အခန်း ၁၂၆၅
Vol. 85 Ch. 1265
အပိုင်း ( 1265 ) ပထမ လုမင်။
ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ပြီးနောက် လုမင်၏ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းက တရှိန်ထိုးအောင်မြင်ပြီး စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တာအိုသိုင်းပညာများကိုလည်း အခြားသော သိုင်းပညာများကဲ့သို့ အဆင့်ခြောက်ခု ခွဲထားခဲ့သည်။ ဤတွင် စတုတ္ထအဆင့်က အလွန်အားကောင်းနေခဲ့ပြီ။
နဂါးလက်သည်းများက မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေခဲ့သည်။ နဂါးလက်သည်းကုပ်ချက်များ ထွက်လာသောအခါ ကောင်းကင်တစ်ခုလုံး မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေတော့သည်။
"သံမဏိဓား"
အော်ဟစ်သံနှင့် ဓားတစ်လက်က ကောင်းကင်ကိုဖြတ်ကာ လုမင်ဆီသို့ ခုတ်ပိုင်းလာခဲ့သည်။
"အရှေ့ပိုင်းက ခရမ်းရောင်ချီ"
ခရမ်းရောင်အလင်းများက ကောင်းကင်တွင် ပြည့်နှက်သွား၏။ အလွန်ထက်သော ခရမ်းရောင်အလင်းက ခရမ်းရောင်လှံအဖြစ် ဖွဲ့တည်ကာ လုမင်ဆီသို့ တိုးဝင်လာတော့သည်။
"ရေခဲခေတ်"
ရေခဲမြစ်ကြောင့် ဖြစ်ပေါ်လာသော လေအေးကလည်း လုမင်ဆီသို့ လှိမ့်ဝင်လာခဲ့သည်။
"ဖီးနစ်ကခုန်ခြင်း"
ရီတျန်၏ဦးခေါင်းထက်တွင် ကုချင်းတစ်ခု ပေါ်လာသည်။ ဤကုချင်းကို ဖီးနစ်ပုံစံများဖြင့် ရေးထွင်းထား၏။ ယင်းက ရီတျန်၏ သွေးမျိုးဆက်ဖြစ်သော ဖီးနစ်ကုချင်း ဖြစ်တော့သည်။
ရီတျန်၏လက်ထဲမှ ကုချင်းနှင့် ဖီးနစ်ကုချင်းက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့သည်။ စူးရှသော ကုချင်းသံစဉ်များ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ဖီးနစ်ခုနစ်ကောင်က လုမင်ဆီသို့ တစ်ချိန်တည်း ပျံထွက်သွား၏။
အသန်မာဆုံး ပါရမီရှင်လေးဦးက တပြိုင်နက်တည်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။ သူတို့လေးဦးက သူတို့၏ အသန်မာဆုံးတိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ရာ လုမင်အား ဖုံးလွှမ်းသွားတော့သည်။
"ဘုရားရေ၊ သူတို့က အရမ်းသန်မာတယ်"
"လုမင်က သူတို့ရဲ့ပြိုင်ဘက် သေချာပေါက် မဖြစ်နိုင်ဘူး။ သူ ရှုံးလိမ့်မယ်"
တစ်ယောက်ယောက်က အော်လိုက်သည်။
သို့သော်လည်း မျက်လုံးများဖွင့်ပြီး လှေကားအောက်မှ တိုက်ပွဲကို စိုက်ကြည့်နေခဲ့၏။ မည်သူမျှ မျက်တောင်တောင်မခတ်ပေ။ ဤအခိုက်တွင် အသက်ရှူရန်ပင် မေ့လျော့သွားကြသည်။
မျက်တောင်လည်း လုံးဝ မခတ်ဝံ့ပေ။ မျက်တောင်ခတ်လိုက်ပါက မျက်စိတစ်မှိတ်အတွင်း အခြေအနေပြောင်းသွားမည်ကို စိုးရိမ်ခဲ့ကြသည်။ အားလုံးက လှေကားဆီသို့ ငေးကြည့်နေတော့သည်။
"လုမင် တားဆီးနိုင်မှာလား"
လူများစွာ၏ နှလုံးသားထဲတွင် ထိုအတွေးတစ်ခုသာ ရှိခဲ့သည်။
"လုမင်"
ရှဲ့နျန်ချင်းလည်း သူမ၏ ကျောက်စိမ်းလက်သီးဆုပ်ကလေးကို တင်းတင်းဆုပ်လိုက်သည်။ သူလည်း လွန်စွာ စိတ်လှုပ်ရှားသွား၏။
"ရှုံးစမ်း၊ မြန်မြန်ရှုံးလိုက်တော့။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးပြီး ပြာဖြစ်သွားရင် အကောင်းဆုံးပဲ"
လုမင်အပေါ် အာဃာတရှိသူအချို့ ဖြစ်သည့် ရေခဲနဂါး၊ ဝမ့်ကျန်း၊ ရှဲ့နျန်ကျွင်း၊ လင်းသခင်လေး နှင့် အခြားသူများကလည်း တိတ်တဆိတ် ဆုတောင်းနေတော့သည်။
