အခန်း ၁၂၈၀
Vol. 86 Ch. 1280
အပိုင်း ( 1280 ) လမ်းကြောင်းဖွေနှည်။
သို့တိုင်၊ လုမင်က ရှန်းရွှီတိုက်ကြီးနှင့် ပင်လယ်မြေပုံအပါအဝင် မြေပုံတချို့ကို ဝယ်ယူကာ လေ့လာရန် စုစည်းလိုက်ဆဲပင်။
လုမင်နှင့် အခြားသူများက မြေပုံကို လေ့လာနေကြချိန်...
မြို့အတွင်းမှ လျှို့ဝှက်ခန်းတစ်ခုတွင် အနက်ရောင်ဝတ် အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။
အနက်ရောင်ဝတ် အဘိုးအို၏ မျက်နှာက ဇရာ၏ အရေးအကြောင်းများ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်မှုတို့ အထင်းသား ပေါ်လွင်နေပေသည်။
"မဟုတ်ဘူး၊ မြေပုံတွေက နည်းလွန်းတယ်။ ဒီပုံအတိုင်းဆိုရင် သူတို့တွေ အချိန်တိုအတွင်းမှာ လေ့လာနိုင်မှာ မဟုတ်ဘူး။ ငါ့မှာလည်း ဆက်စောင့်ဖို့ အချိန်မရှိတော့ဘူး။ ဒီလိုဆိုမှတော့ မြေပုံအမြောက်အမြားကို ထပ်ပြီး ထုတ်ဖော်ရတော့မှာပဲ။ လူတွေအများကြီးဖြစ်လာရင် တစ်ယောက်မဟုတ် တစ်ယောက် သေချာပေါက် ရှာတွေ့နိုင်လိမ့်မယ်။ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်ကို ငါရှာတွေ့ရမယ်၊ ဒါက ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ"
အနက်ရောင်ဝတ် အဘိုးအိုထံမှ အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်ဝတ် အဘိုးအို၏လက်ထဲတွင် မြေပုံအများအပြား ပေါ်လာခဲ့၏။ ထိုမြေပုံများပ လုမင် ရရှိခဲ့သည့် မြေပုံနှင့် အတူတူပင်ဖြစ်သည်။ အားလုံးက သန့်စင်သော ဝိညာဉ်ခန္ဓာနှင့် သက်ဆိုင်ပေသည်။
မြေပုံက တစ်ခု၊ နှစ်ခုမျှသာမဟုတ်ဘဲ အများအပြားရှိသည်။ ထိုအရာအားလုံးကို အနက်ရောင်ဝတ် အဘိုးအိုမှ ကူးထုတ်ထားခြင်း ဖြစ်ချေသည်။
နောက်တစ်ရက်အကြာတွင် သန့်စင်သောဝိညာဉ်ခန္ဓာ၏ မြေပုံတစ်ခုပေါ်လာပြီး ပြင်းထန်သောပြိုင်ဆိုင်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံးတွင် အဓိပဓိတစ်ပါးက ရရှိသွားခဲ့၏။
သို့သော်လည်း နောက်ပိုင်းတွင် သန့်စင်သောဝိညာဉ်ခန္ဓာ၏ မြေပုံများက ပိုများလာခဲ့သည်။
အစပိုင်းတွင်၊ ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်သည်။ မြေပုံတစ်ခုပေါ်လာသည့်အခါတိုင်း အဓိပဓိများ လှုပ်ရှားကြ၏။
သို့သော်လည်း နောက်ပိုင်းတွင်၊ အဓိပဓိအားလုံး မြေပုံတစ်ခုစီ ရရှိသွားကြဟန်ဖြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသာ လှုပ်ရှားဆောင်ရွက်ခဲ့တော့သည်။
ဤသို့ဖြင့် မြေပုံများက ပိုများလာကာ မြေပုံပေါင်း ရာဂဏန်းခန့် ရှိလာခဲ့သည်။
'မြေပုံတွေက အတုများဖြစ်နိုင်မလား'
ဤအခြေအနေမျိုးတွင် လူတော်တော်များများက ထင်ကြေးပေးလာခဲ့ကြသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ တစ်စုံတစ်ယောက်က မြေပုံကို ဦးစွာရရှိခဲ့သော်လည်း အဖြေမထုတ်နိုင်သောကြောင့် သန့်စင်သောဝိညာဉ်ခန္ဓာ ကျင့်စဉ်ကို ရှာဖွေရန် အခြားသူများ၏ ခွန်အားကို အသုံးပြုရန်အတွက် ထပ်တူမြေပုံများစွာအား ထုတ်ဖော်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထို့နောက်တွင် လူအများက သံသယဖြစ်လာခဲ့ကြသည်။
