← Chapters

အခန်း ၁၂၅၀

Vol. 84 Ch. 1250

အခန်း ၁၂၅၀

Vol. 84 Ch. 1250

အပိုင်း ( 1250 ) သခင်လေးလင်းကို အနိုင်ယူခြင်း။

"ကောင်လေး၊ ငါ မင်းကို သုံးကွက်တည်းနဲ့ သတ်မယ်"

လင်းသခင်လေးက ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ မိုးပြာရောင်အလင်းများက အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်ကို ထိုးတက်သွား၏။

"ထျန်းဖုန်းလက်ဝါးတစ်ရာ"

လင်းသခင်လေးက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ မြောက်များစွာသောလက်ဝါးများက လုမင်ဆီသို့ တိုးဝင်သွားသည်။

လုမင်လည်း လှုပ်ရှားလိုက်၏။ သူက မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းကို အသက်သွင်းကာ နဂါးစွမ်းအင်ကိုးခုကိုလည်း ပေါက်ကွဲလိုက်တော့သည်။ သူက လက်သီးချက်ထုတ်ဖော်လိုက်သည်နှင့် မိုးကြိုးလျှပ်စီးများနှင့် ဖွဲ့စည်းထားသော ဖီးနစ်တစ်ကောင်သည် လင်းသခင်လေးဆီသို့ ပျံသန်းသွားခဲ့သည်။

"ဝုန်း"

မိုးကြိုးဖီးနစ်က လင်းသခင်လေး၏လက်ဝါးနှင့် ထိပ်တိုက်တွေ့သွားသည်။

"ချိုးဖြတ်လော့"

လင်းသခင်လေးက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

"ဝုန်း"

နှစ်ဖက် ထိပ်တိုက်တွေ့သည့်အခိုက်တွင် လင်းသခင်လေး၏ မိုးပြာရောင်လက်ဝါးက ပေါက်ကွဲသွား၏။ လက်ဝါးပုံရိပ်က အလွှာတရာရှိသော ကြောက်မက်ဖွယ် စွမ်းအားကို အမှန်တကယ် ထုတ်လွှတ်လာတော့သည်။

လုမင် ထုတ်ဖော်လိုက်သော မိုးကြိုးဖီးနစ်က ခဏချင်း ရှုံးနိမ့်သွားခဲ့သည်။

လက်ဝါးပုံရိပ်က လုမင်ဆီသို့ ဆက်လက် ဝင်ရောက်လာခဲ့၏။

"အမှိုက်ကောင် သေစမ်း"

လင်းသခင်လေးက အော်ဟစ်လိုက်သည်။

'ဘယ်လောက်တောင် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ကောင်းတဲ့ တာအိုသိုင်းပညာပါလိမ့်'

လုမင်၏ မျက်လုံးများက လှုပ်ရှားသွားသည်။ လင်းသခင်‌လေး၏ ဤတိုက်ခိုက်မှုနည်းလမ်းက အဆင့်နိမ့် တာအိုသိုင်းပညာတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ ၎င်းကိုလည်း သူက တတိယအဆင့်ထိသာ အောင်မြင်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းထံမှ ထွက်ပေါ်လာသောစွမ်းအားက အလွန်တရာ အားကောင်း၏။

လင်းသခင်လေး၏ တာအိုသိုင်းပညာက အရည်အသွေးမြင့်သည်ဟုသာ ပြောနိုင်သည်။ ၎င်းက မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းထက်ပင် ပို၍ ဆန်းကျယ်ပေလိမ့်မည်။

သို့သော်လည်း ယင်းက အဓိပ္ပာယ်ရှိသည်။ လင်းသခင်လေးသည် ‌ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တရားဝင်တပည့် ဖြစ်၏။ လုမင်ကတော့ စမ်းသပ်မှု ပထမအကျော့မှ တာအိုသိုင်းပညာကိုသာ သင်ယူထားခဲ့ခြင်း ဖြစ်သည်။ ထိုအတွက် သူ၏သိုင်းပညာက လင်းသခင်လေးထက် ပိုအားကောင်းရန် မဖြစ်နိုင်ပေ။

