အခန်း ၁၂၇၇
Vol. 86 Ch. 1277
အပိုင်း ( 1277 ) အဓိပဓိများကြားမှ တိုက်ပွဲ။
ဤပင်လယ်ကမ်းရိုးတန်းဒေသတွင် သူ့အဖေက အုပ်စိုးရှင် ဖြစ်သည်။ လူအတော်များများက သူ့ကို မျက်နှာသာမပေးဘဲ မနေဝံ့ပေ။
သို့ရာတွင် ယခုတစ်ကြိမ်က သန့်စင်သော ဝိညာဉ်ခန္ဓာ ဖြစ်သည်။ ယင်းက ကျွမ်းကျင်သူများစွာကို ဆွဲဆောင်ခဲ့ပေသည်။ အချို့က တောင်ပိုင်းနတ်နန်းတော်မှ ဖြစ်သည်။ သို့က ကျန်းဟိုင်စစ်သူကြီးကို မကြောက်ပေ။
ဟိုင်ထျန်းက မျက်လုံးကိုမှိတ်ကာ ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
"ကောင်းပြီ၊ ခင်ဗျားတို့တွေ အတူတူ တိုက်ခိုက်လို့ရတယ်။ အဆိပ်ဝင်္ကပါကို ချိုးဖျက်ပြီးရင်တော့ ကျုပ်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာရဲ့ မြေပုံအတွက် တိုက်ခိုက်ကြမယ်"
သူဟာ အဓိပဓိငါးပါးကို ဦးဆောင်လာခဲ့၍ ဤလူများကို ဖိနှိပ်နိုင်မည်ဟု ယုံကြည်ပေသည်။
"ဟားဟားဟား၊ ငါ့ကို ထည့်တွက်လိုက်ပါ"
"ငါ့ကိုလည်း ထည့်တွက်လိုက်ပါဦး"
ဤအခိုက်တွင် စကားသံတချို့နှင့် လူအချို့ ထွက်ပေါ်လာခဲ့သည်။ သူတို့တစ်ဦးစီတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိကြ၏။ ၎င်းတို့အားလုံးက အဓိပဓိများ ဖြစ်ကြသည်။
လုမင်ကတော့ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေဆဲပင်။ သူ့နောက် မိုင်တစ်ထောင်အကွာမှာလည်း အဆင့်ရှစ်၊ အဆင့်ကိုးနှင့် ပြီးပြည့်စုံခြင်းအဆင့်မှ ဝိညာဉ်နတ်ဘုရားများ ရှိနေခဲ့ကြသည်။
"အဓိပဓိတွေ အများကြီးပဲ။ ဒီတစ်ခေါက် အဓိပဓိတွေ ဘယ်လောက်တောင်မှ ဆွဲဆောင်ခံခဲ့ရသလဲ မသိဘူး"
"ငါတို့ရှေ့မှာတော့ ဆယ်ယောက်ကျော်ရှိတာပဲ၊ ဒီအပြင် ရှိနေဦးမလား မပြောတတ်ဘူး"
"ဒီလောက်များတဲ့ အဓိပဓိတွေနဲ့ဆိုရင် အဆိပ်တစ်ရာအဓိပဓိက မြေပုံကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"
လူတချို့က ဆွေးနွေးပြောဆိုရင်း ရှေ့ကို စိတ်လှုပ်ရှားစွာဖြင့် မျှော်ကြည့်လိုက်ကြသည်။
"ဝုန်း ဝုန်း ဝုန်း"
နောက်မှရောက်လာသော အဓိပဓိများကလည်း အရှိန်အဝါများ ပေါက်ကွဲလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ကောင်းကင်ကို ထိုးတက်သွားကာ အပေါက်ကြီးတစ်ခု ဖြစ်လာစေတော့သည်။
တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးစုံက ပေါက်ကွဲထွက်ပြီး အဆိပ်ဝင်္ကပါဆီသို့ ကျရောက်သွားခဲ့ကြပေသည်။
"ဝုန်း"
အဓိပဓိများစွာ၏ တိုက်ခိုက်မှုအောက်တွင် လေဟာပြင်က တို့ဟူးကဲ့သို့ ပြိုကွဲသွားခဲ့သည်။ တိုက်ခိုက်မှုအမျိုးမျိုးနှင့်အတူ ဟင်းလင်းပြင်မုန်တိုင်းများက အဆိပ်ဝင်္ကပါဆီသို့ ကျရောက်သွားတော့သည်။
အဓိပဓိများစွာတို့က အတူတကွ တိုက်ခိုက်ခြင်းဖြင့် အဆိပ်ဝင်္ကပါကို အင်အားသုံးကာ ချိုးဖျက်လိုကြသည်။
"ရွှီ... ရွှီ..."
