← Chapters

အခန်း ၁၂၄၁

Vol. 83 Ch. 1241

အခန်း ၁၂၄၁

Vol. 83 Ch. 1241

အပိုင်း ( 1241 ) မိုးကြိုးဒေသ။

"ဟားဟားဟား၊ ဒီရဟန်းက ဒကာတော်လုရဲ့ အစားအသောက်တွေကို အလကားမစားပါဘူး။ ဒီရဟန်းမှာ ဒီအသားကင်နဲ့ လိုက်ဖက်တဲ့ ထိပ်တန်းအရက်တွေရှိတယ်"

ရဟန်းဝူလျန့်က ရှေ့သို့တိုးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အရက် ခုနစ်အိုး၊ ရှစ်အိုးခန့်က မြေပြင်တွင် ပေါ်လာခဲ့၏။

"ဒါ…"

လုမင်၊ ရှဲ့နျန်ချင်းနှင့် လုံချန်တို့လည်း ဆွံ့အသွားကြသည်။

ဗုဒ္ဓဂိုဏ်းထဲမှာ ဤသို့သော ရဟန်းမျိုး ဘယ်လိုရှိနိုင်ပါသနည်း။

"ဟားဟား၊ ဒါဆိုရင် ဒီရဟန်းက မယဉ်ကျေးတော့ဘူး"

ရဟန်းဝူလျန့်၏ မျက်လုံးများက တောက်ပလာကာ ရယ်မောလိုက်သည်။ သူက ချက်ချင်းပင် ငှက်တောင်ပံကို ဆွဲယူကာ စတင် စားသောက်လေတော့သည်။

လုမင်လည်း ပြုံးပြီး အရက်အိုးကို ဆွဲယူကာ တစ်ကျိုက်မော့သောက်လိုက်သည်။ အရက်ထဲက သူ့ပါးစပ်ထဲမှာ ချိုမြိန်သည်။ လည်ချောင်းမှ ဗိုက်ထဲသို့ စီးဝင်သွားသောအခါ နွေးထွေးပြီး သက်တောင့်သက်သာရှိသလို ခံစားလိုက်ရ၏။ သူ၏ ယွမ်ချီစွမ်းအင်ပင်လျှင် ချောမွေ့စွာ စီးဆင်းလာခဲ့သည်။

ဤသည်က တကယ့်ကို ထိပ်တန်းအရက်တစ်မျိုးပင်။ ဤရဟန်းဝူလျန့်က သူ့ကိုယ်သူပျော်အောင် ဘယ်လိုနေရမည်မှန်း ကောင်းစွာသိတတ်သည်။

ထို့နောက် သူသည်လည်း အရက်သောက်ကာ အသားကင်ကို ဝိုင်းဖွဲ့စားလိုက်သည်။

နှစ်နာရီအတွင်း အရက်အိုးအားလုံး ကုန်စင်သွားလေသည်။ နတ်သားရဲသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းပါသော ငှက်ကြီးနှစ်ကောင်သည်လည်း အရိုးများသာကျန်ခဲ့သည်။

ပို၍ အံ့သြစရာကောင်းသည်ကတော့ ရဟန်းဝူလျန့်က ထိုအရိုးများကိုပင် မလွှင့်ပစ်ဘဲ ကိုက်ဝါးနေခြင်းပင်။

"ဒါက အရမ်း ကောင်းတာပဲ။ စိတ်မကောင်းစရာက ကုန်သွားပြီ၊ မဝဘူးကွာ"

ရဟန်းဝူလျန့်က နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး ရေရွတ်လိုက်သည်။

လုမင်တို့ သုံးယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

............

