← Chapters

အခန်း ၁၂၆၁

Vol. 85 Ch. 1261

အခန်း ၁၂၆၁

Vol. 85 Ch. 1261

အပိုင်း ( 1261 ) ပြင်းထန်သောပြိုင်ဆိုင်မှု။

အချိန်များ တဖြည်းဖြည်း ကုန်သွားသော်လည်း လုမင် ပေါ်မလာသေးပါ။

ဆယ်မိနစ်၊ နာရီဝက်၊ တစ်နာရီ… နှစ်နာရီကြာသွားသော်လည်း လုမင် ပေါ်မလာသေးပေ။

ထို့ကြောင့် တချို့လူများက စိတ်ဆိုးလာကြသည်။

"ခွီးပဲ၊ ဘာတွေဖြစ်နေတာလဲဟ။ အခုထိ လုမင် မပေါ်လာသေးဘူး။ ဘာတွေဖြစ်နေပြီတုန်း"

"အဲဒီမှာ သူသေသွားပြီလား"

"ဒါတော့ မဖြစ်နိုင်ပါဘူး၊ လုမင်သာ အဲဒီမှာသေသွားရင် ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက သေချာပေါက်သိလိမ့်မယ်။ အခု သူတို့က ဘာမှမပြောသေးတဲ့အတွက် လုမင် မသေသေးတာ သေချာတယ်"

"ဒါဆိုရင် ဘာလို့ ဒီလောက်ကြာနေတာလဲ"

အချိန်အတော်ကြာပြီးနောက်၊ လုမင်ကို လွန်ကဲစွာ တွေးထားတချိုပင် စိတ်မရှည် ဖြစ်လာခဲ့ကြသည်။

ယခင်က လုမင်သည် လင်းသခင်လေးကို အနိုင်ယူခဲ့သောကြောင့် လူအချို့က သူ့ကို အထင်ကြီးခဲ့သည်။ လုမင်ကို ပထမနေရာ မရခဲ့လျှင်ပင် ထိပ်တန်း သုံးယောက်အတွင်း ဝင်နိုင်မည်ဟု သူတို့ ထင်နေ‌ခဲ့ပေသည်။

ယခုမူကား လူများစွာတို့ စိတ်မရှည်နိုင် ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။

လုမင်က လင်းသခင်လေးနှင့်တိုက်ပွဲတွင် လျှို့ဝှက်နည်းတစ်မျိုးကို အသုံးပြုထားနိုင်သည်ဟုပင် လူအချို့က မှန်းဆခဲ့ကြသည်။ ထို့ကြောင့်ပင် သူ၏တိုက်ခိုက်နိုင်စွမ်းက အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့ပေသည်။ သို့သော်လည်း ထိုသို့ပြုခဲ့ရိုးမှန်လျှင် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိသည်။ တိုက်ပွဲပြီးလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းက အားနည်းလာပြီး ပုံမှန်ထိန်းထားနိုင်ရန် ခက်ခဲလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ဤအမြင်ကို လူအများက လက်ခံလာခဲ့ကြသည်။

လုမင်ကတော့ ဤအကြောင်းများကို မသိသေးပါ။ သူက ဟင်းလင်းပြင်လမ်းထဲတွင် ရှိနေဆဲဖြစ်ကာ အရပ်ရပ်မှ တိုက်ခိုက်မှုများကို ခုခံနေခဲ့သည်။

ယခုအချိန်တွင်၊ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကိုသာ အမြဲ အသုံးပြုနေခဲ့သည်။ သူက တာအိုကို အဓိကထားကာ လေ့ကျင့်နေခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ ရေတာအိုအပေါ် သူ၏ နားလည်မှုမှာ ပို၍ အားကောင်းလာတော့သည်။ အဆင့်တက်တော့မည့် ခံစားချက်ကလည်း ပို၍ အားကောင်းလာခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက်၊ လုမင်၏ ပတ်ဝန်းကျင်မှ တာအိုငါးရောင်တွင် အပြာရောင်အလင်းတန်းက ရုတ်တရက် တောက်ပစွာ လင်းလက်သွားခဲ့သည်။

အပြာရောင်အလင်းက ရေတာအိုကို ကိုယ်စားပြုပေသည်။

နောက်ဆုံးတွင် ရေတာအိုက စတုတ္တအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့သည်။

ယခုအခါ၊ ပြီးပြည့်စုံသော စတုတ္ထအဆင့်သို့ မရောက်သေးတာက မြေတာအိုတစ်ခုတည်းသာ ရှိတော့သည်။

