← Chapters

အခန်း ၁၂၅၆

Vol. 84 Ch. 1256

အခန်း ၁၂၅၆

Vol. 84 Ch. 1256

အပိုင်း ( 1256 ) ပထမ။

တိုက်ပွဲတွင် ရှုံးနိမ့်သည်နှင့် ဟင်းလင်းပြင်က တွန့်လိပ်သွားကာ လူငယ်မှာ အပြင်ဘက်သို့ တယ်လီပို့(တည်နေရာရွှေ့ပြောင်းခြင်း) ခံလိုက်ရသည်။

တိုက်ပွဲစင်မြင့်ရှေ့တွင် နောက်ထပ် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုပေါ်လာခဲ့၏။ လုမင်လည်း ထိုအထဲသို့ ခြေလှမ်းကာ ဝင်ရောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အခြားတိုက်ပွဲစင်မြင့်များမှ ဟင်းလင်းပြင်လမ်းများ ထပ်မံပေါ်လာခဲ့သည်။ ပင်ခုန်း၊ ရီတျန်၊ ကျစ်ဝူကျိ၊ ကျန့်ကျန်းနှင့် အခြားသူများကလည်း ၎င်းတို့၏ပြိုင်ဘက်များကို အလွယ်တကူအနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်လှမ်းခဲ့ပေသည်။

ရှမ်းဟွမ်တိုက်ကြီးဘက်တွင် လုံချန်က ၎င်း၏ပြိုင်ဘက်ကို အလွယ်တကူအနိုင်ယူကာ နောက်တစ်ဆင့်သို့ ဝင်ရောက်ခဲ့သည်။ ရှဲ့နျန်ချင်းကမူ ယခုအခါ ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေခဲ့၏။ အထွတ်အမြတ်တည်ရှိမှု၏ အမွေကိုလည်း ရရှိထားခဲ့‌သေးသည်။ ထို့ပြင် သူမ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းပြီး နောက်တစ်ဆင့်ကို တက်သွားသည်။

ထို့အပြင်၊ ရှဲ့နျန်ကျွင်းကလည်း ဤကာလအတွင်း၌ ကံကောင်းခြင်းတစ်မျိုးမျိုး ကြုံတွေ့ခဲ့ရပုံရှိပေသည်။ သူမ၏ လေ့ကျင့်မှုက များစွာ တိုးတက်လာခဲ့သည်။ သူမက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဆဌမအဆင့်သို့ပင် အမှန်တကယ် ဝင်ရောက်ခဲ့၏။ သူသည်လည်း ပြိုင်ဘက်ကို အနိုင်ယူကာ နောက်တစ်ဆင့်သို့ ဝင်ရောက်ခဲ့တော့သည်။

ရဟန်းဝူလျန့်၊ ရန်ပိုထျန်းတို့သည်လည်း ကံတရားဖြင့် ဖြတ်သန်းခဲ့ကြသည်။ သို့သော်လည်း မင်ကျစ်နှင့် ဝူယွဲ့ဗောဓိသတ္တမှာ အစွမ်းထက် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရပြီး ရှုံးနိမ့်ခံခဲ့ရပေသည်။

အပြင်ဘက်တွင်...

မရေမတွက်နိုင်သော လူများက စောင့်ကြည့်နေကြသည်။ ယွမ်လု၏ အင်အားကြီးလေးခုမှ ကျွမ်းကျင်သူများကလည်း ၎င်းတို့၏ ဂိုဏ်းများအတွက် သင့်လျော်သော ပျိုးပင်ကောင်းများ ရှိမရှိကို ဂရုတစိုက် စောင့်ကြည့်နေကြ၏။

မကြာခင်မှာပဲ ပထမအဆင့် ပြီးလုနီးပါး ဖြစ်သွားပြီ။

မူလက လူငါးရာကျော် ရှိသည်။ လူတစ်ရာကျော်ကတော့ ပထမအဆင့်ကိုပင် မအောင်မြင်ပေ။ ကျန်လူလေးရာတို့မှာလည်း အတွဲလိုက် တိုက်ခိုက်ကြပြီး ထက်ဝက်ခန့် ထပ်မံ ဖယ်ရှားခံခဲ့ရသည်။ ဤသို့ဖြင့် ဒုတိယအဆင့်ကို လူနှစ်ရာခန့်သာ ဆက်လက်တက်ရောက်နိုင်ခဲ့ကြပေသည်။

