← Chapters

အခန်း ၁၂၅၁

Vol. 84 Ch. 1251

အခန်း ၁၂၅၁

Vol. 84 Ch. 1251

အပိုင်း ( 1251 ) ယွမ်လုမှ အင်အားစုများ ထပ်မံရောက်လာခြင်း။

အလင်းတံခါးများက လေထဲတွင် လွင့်မျောနေသည်။ တစ်ချက်ကြည့်လိုက်လျှင် အလင်းတံခါး ငါးရာကျော် ရှိ၏။

ထို့ပြင်၊ အလင်းတံခါးများက ဟင်းလင်းပြင်စွမ်းအားတို့ဖြင့် တုန်ခါနေသည်။ ဝိညာဉ်အသိဖြင့် ခံစားကြည့်လျှင်တော့ ဟင်းလင်းပြင်လမ်းကြောင်းများကို ပေါ်လွင်စေခြင်းဖြစ်ကြောင်း သိလိမ့်မည်။ သို့ရာတွင် သာမန်မျက်စိဖြင့်တော့ မြင်တွေ့နိုင်ရန် ခက်ခဲသည်။

"ဒီအလင်းတံခါးတိုင်းက ဟင်းလင်းပြင်လမ်းရဲ့ ဝင်ပေါက်ကို ကိုယ်စားပြုပြီး ဟင်းလင်းပြင်လမ်းတိုင်းမှာလည်း စမ်းသပ်မှုတွေ အမျိုးမျိုးရှိတယ်"

"နောက်ပြီးတော့ ဟင်းလင်းပြင်လမ်းနှစ်ခုစီက အမှတ်မထင် ဆုံတွေ့ရနိုင်တယ်။ အဲဒီတွေ့ဆုံမှုက မင်းတို့ရဲ့ တိုက်ပွဲမြေပြင်ပဲ၊ အနိုင်ရတဲ့သူပဲ ရှေ့ဆက်သွားနိုင်လိမ့်မယ်"

"ဒါ့အပြင်၊ တွေ့ဆုံမှုက တိုက်ပွဲတွေကို ငါတို့အားလုံး မြင်နေကြရမှာ။ ဒါကြောင့် မင်းတို့ အစွမ်းကုန်လုပ်ရမယ်"

ဆံပင်ဖြူ အဘိုးကြီးက ရှင်းပြလိုက်သည်။

'ကောင်းလိုက်တဲ့ ရွေးချယ်မှုနည်းလမ်း'

လုမင် မှတ်ချက်ချလိုက်မိ၏။

လူငါးရာကျော်က ဟင်းလင်းပြင်လမ်းများထဲသို့ ဝင်ရမည်။ ပထမစမ်းသပ်မှုကို အောင်မြင်သောအခါ အခြားတစ်ဦးနှင့် အမှတ်မထင် တွေ့ဆုံကြရမည် ဖြစ်၏။ ထိုနှစ်ဦးက တိုက်ခိုက်ရပြီး အောင်နိုင်သူသာ ရှေ့ဆက်သွားနိုင်မည် ဖြစ်သည်။ ရှုံးနိမ့်သူကတော့ ဖယ်ထုတ်ခံရလိမ့်မည်။

အသန်မာဆုံးလူကို မဆုံးဖြတ်မချင်း ဤအရာက ဆက်လက်ရှိနေမည်ဖြစ်သည်။

ထို့အပြင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကလည်း ဤမြင်ကွင်းကို အပြင်ဘက်မှ မြင်နိုင်သည်။ ထို့ကြောင့် သူတို့က လူတိုင်း၏စွမ်းဆောင်ရည်ကို စောင့်ကြည့်ကာ အသင့်တော်ဆုံးတပည့်များကို ရွေးချယ်နိုင်လိမ့်မည်။

"ကောင်းပြီလေ၊ မင်းတို့ရဲ့လမ်းကို ရွေးချယ်ပြီးတော့ ဝင်လ.."

