← Chapters

အခန်း ၁၂၄၄

Vol. 83 Ch. 1244

အခန်း ၁၂၄၄

Vol. 83 Ch. 1244

အပိုင်း ( 1244 ) အဓိပဓိ ထွက်ပြေးရခြင်း။

နဝမနဂါးက ဟိန်းဟောက်ပြီး အမှောင်လျှပ်စီးအရှင်သခင်၏ နယ်မြေသန္ဓေနှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

နဝမနဂါး၏ ဝါးမျိုခြင်းစွမ်းအားက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထား၏။ ၎င်းက နယ်မြေသန္ဓေ၏ စွမ်းအားကိုလည်း တစိတ်တစ်ပိုင်း လျော့ကျစေခဲ့သည်။

သူတို့နှစ်ဦးက မြေပြင်မှ ကောင်းကင်၊ ကောင်းကင်မှ မြေပြင်အထိ အတက်အကျတို့နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်များကလည်း အရပ်ရပ်သို့ ပျံ့လွင့်သွား၏။ ဤစွမ်းအားများက ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ မြေကမ္ဘာအား ဖျက်ဆီးပစ်နိုင်သည်။

ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော မျက်လုံးတစ်ဖက်လပ် လူကြီး၏မျက်နှာလည်း ဖြူဖျော့နေပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

'အမှောင်လျှပ်စီးအရှင်သခင်က ဒီကောင်လေးကို သေချာပေါက်သတ်နိုင်လိမ့်မယ်။ အမှောင်လျှပ်စီးအရှင်သခင်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိနေတုန်းပဲ။ သူ ထုတ်သုံးလိုက်တာနဲ့ ဒီကောင်လေးသေမှာ သေချာတယ်'

မျက်လုံးတစ်ဖက်လပ်လူကြီးက နှလုံးသားထဲမှ ကြိတ်ဆုတောင်းလိုက်သည်။ လုမင် လုံးဝ သေဆုံးသွားမှသူ စိတ်သက်သာရာရလိမ့်မည်။

လုမင်နှင့် အမှောင်လျှပ်စီးအရှင်သခင်က တိုက်ကွက်ပေါင်း တစ်ရာကျော် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း ယခုထိ အနိုင်အရှုံးက မကွဲပြားသေးပေ။

"မင်းရဲ့သွေးမျိုးဆက်စွမ်းအားက ကုန်ဆုံးလုနီးပါးဖြစ်နေလောက်ပြီ။ ဒါပေမဲ့ ငါက ငါ့ရဲ့သွေးမျိုးဆက်ကို မသုံးရသေးဘူး။ နောက်ဆုံးကျရင် မင်းဘယ်လိုသေသွားမလဲ ကြည့်ကြတာပေါ့"

အမှောင်လျှပ်စီးအရှင်သခင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဟုတ်လား"

လုမင်ထံမှ လျစ်လျူရှုသောအသံ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် နဝမနဂါးက အလင်းရောင်မှိန်ဖျော့သွား၏။ နဝမနဂါး သွေးမျိုးဆက်၏ သွေးစွမ်းအင်က ကုန်ဆုံးသွားတော့မည် ဖြစ်သည်။

သို့သော်လည်း အမှောင်လျှပ်စီးအရှင်သခင် မကျေနပ်နိုင်မီ ငရဲဖိနှိပ်ကျောက်စာချပ် ထွက်ပေါ်လာခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ်က လျင်မြန်စွာကျယ်ပြန့်လာပြီး အကန့်အသတ်မဲ့ အလင်းရောင်ဖြင့် စတင်တောက်ပလာခဲ့၏။ ၎င်းက ရှေးဟောင်း ကောင်းကင်တိုင်တောင်ကြီးကဲ့သို့ အမှောင်လျှပ်စီးအရှင်သခင်အား ဖိနှိပ်လိုက်တော့သည်။

"ဒါမဖြစ်နိုင်ဘူး"