နောက်နာရီဝက်ကြာမှ ရဟန်းဝူလျန့်ဟာ တုံ့ဆိုင်းစွာဖြင့် ထွက်ခွာသွားခဲ့သည်။

"ရှောင်ချင်း၊ ရှန်းရွှီ ရှေးဟောင်းမြို့တော်နဲ့ မိုင်သန်းချီဝေးတဲ့နေရာမှာ မိုးကြိုးနယ်မြေတစ်ခုတစ်ခု ရှိတယ်။ ဒီလဝက်အတွင်း ငါ့ရဲ့တာအိုသိုင်းပညာကို တိုးတက်စေအောင် အဲဒီမှာသွားပြီး လေ့ကျင့်ချင်တယ်"

လုမင်က သူ့အစီအစဉ်ကို ရှဲ့နျန်ချင်းအား ပြောပြလိုက်သည်။

"အင်း၊ ငါလည်း တာအိုသိုင်းပညာကို လေ့ကျင့်ချင်သေးတယ်။ ငါကတော့ ဒီအတောအတွင်းမှာ တောင်နဲ့မြစ် ပန်းချီကားအတွင်းမှာပဲ လေ့ကျင့်မယ်"

ရှဲ့နျန်ချင်းက ခေါင်းညိတ်လိုက်၏။

ထို့နောက်တွင် လုမင်နှင့် ရှဲ့နျန်ချင်းက တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ရှဲ့နျန်ချင်းက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။

"ဝှစ်"

ထိုစဉ်၊ ဖြူဖြူအလုံးလေးတစ်ခုက ပျံသန်းလာပြီး လုမင်၏ရင်ခွင်ထဲသို့ တိုးဝင်လာတော့သည်။

ပူဖောင်းလေး ဖြစ်သည်။

ဤကာလအတွင်း လုမင်သည် ပူဖောင်းလေးကို တောင်နှင့်မြစ် ပန်းချီကားအတွင်း၌ ထည့်ထားခဲ့သည်။ ထို့ကြောင့် လုမင်ကို ပြန်တွေ့ရသောအခါ ကလေးတစ်ယောက်လို ဝင်ချွဲလိုက်လေသည်။

"ကောင်လေး၊ ငါမင်းကို ခေါ်သွားမယ်"

လုမင်က ပူဖောင်းလေးကို ပွတ်သပ်လိုက်ပြီးနောက် တောင်နှင့်မြစ်ပန်းချီကားမှ ထွက်လာခဲ့သည်။ သူက တောင်ပိုင်းနတ်နန်းတော်၏ အိမ်တော်မှထွက်ကာ ရှန်းရွှီရှေးမြို့တော် အနောက်ဘက်သို့ ဦးတည်ပျံသန်းသွား၏။

မိုးကြိုးဒေသက ရှန်းရွှီရှေးမြို့တော်၏ အနောက်ဘက်တွင် ဖြစ်ချေသည်။

............

အနောက်ပိုင်းနတ်နန်းတော်၏ အခန်းတစ်ခုတွင် လဲ့နျိုက မည်းမှောင်နေသောမျက်နှာအမူအရာဖြင့် ရှိနေသည်။ ပြတ်နေသော သူ့လက်တစ်ဖက်ကို ကြည့်မိသောအခါ ပို၍ပင် ဒေါသထွက်ပြီး သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာတော့သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်က ပြတ်တောက်သွားသော ခြေလက်အင်္ဂါများကို ပြန်လည်ကြီးထွားအောင် မစွမ်းဆောင်နိုင်သေးပေ။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်ခြင်းဖြင့်သာ ပြန်လည် ပေါက်ရောက်စေနိုင်မည် ဖြစ်သည်။

သို့သော်လည်း ဤသည်က အဓိကမဟုတ်သေးပါ။ ယခုတစ်ကြိမ် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ရွေးချယ်မှုတွင် သူ့အခြေအနေက သက်ရောက်မှုရှိမည်ကိုသာ စိုးရိမ်နေမိခြင်း ဖြစ်သည်။

ထိုအချိန်တွင် အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်စုံဝတ်ထားသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက် အခန်းထဲတွင် ပေါ်လာခဲ့၏။

"ဆရာကြီး လဲ့နျို၊ ငါ့ကိုခေါ်တာ ဘာများ ညွှန်ကြားစရာရှိလို့လဲ"

