← Chapters

အခန်း ၁၂၆၃

Vol. 85 Ch. 1263

အခန်း ၁၂၆၃

Vol. 85 Ch. 1263

အပိုင်း ( 1263 ) ပင်ခုန်းကို ဖိနှိပ်ခြင်း။

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများလည်း အံ့သြသွားကြသည်။

လုမင်နှင့် ရှဲ့နျန်ချင်းက စုံတွဲများဖြစ်ကြောင်း နားလည်ရန် သူတို့အတွက် မခက်ပေ။ သို့ရာတွင် ယခုအခါ ဤစုံတွဲက အချင်းချင်း တိုက်ခိုက်ရတော့မည် ဖြစ်သည်။

လူတိုင်းက လွန်စွာ သိချင်ကြပေသည်။ တိုက်ပွဲ၏ရလဒ်က မည်သို့ဖြစ်မည်နည်း။

တိုက်ပွဲစင်မြင့်တွင် လုမင်က အကူအညီမဲ့ဟန်ဖြင့် သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။

"လုမင်၊ နင် ဘာဖြစ်လို့ အရှုံးမပေးတာလဲ"

ရှဲ့နျန်ချင်းက ရွှတ်နောက်နောက်ဖြင့် ပြုံးလိုက်သည်။ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးက ကျုံ့သွားကာ လိမ္မာပါးနပ်သော အကြည့်ကို ဖော်ထုတ်လိုက်၏။

"ငါ အရှုံးပေးတာက ရပါတယ်၊ ဒါပေမဲ့..."

လုမင်က ပြောရင်း ပင်ခုန်းနှင့် လှေကားအောက်မှလူများကို လှမ်းကြည့်လိုက်သည်။

သူ့အတွက်တော့ ရှဲ့နျန်ချင်းကို အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အရေးမကြီးပါ။ ရှဲ့နျန်ချင်းက အနိုင်ယူချင်လျှင် သူက အရှုံးပေးလိုက်ရုံ ဖြစ်သည်။ သူစိုးရိမ်တာက ရှဲ့နျန်ချင်းသာ အနိုင်ရခဲ့လျှင် ပင်ခုန်း၊ အခြားသူများနှင့် ရင်ဆိုင်ရမည်ကိုပင်။

ရှဲ့နျန်ချင်း၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံအရ ပင်ခုန်းနှင့် အခြားသူများကို ရင်ဆိုင်နိုင်ဦးမည် မဟုတ်ပေ။

"ဟိဟိ၊ ငါက နင့်ကိုနောက်နေတာပါ။ ငါ သူတို့ကို ရင်မဆိုင်နိုင်သေးဘူး၊ ဒါကြောင့် နင်နဲ့ထားခဲ့မယ်။ ဒါပေမဲ့ ပထမနေရာကို နင်ယူရမယ်နော်၊ မဟုတ်ရင်တော့ ငါ နင့်ကို ခွင့်မလွှတ်ဘူး!"

ရှဲ့နျန်ချင်းက ပြုံးပြီး ပြောလိုက်သည်။

"ရှုံးနိမ့်တာကို ဝန်ခံပါတယ်"

ရှဲ့နျန်ချင်း ပြောပြီးသည်နှင့် ဟင်းလင်းပြင်က တွန့်လိပ်သွားကာ အပြင်ဘက်ကို တယ်လီပို့လိုက်လေသည်။

လုမင်ကိုတော့ လှေကားအောက်ခြေရှိ လျှောက်လမ်းဆီသို့ ပို့ဆောင်ပေးခဲ့သည်။

လူတိုင်း ဆွံ့အသွားသည်။ လုမင်က လွယ်လွယ်နှင့် အနိုင်ရသွားပေသည်။

ယခုအခါ၊ လှေကားအောက်မှ လျှောက်လမ်းပေါ်တွင် စုစုပေါင်း လူငါးယောက် ရှိသည်။

လုမင်၊ ရီတျန်၊ ပင်ခုန်း၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိ။

ရှန်းရွှီတိုက်အဖွဲ့အစည်း၏ အသန်မာဆုံး ပါရမီရှင်ငါးဦး မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

ယခုအခါ လူအားလုံး၏အကြည့်က သူတို့အပေါ်တွင် စူးစိုက်နေခဲ့ကြပေသည်။

ဤအခိုက်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံဖြူအဘိုးကြီးက ရှေ့သို့ထွက်လာကာ ပြောလိုက်သည်။

