← Chapters

အခန်း ၁၂၉၃

Vol. 87 Ch. 1293

အခန်း ၁၂၉၃

Vol. 87 Ch. 1293

အပိုင်း ( 1293 ) မြေတာအိုသိုင်းပညာ၊ မူလမြေဓာတ်စွမ်းအင်ကျမ်း။

နာရီအနည်းငယ်ကြာပြီးနောက် လုမင် မျက်လုံးဖွင့်လိုက်သည်။ ထိုအချိန်တွင် လုမင်၏ မျက်လုံးများက ကြည်လင်ပြတ်သားမှုတို့ ပြန်လည်ရရှိလာခဲ့၏။ သူ့မျက်လုံးများမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့ လုံးဝပျောက်ကွယ်သွားပြီး လျစ်လျူရှုမှုနှင့် ငြိမ်သက်မှုတို့သာ ကျန်ရစ်ခဲ့တော့သည်။

သူ့ပတ်ဝန်းကျင်တွင် ထိုလူများကတော့ လုမင်ကို တိုက်ခိုက်ဆဲဖြစ်သည်။ လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ယွမ်ချီစွမ်းအင်များက ပေါက်ကွဲထွက်ပြီး အဆုံးမဲ့ လှံအလင်းများအဖြစ် သိပ်သည်းသွား၏။ ထိုလူများအားလုံး လုမင်၏ လှံအလင်းအောက်တွင် သေဆုံးသွားတော့သည်။

သို့ရာတွင်၊ ဤတစ်ကြိမ်မှာတော့ လုမင်၏ နှလုံးသားက မတုန်လှုပ်ဘဲ တည်ငြိမ်ခဲ့သည်။

သတ်ခြင်းများဖြင့် ပြည့်နှက်နေသော ဤလမ်းကြောင်းတွင် သူက လွှမ်းမိုးခံရမှုကြောင့် လူသတ်စက်အဖြစ် ပြောင်းလဲသွားတော့မည် မဟုတ်ပေ။

ပင်မခန်းမမှ ထူယီ၊ ကျင်းယီနှင့် ကျန်သူများလည်း ဤမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်ကြသည်။

"သူ ပထမစမ်းသပ်မှုကို အောင်မြင်သွားပြီ"

ထူယီ ပြုံးလိုက်သည်။

"သူ ပထမစမ်းသပ်မှုကို အောင်သွားပေမဲ့၊ နောက်စမ်းသပ်မှုတွေက ပိုခက်လိမ့်မယ်"

ကျင်းယီ သက်ပြင်းတစ်ချက်ချလိုက်၏။

"ဆန္ဒမစောပါနဲ့၊ တစ်ကြိမ်ကို ခြေတစ်လှမ်းပဲပေါ့"

ထူယီက ပြောသည်။

အခြားသူများလည်း ခေါင်းညိတ်ပြိး ဆက်ကြည့်နေခဲ့ကြလေသည်။

ဤတစ်ကြိမ်တွင် လုမင်က မရပ်တန့်တော့ပါ။ သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့လှံအလင်းများ ထွက်ပေါ်လာခဲ့သည်။ ခြေလှမ်းတစ်လှမ်းချင်းဖြင့် မိုင်ပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်ခဲ့၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ကို ပိတ်ဆို့ထားသမျှ ပြာဖြစ်သွားတော့သည်။

အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်မသိ၊ ပတ်ဝန်းကျင်က တစ်ဖန် ပြောင်းလဲသွားပြန်သည်။ လုမင်က လျှောက်လမ်းထဲကို ပြန်ရောက်လာခဲ့လေသည်။

"ဂုဏ်ယူပါတယ်၊ မင်း ပထမစမ်းသပ်မှုကို အောင်မြင်သွားခဲ့ပြီ"

လုမင်၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက်မှာတော့ အသံမကြားရတော့ပေ။

'ဒါက ပထမဆုံး စမ်းသပ်မှုပဲလား။ ဒါတောင်မှ တကယ်ခက်တယ်၊ အီး...'

