အခန်း ၁၂၇၁
Vol. 85 Ch. 1271
အပိုင်း ( 1271 ) နတ်ဘုရားအပျက်အယွင်း အတွင်းပိုင်းသို့။
"ဟမ်"
အဝေးကို လှမ်းကြည့်ရင်း မုမိသားစုခေါင်းဆောင်၏ မျက်နှာက အေးစက်သွားကာ ရေရွတ်လိုက်သည်။
"နတ်ဘုရားအပျက်အယွင်းတွေ"
"လိုက်"
ဤအခိုက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ရှေ့မှ ဟင်းလင်းပြင်သည် အလိုအလျောက် ပွင့်ထွက်သွား၏။ သူက လင်းသခင်လေးကိုခေါ်ကာ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
မုမိသားစုခေါင်းဆောင်နှင့် မုရဲ့တို့လည်း ဟင်းလင်းပြင်ကိုဆုပ်ဖြဲကာ လုမင်တို့အနောက်ကို လိုက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားအပျက်အယွင်းများ အပေါ်မှ ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၊ မုမိသားစုခေါင်းဆောင်နှင့် အခြားသူများ ပေါ်လာခဲ့၏။
"သူတို့က နတ်ဘုရားအပျက်အယွင်းတွေထဲ ဝင်သွားကြတာပဲ"
မုမိသားစုခေါင်းဆောင်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့ ဆက်မလိုက်တာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း အမျိုးသားက မေးသည်။
"ဒီနေရာက နတ်ဘုရားအပျက်ယွင်းရဲ့ ဗဟိုစက်ဝိုင်းပဲ။ အဲဒီမှာ အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ဝင်သွားမယ်ဆိုရင် အုပ်ချုပ်သူတွေတောင် ပြန်ထွက်လာဖို့ မလွယ်ဘူး"
မုမိသားစုခေါင်းဆောင်က ပြောလိုက်၏။
"အုပ်ချုပ်သူတွေတောင် အန္တရာယ်ရှိတာလား။ ဟားဟားဟား၊ ငါ့အထင်တော့ မင်းက ချဲ့ကားနေတာပဲ။ ငါ ဝိညာဉ်အသိနဲ့ ဂရုတစိုက် စစ်ဆေးကြည့်ပြီးပြီ။ ဒီနေရာက ရိုးရိုး အပျက်အယွင်းတစ်ခုပဲ၊ သက်ရှိသတ္တဝါတွေတောင် ရှိတာမဟုတ်ဘူး။ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အန္တရာယ်ရှိနိုင်မှာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးရုံပြုံးလိုက်သည်။
သူသည် ယုံကြည်မှု အပြည့် ရှိ၏။ နတ်ဘုရားအပျက်အယွင်းတွင် အုပ်ချူပ်သူများကို ခြိမ်းခြောက်နိုင်သောအရာ ရှိနေမည်ဟု သူ မယုံပေ။
"ဒါပေမဲ့..."
မုမိသားစုအကြီးအကဲနှင့် မုရဲ့တို့က ချီတုံချတုံဖြစ်နေဆဲပင်။
နတ်ဘုရားအပျက်အယွင်း၏ ဒဏ္ဍာရီများက သူတို့ကို အလွန်သတိရှိစေသည်။
"အုပ်ချုပ်သူဖြစ်ပြီး ဒီလောက်လေးကို ကြောက်နေတယ်ဆိုရင် ကြီးမားတဲ့အရာတွေကို ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်မှာလဲ။ ကောင်းပြီ၊ မင်း မသွားဝံ့ရင် ငါသွားမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် အထင်အမြင်သေးသော လေသံဖြင့် လျစ်လျူရှုစွာ ပြောလိုက်သည်။
ဤနေရာက အန္တရာယ်ရှိတာကို သူယုံကြည်လျှင်ပင်၊ အန္တရာယ်အနည်းငယ် ရှိလျှင်သော်မှ သူ ကြိုးစားရမည် ဖြစ်သည်။
လုမင်၏ မိုးကြိုးဒယ်စောက်အိုးကို သူတော်စင်လက်နက်ဟု သံသယရှိခဲ့ပြီး ယင်းက သူ့အား နောက်မဆုတ်ချင်တော့အောင် ဖြစ်စေခဲ့ဩ်။