ဆံပင်ဖြူ အဘိုးကြီးက ကြေငြာလိုက်သည်။ သို့သော်လည်း စကားမဆုံးမီပင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်တွင် ရှေးကျသော ပလ္လင်ကိုးခု လွင့်မျောနေသည်။

ဒဏ္ဍာရီမှတ်တမ်းများအရ ယဇ်ပလ္လင်ကိုးခုသည်၊ ရှေးယခင်က ယွမ်လုရှိ အင်အားစုကြီးကိုးခုနှင့် ချိတ်ဆက်ခဲ့သည်ဟု ဆိုထားသည်။ ၎င်းတို့က ဟိုဘက် သည်ဘက်ကို ဆက်သွယ်ပေးထားသော ဟင်းလင်းပြင်လမ်းကြောင်းများ ဖြစ်ချေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းသည်လည်း ထိုရှေးပလ္လင်တစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။

ဤအခိုက်တွင် ကျန်ပလ္လင်ရှစ်ခုအနက် တစ်ခုက ထွန်းလင်းတောက်ပလာခဲ့သည်။

ဤမြင်ကွင်းက လူတိုင်း၏နှလုံးသားကို တုန်လှုပ်စေခဲ့၏။

ရှေးပလ္လင် ထွန်းလင်းတောက်ပနေခြင်းမှာ နောက်ထပ် အင်အားစုကြီးတစ်ခု ရောက်ရှိလာခြင်း ဖြစ်မည်လော။

"ဘုရားရေ၊ ကောင်းကင်နတ်ဘုရားဂိုဏ်း ရောက်လာတာတောင် အံ့ဩစရာဖြစ်နေပြီ။ အခု ယွမ်လုရဲ့ အခြား အင်အားစုကြီးလည်း ထပ်လာနေတာများလား"

"သေချာတယ်၊ ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးကြီးပဲ"

လူအများက စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်။ သိုင်းအုပ်ချုပ်သူများပင်လျှင် ပလ္လင်များကို စိုက်ကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေကြတော့သည်။

"ဘာတွေဖြစ်နေတာလဲ၊ ဘယ်အင်အားစု ရောက်လာတာလဲ"

ဆံပင်ဖြူအဘိုးကြီးနောက်မှ လူတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဆံပင်ဖြူ အဘိုးကြီးလည်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။

"ဝမ်"

ထိုစဉ်၊ ပလ္လင်က အနည်းငယ် တုန်လှုပ်သွားကြသည်။ ကမ္ပည်းစာများစွာ ထွန်းလင်းလာပြီး အလင်းရောင်ကလည်း ပို၍ တောက်ပလာကြ၏။

နောက်ဆုံးတွင် ရှေးပလ္လင်မှ ရုပ်ပုံအချို့ ထွက်ပေါ်လာတော့သည်။

စုစုပေါင်းငါးယောက်ရှိခဲ့သည်။ ၎င်းတို့ထဲမှ နှစ်ဦးမှာ လူငယ်များဖြစ်ပြီး ကျန်သုံးဦးကတော့ လူလတ်ပိုင်း အမျိုးသားများနှင့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြသည်။ သို့သော်လည်း အခြေအနေအရ ကြည့်လျှင် လူလတ်ပိုင်း အမျိုးသမီးက ခေါင်းဆောင်ဖြစ်ပုံရပေသည်။

၎င်းတို့ငါးဦးစလုံးက ဓားရှည်များကို ကျောတွင် လွယ်ပိုးထားကြသည်။ ထို့ပြင် ထူးဆန်းသည့်ပုံစံ ရေးထိုးထားသည့် ခရမ်းရောင်ဝတ်စုံများကို ၀တ်ဆင်ထားကြလေသည်။

"ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီး၏ အမူအရာက ပြောင်းလဲသွားသည်။

"ကြည့်ရတာ ငါတို့ နောက်မကျသေးတဲ့ပုံပဲ"