အကယ်၍ မြေတာအိုသာ ပြီးပြည့်စုံသော စတုတ္ထအဆင့်ကို ဖြတ်သွားခဲ့ပါက၊ ကျောက်ကြမ်းများကို အဆက်မပြတ် ဝါးမျိုပြီး သန့်စင်ရန်သာ လိုအပ်သည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဆက်တိုက် ချိုးဖြတ်သွားလိမ့်မည်။

‌သို့သော်လည်း အဓိပဓိအဆင့်သို့ ရောက်ရှိရန်တော့ သိပ်မလွယ်သေးပါ။ အဓိပဓိဖြစ်ချင်ပါက သူ၏တာအိုများကို ပိုင်နက်အဖြစ်ပြောင်းလဲရန် လိုအပ်သည်။

ရေတာအို အဆင့်တက်ခြင်းက လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို အနည်းငယ်ပို၍ တိုးတက်စေခဲ့သည်။ ယင်းက ကြီးကြီးမားမားမဟုတ်သော်လည်း ဘာမျှမရှိတာထက်တော့ တော်သေးသည်။

"ပြီးပြီ"

လုမင် ပြုံးပြလိုက်သည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ တာအိုအရောင်ငါးမျိုး၏ ထောက်ပံ့မှုအောက်တွင် အတားအ‌ဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားက တဟုန်ထိုး တက်လာခဲ့၏။

"ဝုန်း ဝုန်း ဝုန်း"

လုမင်၏လက်ဝါးက ကောင်းကင်ဘုံကိုဖြိုခွင်းမည့် ငရဲဖိနှိပ် ကျောက်စာချပ်ကြီးကဲ့သို့ပင်။

သူ့ပတ်ဝန်းကျင်မှ တိုက်ခိုက်နေသူများနှင့် ကမ္ပည်းများ တစ်ခုပြီးတစ်ခု ချေမှုန်းခံခဲ့ရသည်။

လုမင်၏ အရှိန်က ပို၍ မြန်လာသည်။ သူ့ကို တားဆီးရန် နည်းလမ်းမရှိတော့ပေ။

သုံးမိနစ်မပြည့်မီပင် လုမင်က ဆယ်မိုင်အကွာအဝေးကို ကျော်ဖြတ်သွားခဲ့ပြီး ဖြစ်သည်။ သူ့ရှေ့တွင် စင်မြင့်တစ်ခု ပေါ်လာခဲ့၏။ လုမင်လည်း ထိုနေရာကို လျှောက်လှမ်းသွားတော့သည်။

"သူ ဖြတ်သွားပြီ၊ လုမင်... သူ ဖြတ်သွားခဲ့ပြီ"

လုမင် ပေါ်လာသည်နှင့် တပြိုင်နက် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"အဆင့်ဖြတ်ကျော်ဖို့တောင် နှစ်နာရီကျော်လောက် အချိန်ယူလိုက်ရတယ်၊ ဟားဟား"

လူအချို့က မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်‌လိုက်လေသည်။

"ဖောက်... ဖောက်"

လုမင်၏ပုံရိပ် ပေါ်လာသည်နှင့် ပထမအဆင့်နှင့် ဒုတိယအဆင့်မှ အလင်းစက်များက ပူဖောင်းများကဲ့သို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားခဲ့သည်။

နောက်ဆုံးတွင် လူဆယ်ဦးသာ စမ်းသပ်မှုကို အောင်မြင်ခဲ့ပေသည်။

"ဟမ်"

လုမင်က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ရှဲ့နျန်ချင်း၊ လုံချန်၊ ရီတျန်၊ ပင်ခုန်းနှင့် အခြားသူများကို တွေ့လိုက်ရသည်။

သူက ရှဲ့နျန်ချင်းနှင့် အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ် ပြုံးလိုက်၏။ ထို့နောက် လုံချန်ကို တစ်ဖန်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

တချိန်တည်းမှာပင် ရီတျန်၊ ပင်ခုန်း၊ ကျန့်ကျန်းနှင့် အခြားသူများ၏အကြည့်က လုမင်အပေါ်ကို ကျရောက်လာသည်။ တချို့က လေးနက်သည်၊ တချို့က မထီမဲ့မြင်ပြုကြ၏၊ တချို့ကတော့ ပုံမှန်အတိုင်းပင်။

ဟင်းလင်းပြင် နေရာလွတ်ထဲတွင် လူဆယ်ယောက်က စက်ဝိုင်းတစ်ခုကဲ့သို့ လေထဲတွင် လွင့်မျောကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။

