အခန်း ၁၂၃၈
Vol. 83 Ch. 1238
အပိုင်း ( 1238 ) နင်ယွမ်ဆေးလုံး။
သူတို့နှစ်ယောက်ကို သတ်လိုက်ပြီးနောက် ရှဲ့နျန်ချင်း၏ ဦးခေါင်းထက်တွင် သော့ကိုးခု ပေါ်လာခဲ့သည်။ သွေးနီရောင် အလင်းတစ်ခုကလည်း ကောင်းကင်ကို ထိုးတက်သွား၏။
၎င်းက လုမင်၏ ဦးခေါင်းထက်မှ သွေးအလင်းနှင့်အတူ စူးရှစွာ တောက်ပနေခဲ့သည်။
"ရှောင်ချင်း၊ ဒီနန်းတော်ကို အတူတူသွားဖွင့်ရအောင်"
လုမင်က ရှဲ့နျန်ချင်းဆီကို လျှောက်လာသည်။
ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်က ပခုံးချင်းယှဉ်ကာ အနီးဆုံးနန်းတော်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
မကြာမီ၊ သူတို့၏ မြင်ကွင်းထဲတွင် နန်းတော်တစ်ခု ပေါ်လာခဲ့သည်။
သို့သော်လည်း သူတို့နှစ်ဦးဆီမှ သွေးနီရောင်အလင်းတန်းများက မျက်စိကျစရာ ကောင်းလွန်းလှပေသည်။
"ဝှစ် ဝှစ်"
မကြာမီပင် လူငယ် ခုနစ်ဦး၊ ရှစ်ဦးခန့်က အရပ်ရပ်မှ ပျံသန်းလာခဲ့ကြသည်။ သူတို့၏ မျက်လုံးများကလည်း စူးစူးရဲရဲ တောက်လောင်နေတော့သည်။
"သူတို့နှစ်ယောက်လုံးမှာ သော့ကိုးခုစီ ရှိတာပဲ"
လူတချို့၏ မျက်လုံးများက တောက်ပလာခဲ့သည်။
"ထွက်သွား"
လုမင်က သူတို့ထဲမှ အသန်မာဆုံးလူကို တိုက်ရိုက် ထိုးကြိတ်လိုက်၏။
လက်သီးအင်အားက ကောင်းကင်ကိုခွင်းကာ ထိုလူဆီသို့ ရောက်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ထိုလူမှာ လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားသည်။ သူက ခုခံကာကွယ်ရန် အစွမ်းကုန်ကြိုးစားလိုက်၏။ သို့သော်လည်း နောက်ဆုံးတွင်၊ လုမင်၏ လက်သီးချက်ကြောင့် မီတာထောင်ချီကာ လွင့်စဉ်ပြီး ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာတော့သည်။
"ဝှူး"
ထိုလူငယ်များထံမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။
ထိုလူငယ်ကို ဤနေရာမှ လူတိုင်း အသိအမှတ်ပြု၏။ ၎င်းက ကောင်းကင်တိုင်သုံးဆယ့်ခြောက်ခုကို တက်လှမ်းခဲ့သော ပါရမီရှင်တစ်ဦးဖြစ်ချေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း ယခုအခါ လုမင်၏ လက်သီးတစ်ချက်ကြောင့် သွေးများအန်ထွက်လာခဲ့ပြီ။ ၎င်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
"ဒီလူက မကောင်းဆိုးရွားပဲ၊ ပြေး... ပြေးမှ"
"ပြေးကြဟေ့"
ကျန်လူများလည်း သူတို့ခြေထောက်များ ပို၍ခိုင်မာစေရန် မျှော်လင့်ရင်း အရပ်ရပ်သို့ ပြေးထွက်သွားတော့သည်။
