အခန်း ၁၂၅၇
Vol. 84 Ch. 1257
အပိုင်း ( 1257 ) ဝမ့်ကျန်းနှင့် တိုက်ခိုက်ခြင်း။
လုံချန်ပြီးနောက်တွင် ကျိဟုန်ချန်နှင့် ဝမ့်ကျန်းတို့ ဖြစ်သည်။ အံ့ဩစရာကောင်းအောင်၊ ရှဲ့နျန်ချင်းက သူတို့နှင့် တချိန်တည်းနီးပါး ပေါ်လာခဲ့၏။
တဖြည်းဖြည်းနှင့် တိုက်ပွဲအဆင့်က ပိုများလာခဲ့သည်။ ဖယ်ထုတ်ခံရသူ အရေအတွက်ကလည်း ငါးဆယ်ခန့်အထိ ရှိလာပြီ။
လူနှစ်ရာထဲတွင် လူငါးဆယ်လောက်ကို ဖယ်ရှားပစ်ခဲ့သည်။ ယခုအခါ လူတစ်ရာ့ငါးဆယ်ခန့်သာ ကျန်တော့သည်။
ထိုအချိန်တွင် တိုက်ပွဲစင်မြင့် ခုနစ်ဆယ်ကျော် ပေါ်လာခဲ့သည်။ တိုက်ပွဲစင်မြင့်ခုနစ်ဆယ်ကျော် ပေါ်လာသောအခါ၊ စမ်းသပ်မှုတွင် အောင်မြင်သူများ၏ ဟင်းလင်းပြင်လမ်းများက ယခင်ကအတိုင်း ပေါင်းစပ်သွားပေသည်။
လုမင် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တိုက်ပွဲစင်မြင့်၏ အခြားတစ်ဖက်မှ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုလမ်းထဲမှ လူငယ်တစ်ယောက် ထွက်လာခဲ့၏။
လုမင်ကို တွေ့ရသောအခါ လူငယ်လေး၏မျက်နှာက ဖြူဖျော့သွားတော့သည်။
"ဘယ်လောက်တောင် ကံဆိုးနေပါလမ့်"
လူငယ်ကက ညည်းညူလိုက်သည်။
ယခင်က လင်းသခင်လေးနှင့် တိုက်ခိုက်သောအခါ လုမင်ပြသခဲ့သော တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းလှသည်။ ထိုစဉ်ကတည်းက သူဟာ လုမင်၏ ပြိုင်ဘက်မဟုတ်မှန်း သိထားခဲ့ပေသည်။ လုမင်နှင့် တွေ့ရခြင်းက သူ၏စမ်းသပ်မှုကို စောစောစီးစီး အဆုံးသတ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
"ငါ အစွမ်းကုန် တိုက်ခိုက်မယ်"
လူငယ်က အော်ဟစ်ပြီး လုမင်ကို အစွမ်းကုန်တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ရလဒ်ကတော့ အံ့သြစရာမရှိပါ။ လုမင်က သူ့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။
တချိန်တည်းမှာပင် အခြား တိုက်ပွဲစင်မြင့်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပေသည်။
ဤတစ်ခါတိုက်ပွဲက လူခုနစ်ဆယ့်ငါးယောက်၏ အဆုံးအဖြတ် တိုက်ပွဲနှင့် ညီမျှသည်။ နောက်ပိုင်းသို့ ရောက်လာလေလေ၊ ပိုအားကောင်းလေလေဖြစ်သောကြောင့် တိုက်ပွဲများက ယခင်ကထက် ပို၍ ပြင်းထန်လာခဲ့၏။
ရီတျန်၊ ပင်ခုန်းနှင့် အခြား ထိပ်တန်းပါရမီရှင်များက ၎င်းတို့၏ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူပြီး အနိုင်ရခဲ့သည်။
"အဲဒါ... ရှေးဦး နဂါးဆင်သွေးမျိုးဆက်ပဲ"
တိုက်ပွဲများကို စောင့်ကြည့်နေသော နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ရုတ်တရက် ပြူးကျယ်သွားကြသည်။
တိုက်ပွဲစင်မြင့်တစ်ခုတွင် လုံချန်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပြီး ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။
"အဲဒါက တကယ်ကို ရှေးဦးနဂါးဆင်သွေးမျိုးဆက်ပဲ၊ အံ့ဩစရာကောင်းလွန်းတယ်။ နဝမနဂါးသွေးမျိုးဆက်က ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ ပေါ်လာတာနဲ့တင် အံ့ဩစရာဖြစ်နေပြီ။ အခု ရှေးဦးနဂါးဆင်သွေးမျိုးဆက်တောင် ပေါ်လာခဲ့ပြီပေါ့"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများလည်း ပြောဆိုလိုက်ကြသည်။
