အခန်း ၁၂၄၅
Vol. 83 Ch. 1245
အပိုင်း ( 1245 ) ခုန်ပျံတိုးတက်ခြင်း။
"ဒီလဲ့တင်းက တကယ်ကို အံ့သြစရာပဲ"
လုမင်၏ မျက်လုံးများ တောက်ပလာသည်။
လုမင်သည် လဲ့တင်းကို ရှန်ပိုတစ်ရာနယ်မြေမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ရှန်ပိုတစ်ရာသည် ကောင်းကင်မှ တန်ခိုးရှင် အလောင်းများစွာ ပြုတ်ကျရာမှ ဖြစ်ပေါ်လာခဲ့သော နယ်မြေတစ်ခု ဖြစ်၏။
လဲ့တင်းက အမြင့်မြတ်ဆုံးသော တည်ရှိမှု၏ ရတနာတစ်ခု ဖြစ်နိုင်သည်။
ထို့အပြင် ရှန်ပိုတစ်ရာနယ်မြေက နှစ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့ပြီးသည့်တိုင် အရင်းအမြစ်မကုန်သေးပေ။ လဲ့တင်းသည် ထိုစဉ်က ကိုယ်တိုင် ကောင်းကင်ကပ်ဘေးဒုက္ခကိုပင် ဖြတ်ကျော်နေခဲ့သည်။ ယင်းက အလွန်ထူးခြားပြီး လုမင်ကို နားမလည်နိုင်အောင် ခံစားရစေခဲ့ပေသည်။
ယခင်ကဆိုလျှင် လုမင်က ၎င်းကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ပေ။ သူ၏ မိုးကြိုးတာအိုက အဆင့်လေး အထွတ်အထိပ်သို့ ချိုးဖြတ်သွားပြီးနောက်မှ ၎င်းကို ထိန်းချုပ်နိုင်ရုံမျှသာ ဖြစ်ခဲ့သည်။
သို့သော်လည်း လုမင်ဟာ လဲ့တင်း၏စွမ်းအားကို များစွာမထုတ်နိုင်ဟု ခံစားနေရဆဲပင်။ ဤမိုးကြိုးဒယ်စောက်အိုးတွင် အကန့်အသတ်မဲ့စွမ်းအားများ ပါဝင်နေပုံရသည်။
၎င်းသည် ယခင်က ရှန်ပိုတစ်ရာတွင် သူကြုံတွေ့ခဲ့ရသော ဓာတ်ပုလဲအား ပြန်လည်အမှတ်ရစေသည်။ ၎င်းက အစွမ်းထက်သော လေစွမ်းရည် ရှိ၏။ ရှန်ပိုတစ်ရာနယ်မြေတွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော်လည်း ထူးကဲစွာပင် မည်သူမျှ မယူသွားနိုင်သေးပေ။ လုမင်သာ သူ့တွင်အခွင့်အရေးရှိလျှင် ရှန်ပိုတစ်ရာကို စူးစမ်းလေ့လာရန် သေချာပေါက်သွားမည် ဖြစ်သည်။
လဲ့တင်း၏ အထောက်အပံ့ကြောင့် လုမင် စိတ်သက်သာရာရကာ ရှေ့သို့ ခြေလှမ်းများစွာလှမ်းခဲ့သည်။
"ဂျိန်း..."
