အခန်း ၁၂၈၄
Vol. 86 Ch. 1284
အပိုင်း ( 1284 ) နာကြည်းခြင်း။
သို့ရာတွင် ထိုလူ၏ တိုက်ခိုက်မှုများက အရာမရောက်ပါ။
ကျင့်ကြံခြင်းအခြေခံ အားနည်းသူတချို့ဆိုလျှင် ရူးမတတ်ဖြစ်ပြီး တုန်လှုပ်ချောက်ချားသွားကြသည်။
"ဟူး... ဟူး..."
ရှေးမြို့ဟောင်း တစ်မြို့လုံး၌ လေပြင်းများ တိုက်ခတ်လာခဲ့သည်။
"ဟမ့်၊ ထူးခြားဟန်ဆောင်ပြီး ငါတို့ကို အထင်သေးနေတာလား"
အဓိပဓိတချို့က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူတို့ခန္ဓာကိုယ်ကို ယွမ်ချီစွမ်းအင်နှင့် ဖုံးလွှမ်းပြီး ရှေ့သို့ ဆက်လျှောက်သွား၏။
လုမင်လည်း ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ သို့ရာတွင် ထူးဆန်းသည်က၊ လုမင်၏ လမ်းတစ်လျှောက်တွင် အလောင်းတစ်လောင်းမျှ မတွေ့ခဲ့ရပေ။
အော်ဟစ်သံများ ရံဖန်ရံခါ ကြားနေရသော်လည်း အလောင်းတစ်လောင်းမျှ မတွေ့ရသေးချေ။
လုမင်ဟာ လမ်းဘေး တစ်ဖက်တစ်ချက်စီမှ နန်းတော်များနှင့် အဆောက်အဦများကိုလည်း မနေနိုင်ဘဲ အကဲခတ်သွားခဲ့သည်။
ဤနန်းတော်တံခါးများကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေလေသည်။
"ဝှစ်"
လုမင်က ခြေတစ်ချက်လှမ်းပြီး နန်းတော်တစ်ခု၏ တံတိုင်းမြင့်မြင့်ပေါ်သို့ ပြေးတက်သွားကာ အတွင်းဘက်ကို ကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ပြီးနောက် လုမင် မျက်မှောင်ကြုတ်လိုက်၏။
နန်းတော်အတွင်း၌ ခြံဝင်းငယ်တစ်ခု ရှိသည်။ ခြံဝင်းငယ်အတွင်းမှာတော့ အရိုးစုများဖြင့် ပြည့်နှက်နေပေသည်။
ခြံထဲတွင် လူသေအလောင်းတစ်လောင်းလည်း ရှိနေသည်။ အလောင်း၏ မျက်လုံးများက ပြူးကျယ်နေကာ ကြောက်ရွံ့မှုတို့ ရှိနေသေးသော်လည်း အသက်ဓာတ် အရိပ်အယောင်ကိုမူ မခံစားရတော့ပေ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီနန်းတော်တွေက တစ်ခုခုမှားနေပြီ"
လုမင်က ခြံရှေ့တံခါးကို လှမ်းကြည့်လိုက်သည်။ တံခါးဖွင့်ထားသော်လည်း အထဲမှာ မှောင်မိုက်လျက်ရှိ၏။ အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင် ပုန်းအောင်းနေသလိုဖြစ်ကာ သူ မမြင်နိုင်ပေ။
"အတားအဆီးမဲ့တဲ့ကောင်းကင်သိုင်း"
ရုတ်တရက်၊ လုမင်က ခပ်တိုးတိုးမာန်သွင်းပြီး သူ့ရှေ့မှလေထဲကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
အကြောင်းမှာ၊ ဤအခိုက်တွင် အန္တရာယ်အငွေ့အသက်တစ်ခု ကျဆင်းလာသည်ကို လုမင် ခံစားလိုက်ရသောကြောင့်ပင်။
"ဝုန်း"
လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က အရာအားလုံးကို ဖိနှိပ်နိုင်သကဲ့သို့ လုမင်၏ လက်ဖဝါးတွင် ပေါ်လာခဲ့၏။
ဟင်းလင်းပြင်က တုန်ခါသွားပြီး လုမင်၏ရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ရုပ်သွင်မှာ ငရဲဖိနှိပ်ကျောက်စာချပ် စွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ရဟန်ဖြင့် တွန့်လိပ်လှုပ်ရှားနေတော့သည်။