"အဲ့ကောင်မလေးလည်း မဆိုးဘူး၊ တကယ့် နတ်ဆိုးစွမ်းအင်နဲ့ နတ်ဆိုးတာအိုပဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူကတော့ တိုက်ပွဲစင်မြင့်များထဲမှ တစ်ခုကို စူးစိုက်ကြည့်နေသည်။ ထိုနေရာတွင် ရှဲ့နျန်ချင်းက ပါရမီရှင်တစ်ယောက်နှင့် တိုက်ခိုက်နေခဲ့၏။ နောက်ဆုံးတွင် ရှဲ့နျန်ချင်းက အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပေသည်။
နတ်ဆိုးလမ်းစဥ်လျှောက်သူ တန်ခိုးရှင်၏အမွေကို ရရှိပြီးကတည်းက ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ခိုက်မှု အင်အားမှာ လျင်မြန်စွာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူမက မြင့်မားသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
"ဟိုတစ်ယောက်လည်း မဆိုးဘူး…"
ယွမ်လု၏ အင်အားကြီးလေးခုမှ ကျွမ်းကျင်သူများက တိုက်ပွဲများကို စောင့်ကြည့်နေကာ မကြာခဏ ခေါင်းညိတ်လိုက်ကြသည်။ လူတချို့က သူတို့ကို ကျေနပ်စေခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
နောက်ဆုံးတွင် တိုက်ပွဲများအားလုံး ပြီးဆုံးသွားခဲ့သည်။ ရှုံးနိမ့်သူများအားလုံးကို ဖယ်ရှားခဲ့ပြီး အောင်နိုင်သူများကတော့ နောက်တစ်ဆင့်သို့ တက်ရောက်သွားတော့သည်။
ရှမ်းဟွမ်တိုက်ကြီးဘက်တွင် ရန်ပိုထျန်းနှင့် ရဟန်းဝူလျန့်က ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသောကြောင့် ပြိုင်ဘက်များကို ရှုံးနိမ့်ခဲ့ရသည်။
အခြားတစ်ဖက်တွင် လုမင်၊ လုံချန်၊ ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ချင်းတို့ကတော့ နောက်တစ်ဆင့်ကို တက်ခဲ့ကြ၏။
လုမင်လည်း အနိုင်ရသည်နှင့် နောက်ဟင်းလင်းပြင်လမ်းကို ဆက်လျှောက်သွားခဲ့သည်။
ဤအဆင့်က အရင်နှစ်ဆင့်ထက် ပိုခက်ခဲပေသည်။ ၎င်းက တစ်ဦးတစ်ယောက်၏ဆန္ဒကို စမ်းသပ်ရုံသာမက တိုက်ခိုက်နိုင်စွမ်းကိုလည်း စမ်းသပ်ခဲ့သည်။ သို့သော်လည်း လုမင်က အလွယ်တကူ ကျော်ဖြတ်ခဲ့ပေသည်။
ယခုတစ်ကြိမ်တွင် လုမင်က တတိယအဆင့်ကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့သည်။ အခြားစင်မြင့်ပေါ်တွင် သူ ပေါ်လာခဲ့၏။
သို့ရာတွင် ဤအဆင့်က လုမင်အတွက် သိပ်ပြီး မခက်ခဲသေးပါ။ သို့သော်လည်း အခြားပါရမီရှင် အတော်များများအတွက်တော့ ခက်ခဲလွန်းလှသည်။ ဤအဆင့်တွင် နောက်ထပ် စုစုပေါင်း လူ နှစ်ဆယ့်ငါးဦးကို ဖယ်ရှားခဲ့ပေသည်။
ကျန်သော လူငါးဆယ်သာ တိုက်ပွဲစင်မြင့်ဆီသို့ ကျော်ဖြတ်နိုင်ခဲ့သည်။
"ဟမ်၊ တိုက်ဆိုင်လိုက်တာ"
ဟင်းလင်းပြင်လျှောက်လမ်းများ ပေါင်းစုံသွားသည်။ လုမင်ရှိရာ တိုက်ပွဲစင်မြင့်တွင် ဟင်လင်းပြင်လမ်းတစ်ခု ပေါ်လာခဲ့၏။ ထိုလူမြင်တော့ လုမင်၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေး၍ ပြုံးလာတော့သည်။
ဝမ့်ကျန်း။