ဓားတစ်လက်ကို ကျောမှာလွယ်ထားသော လူလတ်ပိုင်း အမျိုးသမီးက ပြောလိုက်သည်။

"ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၊ မင်းတို့ ဒီမှာ ဘာလုပ်ကြတာလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံဖြူအဘိုးကြီးက အေးစက်စက်ဖြင့် ပြောသည်။

"ငါတို့ရဲ့ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှာ ပါဝင်ဖို့ ပါရမီရှင်လူငယ်တွေကို ရွေးချယ်ရအောင် လာတာလေ။ ဘာလဲ... ငါတို့ကို မကြိုဆိုဘူးလား"

သက်လတ်ပိုင်း အမျိုးသမီးက ပြုံးလိုက်၏။

"ဟမ့်၊ ငါတို့ ကောင်းကင်နတ်ဘုရားဂိုဏ်းက ရှန်းရွှီတိုက်ကြီးကို ပထမဆုံး ရောက်လာတာ။ ဒီအရာအားလုံးကိုလည်း ငါတို့ပဲ စီစဉ်ထားခဲ့ရတာ"

ဆံပင်ဖြူ အဘိုးကြီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"နင်တို့က ငါတို့ထက် ခြေတစ်လှမ်းပဲ ဦးသေးတာပါ။ ဒါ့ပြင် ဒါတွေအားလုံးကို ပြုလုပ်ဖို့ ဘယ်လောက်ကြိုးစားရမှာလဲ။ ရှန်းရွှီတိုက်အဖွဲ့အစည်းက နင်တို့ ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ ငါတို့ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းကလည်း သဘာဝအတိုင်း လာနိုင်တယ်"

လူလတ်ပိုင်း အမျိုးသမီးက လျစ်လျူရှုစွာ ပြောလိုက်သည်။

တစ်ဖက်တွင်၊ ရှန်းရှီတိုက်အဖွဲ့အစည်းမှ လူများက ဤမြင်ကွင်းကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားတော့သည်။

ယွမ်လုမှ နောက်အင်အားစုကြီးတစ်ခု ရောက်လာသည်။ ထို့အပြင် သူတို့ကလည်း တပည့်များကို စုဆောင်းရန်အတွက် ဤနေရာကို လာကြခြင်း ဖြစ်၏။ ဤသို့ဖြင့် ရွေးချယ်ခံရရန် အခွင့်အလမ်းက ပိုများမည်မှာ သေချာသည်။

အထူးသဖြင့်၊ ပါရမီရှင် လူငယ်လေးများမှာ အလွန်တရာ ဝမ်းသာသွားတော့သည်။

"ဝမ်"

ဤအခိုက်တွင် ၎င်းတို့အပေါ်ရှိ ရှေးပလ္လင်က တစ်ဖန်တုန်ခါပြီး အလင်းရောင်များကို ထုတ်လွှတ်လာပြန်သည်။

လူတိုင်း အံသြသွားကြသည်။

"အဲဒါက ထပ်ပြီး လှုပ်ရှားနေတယ်ဟေ့။ တခြား ယွမ်လုအင်အားစုကြီးများ ရောက်လာတော့မှာလား"

"ဘာတွေဖြစ်နေတာလဲ၊ အရင်တုန်းကဆိုရင် ယွမ်လုအင်အားစုကြီးတွေက တပည့်တွေကိုစုဆောင်းဖို့ ရှန်းရွှီတိုက်အဖွဲ့အစည်းကို တစ်ခါမှ မလာဖူးဘူး။ ဒီတစ်ခါမှ အင်အားစု‌တွေ ဘာဖြစ်လို့ ဒီလောက်များနေရတာလဲ"

"ကောင်းတယ်၊ ဒါက အရမ်းကောင်းတာပဲ"

အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူတို့၏ မျက်လုံးများ ပြူးကျယ်လာကြ၏။