အဆိပ်ဝင်္ကပါမှ အဆိပ်များက အလွန်ကြောက်စရာကောင်းပေသည်။ အဆိပ်ငွေ့များက ထိုတိုက်ခိုက်မှုများနှင့် ထိတွေ့သောအခါ၊ ထိုတိုက်ခိုက်မှုများကို ချေမှုန်းသွားသကဲ့သို့ စူးရှရှအသံများ ထွက်လာခဲ့သည်။
သို့ရာတွင်၊ အဆိပ်က အားကောင်းသော်လည်း အဓိပဓိ ရှစ်ပါးတို့က အတူတကွ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
အဓိပဓိရှစ်ပါး၏စွမ်းအားက ကြောက်စရာကောင်းလွန်းပြီး မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်သည်။ အဆိပ်များက အားကောင်းသော်လည်း ဤမျှပြင်းထန်သော ထိုးစစ်ကိုတော့ မခံနိုင်ပေ။
"ဝုန်း…"
နောက်ဆုံးတွင်၊ အဆိပ်ဝင်္ကပါက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကြောင့် ပျက်သုဉ်းပျောက်ကွယ်သွားခဲ့ရသည်။
သူတို့ရှေ့မှ ရောင်စုံ အဆိပ်ငွေ့များလည်း တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပြိုကွဲကာ ပျောက်ကွယ်သွားတော့သည်။
ထို့နောက်တွင် ကမ္ပည်းစာများကလည်း တစ်ခုပြီးတစ်ခု ပြိုကျသွားခဲ့သည်။
ကမ္ပည်းစာများ ပြိုကျလာသည်နှင့်အမျှ ဝင်္ကပါက ပို၍ လျင်မြန်စွာ ပြိုကျလာကာ အဆိပ်ငွေ့များမှာလည်း ပို၍ပင် လျင်မြန်စွာ ကွယ်ပျောက်သွားတော့သည်။
အဆိပ်ဝင်္ကပါ လုံးဝ ပြိုကွဲသွားတော့မည် ဖြစ်သည်။
"ဝှစ်"
ရုတ်တရက် အနက်ရောင် အဆိပ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။ အဆိပ်မြူများ ဝန်းရံထားသော ပုံရိပ်တစ်ခုက အဝေးသို့ ပြေးထွက်သွား၏။
"အဲဒါ အဆိပ်တစ်ရာအဓိပဓိပဲ။ သူ့ကို တားဆီးထားကြ"
ဟိုင်ထျန်း အော်ဟစ်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်"
အဓိပဓိရှစ်ယောက်လည်း ကိုယ်ပိုင် ကိုယ်ဖော့သိုင်းများဖြင့် အဆိပ်တစ်ရာ အဓိပဓိနောက်သို့ ပြေးလိုက်သွားကြသည်။ တချိန်တည်းမှာပင် တိုက်ခိုက်မှုအမျိုးမျိုးကို ထုတ်ဖော်လိုက်၏။
အဆိပ်တစ်ရာအဓိပဓိလည်း အကူအညီမဲ့ပြီး ရှောင်တိမ်းရန်သာ အစွမ်းကုန်ကြိုးစားနိုင်ခဲ့သည်။ ရလဒ်အနေဖြင့်၊ သူ့အရှိန်က အလွန်လျော့ကျသွားကာ အဓိပဓိရှစ်ပါးဖြင့် ဝန်းရံခံလိုက်ရတော့သည်။
"အဆိပ်တစ်ရာ၊ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာမြေပုံကို လွှဲပေးပါ။ မဟုတ်ရင် မင်း ဒီနေ့ မင်းရဲ့သေခြင်းတရားက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ဟိုင်ထျန်းက အဓိပဓိနှစ်ပါးကိုခြံရန်ပြီး ပြေးလိုက်လာကာ အော်လိုက်သည်။
"ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာ။ ငါက မင်းကို ဘာဖြစ်လို့ မြေပုံပေးရမှာလဲ။ တကယ်လို့ မင်းက ငါ့ကို ငွေအများကြီးပေးရင်တော့ တစ်မျိုးစဉ်းစားမယ်"
အဆိပ်တစ်ရာ အဓိပဓိက ရူးသွပ်စွာ ရယ်မောလိုက်၏။
"ဟမ့်၊ ဒီနေ့ မင်းငါ့ကိုမပေးရင် သေရမယ်"
ဟိုင်ထျန်းက လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဟမ့်၊ မင်းက အမှိုက်တစ်စပဲလေ။ မင်းရဲ့ အစွမ်းထက်တဲ့ အဖေကြောင့်သာမဟုတ်ရင် ငါမင်းကို တစ်ချက်တည်းနဲ့ သတ်လို့ရတယ်"
အဆိပ်တစ်ရာအဓိပဓိက ဟိုင်ထျန်းကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်လိုက်၏။
"မင်း သေချင်နေတာပဲ၊ သူ့ကိုသတ်"
ဟိုင်ထျန်း၏မျက်နှာက နီမြန်းလာကာ အော်ဟစ်လိုက်တော့သည်။
ဟိုင်ထျန်း၏အရည်အချင်းက မမြင့်မားဘဲ နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်ကိုသာ နိုးထနိုင်ခဲ့ပြီ။ သူသည် ထိပ်တန်းပါရမီရှင်များနှင့် ဝေးကွာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်ရွေးချယ်မှုတွင် ပါဝင်ရန်ပင် အရည်အချင်းမပြည့်မီခဲ့ပေ။ ယင်းက သူ့အတွက် နာကျင်စရာ ဖြစ်ခဲ့သည်။
သူကဲ့သို့ မာနကြီးသူအတွက် သူ့အရည်အချင်းက တခြားသူများထက် နိမ့်ကျသည်ဟု ပြောဆိုခံရခြင်းကို အမုန်းဆုံးပင်။
အဆိပ်တစ်ရာအဓိပဓိက သူ၏ အရှိုက်ကို ထိခိုက်စေသည့် အမှိုက်တစ်စဟု ပြောခဲ့သည်။
ဟိုင်ထျန်း၏လက်အောက်မှ အဓိပဓိသုံးဦးလည်း အဆိပ်တစ်ရာအဓိပဓိကို ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။
ကြောက်စရာကောင်းသော တိုက်ခိုက်မှုသုံးခုက အဆိပ်တစ်ရာ အဓိပဓိကို ဖုံးလွှမ်းထားသည်။
အဆိပ်တစ်ရာအဓိပဓိ၏ မျက်နှာက ရက်စက်မှုအရိပ်အမြွက်တို့ လှစ်ဟလာခဲ့သည်။ သူက သူ့လက်တစ်ဖက်ကို ဖြတ်ချလိုက်၏။ လက်ပြတ်သွားသည်နှင့် တပြိုင်နက် ခုနစ်ရောင် အဆိပ်ငွေ့များက ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
"မကောင်းတော့ဘူး"
အဆိပ်ငွေ့များဖြင့် ထိတွေ့မိသော အဓိပဓိများ၏ မျက်နှာများက ပြာနှမ်းသွားကြသည်။
အခြား အဓိပဓိများလည်း အလျင်အမြန် ဆုတ်သွားကြ၏။
အဆိပ်တစ်ရာအဓိပဓိက ဤအခွင့်အရေးကိုသုံးကာ ဝန်းရံထားခြင်းမှ ထွက်သွားရန် ကြိုးစားလိုက်သည်။
"တိုက်ခိုက်ကြ၊ သူ့ကို မလွတ်စေနဲ့၊ မြန်မြန်လုပ်ကြ"
ဟိုင်ထျန်း အော်ဟစ်လိုက်၏။
ဟိုင်ထျန်းဘက်မှ အဓိပဓိများလည်း အဆိပ်ငွေ့များကို လျစ်လျူရှုကာ အဆိပ်တစ်ရာအဓိပဓိကို အစွမ်းကုန် တိုက်ခိုက်လိုက်တော့သည်။
အခြား အဓိပဓိများကလည်း တုံ့ပြန်လာကာ တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း... ဝုန်း..."
