အခန်း ၁၂၃၄
Vol. 83 Ch. 1234
အပိုင်း ( 1234 ) သော့အတွက် တိုက်ခိုက်ခြင်း။
ရှန်းရွှီတိုက်ကြီးသည် ရှန်းရွှီတိုက်အဖွဲ့အစည်း၌ အမှန်ပင် နံပါတ်တစ်အဖွဲ့အစည်း ဖြစ်ထိုက်သည်။ ရှမ်းဟွမ်တိုက်ကြီးတွင် တစ်ခါမျှ မကြားဖူးသော သိုင်းပညာများကိုပင် ဤနေရာတွင် မြင်တွေ့ရလေသည်။
နတ်နန်းတော်လေးခုစလုံးတွင် ဤသို့သော ကိုယ်ပိုင်သိုင်းပညာများ ရှိနိုင်သည်။ ၎င်းတို့၏ အသန်မာဆုံး ပါရမီရှင် အများစုက ၎င်းတို့ကို လေ့ကျင့်ထားလိမ့်မည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် ၎င်းတို့၏စွမ်းအားက ထူးကဲနေသင့်သည်။
လုမင်၏ ခန့်မှန်းမှုအရ ရေခဲနဂါးသည် ရေခဲတာအိုသိုင်းပညာကို ဒုတိယအဆင့်ထိ လေ့ကျင့်ထားဖွယ်ရှိသည်။
"မသိလိုက်ခင်မှာပဲ ခုနစ်ရက်ကြာသွားမယ်လို့ မမျှော်လင့်ထားဘူး။ အပြင်ထွက်ဖို့ အချိန်တန်ပြီ၊ အခု ရှောင်ချင်းကော ဘယ်လိုနေမလဲမသိဘူး"
လုမင် အနည်းငယ် စိတ်ပူသွားသည်။
သူသည် ယခင်က နားလည်ဆင်ခြင်ခြင်းအခြေအနေသို့ မတော်တဆ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ဤအချိန်မျိုးတွင် နားလည်ဆင်ခြင်ရန် သူ ရွေးချယ်မည် မဟုတ်ပေ။ ထိုအစား ရှဲ့နျန်ချင်းကို ဦးစွာရှာဖွေမည်မှာ သေချာသည်။
ဤနေရာက အန္တရာယ်များလွန်းလှပေသည်။ ပါရမီရှင်များက အခြားသူ၏သော့များကို လုယူကာ အခွင့်အလမ်းများရရှိရန် အချင်းချင်း သတ်ဖြတ်ခဲ့ကြသည်။ ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းအခြေခံ၊ တိုက်ခိုက်နိုင်စွမ်းနှင့်ပင် ဤနေရာတွင် အန္တရာယ်ရှိနေပါသေးသည်။
လုမင် မတုံ့ဆိုင်းတော့ဘဲ ထွက်ခဲ့သည်။
"ဂျုန်း"
လုမင်က တံခါးဝကိုရောက်သောအခါ တံခါးက အလိုလိုပွင့်သွားသည်။
လုမင် ထွက်သွားသောအခါ တံခါးကလည်း အလိုအလျောက် ပြန်ပိတ်သွားတော့သည်။
"ဝမ်"
ကျောက်ပြားပေါ်ရှိ သော့ကိုးပေါက်မှ သွေးနီရောင်သော့တစ်ချောင်း လွင့်ပျံလာခဲ့သည်။ ၎င်းက လုမင်၏ ဦးခေါင်းထက်တွင် ရပ်တန့်သွား၏။
ဤသည်မှာ လုမင်၏ မူလသော့ ဖြစ်သည်။ ကျန်သော သော့ရှစ်ချောင်းကတော့ ပျောက်ကွယ်သွားခဲ့ပြီ။
"ဝှစ် ဝှစ်"
ဤအခိုက်တွင် အောက်ဘက်တောင်တန်းထဲမှ ပုံရိပ်တချို့ ပျံထွက်လာသည်။
"ဟုတ်တာပေါ့၊ တစ်ယောက်ယောက်က နန်းတော်ထဲကို ဝင်ပြီးသွားပြီ"
"သူ့ကိုတားဆီးထားကြ။ အလွတ်မပေးနဲ့"
"အဲဒါက သူပဲ။ ငါ သူ့ကို မှတ်မိတယ်။ သူက ရှမ်းဟွမ်တိုက်ကြီးကနေ လာခဲ့တာ"
အသံများ ထွက်လာခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်ကို လုမင် မှတ်မိ၏။ ၎င်းက ရှန်းအဲ့တိုက်ကြီးမှ ထိပ်တန်းပါရမီရှင် အိခွမ်း ဖြစ်သည်။
ဤအတောအတွင်း၌ အိခွမ်း၏ ကျင့်ကြံခြင်းအခြေခံက ချိုးဖြတ်ကာ ဆဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။
လူသုံးယောက်က လုမင်ကို လမ်းကြောင်းသုံးခုမှ ဝိုင်းရံထားလိုက်ကြသည်။
