အခန်း ၁၂၇၄
Vol. 85 Ch. 1274
အပိုင်း ( 1274 ) သန့်စင်သောဝိညာဉ်ခန္ဓာ။
လုမင်၏ လက်ရှိ အင်အားအရ အဓိပဓိများကဲ့သို့ ဟင်းလင်းပြင်ကိုခွဲထုတ်ပြီး သွားလာနိုင်သည်။
ဟင်းလင်းပြင်ကို ခွဲထုတ်ပြီးနောက် လုမင်က ခြေလှမ်းကျဲကျဲနှင့် ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
"ဝုန်း"
ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ ဖရိုဖရဲ မုန်တိုင်းငယ်များ ရှိခဲ့သည်။ ၎င်းတို့က မရေမတွက်နိုင်သော ကြောက်စရာ ဓားသွားများကဲ့သို့ လုမင်ကို အဆက်မပြတ် လှီးဖြတ်လိုက်၏။ လုမင်လည်း ယွမ်ချီစွမ်းအင်ကိုဖြန့်ကျက်ပြီး သူ့ပတ်ဝန်းကျင်ရှိ မုန်တိုင်းများကို တွန်းလှန်ရန် သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားခဲ့ရသည်။
"ထန်... ထန်... ထန်"
ဟင်းလင်းပြင်မုန်တိုင်းလေးများက လုမင်၏ အကာအကွယ် ယွမ်ချီစွမ်းအင်ကို ခုတ်ထစ်လိုက်ကြသည်။ သို့သော်လည် လုမင်၏စွမ်းအင်တွင် တာအို စွမ်းအင်ငါးမျိုး ပါဝင်နေခဲ့၏။ ဟင်းလင်းပြင်မုန်တိုင်းများက လုမင်၏ အကာအကွယ် ယွမ်ချီစွမ်းအင်ကို လုံးဝ မဖြတ်ကျော်နိုင်ခဲ့ပါ။
ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက်မှ လူတစ်ယောက်သာ ဤအထဲသို့ ဝင်ရောက်လာပါက၊ လှုပ်ရှားမှုနှစ်ခုထက်မပိုသော မုန်တိုင်းများဖြင့် အပိုင်းပိုင်းကွဲသွားရမည် ဖြစ်သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်အထက် ကျွမ်းကျင်သူပင်လျှင် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ အဓိပဓိများသာလျှင် ဟင်းလင်းပြင်မုန်တိုင်းများကြားမှ ချောမွေ့စွာ ဖြတ်သန်းနိုင်မည် ဖြစ်သည်။
လုမင်က ခြေလှမ်းကျဲကျဲဖြင့် ဟင်းလင်းပြင် မုန်တိုင်းများကို ဖြတ်ကျော်ကာ ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းခဲ့သည်။
ဤသည်မှာ ပြင်ပနေရာဖြစ်၍ သူ့အရှိန်က အလွန်မြန်သည်။ ခြေတစ်လှမ်းဖြင့် သူသည် ပြင်ပကမ္ဘာတွင် မသိနိုင်သော အကွာအဝေးကို ခရီးနှင်နေပြီ ဖြစ်သည်။
ခဏအကြာတွင် ဟင်းလင်းပြင်က တုန်ခါသွားပြီး ပြင်ပကမ္ဘာမှ ရေကန်တစ်ခုအပေါ်တွင် လုမင် ပြန်ပေါ်လာခဲ့သည်။
ခဏလေးအတွင်းမှာပဲ လုမင်ဟာ အနည်းဆုံး မိုင်ပေါင်း သန်းရာချီကို ဖြတ်ကျော်နိုင်ခဲ့ပေသည်။
သို့သော်လည်း ရှန်းရွှီတိုက်ကြီးက လွန်စွာ ကျယ်ပြောလွန်းလှသည်။ မိုင်ပေါင်း သန်းရာချီခရီးက သူတို့အတွက် ဘာမျှမဟုတ်ပေ။
လုမင်က ဟင်းလင်းပြင်ကို ဆက်လက် ခုန်ကျော်သွားခဲ့သည်။ နေ့တစ်ဝက်ကြာပြီးနောက်မှာတော့ လုမင်ဟာ သူကိုယ်တိုင် ဖြတ်ကျော်ခဲ့သည့်အကွာအဝေးကို မသိတော့ပေ။ ပြင်ပကမ္ဘာမှာ ပြန်ပေါ်လာသည့်အခါ ပင်လယ်လေကို ရှူရှိုက်မိခဲ့သည်။
