အခန်း ၁၂၇၂
Vol. 85 Ch. 1272
အပိုင်း ( 1272 ) ဦးခေါင်းမဲ့နဂါးစီးသူရဲ၏ အင်အား။
နှစ်ယောက်သား တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှစ်ခုက နတ်ဘုရားအပျက်အယွင်း အလယ်ဗဟိုတွင် ပေါက်ကွဲထွက်လာခဲ့သည်။
မုမိသားစုခေါင်းဆောင်က တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင် ဖြစ်သည်။ သူသည် ရှဲ့လွမ်နှင့် တိရီထက် ပို၍အားကောင်း၏။ သူက ဧရာမလက်ကြီးတစ်ခုကို ဖွဲ့စည်းကာ လုမင်အား ဖမ်းဆုပ်လိုက်တော့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ အရှိန်အဝါက ပို၍ပင် နားမလည်နိုင်အောင် ဖြစ်ခဲ့သည်။ သူက မုမိသားစု၏ ခေါင်းဆောင်ထက် များစွာပို၍ သန်မာသည်ဟုသာ လုမင် ခံစားနိုင်ပေသည်။
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ငှက်ကြီးတစ်ကောင် ပေါ်လာခဲ့သည်။ ငှက်ကြီးက ပါးစပ်ဟပြီး လုမင်နှင့် ရှဲ့နျန်ချင်းကို ပြေးကိုက်လိုက်၏။
လုမင်နှင့် ရှဲ့နျန်ချင်း တုန်လှုပ်သွားခဲ့သည်။ သို့သော်လည်း သူတို့က နန်းတော်တံခါးဝတွင်ရပ်နေကာ မလှုပ်ရှားကြပေ။
"အချိန်ဟင်းလင်းပြင် နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်သူတွေ ခြွင်းချက်မရှိ အသတ်ခံရမယ်"
ရုတ်တရက် နန်းတော်ဆီမှ အေးစက်စက် အသံတစ်ခု ထွက်လာခဲ့သည်။ ထိုအသံက အေးစက်ပြီး အကြင်နာမဲ့ကာ ခံစားချက်မရှိပေ။
"ဝှစ်... ဝှစ်"
လှံအလင်းနှစ်ခု နန်းတော်တွင်းမှ ထွက်လာသည်။ အနက်ရောင်လှံအလင်းက ကြောက်မက်ဖွယ်ကောင်းသော ရောင်ခြည်များ ဖြာထွက်နေခဲ့၏။ လှံအလင်းနှစ်ခုက မုမိသားစုခေါင်းဆောင်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ တိုက်ခိုက်မှုများနှင့် တိုက်မိသွားတော့သည်။
လှံအလင်းနှစ်ခုက တိုက်ခိုက်မှုနှစ်ခုကို ချေဖျက်သွားခဲ့သည်။ သို့ရာတွင် လှံအလင်းနှစ်ခုလည်း ကွယ်ပျောက်သွား၏။
"ဂါး"
နဂါးဟိန်းသံက ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေအောင် ထွက်ပေါ်လာတော့သည်။
"ဒုန်း... ဒုန်း... ဒုန်း..."
ထို့နောက်တွင် ဧရာမ သတ္တဝါကြီးတစ်ကောင် နန်းတော်တွင်းမှ တဖြည်းဖြည်း ထွက်လာတော့သည်။ သူ၏ ခြေလှမ်းတိုင်းက မြေပြင်ကို တုန်လှုပ်စေခဲ့သည်။
"ဒါက..."
