← Chapters

အခန်း ၁၂၈၃

Vol. 86 Ch. 1283

အခန်း ၁၂၈၃

Vol. 86 Ch. 1283

အပိုင်း ( 1283 ) ပင်လယ်ရေအောက်မှ ရှေးမြို့ဟောင်း။

ဤနေရာမှာ ပင်လယ်ရေအောက် မီတာသုံးသိန်းထက်မနည်း နက်ရှိုင်းသည်။ တော်ရုံဝိညာဉ်နတ်ဘုရားများဖြစ်လျှင် ပင်လယ်ရေကို လှုပ်ခတ်စေရန် မဆိုထားနှင့်၊ ပင်လယ်ရေဖိအားကြောင့် အမှုန့်ကြိတ်ခံလိုက်ရလိမ့်မည်။ သို့ရာတွင် ဟိုင်ယွိနှင့် ရေနဂါးကြားမှ တိုက်ပွဲက မီတာတစ်သောင်း အချင်းဝက်အတွင်းမှ ပင်လယ်ရေကို အမှန်တကယ် လှုပ်ခတ်သွားစေနိုင်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက မည်မျှ ကြောက်စရာကောင်းသလဲဆိုတာ သိသာထင်ရှားလှပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နှစ်ဦးဟာ တိုက်ကွက် ဆယ်ကွက်ကျော် ဖလှယ်ခဲ့ကြတယ်။

'ဒါ နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ပိုင်ရှင် လူသားနဲ့ နတ်သားရဲသွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ သားရဲတစ်ကောင်ရဲ့ စွမ်းအားလား။ သူတို့ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပဲ'

လုမင်လည်း လူအများကြားတွင် ရောနှောကာ နတ်ဆိုးသားရဲတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့သည်။ သို့ရာတွင် ဟိုင်ယွိနှင့် ရေနဂါးကြားမှ တိုက်ပွဲကိုလည်း အာရုံပို့လွှတ်ထား၏။

လုမင်ဟာ ထိုနှစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းကြောင့် အတော်လေး လေးနက်ခဲ့သည်။

ယခုအချိန်တွင် လုမင်က သူ့အင်အားကို အပြည့်အဝ ထုတ်လွှတ်လိုက်လျှင်ပင်၊ ဟိုင်ယွိ သို့မဟုတ် ရေနဂါးအဓိပဓိနှင့် ယှဉ်နိုင်မည်မဟုတ်ဟု ခံစားခဲ့ရသည်။

ဤတွင် အဓိက အကြောင်းအရင်းကတော့ သူ့၏ ကျင့်ကြံခြင်းအခြေခံက သူတို့နှင့် ဝေးကွာလွန်းသောကြောင့်ပင်။

သူ၏ ကျင့်ကြံခြင်းအခြေခံသာ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားပါက၊ သူတို့ကို တိုက်ခိုက်နိုင်ပြီး ဖိနှိပ်နိုင်မည်ဟုပင် ယုံကြည်သည်။

ယခုမူကား အနည်းငယ် လိုအပ်နေသေးသည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုးမှ ပြီးပြည့်စုံသော အဆင့်ကြားတွင် ကွာဟချက်တစ်ခု ရှိသည်။ ထိုမှ အဓိပဓိနယ်ပယ်ကြား ကွာဟချက်သည် ပို၍ ကြီးမား၏။ ဤကွာဟမှုက ကျော်ဖြတ်နိုင်ရန် ခက်ခဲသည်။

လုမင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းအရ နတ်ဘုရားအဆင့်ခြောက် သွေးမျိုးဆက်ကို နိုးထစေသော အဓိပဓိများအား ကိုင်တွယ်ရန် သို့မဟုတ် ဖိနှိပ်ရန်မှာ လုံလောက်သည်ထက် ပိုသည်။

သို့သော်လည်း ၎င်းတို့က သာမန်အဖြစ်ဆုံး အဓိပဓိများထက် မပိုပေ။ သူတို့၏ သွေးမျိုးဆက်အဆင့်က မြင့်မားလေ၊ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလေဖြစ်၍ ကိုင်တွယ်ရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။