'ငါ ပင်လယ်ကမ်းစပ်ကို ရောက်ပြီထင်တယ်။ ခရီးမထွက်ခင် ခဏလောက် အနားယူဦးမှပဲ'
လုမင် သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။ ထို့နောက် တစ်နေရာရာတွင် ကျောက်ကြမ်းများကိုထုတ်ယူကာ စွမ်းအင် ပြန်လည်ဖြည့်တင်းလိုက်၏။
နာရီအနည်းငယ်ကြာပြီးနောက် လုမင်၏ ယွမ်ချီစွမ်းအင်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထို့နောက် သူဟာ ရှေ့သို့ ပျံသန်းသွားတော့သည်။
သူ့ရှေ့တွင် မြို့ကြီးတစ်မြို့ ရှိသည်။ အဝေးကကြည့်လျှင် မြို့က အတော် ခမ်းနားပေသည်။
လုမင်လည်း မြို့ကြီးတစ်မြို့၌ ရှန်းရွှီကြီး၏ ပင်လယ်မြေပုံကို ဝယ်ရန် စီစဉ်ခဲ့သည်။ နောက်ဆုံးတွင်၊ ရှန်းရွှီတိုက်အဖွဲ့အစည်း၌ တိုက်ကြီးများက တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာသည်။ ပင်လယ်ဧရိယာက ကုန်းမြေထက် အဆပေါင်းများစွာ ကြီးမားပြီး ပင်လယ်ပြင်တွင် ရာသီဥတု အပြောင်းလဲကလည်း အလွန်များသည်။ လမ်းပျောက်ရန် အတော်လွယ်များ၏။ ထို့ကြောင့်ပင် ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ခရီးထွက်ရန် ပင်လယ်မြေပုံတစ်ခုလိုသည်။
"ဒီမြို့မှာ လူတွေအများကြီးရှိတာပဲ။ နောက်ပြီး ကျွမ်းကျင်သူတွေရဲ့ အချိုးက အံ့သြစရာကောင်းလောက်အောင် မြင့်မားတယ်"
မြို့ထဲသို့ ပျံသန်းလာပြီးနောက် လုမင်သာ လမ်းသွားလမ်းလာများနှင့် စည်ကားမှုကြောင့် တွေ့ရှိခဲ့ရသည်။
ကျွမ်းကျင်သူများကို လမ်းများပေါ်တွင် ရံဖန်ရံခါ တွေ့နိုင်ပေသည်။ သူတို့ထဲတွင် အချို့က အလွန်သန်မာပြီး အစွမ်းထက်သည့် အရှိန်အဝါများ ရှိကြသည်။
ရောင်ဝါမရှိသော သာမာန်လူတစ်ယောက်လို လူများကိုပင် လုမင် တွေ့ရသည်။ သို့ရာတွင် လုမင်၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် သူတို့ကို ခံစားနိုင်ဆဲ ဖြစ်သည်။
အဓိပဓိ တန်ခိုးရှင်။
သူတို့ထဲမှ အချို့ဟာ အမှန်တကယ်ပင် အဓိပဓိ တန်ခိုးရှင်များ ဖြစ်ကြသည်။
လမ်းမပေါ်မှာပင် အဓိပတိအချို့ကို မြင်တွေ့ရရ၍ လုမင် အလွန်တုန်လှုပ်သွားမိသည်။
ရှန်းရွှီတိုက်ကြီးမှာပင် အဓိပဓိများက မြင့်မားပြီး တန်ခိုးကြီးသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့ကို တွေ့ရခဲ၏။ ယခုတော့ လမ်းပေါ်မှာပင် ပေါ့ပေါ့ပါးပါး လျှောက်သွားရုံဖြင့် အဓိပတိတချို့ကို အမှန်တကယ် တွေ့ခဲ့ရသည်။ ယင်းက မယုံနိုင်စရာပင်။
တစ်ခုခုမှားနေပြီ။
လုမင်၏စိတ်ထဲတွင် တစ်ခုခုမှားနေပြီဟု ခံစားလိုက်မိသည်။ အဓိပတိများက နေရာတိုင်းတွင် ပေါ့ပေါ့ပါးပါး ပေါ်လာရန် မဖြစ်နိုင်ပေ။ ဤနေရာတွင် တစ်ခုခုဖြစ်ရမည်။