"အတားအဆီးမဲ့တဲ့ ကောင်းကင်သိုင်း"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။ လုမင်၏ လက်သီးက လင်းသခင်လေး၏ အလွှာတစ်ရာအင်အားကို ဖြတ်ကျော်သွားတော့သည်။

ထို့နောက်တွင် လုမင်က ရှေ့သို့တိုးပြီး နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။

ဤလက်သီးချက်သည် ရိုးရှင်းသော်လည်း ၎င်း၏စွမ်းအားက ကြောက်ခမန်းလိလိ အားကောင်းလှပေသည်။

လင်းသခင်လေးက လုမင်၏တိုက်ခိုက်မှုကို ချေဖျက်ရန် နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံ ထိုးနှက်ခဲ့သည်။ သို့သော်လည်း ပေါက်ကွဲသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် လင်းသခင်လေးမှာ နောက်သို့ ယိမ်းယိုင်သွားတော့သည်။

ယင်းက လူတိုင်းကို အံ့သြသွားစေခဲ့သည်။

ယွမ်လုတိုက်ကြီး၏ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးသည်ပင် လုမင်ကို အနိုင်မယူနိုင်သေးပေ။

ထို့ပြင် လုမင်က ရှမ်းဟွမ်တိုက်ကြီးမှ ဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး ဤမျှအစွမ်းထက်သနည်း။

"သတ်၊ သတ်၊ သတ်"

လူအုပ်ကြီး၏ အံ့အားသင့်သော အကြည့်များက လင်းသခင်လေးကို ရူးသွပ်သွားစေခဲ့သည်။ သူ၏ သတ်ဖြတ်ချင်စိတ်များက မိုးထိအောင် ဖြာတက်လာတော့သည်။

သူသည်ကား ယွမ်လုမှ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့် ဖြစ်သည်။ သူက မြို့ရွာမှ မင်းသားတစ်ပါးဖြစ်လျှင် လုမင်ကတော့ ဝေးလံခေါင်သီသော တောရွာမှ ဖြစ်၏။ သူတို့နှစ်ဦးက နှိုင်းယှဉ်စရာ လုံးဝ မရှိပေ။

ယခုမူကား သူ ဖိနှိပ်ခံနေရပြီ ဖြစ်သည်။

ယင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။ သူ့နှလုံးသားထဲမှ ဟိန်းဟောက်ကာ စွမ်းအင်များကို အရူးအမူး လှည့်ပတ်လိုက်တော့သည်။ လုမင်ကို အပိုင်းပိုင်းဖြတ်ပစ်ရန်ပင် သူ ဆန္ဒရှိခဲ့သည်။

"ဒါက ကောင်းကင်နတ်ဘုရားဂိုဏ်းက တပည့်တစ်ဦးရဲ့ အစွမ်းသတ္တိပဲလား။ ငါ့အမြင်အရတော့ မင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ဘာမှ ဟုတ်ပုံမရဘူး။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက် အားနည်းသွားနိုင်မှာလဲ"

လုမင်က လှောင်ပြောင်လိုက်သည်။

ယွမ်လုသည် ယွမ်လောက၏အမြုတေ ပင်မ ဖြစ်သည်။ ကျင့်ကြံသူများအတွက် ထိုနေရာမှာ မြင့်မြတ်နယ်မြေ ဖြစ်ခဲ့၏။ အုပ်စိုးရှင်အများအပြားက ယွမ်လုရှိ အဓိကအင်အားစုများနှင့် ပူးပေါင်းရန် နည်းလမ်းကုန် အသုံးပြုခဲ့ကြရလေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းသည် ယွမ်လုမှ အင်အားကြီးမားသော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ လင်းသခင်လေးသည်သာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်ပါက ဤမျှ အားနည်းနေမည် မဟုတ်ပေ။