"ဒါက"
လုမင်၏ မျက်လုံးများက အံ့သြခြင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဤသည်မှာ ရုပ်ခန္ဓာရှိပုံမပေါ်သော အနက်ရောင်အရိပ်တစ်ခု ဖြစ်သည်။ ယင်းက ရက်စက်ကြမ်းကြုတ်ပုံရသော မျက်နှာဖြင့် တွန့်လိပ်လှုပ်ရှားနေခဲ့၏။ ငရဲဖိနှိပ်ကျောက်စာချပ်၏ စွမ်းအားအောက်တွင် ထိုအရာက ရှောင်မပြေးနိုင်တော့ဘဲ အသည်းအသန်ရုန်းကန်ရင်း အော်ဟစ်နေတော့သည်။
အနက်ရောင်အရိပ်က လုမင်ကို ရန်မူချင်သလို တွန်းထိုးလှုပ်ရှားနေခဲ့သည်။
"နာကြည်းခြင်း၊ ဒါက နာကြည်းခြင်းပဲ"
တန်တန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဘာလား နာကြည်းခြင်းက"
လုမင် မေးလိုက်၏။
"ငါ့အမြင်ပြောရရင် ဒီရှေးမြို့ဟောင်းပိုင်ရှင်က ကြီးမားတဲ့ လက်မခံချင်စိတ်၊ နာကြည်းမှုတွေနဲ့ သေဆုံးခဲ့ရတာဖြစ်မယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အရမ်းမြင့်မားတာကြောင့် မသေခင်မှာ ကြောက်စရာကောင်းတဲ့ နာကြည်းမှု ဖြစ်ပေါ်စေခဲ့တာ။ သူ့ရဲ့ နာကြည်းမှုကြောင့်ပဲ သေဆုံးတဲ့အခါ ပိုလို့တောင် နာကြည်းမှုတွေ ဖြစ်လာစေခဲ့တယ်"
တန်တန်က ရှင်းပြလိုက်သည်။
"တကယ်ကို ဒီကမ္ဘာမှာ ထူးဆန်းတဲ့အရာတစ်ခု ရှိတာပဲ"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ငရဲဖိနှိပ်ကျောက်စာချပ်စွမ်းအားကို တိုးမြှင့်လိုက်၏။ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က တုန်ခါသွားပြီးနောက် အရိပ်မည်းကြီးလည်း တွန့်လိပ်ကာ ပြိုကျသွားတော့သည်။
"သူက အဲ့လောက်လည်း မသန်မာပါလား"
လုမင်က မျက်ခုံးပင့်လိုက်သည်။
"လုမင်၊ သိပ်မြောက်မနေစမ်းနဲ့။ အဲဒါက မင်းမှာ ငရဲဖိနှိပ်ကျောက်စာချပ်သွေးမျိုးဆက် ရှိနေလို့လေ၊ မင်းက မူလခန္ဓာအစိတ်အပိုင်းကိုတောင် ရထားပြီးပြီ။ ငရဲဖိနှိပ်ကျောက်စာချပ်က အရာအားလုံး အထူးသဖြင့် မကောင်းတဲ့ အမှောင်နဲ့ပတ်သက်တာတွေကို ပိုပြီး ဖိနှိပ်နိုင်တယ်။ မင်းသာ အခြားနည်းလမ်းတွေကိုသုံးရင် သူတို့ကိုသတ်ဖို့ ခက်လိမ့်မယ်"
တန်တန်က လုမင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
"ဟုတ်လား"
လုမင် စိတ်ထဲတွင် လှုပ်ရှားသွား၏။
'လုမင်၊ မင်း သတိထားရမယ်။ အဲဒီ နာကြည်းမှုဟာ သူ့နောက်လိုက် လူတစ်ယောက်ကနေပဲ ထွက်လာသေးတာ။ တကယ်လို့ ဒီနေရာ ပိုင်ရှင်ရဲ့ နာကြည်းမှုကို ကြုံတွေ့ရရင် အဲဒါကို ဖြေရှင်းဖို့က ဒီလောက်လွယ်ကူမှာ မဟုတ်ဘူး"
တန်တန်က သတိပေးသည်။
လုမင် ခေါင်းညိတ်လိုက်၏။ သူဟာ ဤနေရာတွင်မရပ်ဘဲ ရှေးမြို့ဟောင်းထဲသို့ နက်နဲစွာ ဆက်လက်လျှောက်လှမ်းသွားတော့သည်။
ရံဖန်ရံခါ သနားစရာ အော်သံများကို သူကြားနေခဲ့ရသည်။
ထိုကဲ့သို့ ထူးဆန်းသော အရာက လူများစွာကို ကြောက်ရွံ့စေခဲ့ပေသည်။ ကျွမ်းကျင်သူများစွာက စုရုံးကြပြီး အချင်းချင်းကူညီကာ အတူတကွ လုပ်ဆောင်လာခဲ့ကြသည်။