"နောက်ဆုံးတော့ နောက်ဆုံးတိုက်ပွဲ စတော့မယ်။ ဒီတစ်ခါ စည်းမျဉ်းက အရမ်းရိုးရှင်းပါတယ်။ မင်းတို့အားလုံး ဒီလှေကားကို တက်ကြရလိမ့်မယ်။ လှေကားကို ပထမဆုံးတက်နိုင်တဲ့သူက ပထမဖြစ်လိမ့်မယ်။ ဒုတိယတက်နိုင်သူက ဒုတိယပဲ"

"မင်းတို့ လှေကားပေါ်ကို တက်တဲ့နေရာမှာ ဘယ်လိုနည်းမဆို သုံးလို့ရတယ်"

ဆံပင်ဖြူ အဘိုးကြီး၏ စကားဆုံးသည်နှင့် ပင်ခုန်း၊ ရီတျန်နှင့် အခြားသူများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။ အားလုံးက တစ်ယောက်ကိုတစ်ယောက် သတိထားကာ ကြည့်လိုက်ကြ၏။

"ဝှစ် ဝှစ်"

ရုတ်တရက်၊ သူတို့ငါးယောက်စလုံး ထွက်လာပြီး လှေကားပေါ်ကို တစ်ပြိုင်နက်တည်း တက်သွားတော့သည်။

လှေကားက တောင်ပေါ်ကို တက်နေရသလို ဖြစ်သည်။

"ဘယ်လောက်တောင် ပြင်းထန်တဲ့ ဖိအားလဲ"

လှေကားပေါ်ကို တက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်အပေါ် အကန့်အသတ်မဲ့ ဖိအားတစ်ခု သက်ရောက်နေတာကို လုမင် ခံစားလိုက်ရသည်။

လုမင်၏စိတ်ထဲတွင် လှုပ်ရှားသွား၏။ ဤလှေကားက အမှန်ပင် ထင်သလောက် မရိုးရှင်းပေ။

ငါးယောက်စလုံး ပထမအဆင့်တွင်ရပ်ကာ အလစ်တိုက်ခိုက်မခံရစေရန် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

"လုမင်၊ မင်းမှာ ငါတို့နဲ့ပူးပေါင်းရအောင် ဘာအရည်အချင်းရှိလို့လဲ။ ဒီကနေ ထွက်သွားစမ်း"

ထိုအချိန်တွင် ပင်ခုန်းက လုမင်ကို အေးစက်စက်ဖြင့်ကြည့်ပြီး ကြိမ်းမောင်းလိုက်သည်။

လုမင်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ရေခဲနဂါးက အမြဲ ရန်ငြိုးထားနေခဲ့သည်။ အခွင့်အရေးရပါက လုမင်ကို လက်စားချေရန် ပင်ခုန်းအား တိတ်တဆိတ် တောင်းဆိုထားခဲ့၏။ ယခုအခါ ပင်ခုန်းက ချက်ချင်း လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် စင်မြင့်ပေါ်ရှိ လူငါးဦးတွင် ကျန်လူများက ရီတျန်၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့ ဖြစ်ကြသည်။ သူတို့အားလုံးက နတ်နန်းတော်လေးခုမှ အသန်မာဆုံး ပါရမီရှင်များဖြစ်ကာ အတူတူ‌ ကျော်ကြားခဲ့၏။ လုမင်ကတော့ အဘယ်နည်း။ သူတို့နှင့် ဘယ်လိုလုပ်ပြီး အတူရပ်တည်ကာ ယှဉ်ပြိုင်နိုင်မည်နည်း။

ထို့ကြောင့် လုမင်ကို ဦးစွာဖယ်ရှားချင်ခဲ့သည်။

"ဝုန်း"

ပင်ခုန်းက လုမင်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ အေးစက်နေသော စွမ်းအားက လုမင်၏ သွေးများကိုပင် အေးခဲသွားစေချင်ပုံ ရ၏။

လုမင်၏ မျက်လုံးများက အေးစက်သွားကာ ပင်ခုန်း၏လက်ဝါးကို ပြန်လည် ရိုက်ထုတ်လိုက်တော့သည်။

"ဒုန်း"

ပင်ခုန်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ လုမင်၏ ခန္ဓာကိုယ်ကတော့ မလှုပ်ရှားသော်လည်း အေးစက်စက် စွမ်းအင်စီးကြောင်းက သူ့လက်မောင်းတစ်လျှောက် စိမ့်ဝင်လာခဲ့၏။

လုမင်က တာအိုငါးခုနှင့် အအေးဓာတ်ကို တွန်းလှန်ရန် ကြိုးစားလိုက်သည်။ သူ့လက်ပေါ်တွင် အဖြူရောင် ရေခဲအလွှာတစ်ခု ပေါ်လာပြီး အက်ကွဲသွား၏။