ခဏကြာတော့ လုမင်ဟာ စားသောက်ဆိုင်တစ်ခုသို့ သွားခဲ့သည်။
စားသောက်ဆိုင်က သတင်းအချက်အလက်များစွာ စုဆောင်းရာတွင် အကောင်းဆုံး နေရာတစ်ခုပင်။
များမကြာမီ အရေးကြီး သတင်းတစ်ခုကို လုမင် ကြားလိုက်ရသည်။
မကြာသေးမီအချိန်က၊ ရှန်းရွှီတိုက်ကြီး၏တောင်ပိုင်းကမ်းရိုးတန်းအနီးတွင် တုန်လှုပ်ချောက်ချားစေသော သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ ကောင်းကင်ကိုအံတုနိုင်သော လျှို့ဝှက်နည်းလမ်းဖြစ်သည့် 'သန့်စင်သောဝိညာဉ်ခန္ဓာ'က တောင်ဘက်ပိုင်း ကမ်းရိုးတန်းတွင် မွေးဖွားတော့မည်ဟူသော သတင်းပင်။
ကျင့်ကြံသူတစ်ဦးအတွက် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ချင်လျှင် ဝိညာဉ်ခန္ဓာကို တည်ဆောက်ထားရမည်ဖြစ်သည်။ ကျင့်ကြံသူတိုင်းက မတူညီသောသွေးမျိုးဆက်များကို နိုးထကြသောကြောင့် ၎င်းတို့ ပေါင်းစည်းထားသော ဝိညာဉ်ခန္ဓာကလည်း မတူပေ။ စွမ်းအားကလည်း ခြားနားမည် ဖြစ်သည်။
ဝိညာဉ်ခန္ဓာက သေမျိုးခန္ဓာထက် သန်လွန်မှု ရှိ၏။ ယင်းကို သေမျိုးခန္ဓာနှင့် နှိုင်းယှဉ်လျှင် ခြားနားသောကမ္ဘာတစ်ခု ဖြစ်သည်။ နှိုင်းယှဉ်စရာ လုံးဝမရှိပေ။
ဝိညာဉ်ခန္ဓာတစ်ခုတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါ၀င်ရုံသာမက တိုက်ခိုက်စွမ်းအားကိုလည်း များစွာ တိုးမြင့်စေသည်။ ထို့အပြင်၊ စွမ်းအား၊ ကာကွယ်ရေးနှင့် ဝိညာဉ်ခန္ဓာ၏ ပြန်လည်ထူထောင်မှုက လုံးဝ မယုံနိုင်စရာပင်။ ထိုအရာအားလုံးက သေမျိုးမျိုးခန္ဓာတို့ ယှဉ်နိုင်သောအရာ မဟုတ်ပါ။
သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ခြေလက်များကို ဖြတ်လိုက်လျှင်ပင် လျင်မြန်စွာ ပြန်ကြီးထွားလာနိုင်သည်။ အထွတ်အထိပ်အုပ်ချုပ်သူက အသားအနည်းငယ်သာ ကျန်ခဲ့လျှင်ပင် ပြန်ကောင်းလာနိုင်သည်ဟု ပြောကြ၏။ ယင်းက တကယ်ကို မယုံနိုင်စရာ ခန္ဓာတစ်ခုပင်။
သို့သော်လည်း ဝိညာဉ်ခန္ဓာကို စုစည်းရန်မှာ အလွန်ခက်ခဲသည်။ ကောင်းကင်ဘုံသို့ တက်ရသလောက် ခက်ခဲလွန်းပေသည်။
အဓိပဓိအများစုက တာအိုနယ်မြေကို နားလည်သဘောပေါက်နိုင်ကြသည်။ ဒိုမိန်းများနှင့်ပတ်သက်၍ ကြီးကြီးမားမား ပြဿနာမရှိပေ။ သို့ရာတွင် တချို့က တစ်သက်တာလုံး အဆင့်မတက်နိုင်ဘဲ ရှိတတ်သည်။ အကြောင်းကတော့ ဝိညာဉ်ခန္ဓာကို မတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ချေသည်။
ဝိဥာဉ်ခန္ဓာကို မပေါင်းစည်းနိုင်လျှင် အုပ်ချုပ်သူဖြစ်မည်မဟုတ်သလို သိုင်းအုပ်ချုပ်သူနယ်ပယ်သို့လည်း ဘယ်သောအခါမှ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