"ကြည့်ကြစမ်း၊ လုမင် မတားဆီးနိုင်တော့ဘူး။ သူ့သွေးမျိုးဆက် ပြိုကျနေခဲ့ပြီ"
"တကယ်ကို သူပြီးသွားပြီပဲ"
"ဒါပေမဲ့ လုမင်က အားကောင်းလွန်းတယ်။ သူက အထွတ်အထိပ် ပါရမီရှင်လေးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နေတာလေ။ သူ ရှုံးနိမ့်ရင်တောင် အတော်ကောင်းနေခဲ့ပါပြီ"
ပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။
ဤအချိန်တွင်၊ အသန်မာဆုံး ပါရမီရှင်လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနေရသော နဝမနဂါးသွေးမျိုးဆက်က ကြာကြာမခံနိုင်သကဲ့သို့ တစ်လက်မချင်း ပြိုကျလာခဲ့သည်။ နောက်ဆုံးမှာတော့ အလင်းရောင်အဖြစ်သို့ ပျောက်ကွယ်သွားတော့သည်။
နဝမနဂါးသွေးမျိုးဆက် ပြိုကျသွားသောကြောင့် ဖြစ်ပေါ်လာသော အလင်းများကြားတွင် လုမင်၏ မူလခန္ဓာကို လူတိုင်း မြင်တွေ့လိုက်ရသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ လုမင်ကို အဆုံးမဲ့အလင်းများနှင့် တိုက်ခိုက်မှုလေးခုက လွှမ်းခြုံသွားတော့သည်။
'လုမင် သေပြီ'
လူတော်တော်များများက သူတို့စိတ်ထဲမှ ရေရွတ်လိုက်ကြသည်။
လုမင်၏ သွေးမျိုးဆက်ပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီ။ ဤတိုက်ခိုက်မှုမျိုးကို သူက မည်သို့ တားဆီးနိုင်မည်နည်း။
"ရပ်ကြတော့"
အရေးကြီးသောအခိုက်အတန့်တွင် ရီတျန်က ကုချင်းကို လက်နှစ်ဘက်ဖြင့်ဖိပြီး ဖီးနစ်ခုနစ်ကောင်အား ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း ပင်ခုန်း၊ ကျန့်ကျန်းနှင့် ကျစ်ဝူကျိတို့၏ တိုက်ခိုက်မှုများက အနည်းငယ်မျှ အားလျော့မသွားဘဲ ပို၍ပင် ပြင်းထန်လာတော့သည်။
လုမင်က သန်မာလွန်းသဖြင့် သူတို့ကို မနာလိုဖြစ်စေသည်။ သူတို့က လုမင်ကို တခါတည်းသတ်ရန် ဤအခွင့်အရေးအား သုံးချင်ခဲ့ကြသည်။
ဤအခိုက်တွင်...
ဧရာမ ကျောက်စာကြီးတစ်ခုက အလင်းရောင်များကြားမှ ထွက်ပေါ်လာခဲ့သည်။ တောက်ပသော အလင်းများနှင့် ကျောက်စာချပ်က တောင်လုံးတမျှ လျင်မြန်စွာ ကြီးလာခဲ့၏။
"ဖိနှိပ်"
ကျောက်စာချပ်အတွင်းမှ လုမင်၏အသံက ထွက်ပေါ်လာခဲ့သည်။ အလင်းများ ဖြာထွက်နေသော ကျောက်စာချပ်က တစ်ချက်တုန်ခါသွားပြီး တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးလိုက်သည်။
ကြည့်ရှုနေသူအားလုံး အံ့အားသင့်ကြာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွား၏။ အံ့အားသင့်စွာဖြင့် ပြောဆိုသံများလည်း ဆူဆူညံညံဖြင့် ထွက်ပေါ်လာတော့သည်။
"နောက်ထပ် သွေးမျိုးဆက်တစ်ခု၊ နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်တစ်ခုပဲ"
"လုမင်မှာ အဆင့်မြင့် သွေးမျိုးဆက် နှစ်ခုတောင်မှ ရှိနေတယ်။ တစ်ခုက နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ဖြစ်ပြီး နောက်တစ်ခုကတော့ နတ်ဘုရားအဆင့်ကိုးပဲ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"နောက်ပြီးတော့ ဒီနတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်က ဘာကြီးလဲ။ အစွမ်းထက်လိုက်တာ၊ အဲဒါက ပင်ခုန်းနဲ့ အခြားသူတွေရဲ့ တိုက်ခိုက်မှုကိုတောင် တိုက်ရိုက် ဖျက်ဆီးပစ်နိုင်တယ်"
မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
မူလက ဤတိုက်ခိုက်မှုအောက်တွင် လုမင်သေဆုံးလိမ့်မည်ဟု သူတို့အားလုံး ထင်ခဲ့ကြပေသည်။ သို့သော်လည်း အရေးကြီးသောအခိုက်တွင် အခြား သွေးမျိုးဆက်တစ်ခုဖြင့် ပေါက်ကွဲထွက်ပြီး ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကို ပယ်ဖျက်ကာ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
"ငရဲဖိနှိပ်ကျောက်စာချပ်၊ အဲဒါ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဆံပင်ဖြူ အဘိုးကြီးက မနေနိုင်တော့ဘဲ အော်လိုက်သည်။
"တကယ်ပါပဲ။ တစ်ခုက နဝမနဂါး၊ နောက်တစ်ခုကတော့ ငရဲဖိနှိပ်ကျောက်စာချပ်တဲ့။ ဒါက မယုံနိုင်စရာကောင်းလွန်းတယ်"
"ဒဏ္ဍာရီလာ ကောင်းကင်ကိုးခုဖိနှိပ်မှု ကျောက်စာချပ်ပဲ"
နဂါးနတ်ဘုရားတောင်ကြား၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများလည်း အော်ပြောလိုက်လေသည်။
ငရဲဖိနှိပ်ကျောက်စာချပ်ကို မြင်ရခြင်းက နဝမနဂါးကို မြင်ရခြင်းထက် သူတို့ကို ပို၍ပင် ထိတ်လန့်သွားစေပုံရသည်။
"ဖိနှိပ်"
လုမင်၏အသံက ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ပင်ခုန်းကို ဖိနှိပ်လိုက်၏။
"ဝုန်း"
ဧရာမ ငရဲဖိနှိပ်ကျောက်စာချပ်က ရေခဲမြစ်ကို ဖိချလိုက်ရာ ရေခဲမြစ်အတွင်းမှ ပင်ခုန်း၏ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
"ထပ်လာမယ်"
ငရဲဖိနှိပ်ကျောက်စာချပ်ကို သွေးရောင် အလင်းများက ဖုံးလွှမ်းသွားခဲ့သည်။ ယင်းက တတိယမြောက် သွေးမျိုးဆက်မှ စွမ်းအား ဖြစ်၏။ လုမင်က တတိယသွေးမျိုးဆက်မှ စွမ်းအားကို ဆွဲယူလိုက်သောအခါ ငရဲဖိနှိပ်ကျောက်စာချပ်စွမ်းအားက ပို၍ပင် အားကောင်းလာတော့သည်။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်က ရေခဲမြစ်ကို ထပ်မံဖိနှိပ်ချလိုက်သည်။ ဤတစ်ကြိမ်တွင်၊ ရေခဲမြစ်က ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ ရေခဲမြစ်က ရုတ်တရက်ပြိုကျပြီး စွမ်းအင်အလင်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ ပင်ခုန်း၏ခန္ဓာက ပြန်ပေါ်လာပြီး သွေးများအန်ထွက်ကာ လှေကားအောက်ကို ပြုတ်ကျသွားတော့သည်။
ဤပြောင်းလဲမှုများက ရုတ်ချည်းဖြစ်သည်။ ငရဲဖိနှိပ်ကျောက်စာချပ် ပေါ်လာချိန်မှစ၍ ပင်ခုန်းကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေသည်အထိ အသက်တစ်ရှိုက်စာသာ ကြာမြင့်ခဲ့ပေသည်။
"တိုက်ခိုက်"
ဤအခိုက်တွင် ကျန့်ကျန်းနှင့် ကျစ်ဝူကျိက တပြိုင်နက်တည်း ထပ်မံ တိုက်ခိုက်လိုက်သည်။ ဓားနှင့် လှံက လုမင်ဆီသို့ ပြေးဝင်လာခဲ့၏။
ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါသွားပြီး ဓားနှင့် လှံကို ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်၏ အောက်ပိုင်းက ဖျက်ဆီး၍မရသော ငရဲဖိနှိပ်ကျောက်စာချပ် မူလခန္ဓာ ဖြစ်သည်။ ဓားနှင့်လှံက ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိပ်တိုက်တွေ့ဆုံသောအခါ အသံနှစ်ခုသာ ထွက်ပေါ်လာပြီး ပြန်ကန်ထွက်သွားခဲ့ရသည်။
"ဝမ်"