တန်တန်နှင့် ပူဖောင်းလေးကတော့ ထိပ်တန်းစစ်သားရဲဆယ်ကောင်ထဲမှ နှစ်ကောင်မဟုတ်လျှင်ပင်... ၎င်းတို့၏အဆက်အနွယ် ဖြစ်နေကြခြင်းက သူ့ကို ပို၍ပင် သွေးဆောင်နိုင်ခဲ့သည်။ သူတို့ကို ကောင်းစွာ မွေးမြူပါက အနာဂတ်တွင် အထောက်အပံ့များစွာ ရလိမ့်မည်။
သူက ဤအရာအားလုံးကို အရယူရန် ဆုံးဖြတ်ထားပေသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက နတ်ဘုရားအပျက်အယွင်းဆီသို့ ဦးတည်သွားခဲ့သည်။ လင်းသခင်လေးလည်း သူ့နောက်ကို ကပ်လိုက်သွားသည်။
မုမိသားစုခေါင်းဆောင်နှင့် မုရဲ့တို့လည်း တစ်ယောက်ကိုတစ်ယောက် မသေချာသောမျက်လုံးများဖြင့် ကြည့်လိုက်၏။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးသား အံကြိတ်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားနောက်မှ နတ်ဘုရားအပျက်အယွင်းထဲသို့ လိုက်ပါသွားတော့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းကို မျက်နှာသာပေးနိုင်ရန်က သူတို့အတွက် မလွယ်ပေ။ ယင်းက တစ်သက်မှာတစ်ခါ ကြုံရခဲသည့် အခွင့်အလမ်းတစ်ခုဖြစ်၍ သူတို့လက်လွတ်မခံချင်ကြပါ။
သူတို့လူစုက နတ်ဘုရားအပျက်အယွင်း၏ အပြင်ဧရိယာကို ဖြတ်ကျော်ကာ အတွင်းဧရိယာထဲသို့ ဝင်သွားသည်။
မကြာမီ၊ အတွင်းဧရိယာကိုဖြတ်ပြီး ဗဟိုဧရိယာ အပြင်ဘက်တွင် ပေါ်လာခဲ့၏။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက လုံးဝမတွန့်ဆုတ်ပါ။ သူက မုမိသားစုခေါင်းဆောင်၊ အခြားသူများနှင့်အတူ ဆက်ဝင်သွားခဲ့သည်။
ဗဟိုဧရိယာတွင် မပြည့်စုံသော ဝင်္ကပါအချို့ ရှိခဲ့သည်။ ၎င်းတို့ထဲတွင် အချို့က အလွန်အစွမ်းထက်သော်လည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်အတွက်တော့ မည်သည့်ခြိမ်းခြောက်မှုမျှ မပြုလုပ်နိုင်ခဲ့ပေ။
"ဒီလို အပျက်အယွင်းလေးတွေကို မင်း ကြောက်နေတာလား"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြောင်လိုက်သည်။
မုမိသားစု၏ ဘိုးဘေးက ဘာမျှမပြောပေ။ သူက တိတ်တဆိတ် စောင့်ကြည့်နေဆဲ ဖြစ်သည်။
သူသည် ယခင်က နတ်ဘုရားအပျက်အယွင်း၏ ဗဟိုနယ်မြေကို မရောက်ဖူးခဲ့ပေ။ ဤနေရာက အလွန်အန္တရာယ်များကြောင်းသာ သူသိသည်။ ဤတွင် သိုင်းအုပ်ချုပ်သူတစ်ဦးပင်လျှင် သေဆုံးနိုင်သည်ဟု ပြောကြသော်လည်း အတိအကျတော့ မသိပေ။
များမကြာမီ သူတို့က ကြီးမားသော ဧရိယာကို ဖြတ်ကျော်ပြီး မပျက်စီးသော နန်းတော်ရှေ့သို့ ရောက်လာခဲ့ကြသည်။
"တကယ်ကြီး ဒီနေရာကတော့ အကောင်းအတိုင်းပါပဲလား"
မုမိသားစု၏ ဘိုးဘေးက ပဟေဠိဆန်သောအကြည့်ကို လှစ်ဟလာခဲ့သည်။
"လုမင်နဲ့ အခြားသူတွေ ဒီနန်းတော်ထဲမှာ ရှိနေတယ်။ သူတို့ မလွတ်မြောက်နိုင်တော့ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
မုမိသားစု ခေါင်းဆောင်နှင့် မုရဲ့လည်း ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်လည်း ဂရုတစိုက် ခံစားကြည့်သည့်တိုင် လုမင်တို့အဖွဲ့၏ အငွေ့အသက်ကိုသာ ခံစားရသည်။ သူတို့အပြင် အခြား ဘာမျှမရှိပေ