ထို့အပြင်၊ ဝိညာဉ်ခန္ဓာကို ပေါင်းစည်းလိုက်သောအခါ၊ လူတစ်ဦးက ကောင်းကင်ကပ်ဘေးဒုက္ခများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ကပ်ဘေးတစ်ခုစီတွင် အခက်အခဲများကလည်း ပို၍ ကြီးမားလာလိမ့်မည်။
သန့်စင်သော ဝိညာဉ်ခန္ဓာဟုခေါ်သော ဤလျှို့ဝှက်ကျင့်စဉ်ကမူ တကယ့်ဝိညာဉ်ခန္ဓာမဟုတ်ဟု ဆိုနိုင်သည်။
အကြောင်းမှာ ဝိညာဉ်ခန္ဓာက သွေးမျိုးဆက်မှ ပြောင်းလဲသွားခြင်းကြောင့်ပင်။ ယင်းမှာ သွေးမျိုးဆက်တစ်ခု၏ စွမ်းရည်များနှင့် လုပ်ဆောင်ချက်အချို့ ရှိသည်။ သို့သော်လည်း သန့်စင်သော ဝိညာဉ်ခန္ဓာက သန့်ရှင်းသည့် ကာယခွန်အားသာရှိပြီး စွမ်းရည်များ မရှိပါ။ ယင်းက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဝိညာဉ်ခန္ဓာ၏ စွမ်းအား အစိတ်အပိုင်းတစ်ခုသာ ပါဝင်ခွင့်ပြုခဲ့သည်။
ဥပမာအားဖြင့်၊ အင်အား၊ ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေး စသည်ဖြင့်...
ထို့အပြင်၊ သန့်စင်သောဝိညာဉ်ခန္ဓာတွင် မည်သည့်စွမ်းရည်မှ မရှိပါ။ ၎င်းက အနာဂတ်တွင် စစ်မှန်သော ဝိညာဉ်ခန္ဓာ လေ့ကျင့်ခြင်းကို အဟန့်အတားဖြစ်စေမည် မဟုတ်ပေ။ သန့်စင်သောဝိညာဉ်ခန္ဓာကို အောင်မြင်စွာ လေ့ကျင့်နိုင်ခြင်းက ခိုင်မာစွာ အခြေခံအုတ်မြစ်ချလိုက်ခြင်းနှင့် ညီမျှသည်။ အနာဂတ်တွင် တကယ့် ဝိညာဉ်ခန္ဓာကို လေ့ကျင့်ပါက အခက်အခဲများစွာ လျော့ပါးသွားလိမ့်မည်။
ဤလျှို့ဝှက်နည်းကျင့်စဉ်က အံ့သြစရာကောင်းလွန်းသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်မှ ကျင့်ကြံသူများအတွက် ဤသွေးဆောင်မှုက စိတ်ကူးမယဉ်နိုင်ပေ။
ထို့ကြောင့်ပင် ဤသတင်း ပြန့်နှံ့သွားသောအခါ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက ရှန်းရွှီတိုက်ကြီး၏ တောင်ဘက်ကမ်းရိုးတန်းသို့ ပြေးလာကြတော့သည်။
အဓိပတိများပင်လျှင် သွေးဆောင်ခံရပြီး အပြေးအလွှား လာရောက်ခဲ့ကြသည်။
ယင်းကပင် ဤမြို့၌ တန်ခိုးရှင်များစွာကို လုမင် မြင်လိုက်ရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။
သန့်စင်သောဝိညာဉ်ခန္ဓာ လျှို့ဝှက်ကျင့်စဉ်က အံ့ဖွယ်ကောင်းလွန်းသည်။ ၎င်းကို လေ့ကျင့်ရာတွင် အောင်မြင်သရွေ့ အနာဂတ် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် အခက်အခဲများစွာ လျော့ကျသွားမည် ဖြစ်၏။ အောင်မြင်မှုနှုန်းမှာလည်း များစွာတိုးလာပေဦးမည်။ ယင်းကိုကြားတော့ လုမင်၏ မျက်လုံးများပင် တောက်ပနေခဲ့သည်။