လုမင်လည်း ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ထပ်မံဝင်ရောက်ကာ ရှေ့ကို ဆက်သွားခဲ့သည်။ မီတာတစ်ထောင်ခန့်အကြာတွင် သူ၏ ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူနှင့်မရင်းနှီးသောပတ်ဝန်းကျင်တစ်ခု ပေါ်လာခဲ့၏။

သူ့ပတ်ဝန်းကျင်တွင် အားကောင်းသော ရောင်ဝါများ ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ကျွမ်းကျင်သူများက အချင်းချင်း တိုက်ခိုက်နေကြ၏။ ၎င်းတို့၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများကလည်း တုန်လှုပ်ချောက်ချားစရာ ဖြစ်နေတော့သည်။

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လုမင်ဆီသို့ ဖြတ်လာသည်။ လုမင်က ဓားအလင်းကို ဖျက်စီးပစ်လိုက်သည်။

"သတ်"

ဓားကြီးတစ်လက်ကို ကိုင်ဆွဲထားသော လူတစ်ဦးက နီရဲနေသောမျက်လုံးများဖြင့် လုမင်ဆီကို ဦးတည်လာခဲ့၏။

"ဘာတွေဖြစ်နေတာလဲ"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူက အဘယ်ကြောင့် ဤနေရာကို ရုတ်တရက် ရောက်လာရသနည်း။

"ဒါဟာ ထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေပဲ"

လုမင်လည်း သေသေချာချာ သတိထားကြည့်ပြီးမှ မျက်ခုံးပင့်လိုက်မိသည်။

ဤသည်မှာ ပုံရိပ်ယောင်များဖြစ်သင့်ပြီး လုမင်ကတော့ အလယ်မှာ ရှိနေခြင်းပင်။

"အရာအားလုံးက ပုံရိပ်ယောင်တွေပဲ"

လုမင် ရေရွတ်လိုက်သည်။ သူ့နှလုံးသားက မတုန်လှုပ်တော့ဘဲ နေရာတွင် ရပ်နေလိုက်၏။

"သတ်၊ သတ်"

ကြီးမားသော ပုဆိန်နှင့် လှံရှည်များ ကိုင်ဆောင်ထားသော သံချပ်ကာဝတ် စစ်သူကြီး အချို့က လုမင်ကို တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များက ကြောက်စရာကောင်းလွန်းလှပေသည်။

သို့သော်လည်း လုမင်က ဘာကိုမျှ မမြင်ရသကဲ့သို့ တိုက်ခိုက်မှုများကို ကျရောက်လာစေခဲ့သည်။

ထိုအခါ အံ့သြစရာ မြင်ကွင်းတစ်ခု ဖြစ်လာသည်။ ဧရာမပုဆိန်နှင့် လှံရှည်က လုမင်ကို ထိမှန်သောအခါ ဘာမျှမဖြစ်ဘဲ ဖြတ်သန်းသွား၏။ ၎င်းတို့က လေကို ထိုးခုတ်နေသလို ထင်ယောင်ထင်မှားဖြစ်စေသည့် မြင်ကွင်းတစ်ခုသာ ဖြစ်သည်။ တိုက်ခိုက်မှုကြောင့် လုမင်တွင် ထိခိုက်မှု လုံးဝ မရှိခဲ့ပေ။

လုမင်လည်း တည်ငြိမ်သော အမူအရာဖြင့် ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

ဤသည်မှာ စစ်မြေပြင်ဖြစ်ပြီး သတ်ဖြတ်မှုများက အဆုံးမဲ့သည်။ လတ်ဆတ်သောသွေးများသည် လေထဲတွင် လွင့်ပျံသွားကာ သွေးညှီများကလည်း လေထဲသို့ စိမ့်ဝင်သွား၏။ သတ်ဖြတ်ချင်စိတ်များကလည်း ဓားသွားကဲ့သို့ အေးစက်လှပေသည်။ ဤသည်မှာ တကယ်ဖြစ်ပျက်နေသကဲ့သို့ အစစ်အမှန်နှင့် တူလွန်းသည်။