အနက်ရောင်ဝတ် အဖိုးအိုက ဦးညွှတ်ပြီး မေးလိုက်သည်။

"စာတစ်စောင်ပို့ပြီး ကျွမ်းကျင်ပညာရှင်တချို့ကို လွှတ်ပေးဖို့ ကျုပ်ဆရာကို တောင်းဆိုပေ။ အဲဒီကောင်ကို အခွင့်အရေးရှာပြီး သတ်ချင်တယ်"

လဲ့နျိုက သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ"

အနက်ရောင်ဝတ် အဘိုးအိုလည်း ဦးညွှတ်ကာ ပြန်လည်ထွက်ခွာသွားတော့သည်။

"ဒီတစ်ခေါက် ငါ့ရဲ့ မူလစွမ်းအင်တွေ အများကြီး ဆုံးရှုံးသွားတဲ့အတွက် နေရာတစ်ခုရှာပြီး ပြန်လည်ထူထောင်ဖို့လိုတယ်။ ရှန်းရွှီရှေးမြို့ဟောင်းရဲ့ အနောက်ဘက်မှာရှိတဲ့ မိုးကြိုးဒေသက မိုးကြိုးတွေပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။ အဲဒီနေရာက ငါနဲ့သင့်တော်တယ်"

လဲ့နျိုက သူ့ဘာသာသူ ရေရွတ်လိုက်သည်။

............

လုမင်၏ အမြန်နှုန်းအရ မိုင်တစ်သန်းအကွာအဝေးကို ခဏချင်း ရောက်လာခဲ့သည်။

သူ့ရှေ့မှ ဧရိယာမှာတော့ အဆုံးမဲ့ အနက်ရောင် တိမ်မည်းများက ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထား၏။ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများက တိမ်မည်းများကြားမှ ဆင်းသက်လာကာ ငွေရောင်မြွေများကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းခဲ့ပေသည်။

"ဂျိန်း... ဂျလိန်း"

မိုးကြိုးထစ်ချုန်းသံများ မပြတ်ထွက်ပေါ်နေခဲ့သည်။ ဤသည်မှာ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော မိုးကြိုးဒေသတစ်ခု ဖြစ်ချေသည်။

ဤသည်က မိုးကြိုးဒေသဖြစ်ပြီး အလွန်ကျယ်ပြောသောကြောင့် အကန့်အသတ်မဲ့ မိုးကြိုးဒေသဟု ခေါ်တွင်ခဲ့သည်။

"ဝှစ်"

လုမင်က ခဏရပ်ပြီးနောက် မိုးကြိုးဒေသထဲကို ခြေလှမ်းဝင်လိုက်၏။

"ကလစ်"

မိုးကြိုးဒေသကို ခြေချလိုက်သည်နှင့် တပြိုင်နက်၊ လက်မောင်းလုံးခန့် ထူထဲသော လျှပ်စီးကြောင်းကိုးခုက လုမင်ဆီသို့ ကျရောက်လာတော့သည်။

"မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်း"

လုမင်က လေထဲသို့ဖမ်းဆုပ်ကာ မိုးကြိုးလျှပ်စီးများကို ဖွဲ့စည်းလိုက်သည်။ သူသည် သူ့ဆီသို့ ကျရောက်လာသော လျှပ်စီးကြောင်းများကို ဖယ်ထုတ်လိုက်၏။

"သန်မာလိုက်တဲ့ မိုးကြိုးစွမ်းအား၊ တကယ်သန်မာတဲ့ မိုးကြိုးတာအိုပဲ"

လုမင်လည်း ဝိညာဉ်အသိကိုမြှင့်တင်ကာ သူ့ပတ်ဝန်းကျင်ကို ခံစားကြည့်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်ကြွယ်ဝသော လျှပ်စီးကြောင်းများဖြင့် ပြည့်နှက်နေပေသည်။

"ဒီနေရာက အရမ်းအားနည်းနေသေးတယ်။ နက်နက်နဲနဲ သွားရအောင်"

