← Chapters

အခန်း ၁၂၄၉

Vol. 84 Ch. 1249

အခန်း ၁၂၄၉

Vol. 84 Ch. 1249

အပိုင်း ( 1249 ) ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လင်းသခင်လေး။

"ထွက်သွား"

ရှဲ့နျန်ချင်းက အေးစက်စက်ဖြင့် ငေါက်လိုက်သည်။

"မင်းဘာပြောလိုက်တာလဲ"

ရေခဲနဂါး၏မျက်နှာက မည်းမှောင်သွားသည်။ သွေးနေမင်းတိုက်ကြီးမှ ပါရမီရှင်လည်း မျက်နှာသုန်မှုန်သွား၏။

"သူက မင်းကို ထွက်သွားခိုင်းနေတာ မင်းမကြားဘူးလား"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဟေ့ကောင်၊ ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ ပါးစပ်ပိတ်ထားစမ်း"

သွေး‌နေမင်းတိုက်ကြီးမှ ပါရမီရှင်က အေးစက်စက်ဖြင့် ကြိမ်းမောင်းပြီး လုမင်၏ပါးကို ဖြတ်ရိုက်လိုက်၏။

"ဖြန်း"

စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတစ်ယောက် နောက်ဆုတ်သွားရသည်။ ထိုသူမှာ လုမင်မဟုတ်ဘဲ သွေးနေမင်းတိုက်ကြီးမှ လူငယ်ပင် ဖြစ်၏။

သူ့မျက်နှာပေါ်တွင် လက်ဝါးပုံရိပ်တစ်ခု ပေါ်လာပြီး မျက်နှာတစ်ခြမ်း ယောင်ကိုင်းနေတော့သည်။

"မင်း... မင်း..."

သူ အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ဘဲ လုမင်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

သူက ဦးစွာလှုပ်ရှားခဲ့သူပင်။ သို့ရာတွင် လုမင်၏အမြန်နှုန်းက မြန်ဆန်လွန်းသဖြင့် သူ့ပါးပြင်ပေါ်သို့ ဦးစွာကျရောက်လာခဲ့သည်။ ယခုတော့ သူ့ဦးခေါင်းက တဆတ်ဆတ်တုန်ပြီး ကြောင်အသွားတော့သည်။

"လုမင်၊ မင်း ဘယ်လိုတောင် အတင့်ရဲပြီး ငါတို့ကို တိုက်ခိုက်ဝံ့တာလဲ။ ငါတို့က လင်းသခင်လေးကို ကိုယ်စားပြုတယ်ဆိုတာ မင်းသိရဲ့လား"

ရေခဲနဂါးက အော်ဟစ်လိုက်သည်။

"ထွက်သွား"

လုမင် ကြိမ်းမောင်းလိုက်၏။ သူ့ခန္ဓာကိုယ်မှ အေးစက်စက် သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသတ်ဖြတ်ချင်စိတ်က ရေခဲနဂါးကို တုန်လှုပ်သွားစေခဲ့ပေသည်။

တစ်ဖက်လူက လင်းသခင်လေးဖြစ်လျှင်ပင် မည်သူက ဂရုစိုက်မည်နည်း။

ဤအခြေအနေက တခြားတစ်ခုခုဖြစ်လျှင် ကောင်းနိုင်သည်။ သို့ရာတွင်၊ ရှဲ့နျန်ချင်းကို ထိပါးလာလျှင်တော့ လုမင်က မည်သူ့ကိုမျှ မျက်နှာသာမပေးနိုင်ပေ။

"ဟားဟားဟား"

ထိုအချိန်တွင် သီးသန့်ခန်းမှ ရယ်သံတစ်ခု ထွက်လာခဲ့သည်။ ထို့နောက် အဖြူရောင် ၀တ်စုံဝတ်ထားသည့် လူငယ်တစ်ဦး ထွက်လာခဲ့၏။

သူ့ကို ယခင်က လုမင် မြင်ဖူးသည်။ ထိုလူငယ်ကား ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ရောက်ရှိလာသော လူငယ်များအနက်မှ တစ်ဦးဖြစ်တော့သည်။

လင်းသခင်လေးက လုမင်၏ စားပွဲဆီသို့ အပြောင်းအလဲမရှိသော အမူအရာဖြင့် လျှောက်လာခဲ့သည်။ သူ့မျက်နှာက တည်ငြိမ်သော်လည်း သူ့မျက်လုံးများမှာ အေးစက်ပြီး မာနကြီး၏။ သူက လုမင်ကိုတစ်ချက်ကြည့်ပြီး ရှဲ့နျန်ချင်းအား ပြောလိုက်သည်။