သူက မိုးကြိုးဖီးနစ်သစ်ပင်ဆီသို့ ပိုနီးကပ်လေလေ၊ ကြောက်မက်ဖွယ်ကောင်းပြီး အားကောင်းသော လျှပ်စီးကြောင်းများ ဖြစ်လာလေလေပင်။
သူက မိုးကြိုးဖီးနစ်သစ်ပင်မှ ဆယ်မိုင်အကွာသို့ ရောက်လာသောအခါ မိုးကြိုးလျှပ်စီးများက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"ဒီနေရာမှာ မိုးကြိုးစွမ်းအားက အရမ်း အားပြင်းလွန်းတာပဲ။ အဓိပဓိတောင်မှ ဒီစွမ်းအားအောက်မှာ အန္တရာယ်ရှိနိုင်တယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတဲ့အထိ ဖြစ်လိမ့်မယ်"
လုမင် အံ့သြသွားမိသည်။
အမှောင်လျှပ်စီးအရှင်သခင်က အနီးနားတွင် စောင့်ကြပ်နေသော်လည်း မိုးကြိုးဖီးနစ်သစ်ပင်ကိုယူငင်ရန် ဝင်မလာခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။ အကြောင်းမှာ၊ အမှောင်လျှပ်စီးအရှင်သခင်က မိုးကြိုးဖီးနစ်သစ်ပင်နှင့် လုံးဝမနီးကပ်နိုင်သောကြောင့် ဖြစ်သည်။ သူ ဝင်လာပါက အနားမကပ်နိုင်ခင်မှာပင် သေဆုံးသွားလိမ့်မည်။
သို့သော်လည်း လုမင်မှာတော့ လဲ့တင်းရှိပေရာ လုံးဝ ပြဿနာမရှိပေ။ လဲ့တင်းက လျှပ်စီးကြောင်းအားလုံးကို စုပ်ယူခဲ့သည်။
လုမင်က အရှေ့သို့ လျှောက်လှမ်းသွားရာ မကြာမီ မိုးကြိုးဖီးနစ်သစ်ပင်အနီးသို့ နီးကပ်လာခဲ့သည်။
ဆယ်မီတာ၊ ကိုးမီတာ၊ ရှစ်မီတာ...
မကြာမီ၊ လုမင်က မိုးကြိုးဖီးနစ်သစ်ပင်နှင့် တစ်မီတာမျှသာဝေးတော့သည်။
ထိုအချိန်တွင် ဖီးနစ်၏ အော်မည်သံကို ကြားလိုက်ရသည်။ မိုးကြိုးလျှပ်စီးတို့ တဖျတ်ဖျတ်လက်နေသော ဖီးနစ်တစ်ကောင်က အတောင်ပံများဖြန့်ကာ လုမင်ဆီသို့ ပျံသန်းသွား၏။
သူ၏ မျက်လုံးများမှာတော့ ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေတော့သည်။ ၎င်းက အစစ်အမှန်ဖီးနစ်ကဲ့သို့ အသက်ဝင်လွန်းလှသည်။
အော်သံတစ်ခုနှင့်အတူ မိုးကြိုးဖီးနစ်က လဲ့တင်းဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
"ဝုန်း"
လဲ့တင်းက ကြီးမားသော လျှပ်စီးကြောင်းတစ်ခုကို ဖြိုခွင်းလိုက်သကဲ့သို့ တုန်လှုပ်သွားသည်။
ဤဖိအားက မိုးကြိုးဖီးနစ်ကို ဖုံးလွှမ်းသွား၏။ မိုးကြိုးဖီးနစ်က အလွန်ထိတ်လန့်သွားဟန်ဖြင့် အော်ဟစ်ကာ အမြန်ပြန်ဆုတ်သွားတော့သည်။
"ဖိနှိပ်"
လုမင်က ခပ်တိုးတိုး ပြောလိုက်သည်။ လဲ့တင်းက ရှေ့သို့တိုးထွက်သွားပြီး မိုးကြိုးဖီးနစ်ကို ဖိနှိပ်လိုက်၏။
မိုးကြိုးဖီးနစ်ဟာ လွန်စွာကြောက်ရွံ့ပြီး ဝမ်းနည်းပူဆွေးဟန်ဖြင့် ငိုကြွေးလိုက်သည်။ ၎င်းက ခုခံရန် လုံးဝ အစွမ်းမရှိသကဲ့သို့ လဲ့တင်း၏ ဖိနှိပ်ခံခဲ့ရလေသည်။ အဆုံးတွင်၊ ၎င်းက လျှပ်စီးကြောင်းများစွာအဖြစ်သို့ ပြောင်းလဲသွားပြီး လဲ့တင်း၏ စုပ်ယူခံလိုက်ရသည်။
ထို့နောက်တွင် လဲ့တင်းက မိုးကြိုးဖီးနစ်သစ်ပင်အထက်သို့ လွင့်မျောသွားခဲ့သည်။ လဲ့တင်းက မိုးကြိုးတာအို၏ဖိအားကို ဆက်လက်ထုတ်လွှတ်လိုက်။ ၎င်းမှာ အထက်လူကြီးက လက်အောက်ငယ်သားကို ဦးညွတ်ရန် အမိန့်ပေးနေသကဲ့သို့ ဖြစ်သည်။
ဤအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။ မိုးကြိုးဖီးနစ်သစ်ပင်က အလင်းတဖျတ်ဖျတ်လက်နေခဲ့၏။ ပတ်ဝန်းကျင်ရှိ အကန့်အသတ်မဲ့ လျှပ်စီးကြောင်းများကလည်း အမှန်တကယ် အားပျော့သွားတော့သည်။ တဖြည်းဖြည်းနှင့် ဤနယ်မြေက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ နောက်ဆုံးမှာတော့ လေထဲတွင် အားကောင်းသည့် လျှပ်စီးကြောင်းများ မရှိတော့ပေ။
လုမင်လည်း ဝမ်းသာအားရဖြင့် ရှေ့သို့သွားကာ မိုးကြိုးဖီးနစ်သစ်ပင်ကို လှမ်းကိုင်လိုက်သည်။
လဲ့တင်း၏ ဖိနှိပ်မှုအောက်တွင် မိုးကြိုးဖီးနစ်သစ်ပင်မှ လျှပ်စီးစွမ်းအင်က လုမင်အား လုံးဝ မထိခိုက်စေနိုင်တော့ပေ။
လုမင်လည်း မိုးကြိုးဖီးနစ်သစ်ပင်ကို ဆွဲယူကာ ဂရုတစိုက် ကြည့်လိုက်သည်။ မိုးကြိုးဖီးနစ်သစ်ပင်ထံမှ သိပ်သည်းလွန်းသော လျှပ်စီးစွမ်းအင်ကို သူ ခံစားရ၏။ ဤမိုးကြိုးဖီးနစ်သစ်ပင်ကို အသုံးပြုပြီး မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကို လေ့ကျင့်မည်ဆိုလျှင် သက်ရောက်မှုမှာ သေချာပေါက် ထူးကဲနေလိမ့်မည်။
"နေရာရှာပြီး လေ့ကျင့်ရအောင်"
လုမင်က ပြုံးပြီး မိုးကြိုးဖီးနစ်သစ်ပင်ကို တူးယူလိုက်သည်။ ထို့နောက်မှာတော့ လေထဲမှ လျှောက်လှမ်းကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။
နာရီအနည်းငယ်ကြာပြီးနောက် လုမင်ဟာ မိုးကြိုးစွမ်းအင်ရှိသော တောင်ထွတ်တစ်ခုကို တွေ့ရှိခဲ့သည်။ ထိုတောင်ထိပ်တွင် လှိုဏ်ဂူတစ်လုံးကို တူးထုတ်လိုက်၏။ လုမင်က ဂူထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ အတွေးတစ်ခုဖြင့် မိုးကြိုးဖီးနစ်သစ်ပင်က လုမင်၏လက်ထဲတွင် ပေါ်လာသည်။
"ကလစ်...ကလစ်"
မိုးကြိုးဖီးနစ်သစ်ပင်က လျှပ်စီးကြောင်းများ ထွက်ပေါ်လာကာ လုမင်၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။
လုမင်က မိုးကြိုးစွမ်းအင်များထဲတွင် နစ်မြုပ်နေခဲ့၏။ သူက မျက်လုံးကိုမှိတ်ထားပြီး မိုးကြိုးစွမ်းအင်နှင့်ပေါင်းစပ်ကာ မိုးကြိုးနတ်ဘုရားသိုင်းကို လေ့ကျင့်လိုက်တော့သည်။
မိုးကြိုးဖီးနစ်သစ်ပင်အကူအညီဖြင့် လုမင်၏ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းအပေါ် နားလည်သဘောပေါက်မှုမှာ ခုန်ပေါက်တိုးတက်လာခဲ့သည်။
နှစ်ရက်အတွင်းမှာပင် မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းက ဒုတိယအဆင့်သို့ ရောက်သွားခဲ့လေသည်။
ကိုးရက်အကြာတွင် မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းက ထပ်မံဖြတ်ကျော်ပြီး တတိယအဆင့်သို့ ထပ်မံရောက်ရှိသွားခဲ့သည်။
ဒုတိယအကျော့မစတင်မီ ရက်အနည်းငယ် လိုနေသေးသည်။ လုမင်က ရှန်းရွှီရှေးမြို့တော်သို့ မပြန်မီ နောက်ဆုံးနေ့အထိ လေ့ကျင့်ရန် စီစဉ်ခဲ့သည်။
..............