လုမင်က မိုးကြိုးဒေသ၏ နက်နဲရာသို့ ဆက်ဝင်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင်၊ လုမင်ကို မိုးကြိုးများက အဆက်မပြတ် ရိုက်ခတ်နေသော်လည်း မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကြောင့် အားလုံးကို အလွယ်တကူ တားဆီးနိုင်ခဲ့ပေသည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က ဤနေရာရှိ မိုးကြိုးစွမ်းအားကိုသုံးကာ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကို နားလည်ဆင်ခြင်ရန် ကြိုးစားလိုက်သည်။

"ဝမ်"

ထိုအချိန်တွင် လုမင်၏ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။ သူ့အသိစိတ်ပင်လယ်ထဲမှ မိုးကြိုးဒယ်စောက်အိုးက အနည်းငယ်တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။ ထို့နောက်မှာတော့ သူ၏ မျက်ခုံးနှစ်ခုကြားမှ လဲ့တင်းက သူ့ဘာသာသူ ပေါ်လာတော့သည်။

လဲ့တင်းက အနည်းငယ်တုန်ခါသွားပြီး ပြင်းထန်သော စုပ်ယူအားတို့ကို ထုတ်လွှတ်လာခဲ့သည်။ လျှပ်စီးကြောင်းများက မိုးကြိုးဒယ်စောက်အိုး လဲ့တင်းဆီသို့ ပျံသန်းသွားကာ ဝင်ရောက် ပျောက်ကွယ်သွားခဲ့၏။

"ဒီလိုလည်း အလုပ်ဖြစ်တယ်လား"

လုမင်လည်း ခဏတာ အံ့အားသင့်သွားပြီးနောက် ဝမ်းသာမှုတို့ ပေါ်လာခဲ့သည်။

"ဝှစ်"

လုမင်လည်း မိုးကြိုးဒေသ၏ နက်နဲရာအရပ်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။

မိုးကြိုးဒေသထဲသို့ ပို၍နက်ရှိုင်းလေလေ၊ မိုးကြိုးစွမ်းအားက ပိုပြီး အားကောင်းလေလေပင်။ ထို့အတူ မိုးကြိုးတာအိုကလည်း ပိုအားကောင်း၍ နားလည်ရလွယ်ကူလာခဲ့မည် ဖြစ်သည်။

လမ်းတွင် လုမင်က တခြား အရှိန်အဝါအချို့ကို သတိပြုမိခဲ့သည်။ ဤနေရာတွင် အခြားသူများလည်း လေ့ကျင့်နေကြောင်း သိသာထင်ရှားလှပေသည်။

မကြာမီ လုမင်က ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်လာသည်။ ဤနေရာမှ မိုးကြိုးစွမ်းအားက တုနှိုင်းမရအောင် အားကောင်းလှပေသည်။ အဆုံးမဲ့ မိုးကြိုးလျှပ်စီးများက အံ့အားသင့်ဖွယ် အငွေ့အသက်များဖြင့် အဆက်မပြတ် ကျဆင်းလာခဲ့သည်။

"ဒီနေရာပဲ"

လုမင်က ချိုင့်ဝှမ်းထဲသို့လျှောက်သွားကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူက မိုးနှင့်မြေကြားမှ မိုးကြိုးတာအိုကို တိတ်တဆိတ် နားလည်ဆင်ခြင်ရင်း မိုးကြိးနတ်ဘုရားပေါက်ကွဲခြင်းကို လေ့ကျင့်ခဲ့၏။

လဲ့တင်းကလည်း သူ၏ ဦးခေါင်းထက်တွင် လွင့်မျောနေကာ ကြီးမားသော လျှပ်စီးကြောင်းတချို့ကို ရံဖန်ရံခါ စုပ်ယူထားလေသည်။ ဒယ်စောက်အိုး၏ အိုးပတ်လည်တွင် လျှပ်စီးကြောင်းများက ထွန်းလင်းတောက်ပနေခဲ့သည်။

"တွီ တွီ"

ပူဖောင်းလေးက လုမင်၏ခန္ဓာကိုယ်ပေါ်တွင် ပျင်းရိစွာခွေနေသည်။ သူက မျက်မှေးစင်းနှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။

"မိုးကြိုးနဲ့ လျှပ်စီးက ဖျက်ဆီးခြင်းနဲ့ ကောင်းကင်ကပ်ဘေးပဲ"