လုမင်၏အမြင်တွင် ကောင်းကင်နတ်နတ်ဘုရားဂိုဏ်းမှ လင်းသခင်လေး၏ အဆင့်အတန်းမှာ အလွန်သာမန်ဖြစ်နိုင်သည်။

"အမှိုက်ကောင်၊ မင်း သေချင်နေတာပဲ"

လုမင်၏ စကားများက လင်းသခင်လေး၏အရှိုက်ကို ထိမှန်သွားပုံရပြီး ဒေါသတကြီးဖြစ် အော်ဟစ်လိုက်သည်။ သူ၏ စိတ်တည်ငြိမ်မှု လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ။

ဟုတ်သည်၊ လုမင်ပြောတာ မမှားပေ။

ကောင်းကင်နတ်နတ်ဘုရားဂိုဏ်းတွင် မရေမတွက်နိုင်သော ပါရမီရှင်များ ရှိခဲ့သည်။ သူလိုလူများကတော့ အောက်ခြေ၌သာ ရှိကြ၏။ သူတို့က နေ့စဉ်နှင့်အမျှ နှိမ့်ချကာ အခြားသူများမျက်နှာကို ကြည့်နေခဲ့ရသည်။

ထို့ကြောင့်ပင်၊ သူက ရှန်းရွှီတိုက်ကြီးသို့လာရန် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့သည်။ မူလက ရှန်းရွှီတိုက်ကြီး၌ သူ့အင်အားကို ထုတ်‌ဖော်ပြသနိုင်ပြီး ပျော်ရွှင်ရမည်ဟု သူထင်ခဲ့ပေသည်။ သို့သော်လည်း အမှိုက်တစ်ကောင်၏ ဖိနှိပ်ရမည်ဟု မမျှော်လင့်ထားပေ။

သူ လုံးဝ ရူးသွပ်သွားခဲ့သည်။

အော်ဟစ်သံနှင့်အတူ လင်းသခင်လေး၏ ဦးခေါင်းထက်တွင် မိုးပြာရောင် နတ်လင်းယုန်ကြီးတစ်ကောင် ပေါ်လာခဲ့သည်။ သံသယမရှိဘဲ၊ ၎င်းက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက် ဖြစ်၏။ သူ့ခန္ဓာကိုယ်မှ မိုးပြာရောင် အလင်းတန်းများ ထွက်လာတော့သည်။

လင်းသခင်လေးက နတ်လင်းယုန်ငှက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက အစွမ်းကုန်သုံးပြီး လုမင်ကို သတ်ဖြတ်ပေတော့မည်။

"တော်လောက်ပြီ"

ထိုအချိန်တွင် အရှိန်အဝါကြီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ ကောင်းကင်ယံတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာခဲ့၏။

ထိုသူသည်ကား ဆံဖြူအဘိုးကြီးနောက်မှ လိုက်ပါလာသော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တမန်တော်လည်း ဖြစ်တော့သည်။

သူက ပေါ်လာသည်နှင့် လင်းသခင်လေးရှေ့တွင် ရပ်လိုက်သည်။

"မဟုတ်ဘူး၊ ဒီအမှိုက်က ကျွန်တော်ကို စော်ကားဝံ့တယ်။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်းကို သူ့မျက်လုံးထဲတောင် ထည့်ထားတာမဟုတ်ဘူး။ ကျွန်တော် သူ့ကို သတ်ပစ်မယ်"

လင်းသခင်လေးက ဒေါသတကြီးဖြင့် အော်လိုက်သည်။

"တော်လောက်ပြီ၊ မင်း ကိုယ့်ကိုကိုယ် အရှက်ခွဲနေတာ မလုံလောက်သေးဘူးလား။ သင်းထောက်က မင်းကို ပြန်ခေါ်လာခိုင်းလိုက်တယ်"

လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

'သင်းထောက်' ဟူသော စကားကို ကြားရသည်နှင့် လင်းသခင်လေးမှာ အလွတ်ကြောက်ရွံဟန်ဖြင့် တုန်လှုပ်သွားသည်။ ထို့နောက်တွင် လူသားအသွင်ပြန်ပြောင်းပြီး လုမင်အား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။

"ကောင်လေး၊ ဒီနေ့ မင်းကို လွှတ်လိုက်မယ်။ ဒါပေမယ့် ဒီကိစ္စက မပြီးသေးဘူး"

လင်းသခင်လေးက အေးစက်စက် စကားတစ်ခွန်းကို ချန်ထားခဲ့ပြီး ‌လှည့်ထွက်သွားတော့သည်

လူလတ်ပိုင်းအရွယ် အမျိုးသားကတော့ လုမင်ကို အပြောင်းအလဲမရှိသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူဘာတွေတွေးမှန်းတော့ မည်သူမျှမသိပေ။ ထို့နောက်တွင် သူလည်း လှည့်ထွက်သွားခဲ့သည်။

တိုက်ပွဲတစ်ခုသည်လည်း ထိုကဲ့သို့ ပြီးဆုံးသွားလေသည်။ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများလည်း နှမြောစရာကောင်းသလို ခံစားလိုက်မိသည်။

"ဒီလုမင်က လင်းသခင်လေးကို စော်ကားဝံ့တာပဲ။ သူ့အတွက် အရာတွေက ခက်ခဲလာတော့မယ်လို့ ငါထင်တယ်"

"ကောင်းကင်နတ်ဘုရားဂိုဏ်းက သူ့ကို ရွေးချယ်ဖို့ မလွယ်တော့ဘူး"

လူတချို့ ဆွေးနွေးလိုက်ကြသည်။

"ရှောင်ချင်း၊ သွားကြရအောင်"

လုမင်က ရှဲ့နျန်ချင်းအနားသို့ ပြန်ရောက်လာခဲ့သည်။

"လုမင်၊ ငါ့ကြောင့် နင် ဒုက္ခများရပြီ။ ကောင်းကင်နတ်ဘုရားဂိုဏ်းကို နင် မဝင်နိုင်မှာ ငါကြောက်တယ်"

ရှဲ့နျတ်ချင်းက ပြောလိုက်သည်။

"ငတုံးမလေး၊ ငါ မဝင်နိုင်ရင်လည်း ဘာမှမဖြစ်ပါဘူး။ အလွန်ဆုံး ငါတို့ ယွမ်လုကို ကိုယ်တိုင်သွားပြီး ဂိုဏ်းဝင်ဖို့ ရှာကြရုံပေါ့"

လုမင်က ရှဲ့နျန်ချင်း၏ နှာသီးဖျားကို လက်နှင့်တို့ပြီး ပြုံးလိုက်သည်။

နှစ်ယောက်သား နေအိမ်သို့ ပြန်ခဲ့ကြလေသည်။

နေ့ဝက်ကြာသောအခါ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ဒုတိယအကျော့ရွေးချယ်မှု စတင်ရန် ပြင်သည်။

လမ်းကြောင်းလေးခုမှ နတ်နန်းတော်များ၏ ကျန်ရှိသော ပါရမီရှင်ငါးရာတို့လည်း ကောင်းကင်တိုင်တောင်ထိပ်တွင် စုဝေးခဲ့ကြလေသည်။

"ဘာတွေဖြစ်နေတာလဲ၊ လဲ့နျိုက ဘာဖြစ်လို့ ဒီကိုမရောက်သေးတာလဲ"