မုမိသားစုခေါင်းဆောင်၊ လင်းသခင်လေးနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း အမျိုးသားလည်း တုန်လှုပ်ချောက်ချားသော အမူအရာများ ပေါ်လာခဲ့ကြသည်။
နန်းတော်အတွင်းမှ ထွက်လာသော သတ္တဝါကတော့ သဘာဝအတိုင်း ဦးခေါင်းမရှိသော အစစ်အမှန်နဂါးနှင့် နဂါးစီးသူရဲပင်။
ပူဖောင်းလေးက အချိန်နှင့်ဟင်းလင်းပြင် လျှောက်လမ်းမှတဆင့် လုမင်တို့ကို နတ်ဘုရားအပျက်အယွင်း၏ အမြုတေသို့ ခေါ်ဆောင်လာခဲ့သည်။
လုမင်တွင် ဟွင်းယွမ်တံဆိပ်ပြားရှိ၍ ဦးခေါင်းမဲ့ နဂါးစီးသူရဲက လုမင်တို့ကို ကိုယ့်လူအဖြစ် သတ်မှတ်ခဲ့ပေသည်။ သို့ရာတွင် မုမိသားစုခေါင်းဆောင်နှင့် ကျန်သူများမှာတော့ ဟွင်းယွမ်တံဆိပ်ပြား မရှိပါ။ ထို့အပြင် သူတို့က နန်းတော်ကို တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့်ပင် သဘာဝအရ၊ သူတို့ဟာ ဦးခေါင်းမဲ့နဂါးစီးသူရဲ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ဦးခေါင်းမဲ့ နဂါးစီးသူရဲဟာ အထွတ်အထိပ် တန်ခိုးရှင်တစ်ဦး သေဆုံးပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူက သက်ရှိသတ္တဝါမဟုတ်ခဲ့ပါ။ ထို့ကြောင့်ပင် မုမိသားစုခေါင်းဆောင်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးတို့မှာ သူ့အား နားမလည်နိုင်တော့ပေ။
"သက်ညှာခြင်းမရှိ သတ်ရမယ်"
ဦးခေါင်းမဲ့ နဂါးစီးသူရဲက ပြောလိုက်သည်။ အသံက ဘယ်ကထုတ်မှန်း မသိသော်လည်း နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့၏။ ဦးခေါင်းမရှိသော အစစ်အမှန်နဂါးက လက်သည်းတစ်ဖက်ကို ဆန့်ကာ မုမိသားစုခေါင်းဆောင်ကို တိုက်ခိုက်လိုက်တော့သည်။
နဂါးလက်သည်းက ထုတ်ဖော်လိုက်သည်နှင့် လျင်မြန်စွာ အရွယ်အစားကြီးလာခဲ့သည်။ အဆုံးတွင်၊ ကောင်းကင်ကို ဖုံးလွှမ်းကာ ကမ္ဘာတစ်ခုလုံးကိုပင် ဖုံးအုပ်သွား၏။ နဂါးလက်သည်းအောက်တွင် ဟင်းလင်းပြင်က ဖန်သားကဲ့သို့ ကွဲကြေသွားခဲ့သည်။
"ထာဝရကောင်းကင်ပြာ"
မုမိသားစုခေါင်းဆောင်လည်း ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ သူက ကောင်းကင််ကို ဦးခေါင်းမော့ပြီး ဟိန်းဟောက်လိုက်၏။ သူလှုပ်ရှားလိုက်သည်နှင့် ဒဏ္ဍာရီလာ ကမ္ဘာ့နတ်သစ်ပင်နှင့်တူသော ရှေးဟောင်းသစ်ပင်တစ်ပင်ဟာ နဂါးလက်သည်းဆီသို့ ကျရောက်လာတော့သည်။
ဤတိုက်ခိုက်မှုက မုမိသားစုခေါင်းဆောင်၏ အသန်မာဆုံး တိုက်ခိုက်မှု ဖြစ်သည်။ ၎င်းက ဒိုမိန်းစွမ်းအားနှင့် ဝိညာဉ်ခန္ဓာကို ပေါင်းစပ်ထားကာ အလွန်အစွမ်းထက်၏။ သာမန် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်ဖြစ်လျှင် ဤတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရခြင်း သို့မဟုတ် သေဆုံးခြင်းပင် ဖြစ်နိုင်သည်။
သို့သော်လည်း နောက်အခိုက်တွင် မုမိသားစုခေါင်းဆောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
အကြောင်းမှာ၊ နဂါးလက်သည်း ကျရောက်လာသည်နှင့် သူ၏ ရှေးဟောင်းသစ်ပင်က စွမ်းအင်အမှုန်များအဖြစ်သို့ တိုက်ရိုက် ပျက်စီးပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် နဂါးလက်သည်းက မရပ်တန့်ဘဲ မုမိသားစုခေါင်းဆောင်ဆီသို့ ဆက်လက် တိုးဝင်ခဲ့၏။
ဤလက်သည်းက ဟင်းလင်းပြင်ကိုပင် ပိတ်လှောင်ထားခဲ့သည်။ မုမိသားစုခေါင်းဆောင်က လွတ်မြောက်ချင်လျှင်ပင် မတတ်နိုင်တော့ပေ။
"ငါ့ကိုကယ်ပါဦး"
မုမိသားစုခေါင်းဆောင် ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ သူ၏ ဝိညာဉ်ခန္ဓာက တောက်ပပြီး ဒိုမိန်းစွမ်းအားများလည်း ပျံ့နှံ့သွား၏။ သူက လက်နှစ်ဖက်ဖြင့် လက်သီးချက်များကို အရူးအမူး ထုတ်ဖော်လိုက်တော့သည်။
သို့သော်လည်း နဂါးလက်သည်းအောက်တွင် အရာအားလုံးက အချည်းနှီးပင်။
မုမိသားစုခေါင်းဆောင်၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှုများက နဂါးလက်သည်းအောက်တွင် တို့ဟူးကဲ့သို့ ဖြစ်ခဲ့သည်။ တိုက်ခိုက်မှု တစ်ခုကိုပင် လုံးဝ မခံနိုင်ပေ။
တစ်ဖက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ကူညီချင်ခဲ့သည်။ သူသည် နဂါးလက်သည်းကို တိုက်ခိုက်လိုက်၏။ သို့သော်လည်း နဂါးလက်သည်းက လုံးဝ မလှုပ်ရှားပေ။
"မဟုတ်ဘူး"
မုမိသားစုခေါင်းဆောင် ဝမ်းပမ်းတနဲ အော်ဟစ်လိုက်သည်။ နောက်အခိုက်တွင် နဂါးလက်သည်းက သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာခဲ့၏။ နဂါးလက်သည်းက ပြန့်ကျုံ့လာပြီး မုမိသားစုခေါင်းဆောင်ကို ဖမ်းဆုပ်ဆွဲယူသွားတော့သည်။
"မဟုတ်ဘူး၊ ငါ့ကိုလွှတ်ပေးပါ... ငါ့အသက်ကို ချမ်းသာပေးပါ..."