စိတ်ဓာတ်အားနည်းသူများဆိုလျှင် ဤအရာက ပုံရိပ်ယောင်ဖြစ်မှန်း သိထားလျှင်ပင် မလွဲမသွေ ထိခိုက်ခံရပြီး ကြောက်ရွံ့မှုများ တိုးပွားလာလိမ့်နည်။

သို့ရာတွင်၊ လုမင်၏စိတ်နှလုံးက ပုံရိပ်ယောင်များအပေါ် ခံနိုင်ရည် အလွန်အားကောင်းနေပြီ ဖြစ်သည်။

သူ့နှလုံးသားက မတုန်လှုပ်တော့ပေ။ သူသည် စစ်မြေပြင်တွင် လျှောက်လှမ်းရင်း တိုက်ခိုက်မှုများအား သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ခွင့်ပေးခဲ့သည်။ သူကိုယ်တိုင်ကတော့ တောင်တစ်လုံးကဲ့သို့ မတုန်လှုပ်ပေ။

သူက မနှေးမမြန် ခြေလှမ်းများဖြင့် စစ်မြေပြင်၌ ခြေတစ်လှမ်းချင်း ဆက်လျှောက်လာခဲ့သည်။

"ကောင်စုတ်လေး၊ သေပေတော့"

ထိုစဉ် ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရသည်။ ကောင်းကင်လက်နှင့်တူသော လက်ဝါးပုံရိပ်ကြီးတစ်ခုက လုမင်ဆီသို့ ဆင်းသက်လာခဲ့၏။

၎င်းက သိုင်းအုပ်ချုပ်သူ၏ လက်ဝါးရိုက်ချက်ဖြစ်သည်မှာ သေချာသည်။ ဤအခိုက်တွင်၊ ထိုလက်ဝါးရိုက်ချက် ကျရောက်လာပါက တစ်ခါတည်း ပြာအဖြစ်သို့ ပြောင်းသွားလိမ့်မည်ဟု လုမင် ခံစားခဲ့ရပေသည်။

ဤခံစားချက်မျိုးက လုမင်ကို အတွေးအမျိုးမျိုး ဖြစ်စေသည်။ ပြန်လည်တိုက်ခိုက်ရန်၊ လက်တုံ့ပြန်ရန်၊ မိမိကိုယ်ကို ကယ်တင်ရန် အတွေးများက သူ့စိတ်ထဲတွင် ပေါ်လာတော့သည်။

ဤသည်ကက လူ့ဗီဇ ဖြစ်သည်။ ဤအကျပ်အတည်းမျိုး ကြုံရလာရသူတိုင်းမှာ ထိုသို့သော မသိစိတ်မှ လှုံ့ဆော်မှုများ ရှိလိမ့်မည်။

"မဟုတ်ဘူး၊ ငါ လှုပ်ရှားရင် ပိုပိုပြီးတော့ ပါဝင်ပတ်သက်သွားလိမ့်မယ်"

လုမင် အံကိုတင်းတင်းကြိတ်ပြီး လက်ဝါးရိုက်ချက်ကို လွှတ်ပေးလိုက်သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လက်ဝါးပုံရိပ် ပျောက်ကွယ်သွား၏။ သို့သော်လည်း လုမင်ကတော့ ဘာမျှမဖြစ်ဘဲ အဆင်ပြေခဲ့ပေသည်။

"ဝှူး"

လုမင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ချက်ချင်း ရိုက်သတ်ခံရတော့မည့် ခံစားချက်မျိုးအောက်တွင် ပြန်မတိုက်ခိုက်မိရန် သည်းခံခြင်းက မလွယ်ပေ။