ထိုအချိန်တွင်၊ လုမင် လေ့ကျင့်နေသော နေရာနှင့် မနီးမဝေးတွင် ပုံရိပ်တချို့ ပေါ်လာသည်။
သူတို့ထဲမှ တစ်ယောက်ကို လုမင် သိ၏။ ၎င်းက လုမင်ကြောင့် လက်တစ်ဖက်ပြတ်သွားခဲ့သော လဲ့နျို ဖြစ်သည်။
ကျန်သူများအားလုံးကတော့ လဲ့နျို၏ လက်အောက်ငယ်သားများ ဖြစ်ချေသည်။
"သခင်လေးနျို၊ ဒီနေရာမှာ လျှပ်စီးစွမ်းအင်က အတော်ကောင်းပါတယ်။ မင်းဒီမှာ လေ့ကျင့်လို့ရတယ်"
အဘိုးကြီးတစ်ဦးက ပြောလိုက်သည်။
"မဟုတ်ဘူး၊ ဒီနေရာရဲ့ မိုးကြိုးလျှပ်စီးစွမ်းအားက ကျွန်တော့် မျှော်မှန်းထားတဲ့အထိ မရောက်သေးဘူး။ မိုးကြိုးလျှပ်စီးစွမ်းအားတွေ အများကြီးပိုပြီး ထူထပ်တဲ့နေရာကို ရှာရမယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ပြန်ကောင်းလုနီးပါး ဖြစ်နေဆိုပေမဲ့ အပြည့်အဝ ပြန်ကောင်းမလာသေးဘူး။ ကျွန်တော် အပြည့်အဝ ပြန်ကောင်းလာဖို့ဆိုရင် မိုးကြိုးလျှပ်စီးစွမ်းအား အရမ်းသိပ်သည်းတဲ့နေရာကို ရှာရမယ်"
လဲ့နျိုက ပြောသည်။
ထိုသို့ပြောပြီးသည်နှင့် လုမင်အကြောင်းကို သတိရကာ သူ့မျက်လုံးများက ဒေါသတို့ဖြင့် တောက်ပလာခဲ့သည်။ လုမင်ကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပစ်ချင်စိတ်အား လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
လုမင်ကြောင့်သာ မဟုတ်ပါက ဤအခြေအနေမျိုး သူ ဘယ်သောအခါမျှ ရောက်ရှိသွားမည် မဟုတ်ပါ။ တခြားသူများက ဤနားရက်တွင် အဆင့်ချိုးဖြတ်ရန် ကြိုးစားနေသော်လည်း သူကတော့ ဒဏ်ရာမှပြန်ကောင်းရန် ကြိုးစားနေရသည်။ ဤသို့ဖြင့် သူဟာ အခြားသူများနောက်ကို အနည်းငယ် ကျရောက်သွားခဲ့ရလေသည်။
"ဒါ အဲဒီကောင် လုမင်ကြောင့်ပဲ။ ဒီကောင် ဘယ်မှာ ပုန်းနေသလဲမသိဘူး။ သူ့ကို ရှာတွေ့လို့ကတော့ သေချာပေါက် လက်စားချေရမယ်"
လဲ့နျို အံကြိတ်လိုက်သည်။
ရုတ်တရက် သူ့နှာခေါင်းက အကြိမ်အနည်းငယ် ရှုံ့ပွရှုံ့ပွဖြစ်သွားသည်။ လျှပ်စီးတဖျတ်ဖျတ်လက်နေသော ဦးချိုနှစ်ချောင်းက သူ့နဖူးမှာ ပေါ်လာခဲ့၏။
"ရှေ့မှာ အားကောင်းတဲ့ လျှပ်စီးလက်စွမ်းအင် ရှိနေတယ်"
လဲ့နျို၏ မျက်လုံးများ တောက်ပလာသည်။
သူသည် မိုးကြိုးစွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်းရှိသော သားရဲတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သာမန်လူများထက် လျှပ်စီးစွမ်းအင်ကို ပိုမို ခံစားနိုင်စွမ်းရှိ၏။
"သွားရအောင်၊ ရှေ့နားမှာပဲ"