ယခင်က သူတို့ရောက်လာသောအခါ တံခါးရှေ့မှ ကျောက်ပြားပေါ်တွင် သော့ကိုးခုရှိနေကြောင်း တွေ့မြင်လိုက်ရသည်။ ထို့ကြောင့် တစ်ယောက်ယောက် ဝင်ရောက်နေပြီမှန်းသိလိုက်ကာ တောင်အောက်တွင် ပုန်းအောင်းနေခဲ့ကြလေသည်။ ပြောရမည်ဆိုလျှင် သူတို့က လုမင် ပြန်ထွက်လာမည်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
"ဒီလူကို လျှော့တွက်လို့ မရဘူး။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အားနည်းတာ မဟုတ်ဘူး"
အိခွမ်းက လေးလေးနက်နက် ပြောလိုက်သည်။
"မင်း ဘာကိုကြောက်နေတာလဲ။ ငါတို့ သုံးယောက် အတူတူ လက်တွဲလိုက်ရင် သူ့ကို ကြောက်နေစရာ မလိုဘူး…”
အခြားလူငယ်တစ်ဦးက ပြောလိုက်၏။
"ထွက်သွား"
လုမင် အေးစက်စက်ဖြင့် ပြောသည်။
"မင်းက သေချင်နေတာပဲ၊ သူ့ကို အတူတူဝိုင်းပြီးသတ်ကြစို့"
လူငယ်တစ်ယောက်က အော်ဟစ်လိုက်၏။
"ဝုန်း"
သူစကားပြောပြီးသည်နှင့် လုမင်က ရှေ့သို့လှမ်းကာ ထိုလူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုပ်ဖြဲလိုက်တော့သည်။
ထို့နောက်တွင် လုမင်က အိခွမ်းနှင့် အခြားလူငယ်ကို တိုက်ခိုက်လိုက်သည်။
"မဟုတ်ဘူး…"
အိခွမ်း ထိတ်လန့်တကြားဖြင့် အော်သည်။
"ဝုန်း ဝုန်း"
ပေါက်ကွဲမှုနှစ်ခုနှင့် နောက်ထပ်အလောင်းနှစ်လောင်း ပေါ်လာခဲ့၏။ သော့သုံးချောင်းက လုမင်၏ ဦးခေါင်းထက်ကို ပျံသန်းလာတော့သည်။
၎င်းတို့ကို သတ်ပြီးသော်လည်း လုမင်က မရပ်ပေ။ သူသည် နဝမနဂါးခြေလှမ်းကိုသုံးပြီး ဦးတည်ချက်တစ်ခုထားကာ ပြေးထွက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူက ဝိညာဉ်အသိကိုဖြန့်ကျက်ပြီး ရှဲ့နျန်ချင်းအား အာရုံခံကာ ရှာဖွေခဲ့လေသည်။
"ဝှစ် ဝှစ်"
လုမင်၏ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ အလွန်လျင်မြန်သည်။
အချိန်တိုလေးအတွင်းမှာပင် လုမင်က မိုင်ပေါင်းတစ်သိန်းကျော် ပျံသန်းခဲ့ပေသည်။
လမ်းတစ်လျှောက်တွင် လုမင်က ကောင်းကင်ယံမှ နန်းတော်ဆယ်ခုထက်မနည်းကို တွေ့ရှိခဲ့ရသည်။
အမှန်တကယ်ပင်၊ ဤကမ္ဘာတွင်း၌ နန်းတော်များစွာ ရှိခဲ့သည်။
"ဟမ်"
ရုတ်တရက်၊ လုမင် ရှေ့ကို လှမ်းကြည့်လိုက်သည်။ သွေးအလင်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွား၏။
တစ်စုံတစ်ယောက်က သော့ခြောက်ခုထက် ပို၍ရရှိထားကြောင်း ထင်ရှားသည်။ ထို့ကြောင့် သွေးနီရောင်အလင်းတန်း ထွက်ပေါ်လာခဲ့ခြင်းပင်။
"အဲဒီမှာ ရှောင်ချင်းရှိမလား မသိဘူး၊ သွားကြည့်ရအောင်"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားတော့သည်။
အချိန်အတော်ကြာ ပျံသန်းပြီးနောက် လုမင်ဟာ အခြားလမ်းကြောင်းမှလည်း ပါရမီရှင်များ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ တခြားသူများလည်း ထိုအလင်းတန်းကို မြင်ကြရကြောင်း သိသာထင်ရှားလှပေသည်။