လုမင်လည်း ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ ထို့နောက်တွင် တိုက်ခိုက်မှုမျိုးစုံက သူ့အပေါ်ကို ရောက်လာခဲ့၏။ သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအဆင့်ကို ကျော်လွန်သွားသည့် တိုက်ခိုက်မှုများပင် ရှိခဲ့သည်။ သို့သော်လည်း လုမင်က အားလုံးကို လျစ်လျူရှုထားခဲ့ပေသည်။

စစ်မြေပြင်ကို တစ်လှမ်းချင်း ဖြတ်ကျော်လာခဲ့သည်။ နောက်ဆုံးမှာတော့ လုမင်ဟာ စစ်မြေပြင်တစ်ခုလုံးကို ဖြတ်ကျော်ရန် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။

စစ်မြေပြင်ကို ဖြတ်ကျော်သွားသောအခါ စစ်မြေပြင်က ပျောက်ကွယ်သွားခဲ့သည်။ ဟင်းလင်းပြင်လျှောက်လမ်းတွင် လုမင် ပြန်ပေါ်လာခဲ့၏။

သူ့ရှေ့တွင် အလင်းတန်းတစ်ခု ရှိနေသည်။ လုမင်က ဆက်လျှောက်သွားသောအခါ နောက်ထပ် တိုက်ပွဲစင်မြင့်တစ်ခုကို တွေ့လိုက်ပေသည်။

တိုက်ပွဲစင်မြင့်ပေါ်မှာတော့ မည်သူမျှမရှိပေ။ လုမင်လည်း စင်မြင့်ပေါ်တက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

ပြင်ပလောကမှာတော့ လူတိုင်းက ဂရုတစိုက် စောင့်ကြည့်နေဆဲပင်။

"ဒုတိယအဆင့်ကို ပထမဆုံး ကျော်ဖြတ်မယ့်သူက ဘယ်သူဖြစ်မလဲ မသိဘူး"

"ဒုတိယအဆင့်က လူတစ်ဦးရဲ့ စိတ်စွမ်းအားကိုစမ်းသပ်တဲ့ အင်မတန်အစွမ်းထက်တဲ့ ပုံရိပ်ယောင်တစ်ခုလို့ ငါကြားတယ်။ အဲဒါက အရမ်းခက်ခဲတယ်လေ။ အခုဆိုရင် ခဏလေးအတွင်း လူသုံးဆယ်ကျော် မအောင်မြင်ဘဲ ဖယ်ထုတ်ခံလိုက်ရပြီ။ ငါ့အမြင်အရ ပြောရရင်တော့ ပထမအဆင့်ကို ကျော်ဖြတ်နိုင်တာက နတ်နန်းတော်လေးခုထဲက အသန်မာဆုံး ပါရမီရှင်တွေပဲ ဖြစ်နေဦးမှာ။ သူတို့က အလားအလာအများဆုံးပဲ"

"ဟုတ်တယ်။ ပင်ခုန်း၊ ရီတျန်၊ ကျစ်ဝူကျိနဲ့ ကျန့်ကျန်းက ဖြစ်နိုင်ခြေအရှိဆုံးပဲ။ ဒါပေမယ့် ရွယ်မင်ယန်နဲ့ လုမင်ကလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

"ရွယ်မင်ယန်နဲ့ လုမင်က အတော်သန်မာပါတယ်၊ ဒါပေမဲ့ တခြားလေးယောက်ထက်တော့ နည်းနည်း အားနည်းနေသေးတယ်"

အနီးနားရှိ ပရိသတ်များက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ကျွမ်းကျင်သူများထံမှ ဒုတိယအဆင့်အကြောင်းကို သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအခါ မည်သူက ပထမဆုံး ကျော်ဖြတ်နိုင်မည်မှန်း အားလုံးက မှန်းဆနေကြတော့သည်။

ဤအခိုက်တွင် ပထမအဆင့်မှ အလင်းစက်များရှေ့တွင် အခြားအလင်းစက်တစ်ခု ပေါ်လာသည်။ ပထမအဆင့်ကဲ့သို့ပင် အလင်းစက်အတွင်း၌ တိုက်ပွဲစင်မြင့်တစ်ခု ရှိ၏။

"ဘယ်သူ အရင်ဆုံးဖြတ်မှာလဲ"