'သွားမယ်'

ခဏလောက်ကြည့်ပြီးနောက် လုမင်က ဟိုင်ယွိနှင့် ရေနဂါး၏စွမ်းရည်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ထို့နောက်တွင်၊ သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံသောအဆင့်မှ ပင်လယ်သားရဲတစ်ကောင်ကို ချက်ခြင်းသတ်လိုက်၏။ သူသည်လည်း လူအုပ်ကြားမှ ဟင်းလင်းပြင်လျှောက်လမ်းထဲကို လိုက်ပါဝင်ရောက်သွားတော့သည်။

လျှောက်လမ်းထဲကို ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ ဖိအားများ ပေါ့ပါးသွားသည်ကို လုမင် ခံစားလိုက်ရ၏။ သူ့ကိုယ်တွင်းရှိ ယွမ်ချီစွမ်းအင်ကလည်း လျင်မြန်စွာ လည်ပတ်လာတော့သည်။

"ဒီမှာ ပင်လယ်ရေမရှိဘူး၊ ပင်လယ်ရေထုရဲ့ ဖိအားလည်းမရှိဘူး"

ဤသည်က လုမင်၏ ပထမဆုံး တုံ့ပြန်မှု ဖြစ်သည်။

ထို့နောက် လုမင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

ယခုအချိန်တွင် သူက လေဟာပြင်ထဲတွင် ရပ်နေသည်။ သူ့ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပင်လယ်ရေများ ရှိနေသည်အား ရှင်းရှင်းလင်းလင်း သိမြင်နိုင်သော်လည်း ပွင့်လင်းမြင်သာသော အလွှာတစ်ခုဖြင့် ပိုင်းခြားထားပုံရသည်။ ပင်လယ်ရေက အတွင်းကို တစ်စက်တစ်ပေါက်မှ မဝင်လာခဲ့ပေ။

အရပ်ဆယ်မျက်နှာက အလားတူဖြစ်ပြီး ပင်လယ်ရေကို ထိန်းထားနိုင်သည့် ကန့်သတ်အလွှာတစ်ခု ရှိနေပုံရသည်။

ကောင်းကင်ယံမှာတော့ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရှိပေသည်။ ၎င်းက ဟင်းလင်းပြင်လျှောက်လမ်း ဖြစ်သည်။ လုမင်နှင့် အခြားသူများက အဆိုပါ ဟင်းလင်းပြင်လျှောက်လမ်းမှတဆင့် ဝင်လာခဲ့ခြင်းပင်။

"အဲဒါ... ရှေးမြို့ကြီးတစ်မြို့ပဲ"

ထို့နောက် လုမင်ဟာ ရှေ့ကို လှမ်းကြည့်လိုက်သည်။

ဤနေရာမှာ ရှေးမြို့ဟောင်းတစ်မြို့ဖြစ်ပြီး ကျယ်ပြောသော နယ်မြေအား လုံးဝ သိမ်းပိုက်ထား၏။

သူတို့ရှေ့တွင် ရှေးမြို့ဟောင်းတစ်ခု ရှိပေသည်။ ယင်းက ရှေးခေတ်ကာလများစွာကို ဖြတ်ကျော်လာခဲ့သည့်နှယ် ရှေးကျသော အငွေ့အသက်တို့ ပြည့်နေခဲ့သည်။

ရှေးမြို့ဟောင်းကြီးက ကျယ်ပြောလွန်းလှသည်။ တစ်ချက်ကြည့်လိုက်လျှင် မိုင်သိန်းချီကာ ကျယ်ပြောကြောင်း မြင်တွေ့ရလိမ့်မည်။

ပင်လယ်အောက် မီတာသုံးသိန်းကျော်အနက်တွင် ရှေးမြို့ဟောင်းကြီးတစ်ခုလျှို့ဝှက်စွာ တည်ရှိနေသည်အား တွေးကြည့်ရန်ပင် မလွယ်ပေ။