ဤသို့ဖြင့် အခြေအနေ ပိုကောင်းလာကာ သနားစရာကောင်းသော အော်ဟစ်သံများလည်း နည်းလာခဲ့ပေသည်။
လူများက ရှေ့သို့ဆက်သွားကာ မကြာမီပင် ရှေးဟောင်းမြို့လယ်သို့ ရောက်လာခဲ့သည်။
ရှေးမြို့ဟောင်းအလယ်သို့ ရောက်လာသောအခါ ကြီးမားသော နန်းတော်အစုအဝေးကို မြင်လိုက်ရသည်။ တော်ဝင်နန်းတွင်ကဲ့သို့ မရေမတွက်နိုင်သော ဘုံဗိမာန်များစွာတို့ ရှိ၏။ ဤတွင် နန်းတော်များ မည်မျှရှိမလဲပင် မသိနိုင်ပေ။
"ဝမ်"
ထိုအချိန်တွင် နန်းတော်များ၏ အနက်ရှိုင်းဆုံးအပိုင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတိုင်း ကြည့်လိုက်သောအခါ အလင်းတန်းများ အလယ်တွင် ကျောက်စိမ်းအဆောင်တစ်ခုကို တွေ့လိုက်ရ၏။
"အဲဒါက သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်များ ဖြစ်မလား"
လူအများ၏ မျက်လုံးများက တောက်ပလာတော့သည်။
"ဖြစ်ရမယ်၊ ဒါပဲ ဖြစ်ရမယ်။ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်က ငါ့ဟာပဲ"
"ထွက်သွား၊ အဲဒါက ငါ့ဥစ္စာ"
လူအများ၏ မျက်လုံးများက တောက်ပလာကာ ဘုံဗိမာန်များဆီသို့ အပြေးအလွှား ပြေးသွားခဲ့ကြသည်။
"ဟားဟားဟား၊ အဆုံးမှာ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာက ငါ့အတွက် ဖြစ်နေတုန်းပဲပေါ့"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးက လောဘကြီးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဤနေ့ကို သူစောင့်နေတာ ကြာခဲ့ပြီ။ သူက မြေပုံအားလုံးကို ဖြန့်ဝေပေးခဲ့သူ ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်ကတော့ သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဉ်ကို ရှာဖွေတွေ့ရှိနိုင်ရန်ပင်။
"ဝှစ်... ဝှစ်"
သူ့ခန္ဓာကိုယ်က တဖျပ်ဖျပ်ခတ်ပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ပြေးထွက်သွား၏။
"သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်က ကျန်းဟိုင်အိမ်တော် အတွက်ပဲ"
ဟိုင်ထျန်း၊ ဟိုင်ယွိနှင့် အခြားသူများကလည်း အလောတကြီး ပြေးသွားကြသည်။
"ဘိုးဘွားမြေရဲ့ ဘဏ္ဍာတွေကို ပင်လယ်သားရဲ မျိုးနွယ်စုက ပိုင်ဆိုင်တယ်"
ရေနဂါးအဓိပဓိကလည်း ဟိန်းဟောက်ပြီး ပင်လယ်နတ်ဆိုးသားရဲ ကျွမ်းကျင်သူများနှင့် ပြေးသွားကြချေသည်။
လုမင်လည်း ချက်ချင်း ပြေးချသွားခဲ့သည်။
"လုမင်၊ မင်း သတိထားပါ။ ဒီနန်းတော်တွေမှာ နာကြည်းမှုက အရမ်းပြင်းထန်တယ်။ အရင်ကထက် အများကြီး ပိုကြောက်စရာကောင်းတယ်"
တန်တန်က ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ သူက လူများနောက်မှ ဖြည်းညှင်းစွာ လိုက်ပါသွားတော့သည်။
"အား"
မျှော်လင့်ထားသည့်အတိုင်းပင်၊ လူတော်တော်များများက နန်းတော်ထဲကို ပြေးဝင်လာပြီးသည်နှင့် သနားစရာကောင်းသော အော်သံများ ထွက်ပေါ်လာခဲ့သည်။
"ဟာ၊ ဘာကြီးလဲ။ သတ်"
"သေစမ်းကွာ"