"မိန်းကလေး၊ မင်းက မဆိုးပေမဲ့ ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ မွေးဖွားခဲ့တာ သနားစရာပဲ။ မင်း ငါ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိရဲ့လား။ အချိန်တန်ရင် ရွေးချယ်မှုမှာ ပါဝင်ဖို့ မလိုဘူး။ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တရားဝင်တပည့်ဖြစ်လာဖို့ တိုက်ရိုက်ဝင်ရောက်လိုက်ရုံပဲ"

ဤစကားများက သွေးနေမင်းတိုက်ကြီးမှ ပါရမီရှင်နှင့် ရေခဲနဂါးတို့ကိုပင် မနာလိုဖြစ်စေခဲ့သည်။

စားသောက်ဆိုင်ရှိ အခြားလူများလည်း မျက်လုံးများ တောက်ပလာခဲ့၏။ သူတို့အားလုံး ရှဲ့နျန်ချင်း၏ နေရာတွင် အစားထိုးရန်ပင် ဆန္ဒရှိခဲ့ကြသည်။

လင်းသခင်လေး၏ မျက်နှာပေါ်မှာလည်း ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ရှိနေခဲ့ပေသည်။ ဤမျှဆွဲဆောင်မှုရှိသော တောင်းဆိုချက်ကို ရှန်းရွှီတိုက်ကြီးရှိ မည်သူမျှ ငြင်းပယ်မှာ မဟုတ်ဘူးဟု သူယုံကြည်သည်။

"စိတ်မဝင်စားဘူး"

ရှဲ့နျန်ချင်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ ယင်းက လင်းသခင်လေး၏မျက်နှာကို တင်းမာသွားစေခဲ့သည်။

"မိန်းကလေး၊ ဒါကို မင်း သေသေချာချာ ပြန်စဉ်းစားရင် ကောင်းလိမ့်မယ်။ ဒါက မင်းအတွက် တစ်သက်မှာ တစ်ကြိမ် ရခဲတဲ့ အခွင့်အရေးတစ်ခုပဲ"

လင်းသခင်လေးက ဆက်ပြောလိုက်သည်။

"စိတ်မဝင်စားဘူးလို့ ငါပြောနေတယ်"

စိတ်မရှည်တော့ဟန်ဖြင့် ရှဲ့နျန်ချင်း မျက်မှောင်ကြုတ်သွားခဲ့၏။

တစ်ဖက်လူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်သည်ဟူသော အချက်ကြောင့်သာမဟုတ်လျှင် အစောကြီးကတည်းက သူမ လှည့်ထွက်သွားလိမ့်မည်။

"ဘယ်အရာက ကိုယ့်အတွက်ကောင်းမှန်း တကယ်မသိဘူး"

"အမြင်ကျဉ်းပြီး ကြောင်သူတော်လုပ်နေတယ်။ ခွေးမ"

ရေခဲနဂါးနှင့် သွေးနေမင်းတိုက်ကြီးမှ လူငယ်က တစ်ယောက် တစ်ပေါက် အော်ဟစ်လိုက်ကြသည်။

"ဝုန်း"

လုမင်ထံမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်လာခဲ့၏။ သူ၏ အေးစက်သောမျက်လုံးများက သွေးနေမင်းတိုက်ကြီးမှ လူငယ်လေးဆီသို့ ကျရောက်လာတော့သည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဒီစကားမျိုးကို ပြောပြီးမှတော့ မင်း သေမိန့်ချပြီးပြီ"

လုမင်၏ အေးစက်သောအကြည့်က သွေးနေမင်းတိုက်ကြီး၏ လူငယ်ကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း လင်းသခင်လေးအကြောင်းကို တွေးမိသောအခါ သတ္တိပြန်ကောင်းလာခဲ့၏။

"ငါပြောနေတာ ဘာဖြစ်လဲ။ လင်းသခင်လေးအရှေ့မှာ တိုက်ခိုက်ချင်သေးတာလား"

"သတ်"

လုမင် အေးစက်စက်ဖြင့် အော်လိုက်သည်။ သူက ရုတ်တရက်လှုပ်ရှားပြီး သွေးနေမင်းတိုက်ကြီးမှ လူငယ်လေးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

သွေးနေမင်းတိုက်ကြီးမှ လူငယ်လေးက သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိသည်။ သို့သော်လည်း လုမင်၏ လက်ဝါးကြောင့် သူ ထိတ်လန့်တုန်လှုပ်သွား၏။

ဤလက်ဝါးရိုက်ချက်က ကြောက်မက်ဖွယ် ဖိအားများလည်း ပါဝင်နေရာ သူ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