ထိုအချိန်တွင် လူအချို့က ရှေးမြို့ဟောင်းဆီသို့ ပျံသန်းသွားနေပြီ ဖြစ်သည်။

ဤရှေးမြို့ဟောင်းက သူတို့ခရီး၏ နောက်ဆုံးနေရာ ဖြစ်ဖွယ်ရှိကြောင်း သိသာသည်။ သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဥ် ဤရှေးဟောင်းမြို့၌ ဝှက်ထားနိုင်ဖွယ်ရှိပေသည်။

သို့သော်လည်း လုမင်ဟာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ လူအချို့က ရှေးမြို့ဟောင်းအထက်သို့ ပျံသန်းသောအခါတွင် မပျံသန်းနိုင်တော့ပေ။ အားပြင်းသော ဆွဲငင်အား၏ ဒဏ်ကို ခံခဲ့ရသကဲ့သို့ သူတို့အားလုံး လေထဲတွင် မနေနိုင်ဘဲ ရှေးဟောင်းမြို့ထဲသို့ အမြန်ဆင်းသက်ခဲ့ကြရသည်။

'ဒီရှေးမြို့ဟောင်းထဲမှာ မပျံသန်းနိုင်ဘူးထင်တယ်'

လုမင် တွေးလိုက်သည်။

"ဝမ်"

ရုတ်တရက်၊ လုမင်၏ ပတ်ဝန်းကျင် လေဟာပြင်က တုန်ခါသွားပြီး ပုံရိပ်ပေါင်းများစွာ ပေါ်လာခဲ့သည်။

ဟိုင်ယွိ၊ ထိုအထဲမှ တစ်ယောက်မှာ ဟိုင်ယွိ ဖြစ်၏။

ကျန်ပုံရိပ် အများစုကတော့ ရေနဂါးအဓိပဓိကဲ့သို့ ပင်လယ်သားရဲများ ဖြစ်တော့သည်။

"သတ်"

ရေနဂါးအဓိပဓိက ပေါ်လာသည်နှင့် ဟိုင်ယွိကိုသတ်ရန် ကြိုးစားလိုက်သည်။ သို့ရာတွင်၊ ဟိုင်ယွိက တိုက်ခိုက်နေရန် စိတ်ကူးမရှိပေ။ သူဟာ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ရှေးမြို့ဟောင်းဆီသို့ ပျံသန်းသွားခဲ့သည်။

လုမင်လည်း ရှေးမြို့ဟောင်းဆီသို့ ပျံသန်းသွား၏။

"သတ်၊ ဒီလူသားအားလုံးကို သတ်ကြ"

ရေနဂါးအဓိပဓိက အမိန့်ပေးပြီး ပင်လယ်သားရဲများနှင့်အတူ ရှေးမြို့ဟောင်းကို ပျံသန်းသွားကြသည်။

လုမင်က ရှေးမြို့ဟောင်းအထက်သို့ ပျံသန်းသွားသောအခါ၊ အမှန်တကယ်ပင် အလွန်အစွမ်းထက်သော ဆွဲငင်အားတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ လုမင်၏ အင်အားဖြင့်ပင် ပျံသန်းမှုကို ထိန်းသိမ်းရန် မလွယ်တော့ပေ။ သူ မတတ်နိုင်တော့ဘဲ ရှေးမြို့ဟောင်းထဲကို ဆင်းသက်လိုက်ရသည်။

လုမင်က ရှေးမြို့ဟောင်း၏ လမ်းတစ်ခုပေါ်တွင် ဆင်းသက်လာခဲ့သည်။

ဟိုင်ယွိနှင့် အခြားသူများကလည်း အခြားလမ်းတစ်ခုသို့ ရောက်သွားကြ၏။

"ဟမ်"