လုမင်၏ တိုက်ပွဲစင်မြင့်ပေါ်သို့ လှမ်းတက်လာသူမှာ အမှန်တကယ်ပင် တောင်ပိုင်းနတ်နန်းတော်၏ အသန်မာဆုံး ပါရမီရှင် သုံးဦးအနက်မှ တစ်ဦးဖြစ်သည့် ဝမ့်ကျန်း ဖြစ်သည်။
လုမင်ကို မြင်သောအခါ ဝမ့်ကျန်း၏မျက်နှာက မည်းမှောင်သွား၏။ ထို့နောက်မှာတော့ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ခု လင်းလက်လာတော့သည်။
"ဒါက ဝမ့်ကျန်းပဲ၊ ဝမ့်ကျန်းနဲ့ လုမင် စောစောစီးစီး တွေ့ကြပြီ"
"ဒီတိုက်ပွဲက စိတ်ဝင်စားစရာဖြစ်လိမ့်မယ်"
"စိတ်ဝင်စားဖို့ကောင်းမှာပေါ့၊ ဒါက အစွမ်းထက် ပါရမီရှင်နှစ်ယောက်ကြားက တိုက်ပွဲပဲလေ"
လူများစွာတို့ စိတ်လှုပ်ရှားသွားကြလေသည်။
ဝမ့်ကျန်းဟာ တောင်ပိုင်းနတ်နန်းတော်၏ အသန်မာဆုံး ပါရမီရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူသည် ကျစ်ဝူကျိလောက် နာမည်မကျော်ကြားသော်လည်း လျှော့တွက်လို့တော့မရပေ။ ရှန်းရွှီတိုက်ကြီး တစ်ခုလုံးမှာပင် ဝမ့်ကျန်းက အသန်မာဆုံး ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။
သူ၏ တိုက်ခိုက်နိုင်စွမ်းက အားမနည်းတာ သေချာသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အစွမ်းထက်သော်လည်း ၎င်းတို့နှစ်ဦးသည် ယခင်က တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ ထိုအတွက် မည်သူက ပိုသန်မာပြီး အားနည်းသလဲဆိုတာ မသိနိုင်ပါချေ။
"လုမင်၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက မဆိုးပါဘူး။ ဒါပေမဲ့ ကံမကောင်းချင်တော့ မင်းက လူတွေအများကြီးကို စော်ကားခဲ့တယ်။ ဒီလိုလုပ်၊ မင်းနဲ့ငါ အလောင်းအစား လုပ်ကြမယ်။ မင်းငါ့ကိုရှုံးရင် မင်းရဲ့အခက်အခဲတွေကို ငါ ကူပြီးဖြေရှင်းပေးမယ်"
ဝမ်ကျန်း၏ မျက်လုံး အကြည့်များက ပြောင်းလဲသွားခဲ့သည်။
"ငါ့ကို ကူညီဖြေရှင်းပေးမှာလား။ ဟားဟားဟား၊ မင်း ဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ ငါသိချင်မိတယ်။ ဥပမာပြောရရင် လင်းသခင်လေးက ငါ့ကို အသေမုန်းတီးနေမှာ သေချာတယ်။ ဒါကို မင်း ဘယ်လိုဖြေရှင်းမှာလဲ"
လုမင်က ပြုံးရုံ ပြုံးလိုက်၏။
"ငါ့ရဲ့ ဝမ့်မိသားစုက တောင်ပိုင်းနတ်နန်းတော်မှာ ဩဇာလွှမ်းမိုးမှု ရှိနေတုန်းပဲ။ မင်း ငါ့ကို ရည်ရွယ်ချက်ရှိရှိ အရှုံးပေးမယ်ဆိုရင် လင်းသခင်လေးကိုကူညီပြီး စကားပြောပေးမယ်။ ပြီးတော့ မင်း တောင်းပန်လိုက်တဲ့အခါ ကိစ္စပြီးသွားလိမ့်မယ်"
ဝမ့်ကျန်းက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
"ဟားဟားဟား၊ မင်းက ငါ့ကို ယွမ်လုက အင်အားစုကြီးတွေ မင်းကိုရွေးချယ်စေဖို့ အရှုံးပေးစေချင်တာလား။ မင်းရဲ့ ဝမ့်မိသားစုက ဒီလောက်အရည်အချင်းရှိတယ်ဆိုရင် ဘာဖြစ်လို့ ကိုယ့်အတွကို မပြောကြတာလဲ။ ဒါဆိုရင် မင်းက ယွမ်လုရဲ့ အဓိကအင်အားစုကြီးတွေနဲ့ ချိတ်ဆက်နိုင်လိမ့်မယ်။ ဒီလိုညစ်ပတ်တဲ့နည်းလမ်းတွေကို ဘာကြောင့် သုံးရဦးမှာလဲ"
လုမင် လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်၏။
"လုမင်၊ ငါမင်းကို စကားကောင်းကောင်းပြောနေတာ၊ ရောင့်တက်မလာနဲ့။ တကယ် တိုက်ခိုက်ကြမယ်ဆိုရင် ငါ မင်းကိုမကြောက်ဘူး"