"ငါသွားလိုက်မယ်"
မုရဲ့ ပြောလိုက်သည်။
ယခင်က လုမင်တို့ကြောင့် သူ ဒဏ်ရာရခဲ့ပြီး အရှက်ရခဲ့ပေသည်။ ထို့ကြောင့် ယခုအခါ သူ့ကိုယ်သူ သက်သေပြရန် စိတ်အားထက်သန်နေခဲ့သည်။
ပြောပြီးသည်နှင့် မုရဲ့က ထွက်သွား၏။ သိုင်းအုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါများကလည်း သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့လာတော့သည်။
"ပြိုပျက်နေတဲ့ နန်းတော်ထဲမှာ ပုန်းအောင်းနေတာ အလုပ်ဖြစ်မယ် ထင်လို့လား။ ဒီနန်းတော်ကို ငါဖျက်ဆီးပြီး မင်းတို့ကို ကိုယ့်ဘာသာ ထွက်လာစေမယ်"
မုရဲ့က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက လေထဲကို ဖိချဟန်ပြုလိုက်သည်နှင့် တောင်လုံးတမျှ လက်ဝါးကြီးတစ်ဖက် ပေါ်လာခဲ့၏။ သူက နန်းတော်ကို ဖမ်းဆုပ်ပြီး တိုက်ရိုက်ချေမှုန်းပစ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
"ရွှစ်"
ထိုအချိန်တွင် အနက်ရောင်လှံအလင်းတစ်ခုက နန်းတော်အတွင်းမှ တိုးထွက်လာခဲ့သည်။ လှံအလင်းက လက်ဝါးကြီးကို အပိုင်းပိုင်းခွဲပစ်လိုက်၏။
"ဝှစ်"
ထို့နောက်မှာတော့ နန်းတော်ထဲမှ ဒုတိယလှံအလင်းတစ်ခု ပေါ်လာတော့သည်။ ၎င်း၏ပစ်မှတ်မှာ မုရဲ့ ဖြစ်သည်။
လှံအလင်း၏အရှိန်က မထင်မှတ်လောက်အောင် မြန်ဆန်ကာ မုရဲ့အရှေ့သို့ ခဏချင်း ရောက်လာခဲ့သည်။
"ဖောက်"
မုရဲ့ အချိန်မီ မတုံ့ပြန်နိုင်မီပင် သူ့ဒန်တျန်တွင် အပေါက်တစ်ခု ပေါ်လာခဲ့၏။
သိုင်းအုပ်ချုပ်သူက အဘယ်နည်း၊ ဝိညာဉ်ခန္ဓာကော ဘာဖြစ်သေးသနည်း။ လှံအလင်းရှေ့တွင် အရာအားလုံးက တို့ဟူးကဲ့သို့ နုနယ်ခဲ့ကြသည်။
မုရဲ့၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ့မျက်လုံးများတွင် မယုံကြည်မှုများ ပြည့်နှက်သွား၏။
တဖြည်းဖြည်းနှင့် သူ့မျက်လုံးထဲမှ အသက်ဓာတ်များ ယုတ်လျော့လာကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
မုရဲ့ ကျဆုံးသွားခဲ့ပြီ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဘယ်သူလဲ"
မုမိသားစုခေါင်းဆောင်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားတို့လည်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။
သူတို့အားလုံး နန်းတော်အတွင်းမှ တခြား အသက်ဓာတ်ကို လုံးဝ မခံစားရပေ။ သို့ဖြစ်ပေရာ ဤတိုက်ခိုက်မှုကို မည်သို့ ထုတ်ဖော်နိုင်မည်နည်း။ ထို့ပြင် သိုင်းအုပ်ချုပ်သူတစ်ပါးကို တစ်ချက်တည်း သတ်လိုက်ခြင်းက အံ့အားသင့်စရာကောင်းလွန်းသည်။
"လုမင်"
နောက်အခိုက်တွင် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားစ။
နန်းတော်တွင်းမှ လူနှစ်ယောက်က လက်ချင်းတွဲကာ ထွကလာခဲ့ကြသည်။ ယင်းက လုမင်နှင့် ရှဲ့နျန်ချင်းတို့ပင်။
"အဲဒါ မင်းတို့ပဲ"
လုမင်က လင်းသခင်လေးနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