မုမိသားစုခေါင်းဆေင်က ထိတ်လန့်တကြား အော်လိုက်သည်။
"သတ်"
ကံမကောင်းစွာဖြင့်၊ ဦးခေါင်းမဲ့နဂါးစီးသူရဲ၏အသံက ခံစားချက်မရှိပေ။ နဂါးလက်သည်း ဆုပ်ကိုင်လိုက်သည်နှင့် မုမိသားစုခေါင်းဆောင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဉ်ပင်လျှင် ပျက်စီးသွားတော့သည်။
"ဝူး"
အစစ်အမှန်နဂါး၏ လည်ကုပ်ပေါ်မှ နဂါးစီးသူရဲက မုမိသားစုခေါင်းဆောင်၏ သွေးအနှစ်သာရနှင့် စွမ်းအင်အားလုံးကို အမှန်တကယ် စုပ်ယူဝါးမျိုသွားခဲ့သည်။
လုမင်လည်း စိတ်ထဲမှာ အနည်းငယ်ရင်နာသွားလေသည်။ အကယ်၍ သူကိုယ်တိုင်သာ အုပ်ချုပ်သူတစ်ပါး၏ သွေးအနှစ်သာရကို သန့်စင်နိုင်လျှင်၊ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို နတ်ဘုရားအဆင့်ကိုးသို့ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လုမင် တိတ်တဆိတ် ထိတ်လန့်သွား၏။ ဦးခေါင်းမဲ့နဂါးစီးသူရဲက အားကောင်းလွန်းလှသည်။ ဦးခေါင်းမရှိသော အစစ်အမှန်နဂါးကလည်း သွေးသန့်စင်သော နဂါးတစ်ကောင်ပင်။ သူ အသက်ရှင်ခဲ့စဉ်က မည်သည့်နယ်ပယ်သို့ ရောက်ရှိခဲ့မှန်း မသိသော်လည်း အနှိုင်းမဲ့သော တည်ရှိမှုတစ်ခု ဖြစ်နေမှာတော့ သေချာသည်။ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သွားသော်လည်း ဤကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်သေးသည်။
"မဟုတ်ဘူး၊ သွားမှ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသား ထိတ်လန့်သွားခဲ့သည်။ ဦးခေါင်းမဲ့ နဂါးစီးသူရဲ၏ စွမ်းအားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေပေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက မုမိသားစုခေါင်းဆောင်ထက် များစွာ အားကောင်းသော်လည်း၊ ဦးခေါင်းမဲ့နဂါးစီးသူရဲနှင့် ရင်ဆိုင်ရသောအခါ အန္တရာယ်ကြီးတစ်ခုကို ခံစားခဲ့ရသည်။
မုမိသားစုခေါင်းဆောင် သေဆုံးသွားသည်နှင့် သူဟာ မတွန့်ဆုတ်တော့ဘဲ လင်းသခင်လေးနှင့်အတူ ဟင်းလင်းပြင်ကိုဆုပ်ဖြဲကာ ထွက်ပြေးတော့သည်။
"သတ်"
ဦးခေါင်းမဲ့ နဂါးစီးသူရဲက အေးစက်စက်ဖြင့် ထပ်မံ ပြောလိုက်သည်။ ဦးခေါင်းမဲ့နဂါးကြီးကလည်း ကောင်းကင်ကိုဖုံးလွှမ်းထားသော အနက်ရောင် နဂါးလက်သည်းကုပ်ချက်ကို ထုတ်ဖော်လိုက်၏။ အနက်ရောင် နဂါးလက်သည်းကြီး၏ ကြောက်စရာကောင်းသော စွမ်းအားက လူလတ်ပိုင်း အမျိုးသား၏မျက်နှာကို ပြောင်းလဲစေသည့်အပြင် လင်းသခင်လေးအား လိပ်ပြာလွင့်မတတ် ကြောက်လန့်စေခဲ့သည်။
"အား၊ ပြေး... ပြေး..."
