်ကြသည်။
အဝေးတွင် လူတစ်ချို့က လုမင်၏သွေးအလင်းကို မြင်ရသောကြောင့် စစ်ဆေးရန် ပြေးလာခဲ့ကြသည်။ သို့သော်လည်း မိုင်ထောင်ချီအဝေးမှာပင် သူတို့ ရပ်တန့်သွားခဲ့၏။ သူတို့အားလုံး ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်ကာ ပြန်လှည့်လိုက်တော့သည်။
"ဘုရားရေ၊ သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ။ သူက ငါတို့နဲ့ မျိုးဆက်တူကော ဟုတ်ရဲ့လား"
"ကြောက်စရာကောင်းလွန်းတယ်။ ဒီလိုအင်အားမျိုးက အဓိပဓိကိုတောင် ရင်ဆိုင်နိုင်နေပြီ မဟုတ်လား"
"ပြေး... ပြေး၊ မြန်မြန်ပြေးတော့"
ပါရမီရှင်များအားလုံး ကြောက်လန့်တကြားဖြင့် အရပ်ရပ်သို့ လူစုခွဲသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ လုမင်နှင့် ရေခဲနဂါးက တိုက်ကွက်များစွာကို ဖလှယ်ခဲ့ကြသည်။
နဂါးဟိန်းသံများက ကောင်းကင်ကို လှုပ်ခါသွားစေသည်။ လုမင်က တိုက်ပွဲထဲတွင် ပိုရဲရင့်လာခဲ့၏။ နဝမနဂါး၏ ခန္ဓာကိုယ် တစ်လက်မတိုင်းက တိုက်ခိုက်ရေးလက်နက်တစ်ခု ဖြစ်သည်။ သူက အစစ်အမှန်နဂါးတိုက်ခိုက်ရေးချီ၊ နဝမနဂါးခြေလှမ်းနှင့် အတားအဆီးမဲ့သော ကောင်ကင်သိုင်းတို့ တစ်ခုပြီးတစ်ခု အသုံးပြုခဲ့သည်။
နဝမနဂါးစွမ်းအားက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပုံရ၏။ အတားအဆီးမဲ့သော ကောင်းကင်သိုင်း၏ စွမ်းအားက အရာအားလုံးကို ဖိနှိမ်နိုင်ပုံရသည်။
ရေခဲနဂါး၏ ရေခဲတာအိုက အလွန်ကြောက်စရာကောင်းသော်လည်း၊ လုမင်သည် မတူညီသော တာအိုငါးခုကို နားလည်ထား၏။ တာအိုငါးခုကို ပေါင်းစည်းခြင်းအင်အားက ၎င်းထက် အားမနည်းပေ။
"ရွှမ်း"
သူက နဂါးလက်သည်းဖြင့် ကုပ်ဆွဲလိုက်သည်။ နဂါးလက်လည်းက ရေခဲဓား၏ ရေခဲတိုက်ခိုက်ရေးချပ်ဝတ်ကို ဖြတ်ကျော်ကာ နက်နဲသော အမှတ်သားတစ်ခု ထင်ပေါ်လာစေခဲ့၏။
နဝမနဂါးအမြီးက အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားကိုသယ်ဆောင်ကာ ရေခဲဓားကိုရိုက်ချပြီး အဝေးသို့ လွင့်စဉ်သွားစေခဲ့သည်။
'ဒီလူက ဘယ်သူလဲ။ ဘယ်တိုက်ကြီးကလဲ။ သူရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းတယ်'
ရေခဲနဂါး အထပ်ထပ် ဆုတ်ခွာသွားခဲ့သည်။ တိုက်ခိုက်မိလေလေ၊ သူ ပိုပြီး ထိတ်လန့်လာလေလေပင်။