လုမင် တိတ်တဆိတ် ထိတ်လန့်သွားမိသည်။

၎င်းလျှောက်လမ်းထဲကို ဝင်ရောက်လာပြီးနောက် သူကိုယ်တိုင် အဆုံးမဲ့သတ်ဖြတ်မှုထဲတွင် ကျရောက်လုနီး ဖြစ်စေခဲ့သည့် ပုံရိပ်ယောင်လောကထဲသို့ ရောက်လာခဲ့ရသည်။ မူလက လုမင်ဟာ ယင်းကို ဒုတိယ စမ်းသပ်မှု ဖြစ်နေပြီဟု တွေးခဲ့သည်။ မမျှော်လင့်ဘဲ ယင်းက ပထမဆုံး စမ်းသပ်မှုထက် မပိုခဲ့ပေ။

ပထမစမ်းသပ်မှုကပင် အလွန်ခက်ခဲနေပြီဖြစ်ရာ နောက်ပိုင်း သူဘာကို ရင်ဆိုင်ရမည်မှန်း တွေးကြည့်ရန်ပင် ခက်လှသည်။

လုမင်၏ မျက်လုံးများက ယုံကြည်မှုနှင့် တိုက်ခိုက်လိုစိတ်တို့ လင်းလက်လာကာ ရှေ့သို့ လျှောက်သွားခဲ့သည်။

လျှောက်လမ်းက အဆုံးမရှိသလို ရှည်လျားလွန်းပေသည်။ ကျောက်ခန်းတစ်ခုကဲ့သို့ ကျယ်ဝန်းသော နေရာတစ်ခုကိုမရောက်မီ နာရီဝက်ခန့် လျှောက်လှမ်းခဲ့ရသည်။

ကျောက်ခန်းပတ်လည်တွင် အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းများဖြင့် ပြည့်နှက်နေပေသည်။ ယောင်ဝါးဝါးဖြင့်၊ မြေတာအို အငွေ့အသက်များလည်း ရှိခဲ့သည်။

ကျောက်အခန်း၏ အရှေ့ဘက်မှာတော့ မြေဝါရောင် အလင်းကန့်လန့်ကာတစ်ခုက လမ်းကို ပိတ်ဆို့ထားလေသည်။

"နံရံပေါ်မှာ ရေးထွင်းထားတာက မြေတာအိုသိုင်းပညာ မူလမြေဓာတ်စွမ်းအင်ကျမ်းပဲ။ မြေတာအိုသိုင်းပညာကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်မှ အဲဒီအလင်းကန့်လန့်ကာကို ဖြတ်ကျော်နိုင်လိမ့်မယ်။ နောက်ပြီး မင်းမှာ နှစ်ဝက်ပဲ အချိန်ရမယ်"

ယခင်က အသံဟာ ထပ်မံထွက်ပေါ်လာခဲ့သည်။

"မြေတာအိုသိုင်းပညာ၊ မူလမြေဓာတ်စွမ်းအင်ကျမ်းဆိုပါလား။ ဒါကို နှစ်ဝက်အတွင်း အောင်မြင်အောင် လေ့ကျင့်ရမယ်ပေါ့"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ယခုတစ်ကြိမ် စမ်းသပ်မှုက အမှန်တကယ်ပင် မြေတာအိုသိုင်းပညာဖြင့် စမ်းသပ်မှု ဖြစ်သည်။ ထို့အပြင် အချိန်ကန့်သတ်ချက်မှာ နှစ်ဝက် ဖြစ်၏။ ထိုအတွက် လုမင်ဟာ အပြည့်အဝ ယုံကြည်မှုရှိသည်။

လုမင်၏ မျက်လုံးအကြည့်က နံရံပေါ်မှ ကမ္ပည်းများပေါ်သို့ ကျရောက်လာကာ ဂရုတစိုက် နားလည်ဆင်ခြင်လိုက်တော့သည်။