လူတိုင်းက ဟင်းလင်းပြင်လမ်းကြောင်းပေါ်မှ အလင်းစက်ကို စိုက်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် လူငယ်တစ်ယောက် ထွက်လာပြီး တိုက်ပွဲစင်မြင့်ပေါ်တွင် ပေါ်လာတော့သည်။

"တကယ်ကြီး သူပဲ၊ လုမင်"

"ဒါက လုမင် ဖြစ်လာမယ်လို့ ငါမမျှော်လင့်ထားဘူး။ သူက ဒုတိယအဆင့်ကို ပထမဆုံး ကျော်ဖြတ်ခဲ့သူပဲ"

"အံ့သြစရာပဲ၊ အံ့ဖွယ်ပဲဟေ့။ သူက လူတိုင်းကို အနိုင်ယူပြီး ပထမနေရာကို ရနိုင်မယ်လို့တော့ မပြောနဲ့"

"ဒါတော့ မဖြစ်နိုင်ပါဘူး။ လုမင်က ရှမ်းဟွမ်တိုက်ကြီးလို တိုက်ငယ်တစ်ခုကနေ ဒီအဆင့်ထိ လှမ်းလာနိုင်ခဲ့တာ။ သူ့ရဲ့ စိတ်စွမ်းအားနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက သဘာဝအတိုင်း အံ့မခန်းဖြစ်မှာပဲ။ မဟုတ်ရင်လည်း ဒီအဆင့်ကိုရောက်ဖို့ သူ့အတွက် ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ဒါက အရေးကြီးဆုံးတော့ မဟုတ်ဘူးလေ။ နောက်ဆုံးမှာ ဘယ်သူက ပထမဖြစ်မလဲဆိုတာ ပြောရခက်ပါတယ်"

လုမင်၏ ပေါ်ပေါက်လာခြင်းက နေရာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

"ဟမ့်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း အမျိုးသားက နှာခေါင်းရှုံ့လိုက်သည်။ သူ အတော်ကလေး စိတ်မချမ်းမသာ ဖြစ်သွား၏။

လင်းသခင်လေး၏ မျက်လုံးများကလည်း အမုန်းမီးတောက်များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။

"ဟားဟားဟား၊ မဆိုးဘူးဟေ့... ဒီကောင်လေးက မဆိုးဘူး"

နဂါးနတ်ဘုရားတောင်ကြားမှ လူထွားကြီးက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ သူသည် တိုက်ပွဲစင်မြင့်ပေါ်မှ လုမင်အား သဘောကျစွာဖြင့် ကြည့်လိုက်၏။

ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အခြားကျွမ်းကျင်သူများလည်း ခေါင်းညိတ်လိုက်ကြသည်။

ကျင့်ကြံမှုလမ်းစဥ်တွင် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်စွမ်းအားတို့ကလည်း အလွန်အရေးကြီးပေသည်။

လုမင်လည်း တိုက်ပွဲစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

လုမင် ပေါ်လာပြီးနောက် ပြင်ပကမ္ဘာ၌ အလင်းစက်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဤတစ်ကြိမ်တွင် လုမင်၏နောက်မှ လိုက်လာသူက ကုချင်းတစ်ခုကိုလွယ်ထား‌သော အရှေ့ပိုင်းနတ်နန်းတော်မှ ရီတျန် ဖြစ်သည်။

သူ့နောက်တွင်ကား မြောက်ပိုင်းနတ်နန်းတော်မှ ပင်ခုန်း ဖြစ်၏။

‌တောင်ပိုင်းနတ်နန်းတော်မှ ကျစ်ဝူကျိနှင့် သွေးနေမင်းတိုက်ကြီးမှ ရွယ်မင်ယန်ကတော့ သူ့အနောက်တွင် တစ်ချိန်တည်းနီးပါး ပေါ်လာခဲ့ကြသည်။

လုံချန်က သူတို့နောက်မှ ပထမဆုံးပေါ်လာခဲ့သူဖြစ်ကာ လူတော်တော်များများကို အံ့အားသင့်စေခဲ့ပေသည်။

All Chapters