အဆုံးတွင်၊ လုမင်က ယွမ်ချီစွမ်းအင်ကိုလှည့်ပတ်ပြီး အအေးဓာတ်စွမ်းအင်ကို ဖယ်ရှားလိုက်ရသည်။

'ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ရေခဲစွမ်းအင်လဲ'

ပင်ခုန်းက ရေခဲနဂါးထက် အဆများစွာ အားကောင်းသည်ဟု လုမင် ခံစားလိုက်မိသည်။ အဆင့်တူတိုက်ပွဲတစ်ခုမှာပင် ရေခဲနဂါးက ပင်ခုန်း၏ပြိုင်ဘက် မဟုတ်ပေ။ ဤကဲ့သို့ ပင်ခုန်း၏ ကျင့်ကြံခြင်းအခြေခံက ပိုမြင့်မားချိန်မှာတော့ အထူးပြောနေရန် မလိုတော့ပါ။

"မင်းမှာ အင်အားရှိတာပဲ။ အခု ငါ့ဆီကနေ မင်း ဘယ်လောက်ထိ လှုပ်ရှားနိုင်မလဲ ကြည့်ရအောင်"

ပင်ခုန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ သူ့ အရှိန်အဝါများ ပိုအားကောင်းလာခဲ့၏။

"အစွန်းရောက်အေးခဲခြင်း"

ပင်ခုန်းက လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ အလွန်အေးစက်သော လက်ဝါးအင်အားက လုမင်ဆီသို့ ကျရောက်လာခဲ့၏။ လက်ဝါးအင်အား ဖြတ်သန်းသွားရာ နေရာတိုင်းမှ ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားရသည်။

၎င်းကလည်း တာအိုသိုင်းပညာတစ်ခုပင်။ သို့ရာတွင် တတိယအဆင့်မဟုတ်ဘဲ စတုတ္ထအဆင့်သို့ ရောက်နေသင့်သည်။

တစ်ဖက်မှာလည်း ရီတျန်၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့အားလုံး၏ အမူအရာများက လေးနက်သွားပေသည်။

လုမင်၏ ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းသံနှင့် နဂါးစွမ်းအား ကိုးခုစလုံး ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက် ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်နှင့် စွမ်းအင်တို့က လုမင်၏ခန္ဓာထဲတွင် ထွက်ပေါ်လတော့သည်။

"ဝုန်း... ဝုန်း"

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ လက်နှစ်ဖက်စလုံးနှင့် ထိုးနှက်လိုက်သည်။

"ဝမ်"

ကြောက်စရာကောင်းသော အအေးဓာတ်က အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ အအေးလှိုင်းများက လှေကားတစ်ခုလုံးကို အဖြူရောင် ပြောင်းလဲသွားစေခဲ့၏။ ရီတျန်၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိလည်း ၎င်းတို့ပတ်ဝန်းကျင်ရှိ အအေးဓာတ်ကို တွန်းလှန်ရန်အတွက် ယွမ်ချီစွမ်းအင်ကိုလှည့်ပတ်ကာ ဆုတ်ခွာသွားကြသည်။

လုမင်နှင့် ပင်ခုန်းက တိုက်ကွက်ကိုးခုကို အဆက်မပြတ် ဖလှယ်ခဲ့ကြသည်။ အဆုံးတွင်၊ လုမင်က ပင်ခုန်း၏ လက်ဝါးအင်အားကို ဖြတ်ကျော်ပြီး တိုက်ခိုက်လိုက်၏။

"မင်းက ငါ့ကိုအရင်ဆင်းစေချင်တာလား။ ဒါဆိုရင် မင်းကိုအရင်လွှတ်လိုက်မယ်"

လုမင် အော်ဟစ်လိုက်သည်။ သူ့အရှိန်အဝါများက တဟုန်ထိုး တက်လာခဲ့သည်။ သူ၏ ဘယ်ဘက်လက်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုထား၏။ သူ့ညာလက်ကတော့ မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်းနှင့် လျှပ်စီးများ လင်းလက်လာတော့သည်။

မိုးကြိုးဖီးနစ်က လေထဲတွင် ကခုန်လာသလို ငရဲဖိနှိပ်ကျောက်စာချပ်က ပင်ခုန်းအား ဖိနှိပ်ခဲ့သည်။

ပင်ခုန်း၏မျက်နှာက သုန်မှုန်သွားသည်။ သူက သူ၏ကျင့်ကြံခြင်းအခြေခံကို အစွန်းရောက် ထုတ်ဖော်လိုက်၏။

ပင်ခုန်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုး အလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိကာ ကျစ်ဝူကျိနှင့် ကျန့်ကျန်းထက် အနည်းငယ်သာလွန်သည်။ သူ၏ ကြွယ်ဝသော ယွမ်ချီစွမ်းအင်က ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ဖြစ်၏။ သူ၏ တာအိုသိုင်းပညာကို ထပ်မံ ပေါင်းစပ်လိုက်သောအခါတွင် သူ့စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းလာတော့သည်။