မကြာမီပင်၊ သူတို့ထဲတွင် တစ်ယောက်မှ မကျန်တော့ပေ။
လုမင်က ၎င်းတို့ကိုဂရုစိုက်ရန် ပျင်းရိလွန်းပြီး ရှဲ့နျန်ချင်းနှင့်အတူ နန်းတော်ရှေ့သို့ သွားခဲ့သည်။
ဤနန်းတော်တံခါးရှေ့မှာလည်း ကျောက်ပြားတစ်ခု ရှိပေသည်။ ထိုကျောက်ပြားပေါ်တွင်လည်း သော့ပေါက် ကိုးပေါက် ရှိခဲ့သည်။
"ရှောင်ချင်း၊ မင်းအရင်သွားလိုက်ပါ"
လုမင်က ပြောသည်။
ရှဲ့နျန်ချင်း ခေါင်းညိတ်လိုက်၏။ သူမ၏ အတွေးတစ်ခုဖြင့် သွေးနီရောင်သော့ကိုးခုက သော့ပေါက်များထဲသို့ ပြေးဝင်သွားကာ တံခါးပွင့်လာတော့သည်။
"လုမင်၊ ငါအရင်ဝင်ပြီး နင့်ကိုစောင့်နေမယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။
"တစ်ချိန်တည်းမှာ လူနှစ်ယောက် ဝင်နိုင်မလား မသိသေးဘူးလေ။ မင်းအရင်ဝင်သွားလိုက်ပါ၊ ငါ ဝင်လို့မရရင် တခြားနန်းတော်ကိုသွားလိုက်မယ်။ မင်းငါ့ကို စောင့်စရာမလိုဘူး"
လုမင်က ပြောလိုက်သည်။
ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြပြီး တံခါးတွင်းကို လှမ်းဝင်သွား၏။ ရှဲ့နျန်ချင်း ဝင်ရောက်သွားသည်နှင့် တံခါးမှာ အလိုအလျောက် ပိတ်သွားတော့သည်။
'ဒါက အသုံးဝင်သေးလား မသိဘူး'
လုမင်၏ အတွေးတစ်ခုဖြင့် သော့ကိုးချောင်းက သော့ပေါက် ကိုးပေါက်ဆီသို့ ပြေးသွားသည်။ ကံမကောင်းစွာဖြင့်၊ သော့ကိုးခုက အပြင်ဘက်တွင်ရှိနေကာ ထည့်လို့မရတော့ပေ။
"မျှော်လင့်ထားတဲ့အတိုင်း၊ အဲဒါက အသုံးမဝင်ဘူးပဲ။ တစ်ချိန်တည်းမှာ လူတစ်ယောက်ပဲ နန်းတော်ထဲကို ဝင်နိုင်တယ်"
လုမင်လည်း ခေါင်းခါယမ်းပြီး ထွက်သွားသည်။ မကြာမီ၊ အခြားနန်းတော်တစ်ခုကို လုမင် ရောက်လာခဲ့၏။ ဤနန်းတော်တွင် မည်သူမျှမရှိကြောင်းထင်ရှားသည်။ လုမင်လည်း သော့ကိုးခုနှင့် နန်းတော်တံခါးကိုဖွင့်ကာ ဝင်ရောက်သွားတော့သည်။
နန်းတော်ထဲမှ မြင်ကွင်းကတော့ သူ နောက်ဆုံးမြင်ခဲ့ရသည့် မြင်ကွင်းများနှင့် အတူတူပင်။
စင်အနည်းငယ် ရှိခဲ့သည်။ စင်ပေါ်၌ အလင်းတန်းလုံးများ ရှိ၏။ အလင်းတန်းများအောက်မှာတော့ မတူညီသော သင်္ကေတများ ရှိပေသည်။
လုမင်လည်း သေချာကြည့်ကာ ဘယ်အရာကို ရွေးချယ်ရမည်မှန်း စဉ်းစားလိုက်သည်။
ယခင်တစ်ခေါက်က သူသည် မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်းကို ရရှိခဲ့၏။ ထို့ကြောင့် နောက်တစ်မျိုးကို ရွေးချယ်ခဲ့လျှင်ပင် လေ့ကျင့်ရန် အချိန်ရှိဦးမည် မဟုတ်ပေ။
မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းက လုမင် အချိန်တစ်ခုကြာ နားလည်ဆင်ခြင်ရန် လုံလောက်သည်။ သူသာ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပါက ၎င်း၏စွမ်းအားက အံ့ဖွယ်ဖြစ်လိမ့်မည်။
ထို့ကြောင့် နောက်တစ်ခုကို လေ့လာခြင်းက သိပ်ပြီး အသုံးမဝင်ပေ။
လုမင်လည်း ခဏစဉ်းစားပြီးနောက် ဆေးဝါးကိုရွေးရန် ဆုံးဖြတ်လိုက်သည်။
တာအိုသိုင်းပညာများကတော့ ကွဲပြားသောကြောင့် မခက်ခဲပါ။ သို့ရာတွင် ဆေးဝါး၏ သင်္ကေတများက ဆင်တူသည်။ မည်သည် ဆေးလုံးဖြစ်သည်ကို သူ မပြောနိုင်သောကြောင့် ကျပန်းသာ ရွေးချယ်နိုင်တော့သည်။
လုမင်က အလင်းစက်လုံးတစ်ခုကို ဆုပ်ကိုင်လိုက်သည်။ အလင်းစက်လုံး ကွဲအက်သွားပြီးနောက် လုမင်၏လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်ခု ပေါ်လာခဲ့၏။
"နင်ယွမ်ဆေး"
ကျောက်စိမ်းပုလင်းပေါ်တွင် စာလုံးသုံးလုံးပါသော တံဆိပ်တစ်ခု ရှိသည်။
"ဒါ တကယ်ကြီး နင်ယွမ်ဆေးလား"
လုမင်၏ မျက်လုံးများက တောက်ပသော အလင်းရောင်ဖြင့် လင်းလက်သွားတော့သည်။ သူ၏ နှလုံးကလည်း မထိန်းနိုင်ဘဲ ပို၍အခုန်မြန်လာခဲ့သည်။
နင်ယွမ်ဆေးလုံးကို သူ ယခင်က ကြားဖူးသော်လည်း ရှမ်းဟွမ်တိုက်ကြီး၌ မရှိပေ။ ၎င်းက ဒဏ္ဍာရီတစ်ခုသာ ဖြစ်ခဲ့သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်ကြီးမားသော ပြီးပြည့်စုံမှုသို့ ရောက်ရှိပြီးနောက် ရှေ့ဆက်တိုးလိုပါက၊ တာအိုကို နယ်မြေတစ်ခုအဖြစ် ပြောင်းလဲရလိမ့်မည်။
အကယ်၍ နယ်မြေတစ်ခုကို စတင်ဖွဲ့စည်းနိုင်လျှင်တော့ အဓိပဓိအဖြစ် သတ်မှတ်ခံရလိမ့်မည်။
သို့သော်လည်း ဤအဆင့်မှာ မယုံနိုင်စရာကောင်းအောင် ခက်ခဲလွန်းသည်။
သို့ရာတွင်၊ ပြည့်စုံသော ဝိညာဉ်နတ်ဘုရားတစ်ပါးသာ နင်ယွမ်ဆေးကို ရယူနိုင်ခဲ့ပါက နယ်မြေဖွဲ့စည်းနိုင်ရန် အခွင့်အလမ်းများစွာ တိုးစေမည်ဖြစ်သည်။ ၎င်းကို စားသုံးနိုင်ပါက ပြီးပြည့်စုံသော နယ်မြေကို ပေါင်းစည်းရန်ပင် ပို၍ လွယ်ကူစေလိမ့်မည်။
ယင်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ ၎င်း၏ တန်ဖိုးကို စကားလုံးများနှင့် ဖော်ပြ၍မရပေ။
ကောင်းကင်နတ်ဘုရားဂိုဏ်းက အမှန်တကယ်ပင် ယွမ်လုမှ အဓိက အင်အားစုကြီးတစ်ခု ဖြစ်ထိုက်သည်။ ၎င်းတို့က နင်ယွမ်ဆေးကိုပင် ဆုလာဘ်အဖြစ် ပေါ့ပေါ့တန်တန် ထုတ်ယူနိုင်ပေသည်။
တစ်နည်းဆိုရလျှင် နင်ယွမ်ဆေးကဲ့သို့ ထိပ်တန်းဆေးမျိုးက ကောင်းကင်နတ်ဘုရားဂိုဏ်း၏အမြင်တွင် သာမန်မျှသာ ဖြစ်နိုင်သည်။