လုမင်က ဂရုတစိုက် နားလည်ဆင်ခြင်ရင်း ရေရွတ်လိုက်သည်။

မိုးကြိုးစွမ်းအား အနှစ်သာရကို သူနားလည်ဆင်ခြင်လိုက်၏။

မိုးကြိုးစွမ်းအားက ကောင်းကင်ကပ်ဘေး ဖြစ်သည်။ အရာအားလုံးက ကြောက်ရွံ့စေကာ ဖျက်ဆီးနိုင်စွမ်းရှိ၏။ သို့သော်လည်း ၎င်း၏အနှစ်သာရကို နားလည်ရန်မှာ အလွန်ခက်ခဲသည်။

ယခင်ကတော့ လုမင်သည် ၎င်းကို အပေါ်ယံသာ အသုံးပြုခဲ့ပြီး နက်ရှိုင်းသည်အထိ မတူးဖော်ခဲ့ဖူးပေ။

မျက်စိတစ်မှိတ်အတွင်း၊ လုမင် ချိုင့်ဝှမ်းထဲတွင် လေ့ကျင့်နေသည်မှာ သုံးရက်ကြာသွားသည်။

ဤသုံးရက်အတွင်း သူ့အတွက် များစွာအကျိုးရှိခဲ့ပေသည်။ ယခုအခါ သူက မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း ဒုတိယအဆင့်နှင့် အလွန်နီးကပ်နေပြီး အချိန်မရွေးဖြတ်ကျော်သွားတော့မည် ဖြစ်သည်။

သို့သော်လည်း ဤအချိန်တွင် လုမင်က ချိုင့်ဝှမ်းတွင်းမှ မိုးကြိုးစွမ်းအားက မလုံလောက်ကြောင်း ခံစားလိုက်ရသည်။ လေ့ကျင့်ရန် ပိုမိုအားကောင်းသော လျှပ်စီးကြောင်းများ လိုအပ်ပေသည်။

လုမင်လည်း နေရာမှထကာ ချိုင့်ဝှမ်းထဲမှထွက်ပြီး ပိုမိုနက်ရှိုင်းစွာ ဆက်ဝင်သွားခဲ့သည်။

နှစ်နာရီအကြာတွင် လုမင်က ကြီးကျယ်ခမ်းနားသော တောင်တစ်လုံးပေါ်သို့ ရောက်လာသည်။ တောင်ပေါ်မှ ကောင်းကင်ယံတွင် အဆုံးမဲ့ မိုးကြိုးလျှပ်စီးများ ပြန့်ကျဲနေခဲ့၏။ မိုးကြိုးလျှပ်စီးစွမ်းအားကလည်း တုနှိုင်းမရလောက်အောင် အားကောင်းလှပေသည်။

သို့သော်လည်း လုမင်ဟာ တောင်ပေါ်၌ လိုဏ်ဂူများစွာရှိသည်ကို ခံစားလိိုက်ရသည်။ ထိုဂူများထဲတွင် တခြား အရှိန်အဝါများ ရှိ၏။ ဤနေရာတွင် လေ့ကျင့်နေသော ကျွမ်းကျင်သူများရှိကြောင်း သိသာထင်ရှားသည်။

လုမင်လည်း ခဏစဉ်းစားပြီးနောက် လှည့်ထွက်ခဲ့လေသည်။ ဤနေရာတွင် သူ ဆက်မနေလိုပေ။

"ဂျိန်း... ဝှစ်"

ရုတ်တရက်၊ တောင်ပေါ်တွင် လျှပ်စီးလက်သွားသည်။ မိုးပြာရောင်ဝတ် အဘိုးကြီးတစ်ယောက်က လုမင်ရှေ့တွင်ပေါ်လာကာ သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

တစ်ချိန်တည်းမှာပင် သူက မီးတောက်နေသော မျက်လုံးများဖြင့် လုမင်၏ ဦးခေါင်းထက်မှ လဲ့တင်းကို စိုက်ကြည့်လိုက်တော့သည်။

All Chapters