"သခင်လေးလင်း၊ ကူညီပါဦး"

သွေးနေမင်းတိုက်ကြီးမှ လူငယ်လည်း ထိတ်လန့်တကြားဖြင့် အော်လိုက်သည်။

"မင်းငါ့ရှေ့မှာ ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ"

လင်းသခင်လေး၏မျက်နှာက သုန်မှုန်သွားသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွား၏။ သူ၏ လှုပ်ရှားမှုကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ သူ့ခန္ဓာကိုယ်က လုမင်ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး လက်ဝါးနှင့် ရိုက်ချလိုက်သည်။

"ဒုန်း"

လုမင်၏လက်ဝါးက လင်းသခင်လေး၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ အနည်းငယ်တုန်ခါကာ ခြေတစ်လှမ်းစီ ဆုတ်သွားခဲ့၏။

'အဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်'

လုမင် သိလိုက်သည်။ လင်းသခင်လေး၏ ကျင့်ကြံခြင်းအခြေခံက အဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။

"ဟမ်"

လင်းသခင်လေးလည်း အနည်းငယ် အံ့ဩသွားသည်။ လုမင်က သူ့လက်ဝါးကို တားဆီးနိုင်မည်ဟု မမျှော်လင့်ထားပေ။ ယင်းက သူ့မျက်လုံးထဲမှ အေးစက်မှုကို ပိုပြင်းထန်လာစေခဲ့သည်။

"ထျန်းဖုန်းလက်ဝါး"

လင်းသခင်လေး၏လက်ဝါးက မိုးပြာရောင်အလင်းများ တောက်ပလာကာ လုမင်အား ရိုက်ချလိုက်သည်။

လင်းသခင်လေးက တာအိုသိုင်းပညာကို အသုံးပြုနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့အပြင် သူက တတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ဝုန်း"

လုမင်၏ လက်ဝါးပေါ်တွင် လျှပ်စီး အရိပ်အယောင်များ ရှိလာသည်။ သူက မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကို ထုတ်ဖော်ကာ လင်းသခင်လေး၏လက်ဝါးကို တစ်ဖန် ရိုက်ချလိုက်၏။

"ဒုန်း"

ရလဒ်အနေဖြင့်၊ နှစ်ယောက်စလုံး နောက်ပြန်ဆုတ်သွားရပြန်တော့သည်။

"မင်း သေချင်နေတာပဲ၊ သတ်"

လင်းသခင်လေး ဒေါသတကြီး ဖြစ်သွားသည်။ နှစ်ကြိမ်ဆက်တိုက် လုမင်ကို မဖိနှိပ်နိုင်သည့်အတွက် ရှက်ရွံ့မှုတို့ ဖြစ်လာခဲ့၏။ သူက လုမင်ကိုသတ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

"ဝှစ်"

လုမင်က နဝမနဂါးခြေလှမ်းကို အသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်က အရိပ်တစ်ခုကဲ့သို့ တဖျပ်ဖျပ်တောက်လာခဲ့၏။ သူက လင်းသခင်လေးကို ကျော်ဖြတ်ကာ သွေးနေမင်းတိုက်ကြီးမှလူငယ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

ဤတိုက်ခိုက်မှုက လျှပ်စီးလက်သလို မြန်သည်။ လင်းသခင်လေးတောင်မှ အချိန်မီ မတုံ့ပြန်နိုင်တော့ပါ။

သွေးနေမင်းတိုက်ကြီးမှ လူငယ် သွေးပျက်ခြောက်ခြားကာ မျက်လုံးပြူးသွားသည်။ သို့သော်လည်း နောက်အခိုက်တွင် လုမင်၏လက်ဝါးဖြင့် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွား၏။ တစ်ချက်တည်းဖြင့် သူ သေဆုံးသွားတော့သည်။

"ဟာ"

လူတော်တော်များများ အံ့အားသင့်သွားသည်။

ပထမအနေဖြင့်၊ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် သူတို့အားလုံး တုန်လှုပ်သွားသည်။ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင်က လုမင်အရှေ့တွင် ကလေးလေးကဲ့သို့ အားနည်းလွန်း၏။ သူ လုံးဝ မခုခံနိုင်တော့ပေ။

ဒုတိယအနေနှင့်ကတော့ လုမင်၏သတ္တိကြောင့် တုန်လှုပ်သွားမိသည်။ လုမင်က လင်းသခင်လေးအရှေ့တွင် သူနှင့်အတူရှိသော လူတစ်ဦးကို သတ်ဝံ့၏။ ဤသည်က လင်းသခင်လေး၏ မျက်နှာကို ပြောင်ပြောင်တင်းတင်း ဖြတ်ရိုက်လိုက်ခြင်းပင်။