"ယွမ်လုရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဒီလောက် စက်ဆုပ်ဖွယ်ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ ငါ့ရဲ့ပြိုင်ဘက်မဟုတ်တာနဲ့ ငါ့ကို လုပ်ကြံတိုက်ခိုက်ခဲ့တယ်၊ ဟားဟားဟား... ဒီလိုဂိုဏ်းမျိုးကို ငါ မဝင်မိတာ ကံကောင်းတာပဲ"
လုမင်က လှောင်ပြောင်သရော်မှုအပြည့်နှင့် ရယ်မောလိုက်သည်။
"ဟေ့ကောင်၊ မင်း ဘာစကားပြောတာလဲ"
လင်းသခင်လေး၏ မျက်နှာက သုန်မှုန်သွားကာ အော်ဟစ်လိုက်၏။
လုမင်က သူ့အကြောင်းကိုပြောနေကြောင်း သိသာထင်ရှားသည်။
"အတင့်ရဲလိုက်တာ၊ မင်းမှာ ဘယ်အချိန်က ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် မှတ်ချက်ပေးပိုင်ခွင့် ရှိလာခဲ့တာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ကြိမ်းမောင်းလိုက်သည်။
"ဟားဟားဟား"
လုမင်က အထင်မြင်သေးစွာဖြင့် လှောင်ရယ်လိုက်သည်။ သူက သူတို့နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ မုမိသားစု ခေါင်းဆောင်ကို လှမ်းကြည့်လိုက်၏။
"မင်းက ဘယ်သူလဲ။ ငါ့ကိုသတ်ဖို့ လူတွေကို မင်း ဘာဖြစ်လို့ လွှတ်လိုက်တာလဲ"
ယခင် အဓိပဓိခြောက်ပါးနှင့် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်ကို ထိုလူက စေလွှတ်လိုက်ကြောင်း သိသာထင်ရှားသည်။
"မင်းက ငါ့သား မုကြွယ်ကို သတ်လိုက်တဲ့သူပဲ။ မင်းကို ငါသတ်သင့်တယ်လို့ မထင်ဘူးလား"
မုမိသားစုခေါင်းဆောင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူက အနက်ရောင်ခေါင်းစွပ်ကို ဖယ်ရှားပြီး မှိုင်းညို့နေသော မျက်နှာကို ထုတ်ဖော်လိုက်၏။
"မုမိသားစု၊ ဒါက မုမိသားစုပဲ"
လုမင် ရေရွတ်လိုက်သည်။
ယခင်ကတည်းက ဤသည်မှာ မုမိသားစု သို့မဟုတ် ဝမ့်မိသားစုဖြစ်မည်ဟု သူ ခန့်မှန်းခဲ့သည်။
"မင်းက ငါ့ကိုသတ်ချင်နေမှတော့ လာပါ"
လုမင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
မုမိသားစုခေါင်းဆောင်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ နှစ်ဦးသား နန်းတော်ကို စိုးရွံ့ဟန်ဖြင့် ကြည့်လိုက်၏။
လှံအလင်းတစ်ခုက ပထမအဆင့် ကို သတ်နိုင်သည်။ ထိုအင်အားက တတိယ သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်ထက် အားမနည်းပေ။
"ဟမ့်၊ သူ ဘယ်သူလဲဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူ့ကိုယ်သူ မပြဝံ့တဲ့အတွက် ဒီလောက် မသန်မာတာ သိသာတယ်။ အတူတူ တိုက်ခိုက်ရအောင်၊ လုမင်ကိုဖမ်းပြီး မြန်မြန်ထွက်သွားမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
"ကောင်းပြီ"
မုမိသားစု ခေါင်းဆောင်လည်း ခေါင်းညိတ်လိုက်၏။
သိုင်းအုပ်ချုပ်သူတစ်ပါးကို ဆုံးရှုံးရခြင်းက မုမိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ သူ့အတွက် ဤနေရာတွင်ရပ်ရန်မှာ ပို၍ပင်မဖြစ်နိုင်တော့ပေ။