လင်းသခင်လေးလည်း အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။
နဂါးလက်သည်းကြီး ကုတ်ခြစ်လိုက်သည်နှင့် ဟင်းလင်းပြင်တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားလည်း မုမိသားစု ခေါင်းဆောင်နည်းတူ တူညီသော အခြေအနေတွင် ရှိနေခဲ့၏။ သူ ဟင်းလင်းပြင်ကို လုံးဝ မခွဲနိုင်တော့ပေ။
နဂါးလက်သည်းက မရပ်ဘဲ ဆက်လက်ကျဆင်းလာခဲ့သည်။
"ဝှစ်"
ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက လင်းသခင်လေးကို နဂါးလက်သည်းဆီသို့ ပစ်လွှတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်တို့ပေါ်လာကာ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ ယွမ်ချီစွမ်းအင်က ကျောက်စိမ်းအဆောင်ထဲကို အရူးအမူး စိမ့်ဝင်သွားတော့သည်။
"မဟုတ်ဘူး၊ မလုပ်နဲ့..."
လင်းသခင်လေး အော်ဟစ်လိုက်သည်။ သူဟာ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲသို့ပင် သေးများ ပါကျလာခဲ့၏။
သူက လွတ်မြောက်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံအရ နဂါးလက်သည်းအောက်တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။
"မဟုတ်ဘူး၊ ကယ်ကြပါဦး။ လုမင်... ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပြုပါ"
လင်းသခင်လေး သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။ ဤအခိုက်တွင် သူ့နှလုံးသားက ဝမ်းနည်းမှုတို့ ပြည့်နှက်ခဲ့ပေသည်။
ဤအရာအားလုံးမှာ ထိုအချိန်က ရှဲ့နျန်ချင်းကိုသဘောကျ၍ လုမင်နှင့် ပဋိပက္ခဖြစ်မိခဲ့သောကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် လုမင်က သူ့ကို လူဘုံအလယ်မှာ အနိုင်ယူခဲ့၍ ပို၍ပင် မုန်းတီးခဲ့၏။ ထို့ကြောင့်ပင် သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း အမျိုးသားအား အကျိုးကျေးဇူးများစွာဖြင့် လာဘ်ထိုးကာ လုမင်ကိုကိုင်တွယ်ရန် လှုံ့ဆော်ခဲ့သည်။
ဤအခြေများကြောင့်သာမဟုတ်လျှင် သူ့အခြေအနေက ဤသို့ အဆုံးသတ်ရမည် မဟုတ်ပေ။
သူအော်လိုက်သော်လည်း နောက်ဆုံးမှာတော့ နဂါးလက်သည်းကြောင့် ခန္ဓာကို ပေါက်ကွဲသွားရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် သူ့ခန္ဓာကော စိတ်ဝိညာဉ်ပါ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နဂါးလက်သည်းက မရပ်တန့်ဘဲ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သက်လတ်ပိုင်း အမျိုးသားဆီသို့ ဆက်၍ တိုးဝင်သွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူလတ်ပိုင်း အမျိုးသား၏လက်မှ ကျောက်စိမ်းအဆောင်က ပြိုးပြိုးပြက်ပြက် တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ဓားအလင်းတစ်ခု ပေါ်လာခဲ့၏။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူလတ်ပိုင်း အမျိုးသားက ဓားအလင်းကိုစီးနင်းကာ ဟင်းလင်းပြင်ကို ဖြတ်သန်းရင်း လျင်မြန်စွာထွက်ပြေးတော့သည်။
"ဝုန်း"
ထိုအချိန်မှာပင် နဂါးလက်သည်းက ကျရောက်လာခဲ့သည်။ နဂါးလက်သည်းမှ လက်သည်းတစ်ချောင်းက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူလတ်ပိုင်း အမျိုးသားကို ထိမှန်သွားသည်။
လက်သည်းတစ်ချောင်းမျှ ဖြစ်သော်လည်း သူ့တစ်ကိုယ်လုံး တုန်ခါသွား၏။ သူ့ခန္ဓာကိုယ် အက်ကွဲမတတ်ဖြစ်ပြီး သွေးအန်လိုက်ရသော်လည်း ဒဏ်ရာများကို လျစ်လျူရှုကာ အသည်းအသန် ဆက်လက် ပြေးထွက်သွားတော့သည်။