အဓိပဓိများ၏ အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် အဆိပ်တစ်ရာအဓိပဓိက တစ်ယောက်တည်းသမား ဖြစ်သောကြောင့် လွတ်မြောက်ရန် နည်းလမ်းမရှိတော့ပါ။ အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သွေးများ အန်ထွက်လာခဲ့သည်။
"ဒီမှာ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာရဲ့ မြေပုံ"
အဆုံးတွင်၊ အဆိပ်တစ်ရာအဓိပဓိမှာ ရွေးချယ်စရာမရှိတော့ဘဲ သူ၏ သိုလှောင်လက်စွပ်ကိုချွတ်ပြီး အဓိပဓိတစ်ပါးဆီသို့ ပစ်ပေးလိုက်ရသည်။
သို့သော်၊ ထိုအဓိပဓိက ဟိုင်ထျန်း၏ လက်အောက်ခံမဟုတ်ပေ။
သိုလှောင်လက်စွပ်ကို မြင်လိုက်ရသောအခါ ထိုလူက ဝမ်းသာအားရဖြင့် ဖမ်းယူလိုက်သည်။ ထို့နောက် သူဟာ ချက်ချင်း ဆုတ်သွား၏။
"အခု လွှဲပေးစမ်း"
"မင်း သေချင်နေတာလား"
အခြားအဓိပဓိများက အဆိပ်တစ်ရာအဓိပဓိကို လျစ်လျူရှုလိုက်သည်။ သူတို့က ထိုအဓိပဓိအား ငေါက်ငမ်းကာ တိုက်ခိုက်လိုက်၏။
အဆိပ်တစ်ရာအဓိပဓိကလည်း သူ့ကိုယ်သူကုသရန် အစွမ်းကုန်ကြိုးစားရင်း နောက်ဆုတ်သွားခဲ့သည်။ သို့ရာတွင်၊ သူက ချက်ချင်း မထွက်သွားပါ။ သူဟာ မြေပုံကို လွှဲပြောင်းမပေးလိုဘဲ အခွင့်အလမ်းကို စောင့်ဆိုင်းနေကြောင်း သိသာထင်ရှားသည်။
"မင်း ငါ့ဆီကနေ လုဝံ့တယ်။ ငါ့ဆီကနေ လုယူဖို့ ကြိုးစားဝံ့သူတိုင်း သေရမယ်"
ဟိုင်ထျန်းက ဟိန်းဟောက်လိုက်သည်။
အဓိပဓိရှစ်ပါးက ပြင်းထန်သောတိုက်ပွဲအဖြစ် စတင်ကြရာ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများက အရပ်ရပ်သို့ ဖြာထွက်လာတော့သည်။
အဆိပ်တစ်ရာအဓိပဓိ၏ သိုလှောင်လက်စွပ်က လူတစ်ဦးမှ နောက်လူတစ်ဦးလက်သို့ လက်ပြောင်းသွားခဲ့သည်။ လက်စွပ်ကို ရရှိသူသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခြင်းခံရမည်ဖြစ်သောကြောင့် မည်သူမျှ လက်ဝါးကြီးအုပ်မထားနိုင်ကြပေ။
"မြေပုံက ဘယ်လိုပုံစံလဲဆိုတာ ငါသိချင်မိတယ်"
လုမင်က ခပ်တိုးတိုးရေရွတ်ရင်း တိုက်ပွဲဆီသို့ စတင် ခြေလှမ်းသွားလိုက်သည်။
"ဟိုကောင်လေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက ရှေ့ကိုသွားနေတယ်။ သေတော့မှာပဲ"
"သူလည်း မြေပုံအတွက် ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာဖြစ်မှာပဲ။ ရယ်စရာကောင်းလိုက်တာ၊ သူ့ကိုယ်သူ တကယ်ကြီး ပိုတွက်နေတာပဲ"
ခပ်လှမ်းလှမ်းမှ ကြည့်ရှုသူများလည်း ခဏတာ အံ့အားသင့်သွားပြီးနောက် အေးစက်စက်ဖြင့် လှောင်ပြောင်လိုက်ကြသည်။
ဟိုင်ထျန်းလည်း အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူ့မျက်နှာတွင် ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာခဲ့၏။ သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ကောင်လေး၊ မင်း သေချင်နေတာပဲ။ သူ့ကိုသတ်လိုက်"
ဟိုင်ထျန်း၏အနားမှ အဓိပဓိတစ်ဦးက ခေါင်းညိတ်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းကာ လုမင်ဆီသို့ ဓားအလင်းတစ်ခုအား ထုတ်လွှတ်လိုက်၏။
လုမင်က ဟိုင်ထျန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်မှာတော့ ဓားအလင်းကိုရှောင်ရှားကာ ရုတ်တရက် အရှိန်မြှင့်ပြီး တိုက်ပွဲဆီသို့ ဦးတည်သွားတော့သည်။
"သေစမ်း"
တိုက်ပွဲတွင်းရှိ ဟိုင်ထျန်းဘက်မှ အဓိပတိက လုမင်ကို လက်သီးဖြင့် ဆီးကြိုထိုးလိုက်သည်။
"ထွက်သွား"
လုမင် ဒေါသထွက်သွားပြီး လက်သီးနှင့် ပြန်ထိုးလိုက်၏။
"ဟားဟားဟား၊ ဒီကောင်လေးက အဓိပဓိနဲ့ တိုက်ခိုက်မှုဖလှယ်..."
တစ်စုံတစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်သော်လည်း မပြီးဆုံးမီတွင် ရပ်တန့်သွားခဲ့သည်။ သူ အံ့အားသင့်သွား၏။
နေရာမှ အခြားသူများလည်း အံ့အားသင့်ပြီး ဆွံ့အသွားတော့သည်။