အမှောင်လျှပ်စီးအရှင်သခင် မယုံကြည်နိုင်စွာ ဟိန်းဟောက်လိုက်သည်။

လုမင်တွင် နတ်ဘုရားအဆင့် သွေးမျိုးဆက်နှစ်ခုရှိပြီး နှစ်ခုစလုံးက အလွန် အဆင့်မြင့်၏။

ငရဲဖိနှိပ်ကျောက်စာချပ်က နတ်ဘုရားအဆင့်ရှစ်တွင်သာရှိသော်လည်း ၎င်းထံမှ ထုတ်လွှတ်သော ဖိအားများမှာ အမှောင်လျှပ်စီးအရှင်သခင်ကို အလွန်ထိတ်လန့်စေသည်။

"ဝုန်း"

ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်နှင့် အမှောင်လျှပ်စီးအရှင်သခင် ထိပ်တိုက်တွေ့သွား‌သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ချယ်မှုစွမ်းအားက အမှောင်လျှပ်စီးအရှင်သခင်ကို ယိမ်းထိုးသွားစေခဲ့၏။

အမှောင်လျှပ်စီးအရှင်သခင်က အမှန်တကယ် အားနည်းချက်တစ်ခုဖြစ်လာသည်။ ဤအခြေအနေက အဝေးမှ တိုက်ပွဲကိုကြည့်နေသော မျက်လုံးတစ်ဖက်လပ်လူကြီးကို လျှာကိုက်လုမတတ်ဖြစ်ပြီး အေးစက်စက် ချွေးများ တစ်ကိုယ်လုံးမှ ထွက်လာစေခဲ့သည်။

သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် လူငယ်တစ်ဦးက အဓိပဓိတစ်ပါးအား ကိုယ်ပိုင်စွမ်းရည်ဖြင့် အမှန်တကယ် ဖိနှိပ်ထားနိုင်သည်။ ယင်းက မယုံနိုင်စရာဖြစ်ပြီး သူ အရင်က တစ်ခါမှ မကြားဖူးပေ။

သူ အိပ်မက်မက်နေတာဟုပင် ထင်ခဲ့မိသည်။

ငရဲဖိနှိပ်ကျောက်စာချပ်သွေးမျိုးဆက်က တုန်ခါသွားခဲ့သည်။ သူ့ထံမှ အလင်းရောင်များက ပို၍ တောက်ပလာခဲ့၏။ ကျောက်စာချပ်ပေါ်ရှိ စကားလုံးများက လုမင်ကိုအားဖြည့်ပေးသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်မျိုး ပါဝင်နေပုံရသည်။ ၎င်းက ကမ္ဘာတစ်သောင်းကို ချိုးနှိမ်နိုင်သည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပြီး အမှောင်လျှပ်စီးအရှင်သခင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့ပေသည်။

ဤအခိုက်တွင် သူက အနည်းငယ်မျှ တုံ့ဆိုင်း‌မနေတော့ဘဲ သူ့သွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သည်။

သူ၏သွေးမျိုးဆက်က ရွှေရောင်ချက္ကရ ခြောက်ခုရှိသော အနက်ရောင်လျှပ်စီးများ စီးဆင်းနေသည့် တူ ဖြစ်သည်။ ၎င်းက နတ်ဘုရားအဆင့်ခြောက်သွေးမျိုးဆက် ဖြစ်ချေသည်။

အမှောင်လျှပ်စီးအရှင်သခင်က အလင်းတန်းတစ်ခုကဲ့သို့ တူထဲကို ပြေးဝင်သွားသည်။ တူက ငရဲဖိနှိပ်ကျောက်စာချပ်ကဲ့သို့ လျင်မြန်စွာ ကြီးမားလာခဲ့၏။ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်နှင့် အနက်ရောင် လျှပ်စီးတူက ထိပ်တိုက် တွေ့ဆုံသွားကြသည်။

"ဒေါင်"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကြယ်တာရာများ ရွေ့သွားသလို၊ မိုးနှင့်မြေ တုန်ခါသွား၏။

ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါပြီး အနောက်သို့လွင့်သွားသည်။

သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီးနောက် အမှောင်လျှပ်စီးအရှင်သခင်၏ တိုက်ခိုက်နိုင်စွမ်းက အနည်းငယ်တိုးသွားပြီး အလွန်အားကောင်းလာခဲ့သည်။

"သေ"

ရှေးဦးမိုးကြိုးတူနှင့်အတူ ထောင်နှင့်ချီသော မိုးကြိုးများက လုမင်ဆီသို့ ရိုက်ခတ်သွားသည်။

"သွား"

လုမင်၏အတွေးတစ်ခုဖြင့် လေထဲတွင်လွင့်မျောနေသော လဲ့တင်းက အနည်းငယ် တုန်ခါသွား၏။ ထောင်ချီသော မိုးကြိုးများက တောင်တစ်လုံးကဲ့သို့ ပြောင်းလဲပြီး မိုးကြိုးတူဆီသို့ တစ်ဖန် ဝင်ရောက်သွားတော့သည်။

"ဒေါင်"

နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤတစ်ခါတော့ အရည်အသွေးညီမျှခဲ့သည်။

လဲ့တင်းကော မိုးကြိုးတူကြီးပါ အတူတူ ဆုတ်သွားရ၏။ မိုးကြိုးတူအတွင်းမှ အမှောင်လျှပ်စီးအရှင်သခင်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ"

ဤထိပ်တိုက်တွေ့ဆုံခြင်းတွင် လဲ့တင်းက တူကြီးအပေါ်မှ အနက်ရောင်လျှပ်စီးကြောင်းအချို့ကို အမှန်တကယ် စုပ်ယူသွားခဲ့သည်။

ဤလျှပ်စီးကြောင်းက အမှောင်လျှပ်စီးအရှင်သခင်၏ သွေးအနှစ်သာရ ဖြစ်၏။ ၎င်းကို စုပ်ယူလိုက်ခြင်းက မိုးကြိုးနတ်ဘုရားအရှင်သခင်၏ ကျင့်ကြံခြင်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။ အနာဂတ်တွင် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်း ပို၍ နည်းပါးပေလိမ့်မည်။

"ဝုန်း ဝုန်း"

ငရဲဖိနှိပ်ကျောက်စာချပ်နှင့် လဲ့တင်းက အမှောင်လျှပ်စီးအရှင်သခင်ဆီသို့ အတူတကွ ပေါက်ကွဲသွားကြသည်။

နောက်ထပ် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်၊ အမှောင်လျှပ်စီးအရှင်သခင် ပြောင်းလဲထားသော ဧရာမတူကြီး လွင့်စဉ်သွား၏။ ၎င်းပေါ်ရှိ လျှပ်စီးကြောင်းအချို့ကိုလည်း လဲ့တင်းက အမှန်တကယ် စုပ်ယူသွားပြန်တော့သည်။

"ဝမ်"

အမှောင်လျှပ်စီးအရှင်သခင်၏ လျှပ်စီးများကို စုပ်ယူပြီးနောက် လဲ့တင်းက အလွန်စိတ်လှုပ်ရှားလာပုံရသည်။ လုမင်လည်း လဲ့တင်းထံ၏ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပေသည်။

"ဒါဆို ဆက်ကြရအောင်"

လုမင်က လဲ့တင်းကိုထိန်းချုပ်ကာ မိုးကြိုးတူကြီး ဆက်လက် တိုက်ခိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် အနက်ရောင်လျှပ်စီးကြောင်း အများအပြားကို လဲ့တင်းမှ တိုက်ရိုက်စုပ်ယူသွားခဲ့သည်။ အမှောင်လျှပ်စီးအရှင်သခင် ဒေါသတကြီးဖြစ်ပြီး ဟိန်းဟောက်လိုက်၏။ အဆုံးမှာ‌တော့ သူ၏ သွေးမျိုးဆက်ပုံစံကို မထိန်းသိမ်းနိုင်ဘဲ တိုက်ရိုက် ပျောက်ကွယ်သွားတော့သည်။

"ကောင်လေး၊ ဒါကို ငါမှတ်ထားတယ်"