အကြောင်းမှာ ထိုရှေးပလ္လင်အပြင် အခြား ရှေးပလ္လင်ကလည်း အလင်းရောင် တောက်ပလာသောကြောင့်ပင်။

ရှန်းရွှီတိုက်အဖွဲ့အစည်းမှ လူများ လုံးဝ အေးခဲသွားကြသည်။

ယွမ်လုမှ အင်အားစုကြီးများက တစ်ခုပြီးတစ်ခု ရောက်လာသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူအဘိုးကြီးနှင့် အခြားသူများမှာတော့ အမူအရာ မှုန်ကုပ်နေတော့သည်။

"ဝမ်... ဝမ်"

ရှေးပလ္လင်နှစ်ခုက ခပ်တိုးတိုးအသံနှစ်ခု ထုတ်လွှတ်လိုက်သည်။ ၎င်းတို့တစ်ခုစီတွင် ရုပ်ပုံအချို့ ပေါ်လာကြ၏။

ပလ္လင်တစ်ခုပေါ်တွင် လူရိပ်ငါးခု ပေါ်လာခဲ့သည်။ သူတို့အားလုံးက ယောက်ျားများဖြစ်ကာ အရှိန်အဝါကြီး၏။ သူတို့က သားရဲဘုရင်များကဲ့သို့ပင် ဖြစ်သည်။

တစ်ဖက်မှာတော့ လူရိပ်ခြောက်ခု ပေါ်လာသည်။ ၎င်းတို့တစ်ဦးစီတွင် ကြီးမားလှသော နတ်ဆိုးအရှိန်အဝါများရှိပြီး ကမ္ဘာကြီးကို တုန်လှုပ်စေသည်။

နှစ်ဖက်စလုံးမှာတော့ သူတို့နောက်ကို လိုက်နေသော ပါရမီရှင် လူငယ်များ ရှိပေသည်။ ၎င်းတို့က တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက် ကြည့်လိုက်ကြသည်။

"ကောင်းကင်နတ်ဆိုးဂိုဏ်း၊ နဂါးနတ်ဘုရားတောင်ကြား"

ဆံပင်ဖြူအဘိုးကြီးက လေးနက်သောအကြည့်ဖြင့် မျက်တောင်ခတ်ကာ ရေရွတ်လိုက်သည်။

"ဟားဟားဟား၊ ငါတို့ နောက်မကျသေးဘူးထင်တယ်။ ကောင်းကင်နတ်ဘုရားဂိုဏ်းက မအောင်မြင်သေးဘူး"

သားရဲဘုရင် အရှိန်အဝါတို့ ပြည့်နှက်နေသော လူကြီးတစ်ယောက်က ရယ်မောလိုက်သည်။ သူတို့က နဂါးနတ်ဘုရားတောင်ကြားမှ ဆင်းသက်လာသူများ ဖြစ်ချေသည်။

"ငါတို့က နောက်ကျရုံလေးပါပဲ"

နတ်ဆိုးရောင်ဝါများဖြင့် ပြည့်နှက်နေသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူကြီးတစ်ယောက်က ပြော၏။ ၎င်းက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဖြစ်သည်။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် နဂါးနတ်ဘုရားတောင်ကြားမှ လူများက ရှေ့သို့လှမ်းကာ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများနှင့်အတူ ရပ်လိုက်သည်။

"မင်းတို့ အခုမှလာတာက လွယ်လွန်းတာပေါ့။ အရာအားလုံးကို ငါတို့ စီစဉ်ခဲ့ရတာ"

ဆံပင်ဖြူအဘိုးကြီးက ပြောလိုက်သည်။

"ဒါက အသေးအဖွဲပြင်ဆင်မှုလေးတစ်ခုပါပဲ၊ သူ့ရဲ့တန်ဖိုးကို ငါတို့ ပေးလျော်လို့ရတယ်"

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ လူလတ်ပိုင်းအမျိုးသမီးက ပြောသည်။