လုမင်၏ မျက်လုံးထဲတွင် ထိုစာလုံးများက အသက်ဝင်လာပုံရသည်။ ၎င်းတို့က နံရံများပေါ်တွင် ပျံဝဲနေသော မြွေငယ်လေးများကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် လှည့်ပတ်သွားပြီး သိုင်းပညာတစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။

မူလမြေဓာတ်စွမ်းအင်ကျမ်း။

"ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်ပါလိမ့်"

တစ်ချက်ကြည့်လိုက်ရုံဖြင့် လုမင်ဟာ ဤမြေတာအိုသိုင်းပညာတွင် မိုးနှင့်မြေ၏ အခြေခံနိယာမများ ပါ၀င်နေသကဲ့သို့ အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားမိလိုက်သည်။

ဤမတိုင်မီကလည်း လုမင်ဟာ မိုးကြိုးနတ်ဘုရား ပေါက်ကွဲခြင်း တာအိုသိုင်းပညာကို လေ့ကျင့်ခဲ့ဖူးသည်။

မိုးကြိုးတာအိုသိုင်းပညာကို လေ့ကျင့်ရန် အခက်အခဲကိုလည်း အံ့ဖွယ်ကောင်းအောင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရ၏။ ယင်းကို လေ့ကျင့်ရန်က သာမန်သိုင်းပညာများထက် အဆတစ်ရာ ပို၍ခက်သည်။

သို့ရာတွင်၊ မူလမြေဓာတ်စွမ်းအင်ကျမ်းက မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းထက် အများကြီးပို၍ ခက်ခဲပေလိမ့်မည်။

လုမင်သည် ထိုနေရာတွင်ရပ်ပြီး သုံးရက်ကြာအောင် ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။ သို့သော်လည်း သဲလွန်စတို့ မရှိသေးပေ။

ဤသိုင်းပညာကို လေ့ကျင့်ရန် အချိန်နှစ်ဝက်ပေးသည်မှာ အံ့ဩစရာ မရှိတော့ပါ။

ခန်းမထဲမှ ထူယီ၊ ကျင်းရီနှင့် အခြားသူများလည်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

"ဒီကောင်လေး နှစ်ဝက်အတွင်း အောင်မြင်နိုင်ပါ့မလား ငါသိချင်မိတယ်"

တစ်ယောက်က ပြောလိုက်သည်။

"တကယ်လို့ သူသာ အောင်မြင်ဖို့အတွက် နှစ်ဝက်အပြည့်လိုရင် ကျန်တာအတွက် မျှော်လင့်ချက်မရှိဘူး"

ကျင်းယီက ပြောလိုက်၏။

"မှန်ပါတယ်။ အတိတ်က အတွေ့အကြုံအရ... အချိန် ပိုပြီး တိုတောင်းလေ၊ ကျန်တာတွေအတွက် မျှော်လင့်ချက် ပိုကြီးလာလေပဲ။ တချို့လူတွေက နှစ်ဝက် ဒါမှမဟုတ် ငါးလအတွင်းမှပဲ အောင်မြင်နိုင်ကြတယ်။ ‌ဒါဟာ သူတို့ရဲ့ အလားအလာက အကန့်အသတ်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူတို့က နောက်ပိုင်းအဆင့်တွေကို သေချာပေါက် ကျော်ဖြတ်နိုင်ကြမှာ မဟုတ်ဘူး"

ထူယီ သက်ပြင်းချလိုက်သည်။

ဤအဆင့်တွင် မြန်မြန်ပြီးမြောက်လေလေ၊ အနာဂတ်အတွက် မျှော်လင့်ချက် ကြီးမားလေပင်။

"အရင်တုန်းက အချိန်အတိုဆုံး ကျော်ဖြတ်နိုင်ခဲ့သူဟာ သုံးလနဲ့ ဆယ့်ငါးရက်ပဲ ကြာခဲ့တယ်၊ ဒါတောင်မှ အဆုံးထိမရောက်သေးဘူး။ ငါ့အမြင်အရတော့ သုံးလအတွင်း အောင်မြင်မှ မျှော်လင့်ချက်ရှိလိမ့်မယ်"