အနောက်ပိုင်း နတ်နန်းတော်မှ ဦးဆောင်လူကြီးက မျက်မှောင်ကြုတ်လိုက်သည်။

လဲ့နျိုသည် အနောက်ပိုင်း နတ်နန်းတော်၏ အစွမ်းထက်ဆုံး ပါရမီရှင် သုံးဦးထဲမှ တစ်ဦး ဖြစ်၏။ သူ၏ လက်တစ်ဖက်ကို ဆုံးရှုံးသွားသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ လွန်အားကောင်းဆဲ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူ့ကိုရွေးချယ်ရန် အခွင့်အလမ်း ရှိနေဆဲပင်။ ထို့ကြောင့်ပင် အနောက်ပိုင်းနတ်နန်းတော်က လဲ့နျိုအတွက် မျှော်လင့်ချက်များစွာ ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် လဲ့နျိုကို အရိပ်အယောင်မျှ မတွေ့ရသောကြောင့်၊ ဦးစီးလူကြီးမှာ မကောင်းသော ခံစားချက်ကို ခံစားလာရတော့သည်။

"လဲ့နျိုက သူ့ကိုယ်သူ ကုသဖို့နဲ့ လေ့ကျင့်မို့ မိုးကြိုးဒေသကို သွားနေတယ်လို့ ကြားတယ်"

လူငယ်တစ်ဦးက ပြောသည်။

"မိုးကြိုးဒေသမှာ မတော်တဆမှုတစ်ခုနဲ့ သူတွေ့ခဲ့တာများလား"

"သူနဲ့အတူ ကျွမ်းကျင်သူတွေ ခေါ်သွားတယ်လို့ ကြားတယ်။ အဓိပဓိနယ်ပယ်က ကျွမ်းကျင်သူတွေတောင် ရှိသေးတယ်"

အနောက်ပိုင်း နတ်နန်းတော်မှ ပါရမီရှင်များက တီးတိုး ဆွေးနွေးလိုက်ကြသည်။

သို့သော်လည်း အချိန်ကြာကြာမြင့်လာခဲ့သည့်တိုင် လဲ့နျိုကို မတွေ့ရသေးပေ။ သူ မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီမှန်း လူများစွာ ခန့်မှန်းမိလာခဲ့ကြသည်။

မဟုတ်ပါက သူ မပေါ်လာရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် ဤသည်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်ရွေးချယ်မှုနေ့ ဖြစ်သည်။

ကောင်းကင်တွင် ပုံရိပ်ခြောက်ခု ပေါ်လာခဲ့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများ ရောက်လာခဲ့ကြပြီ။

ခေါင်းဆောင်ကတော့ ယခင် ဆံဖြူအဘိုးကြီးပင် ဖြစ်သည်။ သူ့နောက်တွင် ထွားကြိုင်းသော လူနှစ်ယောက် ရှိ၏။ သူတို့နောက်မှာတော့ လင်းသခင်လေးအပါအဝင် လူငယ်သုံးယောက် ရှိပေသည်။

သူ့အကြည့်များက လုမင်အပေါ်သို့ ရောက်လာသောအခါ အေးစက်စက်အလင်းတစ်ခု လင်းလက်သွားခဲ့သည်။

'ကောင်လေး၊ ကောင်းကင်နတ်ဘုရားဂိုဏ်းကိုဝင်ချင်ရင် မင်း အိပ်မက်မက်နေတာပဲ။ ဒီရွေးချယ်မှုပြီးရင် အခွင့်အရေးရှာပြီး မင်းကိုသတ်မယ်'

လင်းသခင်လေးက တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။

"ကိုင်း၊ ဒုတိယအကျော့အတွက် အစီအစဉ်တွေ ပြီးသွားပြီ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံဖြူအဘိုးကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အဆုံးမဲ့ ကမ္ပည်းစာများက ကောင်းကင်တွင် ရုတ်တရက် ပေါ်လာခဲ့၏။ သို့သော်လည်း ထိုအချိန်တွင် လေထဲမှ အလင်းတံခါးများက တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

All Chapters