ထိုအချိန်တွင် ငရဲဖိနှိပ်ကျောက်စာချပ်က သူတို့နှစ်ဦးအပေါ်ကို ဖိနှိပ်လိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုနှင့်အတူ လူနှစ်ဦးက အထပ်ထပ် ဆုတ်သွားရတော့သည်။
တိုက်ပွဲစတင်ချိန် ကြာလာသည်နှင့် ကျစ်ဝူကျိနှင့် အခြားသူများ၏ သွေးမျိုးဆက် စွမ်းအားများက အလွန် ဆုတ်ယုတ်လာခဲ့သည်။ တစ်ဖက်တွင်၊ လုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် စွမ်းအားကတော့ အင်အားအပြည့် ရှိနေဆဲ ဖြစ်၏။ သူက သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်လိုက်တော့သည်။
ဤလုပ်ငန်းစဉ်အတွင်းမှာတော့ ရီတျန်ဟာ လှုပ်ရှားခြင်းမပြုတော့ပေ။
ကျန့်ကျန်းနှင့် ကျစ်ဝူကျိ နှစ်ဦးတည်းက သူ့ထံမှာ တိုက်ကွက်အနည်းငယ်ထက် ပို၍ မခံနိုင်တော့ပါ။ သူတို့၏ သွေးမျိုးဆက်များက ပြိုကျကာ သွေးအန်ပြီး လွင့်စဉ်သွားခဲ့သည်။
ထိပ်သီး ပါရမီရှင်သုံးဦးစလုံး လုမင်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ကြပြီ။
"သတ်"
လုမင်က ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိန်းချုပ်ကာ ပင်ခုန်းအား ဆက်လက်ဖိနှိပ်ခဲ့သည်။
"ငါ အရှုံးပေးပါတယ်"
ပင်ခုန်း၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်လာကာ ကမန်းကတန်း အော်ဟစ်လိုက်၏။
ထို့နောက်မှာတော့ ဟင်းလင်းပြင်က တွန့်လိပ်သွားကာ အလင်းများ တောက်ပလာပြီး ပင်ခုန်းကို ဖယ်ထုတ်သွားတော့သည်။
"ဟမ့်"
လုမင်က အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ကျစ်ဝူကျိနှင့် ကျန့်ကျန်းကို ဆက်လက် ဖိနှိပ်လိုက်၏။ သူတို့နှစ်ယောက်လည်း သွေးမျိုးဆက်စွမ်းအား ကုန်ဆုံးသွား၍ အရှုံးပေးရန်မှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
လှေကားပေါ်တွင် လုမင်နှင့် ရီတျန်တို့သာ ကျန်ခဲ့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က ပြန်ကျုံ့လာပြီး လုမင်အသွင် ပြောင်းလဲသွား၏။
"မင်း ထပ်တိုက်ချင်သေးလား"
လုမင်က ရီတျန်ကို ကြည့်လိုက်သည်။
ယခုလေးတင်၊ အရေးကြီးသော အခိုက်အတန့်မှာ ရီတျန်က တိုက်ခိုက်မှု ရုတ်သိမ်းပြီး နောက်ဆုတ်သွားခဲ့သည်။ ယင်းကြောင့် လုမင်က သူ့အပေါ်တွင် အနည်းငယ်ပိုကောင်းကာ မတိုက်ခိုက်တော့ပေ။
"လိုအပ်သေးလို့လား၊ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ပါဘူး"
ရီတျန်က ခါးသက်သက်ဖြင့်ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။ ထို့နောက်မှာတော့ ကုချင်းကိုသိမ်းကာ လှေကားမှထွက်ပြီး အပြင်ဘက်တွင် ပြန်ပေါ်လာတော့သည်။
ယခုအခါ လှေကားပေါ်၌ လုမင်တစ်ယောက်သာ ကျန်ခဲ့သည်။
ဤအခိုက်တွင် လုမင်က လူသောင်းချီ၏ အာရုံစိုက်ရာ ဗဟိုချက်တစ်ခု ဖြစ်ခဲ့သည်။
ဤအကဲဖြတ်မှု၏ ရလဒ်က အထူးပြောနေစရာ မလိုတော့ပါ။ ပထမက လုမင် ဖြစ်သည်။
ဤရလဒ်က လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့ပေသည်။
လုမင်က အသန်မာဆုံး ပါရမီရှင်လေးဦးကို တခါတည်း အနိုင်ယူခဲ့သည်။
ယခင်ကသာ တစ်ယောက်ယောက်က ဤသို့ပြောလာခဲ့မည်ဆိုလျှင် မည်သူမျှ မယုံကြည်ဘဲ သူရူးဟု သေချာပေါက် ခေါ်ဆိုခံရလိမ့်မည်။
ဤအခိုက်မှာပင် စိတ်ရှုပ်ထွေးပြီး အစစ်အမှန်မဟုတ်သည့် ခံစားချက်မျိုး ခံစားနေခဲ့ကြရသည်။