'တကယ်ပဲ ကမ္ဘာပေါ်မှာ ဒီလိုလေးနက်တဲ့ လျှို့ဝှက်ကျင့်စဥ်တစ်ခု ရှိတယ်။ ငါသာ အဲဒါကို လေ့ကျင့်တာအောင်မြင်ရင် ရှမ်းဟွမ်တိုက်ကြီးကို ပြန်ရောက်တဲ့အခါ တိရီကို ကိုင်တွယ်ဖို့ နောက်ထပ် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ရှိလိမ့်မယ်'
လုမင် သူ့ဘာသာသူ တွေးလိုက်မိသည်။
ရှမ်းဟွမ်တိုက်ကြီးကို သူ ပြန်ရောက်ပါက တိရီနှင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက များစွာ တိုးတက်လာ သော်လည်း တိရီကဲ့သို့ စွမ်းအားကြီးမားသည့် အုပ်ချုပ်သူကို မဆိုထားနှင့် သာမန်အုပ်ချုပ်သူကို ရင်ဆိုင်ရန် ခက်ခဲနေဆဲပင်။ သူ့အတွက် အခွင့်အရေးပိုရလာစေရန် သူ၏ တိုက်ခိုက်နိုင်စွမ်းကို ဆက်လက်တိုးမြှင့်နေရမည် ဖြစ်သည်။
သန့်စင်သောဝိညာဉ်ခန္ဓာက သူနှင့် အုပ်ချုပ်သူကြားရှိ အကွာအဝေးကို ကျဉ်းမြောင်းစေနိုင်သည့် အစွမ်းထက် လျှို့ဝှက်ကျင့်စဉ်တစ်ခုဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ လုမင်သာ ၎င်းကို လေ့ကျင့်မှု အောင်မြင်ခဲ့ပါက သူ့ခန္ဓာနှင့် အုပ်ချုပ်သူကြားတွင် ကွာဟချက် လွန်စွာ ကြီးမားတော့မည် မဟုတ်ပေ။
'ဒါက မှန်လား မမှန်လား မသိပေမဲ့ ငါ ဂရုမစိုက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါက ပြန်ဖို့ အလျင်လိုနေတာမဟုတ်ဘူး၊ ဒါကြောင့် ငါဒီမှာနေပြီး စောင့်ကြည့်နေဦးမယ်'
အစီစဉ်ချပြီးနောက် အနီးနားတွင် တည်းခိုခန်းတစ်ခုရှာကာ တည်းခိုလိုက်သည်။
နောက်တစ်နေ့တွင် သတင်းတစ်ခု ပျံ့နှံ့သွား၏။ ကီလိုမီတာထောင်ချီဝေးသော မိစ္ဆာနီတောင်များတွင် သန့်စင်သောဝိညာဉ်ခန္ဓာ ထွက်ပေါ်လာနိုင်ကြောင်း သတင်းများ ပျံ့နှံ့လာတော့သည်။
သတင်းပြန့်သွားသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော လူများတို့က မိစ္ဆာနီ တောင်များဆီသို့ ပြေးလွှားသွားကြသည်။ လုမင်လည်း လူအုပ်ကြီးနောက်သို့ လိုက်ကာ မိစ္ဆာနီ တောင်များဆီသို့ ပြေးသွားခဲ့လေသည်။
မိစ္ဆာနီတောင်များက ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး အကန့်အသတ်မရှိသော တောင်များ ရှိသည်။ အနီရောင် နတ်ဆိုးချီများ ပြည့်နေသောကြောင့်ပင် မိစ္ဆာနီတောင်များဟု ခေါ်ပေသည်။
လူအုပ်ကြီးက များပြားသော်လည်း မိစ္ဆာနီတောင်တန်းများထဲသို့ ပြေးဝင်လာသောအခါ ပင်လယ်ထဲတွင် ပြန့်ကျဲနေသော ကျောက်စရစ်ခဲများကဲ့သို့ လှိုင်းလုံးများကို မလှုပ်ခတ်နိုင်ခဲ့ပေ။
လုမင်လည်း လူအုပ်ကြီးနောက်သို့ လိုက်လာပြီး မိစ္ဆာနီတောင်များ ပတ်ပတ်လည်တွင် စက်ဝိုင်းကဲ့သို့ လှည့်ရှာလိုက်သည်။ သို့သော်လည်း နေ့တစ်ဝက်အကြာတွင် လုအင် ရပ်တန့်လိုက်လေသည်။