လမ်းပေါ်ရောက်သည်နှင့် လုမင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က အနည်းငယ် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရ၏။ လုမင်က မြေပြင်ပေါ်သို့ ခြေချသောအခါ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်၏ အကူအညီဖြင့် မြေကြီးနှင့် ပေါင်းစပ်နိုင်ပုံရကြောင်း သဘောပေါက်ခဲ့သည်။

ဤအခိုက်အတန့်တွင်၊ သူ၏ မြေတာအိုက အချိန်မရွေး ဖြတ်ကျော်သွားနိုင်သကဲ့သို့ မငြိမ်မသက် ဖြစ်လာခဲ့လေသည်။

'ဒီရှေးမြို့ဟောင်းက ပင်လယ်ရေအောက် မီတာသုံးသိန်း အနက်မှာ ရှိနေခဲ့တာပဲ။ ဒါက မြေအမြုတေနဲ့ နီးလွန်းတယ်။ ဒါကြောင့် မြေပေါ်မှာ နင်းလျှောက်တဲ့အခါ မြေပြင်နဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီနေရာမှာ မြေတာအိုကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိနိုင်တယ်'

လုမင်က သူ့စိတ်ထဲမှတွေးကာ ယေဘုယျ အကြောင်းပြချက်ကို ခန့်မှန်းလိုက်သည်။

"ဒါက ငါ့ရဲ့ မြေတာအိုကို စတုတ္ထအဆင့်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်ထိ ဖြတ်ကျော်ဖို့ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်"

လုမင်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားလေသည်။

သူ၏ မြေတာအိုသာ စတုတ္ထအဆင့် ပြီးပြည့်စုံခြင်းသို့ ဖြတ်သွားပါက ကျောက်ကြမ်းများကို ဆက်လက်ဝါးမျိုကာ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံခြင်း အထွတ်အထိပ်သို့ ဖြတ်ကျော်သွားနိုင်သည်။ ထို့နောက် နောက်တစ်ဆင့်မှာတော့ ဒိုမိန်းသန္ဓေသားပုံစံကို နားလည်ဆင်ခြင်ပြီး အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ ချိုးဖြတ်သွားရန်ပင်။

"ဝုန်း ... ဝုန်း..."

မနီးမဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုနေရာမှာ တစ်ယောက်ယောက် တိုက်ခိုက်နေကြောင်း ထင်ရှားလှပေသည်။

'သွားမယ်၊ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်ရှိရင်တောင် ရှေးမြို့ဟောင်းရဲ့ နက်နဲရာအရပ်မှာပဲ ရှိလိမ့်မယ်'

လုမင် တွေးလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှေးမြို့ဟောင်း၏ အနက်ရှိုင်းဆုံးဆီသို့ တိုက်ရိုက် ပြေးထွက်သွားတော့သည်။

"အား"

ရုတ်တရက် လုမင်ရှေ့နားမှ စူးစူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

'တစ်ယောက်ယောက် တိုက်ခိုက်နေပုံပဲ"

လုမင်က မျက်ခုံးပင့်ပြီး ရှေ့ကို ဆက်သွားခဲ့သည်။

"အား"

သိပ်မကြာခင်မှာပဲ နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဤအော်သံက စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှုတို့ ပါ၀င်ပြီး ကြက်သီးတဖြန်းဖြန်း ထသွားစေနိုင်သည်။

"‌ဒါက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အသံမျိုး မဟုတ်တော့ဘူး"

လုမင် သတိထားလာသည်။ သူက ပို၍သတိထားလာပြီး အရှိန်ကိုလည်း လျှော့ချလိုက်၏။

"ဟူး ဟူး..."