ကျင်းယီက ပြောလိုက်သည်။

အားလုံး တိတ်ဆိတ်သွားပြီး လေထုက လေးလံလာတော့သည်။

သုံးလအတွင်း မဆိုထားနှင့်၊ နှစ်ဝက်အတွင်း အောင်မြင်လျှင်ပင် မဆိုးဘူးဟု ပြောနိုင်သည်။

ကျောက်ခန်းထဲတွင်၊ လုမင်က မလှုပ်မယှက်ဘဲ သူ့ပတ်ဝန်းကျင်မှ ရေးထွင်းထားသည့် စာလုံးများကို ဂရုတစိုက် နားလည်ဆင်ခြင်နေခဲ့သည်။

လုမင်၏ မျက်လုံးထဲတွင် ထိုစာလုံးများက မြေတာအိုသိုင်းပညာ၊ မြေဓာတ်စွမ်းအင်ကျမ်းကို လေ့ကျင့်နေသော လူသေးသေးလေးများအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

"တာအိုသိုင်းပညာရဲ့ အဓိကအချက်က တာအိုအပေါ်မှာ မူတည်တယ်။ အဲဒါက တာအိုရဲ့စွမ်းရည်နဲ့ စွမ်းအားကို အပြည့်အဝ အသုံးချပြီး စွမ်းအား ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ထုတ်ဖော်ပေးဖို့ပဲ။ ဒါကြောင့် တာအိုသိုင်းပညာတစ်ခုကို လေ့ကျင့်မယ်ဆိုရင် တာအိုရှုထောင့်ကနေ စတင်ရလိမ့်မယ်"

လုမင်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ ထိုစာလုံးများအားလုံး မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ လုမင်၏ နှလုံးသားထဲမှာ မြေတာအို သဘောတရားတစ်ခုသာ ကျန်တော့သည်။

တဖြည်းဖြည်းချင်း၊ မြေတာအိုနှင့် ထိုစာလုံးများက ပဲ့တင်ထပ်လာခဲ့သည်။

ဤတွင်၊ နားလည်နိုင်ရန် ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကို အားကိုး၍ မရပါ။ ကိုယ့်ကိုကိုယ်သာ အားကိုးနိုင်သည်။

အချိန်များ လျင်စွာ ကုန်လွန်သွားခဲ့ပြီ။

ငါးရက်၊ ဆယ်ရက်၊ တစ်လ...

တစ်လခွဲကြာပြီးနောက် လုမင် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ သူက ခြေတစ်ချက်လှမ်းလိုက်ရာ မြေပြင် တုန်ဟီးသွား၏။ တချိန်တည်းမှာပင် သူက လက်သီးချက် ထုတ်ဖော်လိုက်တော့သည်။

ဤလက်သီးချက်က တောင်တစ်လုံးကဲ့သို့ လေးလံပြီး မိုးကြိုးထစ်ချုန်းသကဲ့သို့ အရာအားလုံးကို ဖြိုခွင်းနိုင်ပုံရသည်။ ယင်းက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကဲ့သို့ ခံစားခဲ့ရပေသည်။

"ဟုတ်တယ်၊ ဒီခံစားချက်ပဲ"

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူက လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်ရာ ပေါက်ကွဲသံများ ဆူညံသွား၏။

ခန်းမထဲမှ ထူယီ၊ ကျင်းယီနှင့် အခြားသူများ၏ မျက်လုံးများလည်း တောက်ပလာတော့သည်။

"ဒါက မြန်လိုက်တာ တစ်လခွဲပဲ ရှိသေးတယ်၊ ဒါက မြန်လွန်းတယ်"