"မှန်တယ်၊ ဒါ အသေးအမွှားကိစ္စပဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူကြီးကလည်း လှောင်ပြောင်လိုက်၏။

နောက်ဆုံးတွင်၊ ဆံပင်ဖြူအဘိုးကြီးလည်း တပည့်ရွေးချယ်ခြင်းတွင် အခြားအင်အားစုသုံးခုကို ပါဝင်ခွင့်ပေးရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ဤအင်အားစုသုံးခုစလုံးက ယွမ်လုတွင် ကောင်းကင်နတ်ဘုရားဂိုဏ်းထက် အားနည်းသည်မဟုတ်ပါ။ သူတို့အားလုံးက တူညီသော အဆင့်ရှိ အင်အားစုများ ဖြစ်ခဲ့သည်။

နေရာမှ ပါရမီရှင်လူငယ်ငါးရာကျော်လည်း စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ အရောင်လက်နေကြတော့သည်။

ယွမ်လုရှိ အဓိကအင်အားစုကြီးလေးခုက တပည့်စုဆောင်းရန် ရောက်လာသည်။ ဤသည်က ထိပ်တန်းအခွင့်အရေးဖြစ်၍ သူတို့အးလုံး မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။ ဤအခွင့်အရေးကို ကောင်းစွာဆုပ်ကိုင်မည်ဟုလည်း စိတ်ထဲမှ ကျိန်ဆိုလိုက်တော့သည်။

"ကောင်းပြီ။ အခု မင်းတို့ စလို့ရပြီ"

ဆံပင်ဖြူအဘိုးကြီးက လုမင်နှင့် တခြားသူများကို တစ်ဖန်ကြည့်လိုက်သည်။

"သွားမယ်၊ ဒါ ငါ့အခွင့်အရေးပဲ၊ ငါ ယွမ်လုရဲ့ အဓိက အင်အားစုတွေနဲ့ ပူးပေါင်းရမယ်။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ပြီး သူတော်စင်တစ်ယောက် ဖြစ်လာရမယ်။ အထွတ်အထိပ်ကို ငါ ရောက်ရစေမယ်"

"ငါ့ကို ဘယ်သူမှတားလို့မရဘူး"

ပါရမီရှင်များက တောက်ပနေသော မျက်လုံးများဖြင့်ကြည့်ကာ အလင်းတံခါးဆီသို့ အပြေးအလွှား လျှောက်သွားခဲ့သည်။

"ဝှစ်... ဝှစ်"

ပါရမီရှင် အသီးသီးက အလင်းတံခါးများဆီသို့ စိတ်လှုပ်ရှားစွာ ပြေးဝင် ပျောက်ကွယ်သွား၏။

"ရှောင်ချင်း၊ သွားကြရအောင်"

လုမင်က ရှဲ့နျန်ချင်းကို ကြည့်လိုက်သည်။ ရှဲ့နျန်ချင်း ခေါင်းညိတ်ပြလိုက်၏။ သူတို့နှစ်ယောက်လည်း အလင်းတံခါးဆီသို့ ပြေးသွားကြတော့သည်။

"မင်း၊ ဒီမှာ ရပ်လိုက်စမ်း"

ထိုအချိန်တွင် အေးစက်စက်အသံတစ်ခုကို ကြားလိုက်ရသည်။ လူတစ်ယောက်က လုမင်ရှေ့တွင် ပေါ်လာပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

၎င်းမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင် လင်းသခင်လေး ဖြစ်တော့သည်။

လင်းသခင်လေး၏မျက်နှာက အလွန်မည်းမှောင်နေသည်။ မူလအတိုင်း ကောင်းကင်နတ်ဘုရားဂိုဏ်းတစ်ခုသာရှိလျှင် လုမင်ကို ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ မ၀င်ရောက်စေရန် တားဆီးရန် နည်းလမ်းရှိသည်။ ထို့နောက် လုမင်ကို အခွင့်အရေးရှာပြီး သတ်နိုင်ပေလိမ့်မည်။

All Chapters