တစ်ဖက်တွင် ရေခဲနဂါးလည်း မျက်နှာပျက်ပြီး အမြန်ပြန်ဆုတ်သွားခဲ့သည်။

လုမင်ကို မတွေ့ရသည်မှာ သိပ်မကြာသေးသော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ပိုအားကောင်းလာသည်ဟု ခံစားခဲ့ရသည်။ လုမင်က နောက်ဆုံးအကြိမ် သူနှင့်တိုက်ခိုက်စဉ်ကထက် အများကြီး ပိုသန်မာလာခဲ့၏။ ယင်းက ရေခဲနဂါးကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။

"ကောင်လေး၊ မင်း သေချင်နေတာပဲ။ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"

မျှော်လင့်ထားသည့်အတိုင်း၊ လင်းသခင်လေး၏ မျက်နှာက အလွန်အမင်း မှုန်ကုပ်သွား၏။ သူ့ခန္ဓာပေါ်တွင် မိုးပြာရောင် မီးတောက်တစ်ခုကဲ့သို့ အလင်းရောင်များ တောက်ပလာတော့သည်။

စားသောက်ဆိုင်ထဲတွင် အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့သည်။ စားသောက်ဆိုင်တွင်းမှ လူများလည်း အမူအရာပြောင်းကာ ကမန်းကတန်း ဆုတ်သွား၏။ ဤကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကြောင့် ထိခိုက်ခံရမည်ကို ကြောက်ရွံ့ကြသည်။

"ဟားဟားဟား၊ မင်းတစ်ယောက်တည်းနဲ့ မလုံလောက်မှာပဲ ငါကြောက်တာ။ မင်းက တိုက်ခိုက်ချင်နေရင် ငါလိုက်ပို့ပေးမယ်။ ငါတို့ အပြင်ထွက်ပြီး တိုက်ခိုက်ကြတာပေါ့"

လုမင်က ရယ်မောကာ ပြောလိုက်သည်။ သူက လင်းသခင်လေးကို လုံးဝ မျက်နှာသာမပေးပေ။

ထို့နောက်တွင် သူက စားသောက်ဆိုင်အပြင်ဘက်မှ ကောင်းကင်ယံ၌ ပေါ်လာခဲ့သည်။

"မင်းမလွတ်နိုင်ဘူး"

လင်းသခင်လေးကလည်း စားသောက်ဆိုင်အထက် ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။

"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင် တိုက်ခိုက်တော့မယ်"

ဤသတင်းက လေပြင်းကဲ့သို့ ခဏချင်း ပျံ့နှံ့သွားသည်။

"ဝှစ်... ဝှစ်... ဝှစ်"

မကြာမီ၊ မရေမတွက်နိုင်သော ပုံရိပ်များပေါ်လာပြီး အဝေးမှ ကြည့်နေ‌ကြတော့သည်။

"ဒါက တကယ်ပဲ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်လား။ ဒါနဲ့ အဲဒီလူငယ်က ဘယ်သူလဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ကို ဘယ်လိုတောင် တိုက်ခိုက်ဝံ့တာလဲ"

"ဘယ်လောက်တောင် ရဲတင်းလိုက်ပါလိမ့်။ လင်းသခင်လေးရဲ့ အဆင့်အတန်းကို မပြောရင်တောင် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့ဖွယ်ကောင်းလွန်းတယ်"

"အရှိန်အဝါကိုကြည့်ရင်တော့ လင်းသခင်လေးရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှာ ရောက်နေပြီ။ ဒါပေမဲ့ လင်းသခင်လေးက ကောင်းကင်နတ်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ပဲလေ။ သူ့ရဲ့ သိုင်းကျင့်စဉ်နဲ့ ပညာရပ်တွေက လုံးဝကို ထိပ်တန်းပဲ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်း ကြောက်စရာကောင်းမှာ သေချာတယ်။ ဒါတောင် အဲဒီလူက လင်းသခင်လေးကို တကယ်ကြီး တိုက်ခိုက်ဝံ့တယ်၊ သူက ဘယ်သူလဲ"

"ငါသူ့ကိုသိတယ်။ သူက တောင်ပိုင်းနတ်နန်းတော်... ရှမ်းဟွမ်တိုက်ကြီးက ဖြစ်ပုံပဲ"

"ရှမ်းဟွမ်တိုက်ကြီးဆိုတာ အဲဒီ နိမ့်ကျတဲ့အရပ်က မဟုတ်လား"

ပတ်ပတ်လည်တွင် ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

All Chapters