လဲ့နျိုက ဦးဆောင်ပြီး ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားခဲ့သည်။ သူတို့ပျံသန်းသော လမ်းကြောင်းကတော့ လုမင် သီးခြားလေ့ကျင့်နေသော တောင်ဆီသို့ပင် ဖြစ်တော့သည်။
မကြာမီ၊ လဲ့နျိုက လုမင် တိတ်တဆိတ်လေ့ကျင့်နေသော တောင်ပေါ်သို့ ရောက်လာခဲ့ကြသည်။
"သခင်လေး၊ ဒီတောင်မှာ တိတ်တဆိတ်လေ့ကျင့်နေတဲ့ သူတစ်ယောက်ရှိပုံရတယ်။ ဒါပေမဲ့ သူ့ရဲ့အရှိန်အဝါကိုကြည့်ရင်တော့ သူ့ရဲ့နယ်ပယ်က ဒီလောက် အားမကောင်းပါဘူး"
သူ့ဘေးမှ အဘိုးကြီးတစ်ယောက်က ပြောသည်။
"ရတနာ၊ မိုးကြိုးရတနာပဲ"
ထိုအချိန်တွင် လဲ့နျို၏နဖူးပေါ်ရှိ ဦးချိုနှစ်ချောင်းက လျှပ်စီးတဖျတ်ဖျတ် လက်လာသည်။ သူ၏ မျက်လုံးများကလည်း အလင်းရောင်တဖျတ်ဖျတ် တောက်ပလာတော့သည်။
ဤတောင်ပေါ်တွင် အလွန်အဖိုးတန်သော မိုးကြိုးရတနာတစ်ခု ရှိနေသည်အား သူ ခံစားနိုင်သည်။ ၎င်းက သူ့ကို အလွန်သွေးဆောင်စေသည့် မိုးကြိုးရတနာတစ်ခု ဖြစ်၏။
"ဒီတောင်ကို ဖြိုလိုက်ပါ။ အထဲက ရတနာကို ကျုပ်လိုချင်တယ်"
လဲ့နျို၏ မျက်လုံးများက တောက်ပသွားကာ ပြောလိုက်သည်။
"ကောင်းပြီ"
လူကြီးနှစ်ယောက်က ဦးညွတ်လိုက်သည်။ ထို့နောက် သူတို့ထံမှ အားကောင်းသော အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့၏။ အမှန်ပင်၊ ၎င်းက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ဖြစ်သည်။
တောင်တန်းများကဲ့သို့ ကြီးမားသော ဓားအလင်းနှစ်ခုက လေထုကို ဖြတ်ပြီး တောင်ပေါ်သို့ ခုတ်ချလိုက်သည်။
တောင်ကြီးက တို့ဟူးတုံးလို ကွဲကျသွား၏။
ထိုအချိန်တွင် လုမင်က မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်းကို နားလည်ဆင်ခြင်နေသည်။ ရုတ်တရက် သူ့အသိစိတ်က တုန်ခါသွားကာ နီးကပ်လာသောအန္တရာယ်ကို ခံစားလိုက်ရ၏။ သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားသည်။
"မင်း သေချင်နေတာပဲ"
လုမင် ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို အဆုံးမဲ့လျှပ်စီးများဖြင့် ရစ်ပတ်ထားပြီး အပျက်အစီးများထဲမှ အမြန်ပြေးထွက်လာခဲ့၏။ အရွယ်အစား အမျိုးမျိုးရှိသည့် ကျောက်တုံးများမှာ လုမင်၏ခန္ဓာကိုယ်မှ လျှပ်စီးများနှင့် ထိမိသည်နှင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"သတ်"
လုမင်က လျှပ်စီးကဲ့သို့ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် လူကြီးနှစ်ယောက်ဆီကို ပြေးသွားခဲ့၏။ သူက မိုးကြိုးနတ်ဘုရားပေါကကွဲခြင်းကို အသုံးပြုပြီး လက်သီးနှစ်ချက် ဆက်တိုက် ထုတ်ဖော်လိုက်တော့သည်။