အမှောင်လျှပ်စီးအရှင်သခင်က ပြောဆိုပြီး‌နောက် အမှန်တကယ် ထွက်ပြေးသွားခဲ့သည်။ သူ့ပုံရိပ်က လျှပ်စီးကဲ့သို့ လေဟာပြင်ကိုဖြတ်သန်းကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

အဓိပဓိတစ်ပါးဖြစ်ပြီး သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ရှိ လူငယ်တစ်ဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ဤသတင်းသာ ပျံ့နှံ့သွားပါက မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။

သိုင်းအုပ်ချုပ်သူ နယ်ပယ်အောက်တွင် အဓိပဓိများက ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင် ၎င်းတို့ကို အမြင့်မြတ်ဆုံး အ‌ဓိပဓိများဟု ခေါ်ဆိုကြ၏။ နယ်မြေသန္ဓေသားပုံစံကို နားလည်သောကြောင့်လည်း ၎င်းတို့ကို အုပ်ချုပ်သူတစ်ပိုင်းများဟု ဆိုနိုင်သည်။ ၎င်းတို့က သာမန် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားများထက် များစွာ အစွမ်းကြီးပေသည်။

ယခုမူကား၊ ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်ရှိ လူငယ်တစ်ဦး၏ ရိုက်နှက်ခြင်းကြောင့် အသက်လုကာ ပြေးခဲ့ရသည်။ ကိုယ့်မျက်စိနှင့် မမြင်ရလျှင် မည်သူမျှ ယုံနိုင်လိမ့်မည် မဟုတ်ပေ။

ကိုယ့်မျက်စိနှင့် မြင်ရလျှင်ပင် အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ မျက်စိတစ်ဖက်လပ် အမျိုးသားလည်း ဤအခိုက်တွင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေခဲ့ရပေသည်။ ခဏအကြာမှ တုံ့ပြန်ပြီး သတိဝင်လာသည်။ သတိဝင်လာသည်နှင့် ချက်ချင်းလှည့်ကာ ထိတ်လန့်တကြား ထွက်ပြေးလေတော့သည်။

"သူပြေးသွားတာ တော်တော်မြန်တာပဲ"

လုမင်လည်း အမှောင်လျှပ်စီးအရှင်သခင် ထွက်ပြေးသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး နှမြောသလို ခံစားလိုက်ရသည်။

သို့သော်လည်း သူက လိုက်မသွားခဲ့ပေ။ အပဓိပဓိများ၏ အမြန်နှုန်းက အလွန်မြန်သည်။ ထို့ပြင် သူတို့က ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနိုင်စွမ်းရှိ၏။ သူ လိုက်သွားလျှင်ပင် လိုက်မီနိုင်မည် မဟုတ်ပေ။

"တွီ တွီ"

လုမင်၏ ပခုံးပေါ်တွင် ပူဖောင်းကလေး ပေါ်လာသည်။ သူက တစ်ခုခုပြောနေသကဲ့သို့ လက်သေးသေးလေးများကို ဝှေ့ယမ်းလိုက်၏။ သူ့နှာခေါင်းမှလည်း ပူဖောင်လေးနှစ်ခုက အသက်ရှုလိုက်တိုင်း ကြီးလိုက်ငယ်လိုက် ဖြစ်နေပါသေးသည်။

"မင်း ပြောချင်တာက မင်း ကူညီရင် သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးပေါ့"

လုမင်က ပူဖောင်းလေး၏ အဓိပ္ပါယ်ကို မှန်းဆလိုက်သည်။

"တွီ တွီ"

ပူဖောင်းလေးက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး ခြေသည်းလေးများကို ဝှေ့ယမ်းလိုက်၏။

"ကောင်းပြီ၊ ဒါဆိုရင် နောက်တစ်ခါ ငါမင်းကို အကူအညီတောင်းပါ့မယ်"