သို့သော်လည်း လုမင်အတွက်တော့ ဤသည်မှာ လုံးဝ နှိုင်းယှဥ်စရာမရှိသော နတ်ဆေးတစ်ခွက်ပင်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံသာ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားပါက၊ ဤနင်ယွမ်ဆေးက လုမင်ကို အဓိပဓိနယ်ပယ်သို့ လျင်မြန်စွာ ရောက်ရှိစေရန် ကူညီပေးနိုင်လိမ့်မည်။
လုမင်လည်း ဂရုတစိုက် သိမ်းထားလိုက်သည်။ ထို့နောက် အခြားအလင်းလုံးများကို စမ်းကြည့်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်း ၎င်းတို့ကို တစ်ခုမျှ မဖွင့်နိုင်တော့ပေ။
"အခု ရှောင်ချင်းကို သွားကြည့်ရအောင်"
လုမင်က နန်းတော်အတွင်းမှထွက်ကာ ရှဲ့နျန်ချင်းရှိရာဆီသို့ ပြန်လာခံလိုက်သည်။
သို့သော်လည်း ရှဲ့နျန်ချင်း၏ နန်းတော်တံခါးက တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ ရှဲ့နျန်ချင်း ထွက်မလာသေးပေ။
လုမင်လည်း အနီးနားရှိ တောင်ထွတ်တစ်ခု ဆင်းသက်လိုက်သည်။ ထို့နောက် တန်တန်ကို အပြင်ဘက်တွင်ထားကာ အခြေအနေ စောင့်ကြည့်နေစေခဲ့၏။ လုမင်ကိုယ်တိုင်ကတော့ တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ပြီး ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် မိုးကြိူးနတ်ဘုရား ပေါက်ကွဲခြင်းကို နားလည်ဆင်ခြင်လိုက်တော့သည်။
ဤကမ္ဘာငယ်လေးမှာတော့ သတ်ဖြတ်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ သက်ဆိုင်ရာ တိုက်ကြီးများ၏ ထိပ်တန်း ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ဤနေရာတွင် ကျဆုံးခဲ့ကြရပေသည်။
အားနည်းသူတချိုက မျက်နှာကိုပင် မပြဝံ့ဘဲ လုံခြုံသော နေရာကိုရှာကာ ပုန်းအောင်းနေခဲ့ရသည်။ သန်မာသူများကတော့ နေရာအနှံ့ လိုက်လံရှာဖွေနေတော့သည်။
ချိုင့်ဝှမ်းတစ်ခုတွင် လုံချန်က ရှေးဦးနဂါးအဆင်အဖြစ် အသွင်ပြောင်းပြီး ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို သတ်ပစ်ခဲ့၏။
ယခုအခါ လုံချန်၏ ကျင့်ကြံခြင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း ပို၍ပင် ကြောက်စရာကောင်းလာတော့သည်။
ထို့နောက်တွင် လုံချန်က သော့ကိုးခုကို စုဆောင်းပြီး နန်းတော်တစ်ခုထဲသို့ ဝင်သွားသည် ။
မြစ်ကြီးတစ်စင်းပေါ်တွင်၊ ရေခဲနဂါးက သူ့လက်ကိုဝှေ့ယမ်းပြီး လူငယ် ပါရမီရှင်များစွာကို ရေခဲထဲတွင် အေးခဲသွားစေခဲ့သည်။ ထို့နောက်မှာတော့ သော့ကိုးခုကို စုဆောင်းကာ နန်းတော်တစ်ခုထဲသို့ ဝင်သွားတော့သည်။