သို့သော်လည်း လွယ်လွယ်နှင့်တော့ မည်သူမျှ အလျှော့ပေးပါ။ နောက်ဆုံးတွင်၊ သန့်စင်သော ဝိညာဉ်ခန္ဓာ၏ ဆွဲဆောင်မှုအားက ကြီးလွန်းသည်။ အခွင့်အလမ်း တစ်သောင်းပုံမှာ တစ်ပုံသာ ရှိခဲ့လျှင်ပင် မည်သူမျှ လက်လွတ်မခံချင်ပေ။
လူတော်တော်များများ မြေပုံရရှိကြကာ လေ့လာခဲ့ကြသည်။
နောက်ပိုင်းတွင် လူအချို့က စုစည်း၍ပင် စတင်လေ့လာခဲ့၏။
ရက်အနည်းငယ်ကြာပြီးနောက်တွင် တစ်စုံတစ်ယောက်က အနည်းငယ် တိုးတက်လာပြီး ပင်လယ်ဆီသို့ ပျံသန်းသွားခဲ့သည်။
"မြေပုံပေါ်မှာ ဖော်ပြထားတဲ့ တည်နေရာက ပင်လယ်ပြင်ထဲကို ဖြစ်သင့်တယ်"
တန်တန်ကလည်း ပြောလိုက်၏။
အချိန်တစ်ခုအတွင်း လူများစုဝေးကာ ပင်လယ်ဆီသို့ ပျံသန်းသွားကြသည်။
"ဝှူး ဝှူး..."
ပင်လယ်လေက မျက်နှာကို အရှိန်ပြင်းပြင်း လာရောက်တိုးဝှေ့သည်။ ပင်လယ်ကမ်းစပ်သို့ ရောက်လာသောအခါ အဆုံးမဲ့ ပင်လယ်ပြင်ကြီးကို မြင်လိုက်ရ၏။
"ဝှစ် ဝှစ်..."
လူများ တစ်ယောက်ပြီးတစ်ယောက် လေကိုဆန့်ကာ ပင်လယ်ဆီသို့ ပျံသန်းသွားတော့သည်။
အားကောင်းသော အရှိန်အဝါများနှင့် အဓိပဓိနယ်ပယ် တန်ခိုးရှင်များလည်း ရှိခဲ့သည်။
"ကြည့်ကြစမ်း၊ အဲဒါ ဟိုင်ထျန်းမဟုတ်လား။ ကျန်းဟိုင်စစ်သူကြီးက ကျွမ်းကျင်သူတွေကို ပိုပြီးတော့ စေလွှတ်လိုက်ပြီ"
တစ်စုံတစ်ယောက်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ပင်လယ်ကမ်းစပ်တွင် စုစုပေါင်း လူကိုးယောက်ရှိနေသည်ကို လူတိုင်းမြင်လိုက်ရ၏။ သူတို့တစ်ဦးစီက ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော ရောင်ဝါများဖြင့် အဓိပတိများပင်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ဟိုင်ထျန်းက ခေါင်းဆောင်လာခြင်း မဟုတ်ပါ။ ဟိုင်ထျန်းက အသက် လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး၏ နောက်သို့ ရိုကျိုးစွာဖြင့် လိုက်နေသည်။
"အဲဒါ ဟိုင်ထျန်းရဲ့အစ်ကို ဟိုင်ယွိပဲ။ ဟိုင်ယွိက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထခဲ့တာလေ။ အခု သူက အသက်လေးဆယ်ကျော်ပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို အချိန်မရွေး ချိုးဖြတ်သွားနိုင်တယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အတော် ကြောက်စရာကောင်းတယ်"
"ဒီတစ်ခါ ဟိုင်ယွိလည်း ထွက်လာပြီပဲ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက သာမာန် အဓိပဓိတွေကို အလွယ်တကူ သတ်နိုင်တယ်"
လူတချို့က ပြောဆိုလိုက်ကြသည်။ ဟိုင်ယွိအကြောင်း ပြောသောအခါ သူတို့အားလုံး ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့၏။
'နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်'
လုမင်၏ မျက်လုံးများလည်း အနည်းငယ် လေးနက်သွားသည်။
နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ပိုင်ရှင်များသည် အလွန် ကြောက်စရာကောင်း၏။ ထိုသို့သောလူက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို သေချာပေါက် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို သာမန်အသိအမြင်နှင့် တိုင်းတာလို့မရပေ။
ဟိုင်ယွိသာ အသက်သုံးဆယ် မကျော်ပါက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်ရွေးချယ်မှုတွင် ပါဝင်နိုင်သည်။
ထိုသူမျိုး အဓိပဓိဖြစ်လာပြီးနောက် သူ၏တိုက်ခိုက်နိုင်စွမ်းကို စိတ်ကူးကြည့်ရန် မလွယ်ပေ။
လုမင်သည်ပင် သူ့ကို ယခုရင်ဆိုင်ရလျှင် အနိုင်ယူရန် ယုံကြည်မှုမရှိပါချေ။
ဟိုင်ယွိ၊ ဟိုင်ထျန်းနှင့် အခြားသူများလည်း ပင်လယ်ဆီသို့ ပျံသန်းသွားကြသည်။
လုမင်လည်း လူအုပ်ထဲသို့ ရောနှောကာ အတူတူ ပျံသန်းသွား၏။
တစ်နေကုန် ပျံသန်းပြီးနောက် မည်မျှအထိ ခရီးပေါက်လာပြီမသိပေ၊ သူတို့ရှေ့တွင် ကျွန်းငယ်လေးတစ်ခု ပေါ်လာသည်။
"ဒီကျွန်းလေးမှာများ ဖြစ်နိုင်မလား"
လူအများ၏ မျက်လုံးများ တောက်ပလာသည်။
"မဟုတ်ဘူး၊ ဒီကျွန်းလေးက ပထမဆုံးနေရာပဲ။ အဲဒါက လမ်းပြနေရာ"
တစ်စုံတစ်ယောက်က ပြောလိုက်၏။
သူတို့က မြေပုံနှင့် ကောင်းကင်ပေါ်မှ ကြယ်များ၏ အနေအထားကို အခြေခံပြီး အဖြေရှာတွေ့ခဲ့ကြခြင်း ဖြစ်သည်။
ဤကျွန်းငယ်လေးက နောက်ဆုံးနေရာမဟုတ်ပါ။ မြေပုံက နောက်တစ်နေရာကို ညွှန်ပြထားသည်။
တစ်ချို့လူများပ မြေပုံကိုထုတ်ပြီး အတူတူလေ့လာကြ၏။ နောက်ဆုံးတွင် သူတို့က မှန်ကန်သောလမ်းကြောင်းကို တွေ့ရှိကြကာ ပင်လယ်ထဲတွင် ဆက်လက်ပျံသန်းသွားတော့သည်။
နောက်တစ်ရက်ကြာတော့ ဒုတိယကျွန်းကို ရှာတွေ့ခဲ့ကြသည်။
ကံမကောင်းစွာဖြင့်၊ ယင်းကိုလေ့လာပြီးနောက် နောက်ဆုံးပန်းတိုင်မဟုတ်သေးပါ။ လမ်းညွှန်ချက်တစ်ခုမျှသာ ဖြစ်သည်။
ဤကျွန်းကို ရှာတွေ့မှ နောက်တစ်နေရာကို ရှာနိုင်ကြလိမ့်မည်။
အားလုံးအတူတူ လေ့လာကာ တွက်ကြည့်ပြီးနောက် ဆက်လက်ပျံသန်းခဲ့ကြသည်။
နောက်တစ်ရက်ကြာတော့ တတိယကျွန်းကို ရောက်သွားသည်။
ဤကျွန်းကလည်း နောက်ဆုံးနေရာ မဟုတ်သေးပါ။
သို့ရာတွင် သူတို့ ဤနေရာကိုရောက်သောအခါ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရသည်။
ဤကျွန်းတွင် အပျက်အစီးတစ်ခု တွေ့ရ၏။ ဤနေရာတွင် စွန့်ပစ်ထားသော ကျောက်စာတိုင်များ ပြည့်နေသည်။ ယင်းက မြေပုံကိုလေ့လာရန် သော့ချက်ဖြစ်သည်ဟု လူအချို့က ခန့်မှန်းခဲ့ကြသော်လည်း တစ်စုံတစ်ခု ပျောက်ဆုံးနေပုံရပြီး နောက်ဆုံး လမ်းကြောင်းကို မရှာနိုင်ကြပေ။
"တစ်ခုခု လိုနေတာတော့ အမှန်ပဲ။ ဒီအပျက်အစီးတွေက ငါတို့ကို သဲလွန်စပေးသင့်တယ်"
တန်တန်က လေးလေးနက်နက်တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။
လူတိုင်းက တစ်ရက်ကြာ လေ့လာခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ပေ။
"နေကြဦး၊ ဒီအပျက်အယွင်းတွေက ငါ့မိသားစုက ကျောက်ပြားနဲ့ ဆင်တူနေတယ်"