"တစ်ယောက်ယောက်တော့ သော့ခြောက်ခုထက် ပိုပြီးရထားပြီ။ သူ့ကိုသတ်စို့"
"မြန်မြန်လုပ်၊ ငါတို့အရင် သူများတွေ မရောက်စေနဲ့"
တစ်ယောက်တစ်ပေါက် စကားပြောသံများ ထွက်ပေါ်လာခဲ့သည်။ လုမင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ သွေးနီရောင်အလင်းဆီသို့ လူငယ် ဆယ်ယောက်ထက်မနည်း ပျံသန်းနေကြောင်း မြင်တွေ့လိုက်ရသည်။
"ခြင်္သေ့မင်း"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ထိုလူများထဲတွင် ခြင်္သေ့မင်းကို လုမင် တွေ့လိုက်ရ၏။
ခြင်္သေ့မင်း၏ အရှိန်အဝါက ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ ဤကာလအတွင်း၌ သူသည်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိသာထင်ရှားသည်။
ရှေ့မှ တောင်ထိပ်တစ်ခုတွင် အပြာရောင်ဝတ် လူငယ်တစ်ဦးကို လူတိုင်း တွေ့လိုက်ရသည်။ သူ့ဦးခေါင်းထက်တွင် သွေးနီရောင်သော့ခုနစ်ခု ရှိနေခဲ့၏။
"သူ၊ သူပဲ"
"သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်ရဲ့ အထွတ်အထိပ်မှာပဲရှိတာ။ သူက ငါ့ဟာပဲ"
"သူက ငါ့ဥစ္စာပဲကွ"
လူငယ်၏ ကျင့်ကြံခြင်းအခြေခံကို အာရုံခံမိပြီးနောက် လူများစွာ၏ မျက်လုံးများက မီးဝင်းဝင်းတောက်သွားသည်။
ဤတစ်ခေါက်တွင် ပါရမီရှင် လူငယ် တစ်ထောင်နီးပါး ဝင်ရောက်လာခဲ့သည်။ ၎င်းတို့ထဲတွင် အားအနည်းဆုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် ဖြစ်၏။ ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်မှလည်း အချို့ရှိခဲ့သည်။ ဤလူငယ်ကတော့ ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်၏ အထွတ်အထိပ်တွင် ရှိနေခဲ့သူပင်။ ထိုလူငယ်က သော့ခုနစ်ခုကို ရရှိထားသူဖြစ်ပေရာ သဘာဝအတိုင်း အားလုံး စိတ်လှုပ်ရှားခဲ့သည်။
အကယ်၍ သူတို့သာ ထိုလူငယ်ကိုသတ်ပြီး သူ၏သော့ခုနစ်ခုကို ရယူနိုင်ခဲ့ပါက သော့ကိုးခု အလွယ်တကူပြည့်မီ၍ အခွင့်အလမ်းများရရှိရန် နန်းတော်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
အပြာရောင်ဝတ် လူငယ်လေးလည်း လူများစွာကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။ သူက ချက်ချင်းလှည့်ပြီး ပြေးထွက်သွားတော့သည်။
"ဘယ်ကိုသွားမှာလဲ"
"အခုမှပြေးချင်ရင် နောက်ကျနေပြီ"
အေးစက်စက် အော်သံများ ထွက်ပေါ်လာခဲ့သည်။ လူဆယ်ဂဏန်းခန့်လည်း အပြာရောင်လူငယ်နောက်ကို ပြေးလိုက်သွား၏။
လုမင်ကတော့ တစ်ခုခုမှားနေသကဲ့သို့ ခံစားရကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူဟာ မကြောက်ရွံ့ဘဲ ခပ်လှမ်းလှမ်းမှ လိုက်သွားခဲ့လေသည်။
ခဏအတွင်း အပြာရောင်လူငယ်က ချိုင့်ဝှမ်းတစ်ခုထဲသို့ ပြေးဝင်သွားသည်။
ထိုစဉ်...
"ဝှစ် ဝှစ်..."