ထိုအချိန်တွင် လူဆယ်ဦး၏ အလယ်ဗဟိုတွင် အလင်းစက်တစ်ခု လွင့်ပျံလာသည်။ တဖြည်းဖြည်း၊ လူဆယ်ယောက်၏အလယ်ဗဟိုတွင် တိုက်ပွဲစင်မြင့်တစ်ခု ပေါ်ပေါက်လာခဲ့၏။

လူဆယ်ယောက်၏တိုက်ပွဲက ဤတိုက်ပွဲစင်မြင့်ပေါ်တွင် စတင်တော့မည်ပုံ ရသည်။

ရုတ်တရက်၊ လူရိပ်နှစ်ခုက တိုက်ပွဲစင်မြင့်ဆီသို့ ပျံသန်းသွားခဲ့သည်။

"ရီတျန်နဲ့ ထျဲဟုန်"

လူတိုင်း၏ နှလုံးသားများက အခုန်မြန်သွားသည်။ တိုက်ပွဲစင်မြင့်ဆီသို့ ပျံသန်းလာသူနှစ်ဦးက ရီတျန်နှင့် ထျဲဟုန်တို့ ဖြစ်၏။

သူတို့နှစ်ဦးက တိုက်ပွဲစင်မြင့်သို့ ပျံသန်းသည်နှင့် သူတို့၏ခြေအောက်ရှိ စင်မြင့်က အလိုအလျောက် ပျောက်ကွယ်သွားတော့သည်။ သူတို့နှစ်ဦးက တိုက်ပွဲစင်မြင့်ပေါ်တွင် ဆင်းသက်ကာ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

ဤတိုက်ပွဲက ကျပန်းဖြစ်ပုံရပေသည်။ တိုက်ပွဲစင်မြင့်သို့ ပျံသန်းလာသော လူနှစ်ဦးကတော့ တိုက်ခိုက်ရမည့်သူနှစ်ဦး ဖြစ်သည်။

"ရီတျန်၊ တိုက်ခိုက်ကြရအောင်"

ထျဲဟုန်၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ ပြည့်လာသည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် သူ၏အရေပြားက နတ်သံမဏိကဲ့သို့ အေးစက်စက်အလင်းတို့ ပေါ်လာခဲ့၏။

"လာ"

ရီတျန်က ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ သူက လေထဲတွင် ဖမ်းဆုပ်ဟန်ပြုကာ ယွမ်ချီစွမ်းအင်ကို ကုချင်းအဖြစ် ဖွဲ့တည်လိုက်၏။

"မင်း တကယ့်ဝိညာဉ်လက်နက်ကို မသုံးဘူးလား"

ထျဲဟုန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

"ငါသုံးဖို့လိုရင် သဘာဝအတိုင်း အသုံးပြုပါမယ်"

ရီတျန်က ပြောသည်။ သူ့လေသံက တည်ငြိမ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့ ပါဝင်နေခဲ့၏။

"ဟမ့်၊ ဘယ်လောက်တောင် မာနကြီးနေပါလိမ့်၊ ပြီးတော့မှ မင်း နောင်တရမနေနဲ့"

ထျဲဟုန် အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ ကြွက်သားများ တွန့်လိမ်ပြီး ခန္ဓာကိုယ် ကြီးမားလာခဲ့၏။ သံအလင်းများကလည်း ပို၍ တောက်ပလာတော့သည်။

ထို့အတူ၊ သူ့လက်ထဲတွင် လက်အိတ်တစ်စုံ ပေါ်လာခဲ့သည်။ သူက တိုက်ပွဲစင်မြင့်ပေါ်တွင် ပြင်းပြင်းထန်ထန် ခြေဆောင့်လိုက်၏။ သူ့ခန္ဓာကိုယ်က အနက်ရောင်အလင်းကဲ့သို့ ရီတျန်ဆီကို တိုးဝင်သွားတော့သည်။

လက်သီးတစ်ချက်ဖြင့် တိုက်ပွဲစင်မြင့်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။

“တွမ်...တွမ်…”

ရီတျန်က ကုချင်းကို သူ့အရှေ့တွင် မျောလွင့်စေပြီး လက်တစ်ဖက်တည်းဖြင့် တီးခတ်လိုက်သည်။ ထောင်နှင့်ချီ သော တပ်သားများကို ချိုးဖြတ်နိုင်သော ရွှေရောင်သံမဏိမြင်းကဲ့သို့ သံစဉ်တစ်ခု ပေါ်လာခဲ့၏။

ကုချင်းသံစဉ်က အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။

ထျဲဟုန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အော်ဟစ်ပြီး လေထဲကို လက်နှစ်ဖက်နှင့် ဆက်တိုက် ထိုးနှက်လိုက်၏။

"ထန်... ထန် ... ထန်"