ဝမ့်ကျန်း၏ မျက်နှာက သုန်မှုန်သွားသည်။
"ဒါဆိုရင် မင်း ဘာဖြစ်လို့ အပိုစကားတွေ ပြောနေသေးတာလဲ။ လာပါ၊ ငါ့ကိစ္စတွေအတွက် မင်း စိတ်ပူနေစရာ မလိုဘူး"
လုမင်က အနည်းငယ် ပြုံးလိုက်သည်။
"ငါ့ရဲ့ကြင်နာမှုကို ဘယ်လိုတန်ဖိုးထားရမှန်း တကယ် မသိဘူး"
"ဒုန်း"
ဝမ့်ကျန်းက အေးစက်စက်ဖြင့် ပြောပြီး ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။ ထိုအချိန်တွင် သူ့ခန္ဓာမှ အဖြူရောင်အလင်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွား၏။
ဤအလင်းက ဆိုးယုတ်မှု နည်းလမ်းအားလုံးကို သန့်စင်ပေးနိုင်သကဲ့သို့ သန့်စင်လွန်းလှသည်။
"သန့်စင်တဲ့ အလင်းနတ်ဓား"
ဝမ့်ကျန်းက သန့်စင်သော အဖြူရောင်အလင်းထဲတွင် နှစ်မြှုပ်နေခဲ့သည်။ သူက လေထဲကိုဖမ်းဆုပ်လိုက်ရာ သူ့လက်နှစ်ဖက်တွင် ဓားနှစ်လက် ပေါ်လာခဲ့၏။ ဓားနှစ်လက်နဲ့ ပြိုင်တူခုတ်ပိုင်းလိုက်ရာ အပေါင်းလက္ခဏာကဲ့သို့ ဓားစွမ်းအင်က လုမင်ဆီသို့ တိုးဝင်လာတော့သည်။
"ဝှစ်"
လုမင်က ရှေ့သို့ ခြေတစ်ချက်လှမ်းပြီး ဓားစွမ်းအင်များကို လျှပ်တစ်ပြက်အတွင်း ရှောင်ထွက်သွားခဲ့သည်။ ထို့နောက် ဝမ့်ကျန်းကို တိုက်ခိုက်လိုက်၏။
"သန့်စင်တဲ့အလင်းမုန်တိုင်း"
ဝမ့်ကျန်း၏ ခန္ဓာကိုယ်က လျင်မြန်စွာ လည်ပတ်လာသည်။ အဆုံးမဲ့ သန့်စင်သောအလင်းများက ဓားမုန်တိုင်းကဲ့သို့ လုမင်အပေါ်ကို ရွာသွန်းလာခဲ့သည်။
"ကလေးကလားတွေ"
လုမင် မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းလိုက်၏။ နဂါးစွမ်းအားကိုးခုကိုလည်း အသက်သွင်းကာ လက်သီးဖြင့် ထိုးချလိုက်တော့သည်။
အတားအဆီးမဲ့သော ကောင်းကင်သိုင်းက အရာအားလုံးကို ဖိနှိပ်နိုင်သည်။ ဓားသွားများ မည်မျှပင် များပါးနေစေကာမူ လက်သီးအောက်တွင် ပြိုကွဲသွားလိမ့်မည်။
"ဝုန်း"
အကန့်အသတ်မဲ့ ဓားသွားမုန်တိုင်းက တခဏချင်း ပြိုကျသွားခဲ့သည်။ ဝမ့်ကျန်း မျက်နှာပျက်သွားသည်။ ဓားနှစ်လက်ကို သူ့ရှေ့တွင် ကန့်လန့်ဖြတ်ထားပြီး လုမင်၏လက်သီးချက်အား ခုခံလိုက်၏။
ပေါက်ကွဲသံနှင့်အတူ လုမင်၏ လက်သီးချက်ကြောင့် ဝမ့်ကျန်း လွင့်ပျံသွားတော့သည်။
"ယား၊ ငါ မယုံဘူးကွ။ မဟာသူတော်စင် အလင်းသိုင်း"
ဝမ့်ကျန်း အော်ဟစ်လိုက်သည်။ အဖြူရောင် ချပ်ဝတ်တန်ဆာတစ်ခုက သူ့ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ သန့်စင်မွန်မြတ်သော အလင်းများကလည်း သမုဒ္ဒရာကဲ့သို့ ကျယ်ပြောကာ အကန့်အသတ်မရှိတော့ပေ။
ဤသည်မှာ ဝမ့်ကျန်း၏ သွေးမျိုးဆက် ချပ်ဝတ်တန်ဆာ ဖြစ်သည်။
ထို့အပြင် ဝမ့်ကျန်း၏ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုပုံက ထူးခြားပြီး အခြားသူများနှင့် မတူပေ။ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုလိုက်သည်နှင့် ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ပြီးသား ဖြစ်သွားသည်။ သူ့ထံမှ အားကောင်းသောအရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။
နို့ဖြူရောင် အလင်းတစ်ခုက လုမင်ဆီသို့ ပစ်လွင့်လာတော့သည်။