တစ်နေရာတွင် အဖြူရောင်ဝတ်စုံနှင့် သန့်စင်မွန်မြတ်ပုံရသော ရှဲ့နျန်ကျွင်းက လေထဲမှာ ရပ်နေသည်။ သူ့ဦးခေါင်ပေါ်မှာလည်း သော့ကိုးခု ရှိနေလေ၏။
သူမနှင့် မနီးမဝေးမှာတော့ တောင်ပိုင်းနတ်နန်းတော်၏ အသန်မာဆုံး ပါရမီရှင် သုံးဦးအနက် တစ်ဦးဖြစ်သည့် ဝမ့်ကျန်း ရှိနေတော့သည်။
"မိန်းကလေးနျန်ကျွင်း၊ နန်းတော်ထဲကို မင်း အရင်ဆုံးဝင်လိုက်ပါ။ ငါ အခြားနန်းတော်တစ်ခုကို သွားလိုက်မယ်"
ဝမ့်ကျန်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးဝမ့်"
ရှဲ့နျန်ကျွင်းက ခေါင်းညိတ်ပြကာ နန်းတော်ထဲကို ဝင်ရောက်သွား၏။
ဝမ့်ကျန်း၏ မျက်လုံးများက တောက်လောင်နေသော အလင်းရောင်တစ်ခု လင်းလက်လာကာ အခြားနန်းတော်ဆီသို့ ထွက်လာတော့သည်။
ဤကဲ့သို့သော မြင်ကွင်းများက ဤကမ္ဘာငယ်လေး၏ နေရာအနှံ့တွင် ဖြစ်ပျက်နေခဲ့သည်။ ကျိဟုန်ချန်ကဲ့သို့ ထိပ်တန်း ပါရမီရှင်များသည်လည်း သော့ကိုးခုကို စုဆောင်းကာ ကံကောင်းခြင်း အခွင့်အလမ်းများရရှိရန် နန်းတော်အသီးသီးသို့ ဝင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီ။ အချိန်ကလည်း လဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ခုနစ်ရက်ကြာ နားလည်ဆင်ခြင်ပြီးနောက် သူ၏ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း ကြီးမားသောတိုးတက်မှုကို ရရှိခဲ့ပေသည်။ သို့သော်လည်း ဒုတိယအဆင့်အထိ အောင်မြင်လိုပါက အချိန်အနည်းငယ် လိုနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် တန်တန်က ရှဲ့နျန်ချင်း ထွက်လာပြီဖြစ်ကြောင်း သတင်းပို့ခဲ့သည်။
လုမင်လည်း တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်လာခဲ့လိုက်၏။ မျှော်လင့်ထားသည့်အတိုင်း၊ နန်းတော်ရှေ့တွင် ရပ်ကာ ပတ်ပတ်လည်ကို လှည့်ကြည့်နေသော ရှဲ့နျန်ချင်း လှမ်းမြင်လိုက်ရသည်။
လုမင် ပျံသန်းလာတာကိုမြင်တော့ ရှဲ့နျန်ချင်း ပြုံးလိုက်လေသည်။
"ရှောင်ချင်း၊ မင်း ဘာရလာတာလဲ"
လုမင် မေးလိုက်သည်။
"ဒါက ဆေးလုံးပါ"
ရှဲ့နျန်ချင်းက ရှင်းပြလိုက်၏။ သူသည် နတ်ဘုရားအပျက်အယွင်းများမှ တန်ခိုးရှင်တစ်ဦး၏ အမွေကို ရရှိခဲ့သည်။ ၎င်းအတွင်းတွင် နတ်ဆိုးတာအိုလမ်းစဉ်နှင့် ပတ်သက်သော တာအိုသိုင်းပညာများအပြင် အခြား အကြောင်းအရာ အများအပြား ရှိ၏။
ထို့ကြောင့် ရှဲ့နျန်ချင်းအတွက် တာအိုသိုင်းပညာကို ရွေးချယ်နေရန် မလိုအပ်ဘဲ ဆေးဝါးကိုသာ ရွေးချယ်ခဲ့တော့သည်။