လုမင်က ပူဖောင်းလေးကို ပွတ်သပ်လိုက်သည်။ ထို့နောက် မျက်လုံးတစ်ဖက်လပ်အမျိုးသား ထွက်ခွာသွားသည့် လမ်းကြောင်းကိုကြည့်ကာ သူ့မျက်လုံးများ အေးစက်သွား၏။

"မင်းကများ ငါ့ကို ရန်စတဲ့အပြင် ဘယ်လိုတောင် ကြံစည်ဝံ့တာလဲ။ မင်း တကယ် သေချင်နေတာပဲ"

ခြေလှမ်းတစ်လှမ်းဖြင့် လုမင်က အလင်းတန်းတစ်ခုကဲ့သို့ မျက်လုံးတစ်ဖက်လပ် အမျိုးသားနောက်ကို လိုက်သွားသည်။

မကြာမီ၊ အော်သံတစ်ခု ထွက်လာသည်။ မျက်လုံးတစ်ဖက်လပ် အမျိုးသားကို လုမင် သတ်ပစ်လိုက်၏။

မျက်လုံးတစ်ဖက်လပ် အမျိုးသားကို သတ်လိုက်ပြီးနောက် လုမင်က တောင်ငယ်လေး၏ အနီးတစ်ဝိုက်သို့ ပြန်သွားခဲ့သည်။ သူက ချက်ချင်းမဝင်သေးဘဲ မိုးကြိုးဖီးနစ်သစ်ပင်ကို သေချာကြည့်လိုက်၏။

မိုးကြိုးဖီးနစ်သစ်ပင်တစ်ဝိုက်ရှိ လျှပ်စီးကြောင်းများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းက ကြီးမားသော အဖျက်စွမ်းအားများ ပြည့်နေခဲ့ပေသည်။

ထို့အပြင်၊ အမှောင်လျှပ်စီးအရှင်သခင်က ဤအနီးနားတွင် စောင့်ကြပ်နေသော်လည်း မိုးကြိုးဖီးနစ်သစ်ပင်ကိုယူရန် မဝင်ရောက်ခဲ့ပေ။ ၎င်းကိုကြည့်ချင်းအားဖြင့် မိုးကြိုးဖီးနစ်သစ်ပင်က အလွန်ကြောက်စရာကောင်းမှန်း သိနိုင်သည်။

"အရင်စမ်းကြည့်ရအောင်"

ခဏစဉ်းစားပြီးနောက် လုမင်က စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူက ဤနေရာကို မိုးကြိုးဖီးနစ်သစ်ပင်အတွက် ပြန်လာခဲ့ခြင်းဖြစ်၍ ဤအတိုင်းနောက်ဆုတ်ရလျှင် ကျေနပ်နိုင်မည် မဟုတ်ပေ။

လုမင်က သူ၏ဦးခေါင်းထက်မှ လဲ့တင်းကိုထိန်းချုပ်ကာ တောင်ငယ်လေး၏ မိုင်တစ်ရာအတွင်း ဧရိယာထဲသို့ တိုးဝင်သွားသည်။

"ဂျိန်း... ဂျလိန်း"

ထိုနေရာသို့ သူဝင်ရောက်သွားသည်နှင့် မိုးနှင့်မြေကြားတွင် ဆူညံသွား၏။ အဆုံးမရှိသော မိုးကြိုး လျှပ်စီးတို့က လုမင်ကို အရူးအမူး ရိုက်ခတ်လာတော့သည်။

ထိုစွမ်းအားမျိုးက လုမင် ရင်ဆိုင်ဖူးသော ကောင်းကင်မိုးကြိုးကပ်ဘေးဒုက္ခထက် အဆများစွာ ပိုကြောက်စရာကောင်းသည်။

"ဝမ်"

သို့သော်၊ ဤအချိန်တွင် လဲ့တင်းက အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် တုန်ခါသွားသည်။ အားကောင်းသော ဆွဲအားတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးနှင့်လျှပ်စီး စွမ်းအားအားလုံးကို တစ်ပြိုင်နက်တည်း စုပ်ယူလိုက်၏။ ဤသို့ဖြင့် လုမင်က လုံခြုံသွားတော့သည်။

All Chapters