"အကြွင်းမဲ့ သုည၊ ကမ္ဘာအေးခဲခြင်း"

ပင်ခုန်း၏ အနက်ရောင်ဆံပင်က နှင်းဖြူအဖြစ်သို့ ပြောင်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးလှိုင်းနှင့်အတူ မုန်တိုင်းတိုက်ခတ်သလို လုမင်ကို စတင်တိုက်ခိုက်ခဲ့၏။

"ဝုန်း.. ဝုန်း.. ဝုန်း"

နှစ်ယောက်သား အပြင်းအထန် တိုက်ခိုက်ပြီး တိုက်ကွက်ဒါဇင်ချီကာ ဖလှယ်ခဲ့ကြသော်လည်း လုမင်က အသာစီးရနေသေးသည်။

ယခုအခါ လုမင်က နဂါးစွမ်းအင်ကိုးခုကို ပေါက်ကွဲထားသည်။ ထိုစွမ်းအားများသည် အံ့ဖွယ်ပင် ဖြစ်၏။ လုံချန်ကဲ့သို့၊ သူ၏ကျင့်ကြံခြင်းအခြေခံက အားနည်းနေသော်လည်း နယ်ပယ်ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်သည်။

လုမင်က အဆုံးမဲ့အအေးလှိုင်းများကို ဖြတ်ကျော်ကာ ပင်ခုန်းကို တိုက်ခိုက်လိုက်သည်။

နောက်ဆုံးတွင်၊ လုမင်၏ လက်သီးချက်ကြောင့် ပင်ခုန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

ထို့နောက်၊ လုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ့လက်သီးအင်အားက ရေခဲများကို အဆက်မပြတ် ပေါက်ကွဲသွားစေခဲ့၏။

ပင်ခုန်းမှာ လုမင်နှင့် မယှဉ်နိုင်ဘဲ အပြတ်အသတ် ဖိနှိပ်ခံခဲ့ရသည်။ သူ့ခန္ဓာက တုန်ခါပြီး လှေကားမှ နောက်ပြန်ဆုတ်ကာ အောက်လျှောက်လမ်းသို့ပင် ရောက်လာတော့သည်။

"ဒီလုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းတာပဲ။ ပင်ခုန်းကိုတောင် သူက ဖိနှိပ်ထားခဲ့တယ်"

"သူက တကယ်ကို သန်မာပါတယ်။ သူ့နယ်ပယ်က ပင်ခုန်းထက်နိမ့်ပြီး အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာရှိပေမဲ့ ပင်ခုန်းကို ဖိနှိပ်ထားနိုင်တယ်။ သူက တကယ်ကို သန်မာတာပဲ။ အရင်က အကြောင်းတစ်ခုခုကြောင့် နှောင့်နှေးခဲ့တာပဲ ဖြစ်ရမယ်။ သူ့အစွမ်းနဲ့ဆိုရင် ဒီလောက်နှေးနေမှာ မဟုတ်ဘူး"

"မှန်တယ်။ ငါတို့ သူ့ကို လျှော့တွက်မိခဲ့တာပဲ"

ယခင်က လုမင်ဟာ နှစ်နာရီကျော်ကြာမှ လမ်းကိုဖြတ်ကျော််နိုင်ခဲ့သည်။ ထို့ကြောင့်ပင် လုမင်က လင်းသခင်လေးနှင့် တိုက်ခိုက်ရန် လျှို့ဝှက်နည်းလမ်းတစ်မျိုးကို အားကိုးရဖွယ်ရှိသည်ဟု လူအများက ထင်မှတ်ခဲ့ခြင်း ဖြစ်ချေသည်။ ယခုမူ လုမင်၏အင်အားက သူတို့ထင်ထားသည်ထက် များစွာ အားကောင်းနေခဲ့ပြီ ဖြစ်သည်။ ယင်းက သူတို့ကို အံ့အားသင့်စေခဲ့ပေသည်။

အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့သော ပင်ခုန်းပင်လျှင် လုမင်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ဤခွန်အားမျိုးက တကယ်ကို အံ့သြစရာပင်။

"ယား"

ပင်ခုန်း ဒေါသတကြီးဖြင့် အော်လိုက်သည်။ သူ့ဦးခေါင်းထက်တွင် သွေးမျိုးဆက် ပေါ်လာခဲ့၏။ ရေခဲမြစ်ကြီးတစ်စင်းက အေးစက်မှု အငွေ့အသက်များနှင့် ပေါ်လာတော့သည်။

All Chapters