အပြာရောင်ဝတ်လူငယ် ခုနစ်ဦး၊ ရှစ်ဦးခန့် ချိုင့်ဝှမ်းအတွင်းမှ ရုတ်တရက် ပြေးထွက်လာခဲ့၏။ တစ်ယောက်ချင်းစီက မျက်လုံးများ အေးစက်နေကာ အစွမ်းထက် အရှိန်အဝါများ ရှိကြသည်။
သူတို့ထဲတွင် အများစု၏ ဦးခေါင်းထက်မှာ သော့လေးခု၊ ငါးခုခန့် ရှိပေသည်။
"ဟားဟားဟား၊ ငါးကြီးတွေ အများကြီးပဲ"
"ငါတို့ချမ်းသာပြီ"
၎င်းတို့က ရယ်မောလိုက်ကြသည်။
"မကောင်းတော့ဘူး၊ ငါတို့ ထောင်ချောက်ထဲကို ကျသွားပြီ"
"သွားကြစို့"
နောက်မှ လိုက်လာကြသောလူငယ်များ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏ သူတို့ ထောက်ချောက်ထဲကို ကျသွားတာမှန်း သိသွားခဲ့ကြပြီ။
ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်တွင်ရှိသော အပြာရောင်ဝတ်လူငယ်လေးက ငါးစာတစ်ခုမျှသာ ဖြစ်သည်။ သူက သော့ခုနစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြခဲ့ခြင်း ဖြစ်ချေသည်။
"အခုမှ ထွက်သွားချင်နေတာလား၊ အရမ်းနောက်ကျသွားပြီ"
အပြာရောင်ဝတ် လူငယ်များက အားကောင်းသော အရှိန်အဝါများကိုထုတ်ဖော်ကာ လှောင်ပြောင်လိုက်ကြသည်။ သူတို့ထဲတွင် နှစ်ဦးက ပို၍ကြောက်မက်ဖွယ်ကောင်းပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီ။
သူတို့က အလွန်လျင်မြန်ကာ လုမင်နှင့်အခြားသူများကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။
"ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်။ ပြီးပြီ၊ ငါတို့သေပြီ"
တစ်ယောက်က ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
ခြင်္သေ့မင်းသည်လည်း အလားတူပင်။ သူဟာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် ခြေလှမ်းပြင်လိုက်သည်။ သို့သော်လည်း အပြာရောင်ဝတ် လူငယ်များက အရပ်ရပ်မှ ဝိုင်းရံထားပြီးပြီ။
"ဟင်၊ လုမင်"
ခြင်္သေ့မင်း လှည့်ကြည့်လိုက်သောအခါ လုမင်ကို တွေ့လိုက်ရ၏။
ယခင်ကတော့ သူသည် အပြာရောင်ဝတ်လူငယ်အပေါ် အမြဲအာရုံစိုက်ခဲ့၍ လုမင်အား သတိမပြုမိခဲ့ပေ။ ယခုမှသာ သတိပြုမိခြင်း ဖြစ်သည်။
သူ့မျက်လုံးများက အံ့ဩခြင်းများဖြင့် တောက်ပနေခဲ့သည်။ လွန်ခဲ့သည့် ခုနစ်ရက်က လုမင်ကို ငွေတောင်ပံနှင့် မန်ဖုန်းတို့က ဝိုင်းရံထားကြောင်း သူ တွေ့ခဲ့ရ၏။ ထို့ကြောင့် လုမင်ကို သေပြီဟုထင်ထားကာ အသက်ရှင်နေဦးမည်ဟု သူ မမျှော်လင့်ထားပေ။
သို့သော်လည်း သူ့တွင် အံ့သြနေရန် အချိန်မရှိပါ။ ထွက်ပြေးနိုင်ရန်က ပိုအရေးကြီးသည်။
"သေကြတော့"
အပြာရောင်ဝတ်လူငယ် ခုနစ်ယောက်က ကြိမ်းမောင်းကာ တိုက်ခိုက်လိုက်ကြသည်။ ဓားအလင်းများ ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။
"အား..."
အော်သံများ ထွက်ပေါ်လာသည်။ ခဏချင်းမှာပင် လူငယ်ငါးဦး သေဆုံးသွားခဲ့ပေသည်။
ကျန်အနည်းစုမှာလည်း တိုက်ခိုက်မှုကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။
ခြင်္သေ့မင်းလည်း တုန်ယင်နေပြီး တိုက်ခိုက်မှုများကို ရှောင်တိမ်းခဲ့ပေသည်။
"ချွမ်း"
လုမင်က သူ့လက်ဝါးကို ဝှေ့ယမ်းကာ ဓားအလင်းကို ဖျက်ဆီးပစ်လိုက်သည်။
"သတ်၊ သတ်"
အေးစက်စက် အော်သံနှစ်ခု ထွက်ပေါ်လာသည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်မှ အပြာရောင်ဝတ် လူငယ်နှစ်ဦးသည်လည်း လှုပ်ရှားလာခဲ့၏။ ခဏချင်းပင် လူငယ်နှစ်ဦး သေဆုံးသွားတော့သည်။