ရုတ်တရက်၊ လုမင်ဟာ လေအေးကြီးတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်လာ၍ ခေါင်းမွေးထောင်ထသွားသလို ခံစားလိုက်ရသည်။

"သတိထား"

တန်တန်ကလည်း ရုတ်တရက် သတိပေးသည်။

တစ်ချိန်တည်းမှာပင်၊ လုမင်ဟာ အနောက်မှ အေးစက်စက် အငွေ့အသက်တစ်ခု တိုးဝင်လာသလို ခံစားလိုက်ရ၏။ လုမင်လည်း ရုတ်တရက်လှည့်ကြည့်ပြီး လက်သီးချက် ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း"

လက်သီးအင်အားက လေထုကိုထိုးဖောက်ကာ အနက်ရောင် ဟင်းလင်ပြင်ခေါင်းပေါက်တစ်ခု ဖြစ်လာစေခဲ့သည်။ သို့သော်၊ ဘာမှ မရှိခဲ့ပါ။ လုမင်ဟာ မည်သည့် သက်ရှိကိုမျှ မတွေ့မမြင်ခဲ့ရပေ။

သို့သော်လည်း ထိုအခိုက်မှာပင် အေးစက်စက် အငွေ့အသက်က လုမင်၏ လည်ပင်းဆီသို့ တိုးဝင်လာပြန်သည်။

"ဝှစ်"

လုမင်လည်း သူ့လက်ဝါးကို ဓားတစ်လက်အဖြစ်သုံးပြီး အရပ်ရပ်သို့ အလျားလိုက် ဖြတ်ပစ်လိုက်သည်။

သို့သော်လည်း သူ့လက်ဖဝါးကို ရုတ်လိုက်သောအခါ ဘာမျှမရှိပြန်ပေ။

"ဒါက ဘာကောင်လဲ၊ တန်တန်... မင်း သတိထားမိလား"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်လိုက်သော်လည်း ဘာမှမတွေ့သေးပေ။

"လုမင်၊ ငါလည်း သတိမထားမိလိုက်ဘူး။ ဒီနေရာက အရမ်းထူးဆန်းတယ်။ ဒါက အင်အားကြီး တန်ခိုးရှင်ကြီးတစ်ဦးရဲ့ နေထိုင်ရာတစ်ခု ဖြစ်သင့်တယ်"

တန်တန်က ဆက်ပြောလိုက်သည်။

"မင်းမှန်တယ်"

လုမင် နှုတ်ခမ်းမဲ့လိုက်၏။

ပင်လယ်ရေအောက် မီတာသုံးသိန်းနက်သော နေရာကို ရှေးမြို့ဟောင်းတစ်ခု ပြောင်းရွှေ့ခြင်းက သာမာန်သိုင်းအုပ်ချုပ်သူတစ်ပါးပင် မပြုလုပ်နိုင်ပါ။ အလွန်ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုသာ လုပ်နိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော တန်ခိုးရှင်ကြီး၏ နေအိမ်က မည်သို့ သာမန်ဖြစ်နိုင်ပါမည်နည်း။

"အား"

ထိုအချိန်တွင် ရှေ့နားမှ နောက်ထပ်အော်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအသံက အလွန် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ပေသည်။

'နေတော့ကွာ၊ ဘာပဲဖြစ်ဖြစ် သူက ပေါ်လာဖို့ မဝံ့ရဲတဲ့အတွက် ငါရှေ့ဆက်လိုက်မယ်'

လုမင်၏ မျက်လုံးများက လင်းလက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် နဂါးစွမ်းအားများ ထွက်ပေါ်လာခဲ့၏။ သူက အချိန်မရွေး တိုက်ခိုက်နိုင်ရန် အဆင်သင့်ပြင် ရှေ့သို့ လျှောက်လှမ်းလာတော့သည်။

ရှေးမြို့ဟောင်းမှာတော့ အော်ဟစ်သံများ ရံဖန်ရံခါ ကြားနေရဆဲပင်။

"ဘာကောင်လဲ၊ ငါ့ဆီကနေ ထွက်သွားစမ်း"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ သူက ကြောက်လန့်တကြားဖြစ်ပြီး ဖြူဖျော့နေ‌သောမျက်နှာနှင့် အရပ်ရပ်ကို ဖရိုဖရဲ တိုက်ခိုက်နေတော့သည်။

All Chapters