"အံ့ဩစရာကောင်းတယ်၊ တကယ်ကို အံ့ဩစရာပဲ။ တစ်လခွဲအတွင်းမှာပဲ ဒါကို ထိတွေ့နိုင်တာကိုကြည့်ရင် သုံးလအတွင်းမှာ အောင်မြင်ဖို့အတွက် တကယ် မျှော်လင့်ချက်ရှိနေပြီ"

"ဟားဟားဟား၊ မျှော်လင့်ချက်ရှိတယ်"

ထူယီ၊ ကျင်းယီနှင့် အခြားသူများလည်း စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ကြသည်။ သူတို့၏ မျက်လုံးများက မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။

သူတို့ စောင့်နေခဲ့တာ ကြာလှပြီ ဖြစ်သည်။ နောက်ထပ် မစောင့်ချင်တော့ပေ။

ကျောက်ခန်းထဲမှာလည်း၊ လုမင်ဟာ မရပ်မနား လေ့ကျင့်နေခဲ့သည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ။

လုမင်၏ လက်သီးချက်များက အားကောင်းသည်ထက် အားကောင်းလာခဲ့သည်။ လုမင်၏ လက်သီးများနှင့်အတူ မိုးနှင့်မြေက တုန်လှုပ်သွား၏။

နှစ်လခွဲကြာသွားပြီ။

"ဝုန်း"

လုမင်က လက်သီးချက် ထုတ်ဖော်လိုက်ရာ မြေတာအိုက လက်သီးအင်အားနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။ ယင်းက အလွန်အစွမ်းထက်ခဲ့ပေသည်။

မူလမြေဓာတ်စွမ်းအင်ကျမ်း၊ ဤသည်မှာ မူလမြေဓာတ်စွမ်းအင်ကျမ်း ဖြစ်သည်။ လုမင်မှ ယင်းကို လေ့ကျင့်ရာတွင် အောင်မြင်သွားခဲ့ပြီ။

ယင်းက တာအိုသိုင်းပညာတစ်ခုမျှသာဖြစ်သော်လည်း မူလမြေဓာတ်စွမ်းအင်ကျမ်း၏အဆင့်က မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်းထက် သိသိသာသာမြင့်မားသည်။ ၎င်း၏စွမ်းအားမှာလည်း ပိုမိုအားကောင်း၏။ ယင်းက ပထမအဆင့်တွင်သာရှိသော်လည်း စွမ်းအားကတော့ မိုးကြိုးနတ်ဘုရားပေါက်ကွဲခြင်း၏ ဒုတိယအဆင့်နှင့် ညီမျှခဲ့ပေသည်။

"နှစ်လခွဲကြာသွားပြီ။ ဘယ်နှစ်ဆင့်လိုသေးလဲတော့ ငါလည်း မသိဘူး။ အခုတော့ ဒီအဆင့်ကို အရင်ကျော်လိုက်တော့မယ်"

လုမင်က တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်းဖြင့် မြေဝါရောင် အလင်းကန့်လန့်ကာရှေ့ကို ရောက်လာခဲ့၏။ သူက လက်သီးနှင့် ထိုးလိုက်သည်။

"ခလွမ်"

မြေဝါရောင် အလင်းကန့်လန့်ကာက ဖန်သားကဲ့သို့ ကွဲကြေသွားခဲ့သည်။ ထို့နောက် အလင်းရောင် အစက်အပြောက်များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ လုမင်လည်း ရှေ့သို့တိုးကာ ဆက်လျှောက်သွားတော့သည်။

အလင်းကန့်လန့်ကာ၏နောက်ကွယ်တွင် လမ်းကြောင်းတစ်ခုရှိနေခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် လုမင်ဟာ ကျောက်ခန်းတစ်ခုဆီသို့ တစ်ဖန်ရောက်ရှိလာပြန်တော့သည်။

All Chapters