နန်းတော်အစုအဝေးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ဒိုမိန်းစွမ်းအားက ဒါတွေကို ရင်ဆိုင်တဲ့နေရာမှာ အသုံးဝင်တယ်ဟေ့။ သူတို့ကို ဒိုမိန်းစွမ်းအားနဲ့ သတ်ကြ"
အဓိပတိတစ်ပါးက အော်လိုက်သည်။
လုမင်က ဒိုမိန်းစွမ်းအားကို ဖြန့်ကျက်ထားသော အဓိပဓိတစ်ပါးကို မြင်လိုက်ရသည်။ ဒိုမိန်းသန္ဓေသား နယ်မြေထဲတွင် ပေါ်လာကြသော အနက်ရောင်အရိပ်များက နောက်ဆုံး ပျက်စီးသွားခဲ့ကြလေသည်။
ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီးနောက် အဓိပတိများစွာဟာ နာကြည်းခြင်းတို့ကိုဖျက်ဆီးရန် ဒိုမိန်းသန္ဓေစွမ်းအားကို ဖြန့်ကျက်လိုက်ကြသည်။
တခဏအတွင်းပင် အခြေအနေက ပြောင်းပြန်ဖြစ်သွား၏။ အဓိပဓိများစွာတို့က ကျောက်စိမ်းအဆောင်ဆီသို့ ဆက်လက် ပြေးသွားကြတော့သည်။
လုမင်ကတော့ အလျင်မလိုဘဲ နောက်မှ သတိထားပြီး လိုက်သွားသည်။
"အဲဒါကငါ့ဟာပဲ"
ထိုအထဲတွင် အနက်ရောင်ဝတ် အဘိုးကြီးက အမြန်ဆုံး ဖြစ်သည်။ သူ့ရုပ်သွင်က တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြတ်ပြီး ကျောက်စိမ်းအဆောင်အနားကို ပထမဆုံး ရောက်ရှိသွားတော့သည်။
သူဟာ နန်းတော်တစ်ခုကို ခြေဆောင့်နင်းပြီး ကောင်းကင်သို့လှမ်းတက်၍ ကျောက်စိမ်းအဆောင်အား ဖမ်းဆုပ်လိုက်သည်။
"မင်းဘယ်လိုလုပ်ဝံ့တာလဲ။ သေချင်နေပြီ"
ဟိုင်ယွိ အော်ဟစ်လိုက်သည်။
"ထွက်သွား"
ရေနဂါးအဓိပဓိလည်း ဟိန်းဟောက်လိုက်၏။
အခြား အဓိပဓိများကလည်း အလျင်အမြန် ပြေးသွားကြတော့သည်။
"ဟားဟားဟား၊ ငါက မြေပုံကို ဖြန့်ဝေတဲ့သူပဲကွ။ နဂိုကတည်းက သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ် ငါ့အတွက်ပဲ"
အနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုက ရယ်မောလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက သူ့ထံမှ ပျံ့နှံ့သွား၏။
အနက်ရောင်ဝတ် ထိုအဘိုးကြီးကလည်း အဓိပဓိ ဖြစ်သည်။ ထို့ပြင်၊ သူက သာမန်အဓိပဓိမဟုတ်ပေ။ သူနိုးထခဲ့သော သွေးမျိုးဆက်က အားမနည်းသည်မှာ ထင်ရှားသည်။
အနက်ရောင်ဝတ် အဘိုးကြီးက ကျောက်စိမ်းအဆောင်ကို ဖမ်းလုဆဲဆဲတွင်...
အနက်ရောင်ဝတ် အဘိုးကြီး၏ မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်မှုတို့ ပေါ်လာသည်။ ထို့နောက်တွင် သူ ဒေါသတကြီး အော်ဟစ်လိုက်၏။
"သွားစမ်း... ငါ့ဆီက ထွက်သွား"
"အား၊ ငါ့ဆီကနေထွက်သွားစမ်း"
ထို့နောက်တွင် အနက်ရောင်ဝတ် အဘိုးကြီးက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်ပြီး အစွမ်းထက် အင်အားများကို အရူးအမူး ပေါက်ကွဲထုတ်လိုက်သည်။ ဤစွမ်းအားအောက်တွင် ရှေးမြို့ဟောင်းရှိ ဘုံဗိမာန်အချို့ ပြိုကျပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
လူများစွာတို့ တုန်လှုပ်သွားကြသည်။ အားလုံးက ချက်ချင်း ရပ်တန့်သွားပြီး ရှေ့ဆက် မတိုးဝံ့တော့ပေ။
ရေနဂါးအဓိပဓိ၊ ဟိုင်ယွိနှင့် အခြားသူများပင် မျက်မှောင်ကြုတ်လိုက်ကြသည်။