ထိုအချိန်တွင် အဖိုးအိုတစ်ဦးက အပျက်အယွင်းများဆီသို့ လျှောက်သွားကာ ကျောက်ပြားလေးတစ်ချပ်ကို ထုတ်ယူလိုက်သည်။
"ဝမ်"
ကျောက်ပြားက တုန်ခါသွားပြီး အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။ တချိန်တည်းမှာပင် အပျက်အယွင်းများက တုန်ခါပြီး စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လာတော့သည်။
အပျက်အယွင်းများနှင့် ကျောက်ပြားလေးက အပြန်အလှန် ပဲ့တင်ထပ်ခဲ့သည်။
"တုံ့ပြန်မှုရှိတယ်ဟေ့"
တစ်ယောက်ယောက်က အော်လိုက်သည်။
"ကြည့်ကြစမ်း၊ လမ်းကြောင်းတချို့ပေါ်လာပြီ"
ကျောက်ပြားလေးနှင့် အပျက်အယွင်းများက တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသည် ကို လူတိုင်းမြင်ကြရသည်။ စူးရှသော အလင်းရောင်များထဲတွင် မျဉ်းကြောင်းတချို့က ပေါင်းစည်းထား၏။ ဤမျဉ်းကြောင်းများက လမ်းကြောင်းများ ဖြစ်ပုံရသည်။
လူများစွာလည်း သူတို့၏ မြေပုံပေါ်ရှိ လမ်းကြောင်းနှင့် လျင်မြန်စွာ ပေါင်းစပ်ပြီး တွက်ချက်လိုက်လေသည်။
"ရပြီ၊ ငါလမ်းရှာတွေ့ပြီ"
လူတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
အဆုံးမှာတော့ အားလုံး ပူးပေါင်းကြပြီး နောက်ထပ်လမ်းကို ရှာတွေ့ခဲ့ကြပြီ။ အားလုံးက ပင်လယ်ထဲတွင် ဆက်လက် ပျံသန်းသွားကြသည်။
"သေချာတာပေါ့၊ ငါ့ရဲ့ ရွေးချယ်မှုက မမှားဘူး။ ငါ့ဘာသာ ရှာနေမယ်ဆိုရင် ရှာတွေ့ဖို့ မလွယ်ဘူး"
လူအုပ်ထဲတွင် အနက်ရောင် ၀တ်စုံဝတ် အဘိုးအိုတစ်ဦးက စိတ်လှုပ်ရှားစွာ တီးတိုး ရေရွတ်လိုက်သည်။
ယင်းက မြေပုံများကို ပေါက်ကြားစေခဲ့သော အဘိုးအိုပင် ဖြစ်ချေသည်။ ဤမြေပုံကို သူရရှိခဲ့တာ ကြာမြင့်ပြီ ဖြစ်သည်။ ဆယ်စုနှစ်များစွာ လေ့လာပြီးသော်လည်း တတိယမြောက်ကျွန်းကိုသာ ရှာဖွေတွေ့ခဲ့၏။ ထို့ထက်တော့ ပို၍ မရခဲ့ပေ။
ထို့ကြောင့်ပင် သူက သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ်ကို ရှာဖွေရန် အခြားသူများ၏ ခွန်အားကို ချေးငှားရန်မျှော်လင့်ကာ မြေပုံအများအပြားကို ကူးယူခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ဤနည်းလမ်းက အလုပ်ဖြစ်ခဲ့သည်။ ရက်အနည်းငယ်သာ ကြာသေးသော်လည်း သူကိုယ်တိုင် ဆယ်စုနှစ်များစွာ လေ့လာခဲ့သည်ထက် ရလဒ်များစွာ ပို၍ကောင်းခဲ့သည်။
ထို့နောက်တွင် စတုတ္ထကျွန်း၊ ပဉ္စမကျွန်းတိို့ကို ရှာတွေ့ခဲ့ပေသည်။
ဆယ်ရက်အကြာတွင် စုစုပေါင်း ကျွန်းကိုးကျွန်းကို တွေ့ရှိခဲ့သည်။
ဤကျွန်းကိုးကျွန်းကြားတွင် လျှို့ဝှက်ဆန်းကြယ်စွာ ဆက်သွယ်နေပုံရ၏။ နောက်တစ်ကျွန်းကို ရှာဖွေချင်လျှင် ယခင်ကျွန်းများကို ဦးစွာရှာရသည်။
သို့သော်၊ ကိုးခုမြောက်ကျွန်းက နောက်ဆုံးခရီးဖြစ်ပုံပင်။
လူတိုင်းလေ့လာပြီးနောက် ကိုးခုမြောက်ကျွန်းက နောက်ဆုံးကျွန်းမှန်း သိခဲ့ရသည်။ နောက်တစ်ဆင့်ကတော့ သန့်စင်သော ဝိညာဉ်ခန္ဓာ ကျင့်စဉ်၏ တည်နေရာကို ရှာရန်ပင်။
လူတိုင်းပဲ လွန်စွာ စိတ်လှုပ်ရှားနေခဲ့ကြသည်။