ထျဲဟုန်၏ လက်သီးများက သံသံချင်း ထိပ်တိုက်တွေ့ဆုံသကဲ့သို့ မီးပွားများ ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

အဆုံးမဲ့ စွမ်းအင်လှိုင်းများက တိုက်ပွဲစင်မြင့်တစ်ဝိုက်ကို ပျံ့လွင့် ထွက်ပေါ်လာခဲ့၏။

ကံကောင်းထောက်မစွာဖြင့်၊ တိုက်ပွဲစင်မြင့်တစ်ဝိုက်တွင် အလင်းအလွှာတစ်ခုက ဤတိုက်ခိုက်မှုလှိုင်းများကို တားဆီးထားခဲ့သည်။

"ဒုန်း"

ထျဲဟုန်၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါကာ လေထဲတွင် ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။

ရီတျန်၏လက်ထဲမှ ကုချင်းကလည်း တုန်ခါသွားပြီး တစ်မီတာခန့် ဆုတ်သွားရလေသည်။

'သန်မာလွန်းတယ်'

ဤအတွေးက လူများစွာ၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

တိုတောင်းသော တိုက်ကွက်ဖလှယ်မှုက ၎င်းတို့နှစ်ဦး၏ ခွန်အားကို မြင်နိုင်စေခဲ့သည်။

ထျဲဟုန်၏ ကျင့်ကြံခြင်းအခြေခံက အဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် ပင်ခုန်း၊ ကျိဟုန်ချန်နှင့် အခြားသူများထက် ပို၍အားကောင်း၏။ သူ့နယ်ကယ်က လင်းသခင်လေးထက် အားနည်းသည်မဟုတ်ပေ။

ရီတျန်က ပို၍ပင် နားမလည်နိုင် ဖြစ်ခဲ့သည်။ ဤဖလှယ်မှုတွင် ရီတျန်၏အင်အားကို သူတို့ မမြင်နိုင်ခဲ့ကြပေ။

"ထပ်လာမယ်၊ ကောင်းကင်ချိုးဖြတ်မဲ့ နတ်သံမဏိ"

ထျဲဟုန်က ဟိန်းဟောက်လိုက်သည်။ သူ့တကိုယ်လုံးက သံမဏိကဲ့သို့ဖြစ်လာခဲ့၏။ သူက တာအိုသိုင်းပညာကို အသုံးပြုပြီး လှုပ်ရှားသောအခါ ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

"တွမ်... တွမ်..."

ရီတျန်၏ ကုချင်းတီးခတ်သံက ပို၍ လျင်မြန်လာခဲ့သည်။ သန်းနှင့်ချီသော ကျွမ်းကျင်သူများ တိုက်ခိုက်နေသကဲ့သို့၊ သတ်ဖြတ်ချင်စိတ်များမှာ အလွန် အံ့ဖွယ်ဖြစ်ခဲ့၏။

မမြင်နိုင်သော ဤတိုက်ခိုက်မှုမျိုးက အလွန်ကြောက်စရာကောင်းပြီး စသဲလွန်စမကျန်ဘဲ သေစေနိုင်သည်။

"ထန်... ထန်... ဝုန်း"

လေထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဤတစ်ခါ တိုက်ခိုက်မှုက ဖလှယ်စဉ်ကထက် များစွာ ပိုကြမ်းတမ်းပေသည်။

တခဏအတွင်းမှာပင် တိုက်ခိုက်သံများ အဆက်မပြတ် ပေါ်လာခဲ့သည်။

ထျဲဟုန်က တိုက်ခိုက်လေလေ၊ ပို၍ ရဲရင့်လာလေလေပင်။ တခါတရံတွင် သူက ခုခံမှုကို လုံးဝလျစ်လျူရှုပြီး အရူးအမူး တိုက်ခိုက်ခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကိုက အဓိပဓိ ဝိညာဉ်လက်နက်ဖြစ်၍ ၎င်းတွင် ပြိုင်ဘက်ကင်းသော ကာကွယ်ရေးနှင့် တိုက်ခိုက်နိုင်စွမ်းရှိပေသည်။

"ရှုံးနိမ့်စမ်း"

ထျဲဟုန်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ကို လှစ်ဟလာခဲ့သည်။

သူသည် နတ်သံမဏိတိုက်ကြီးမှ နံပါတ်တစ် ပါရမီရှင် ဖြစ်၏။ သူ့ခွန်အားက အခြားသူများထက် အားမနည်းဘဲ၊ ရှန်းရွှီတိုက်ကြီးမှ ပါရမီရှင်ဖြစ်လျှင်ပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရှိသည်။

All Chapters